← Chapters

ဂိုဏ်းချုပ်ငယ် ‘ရန်’ နှင့် ‘ချန်’ ဒုတိယသခင်လေး

Vol. 73 Ch. 1019

ဂိုဏ်းချုပ်ငယ် ‘ရန်’ နှင့် ‘ချန်’ ဒုတိယသခင်လေး

Vol. 73 Ch. 1019

အခန်း (၁၀၁၉) ဂိုဏ်းချုပ်ငယ် ‘ရန်’ နှင့် ‘ချန်’ ဒုတိယသခင်လေး

“ချန်ခွန်းဟွာ...”

ထိုနာမည်ကိုကြားတော့ ရန်ကျောက်ကဲမျက်နှာထက် စိတ်ဝင်စားဟန် ထင်ဟပ်လာသည်။

မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ ဆိုသည့်အမည်ကို သူ အရင်ကတည်းက ကြားဖူးပြီးသားပင်။ သို့သော် သူနှင့်နှိုင်းဆာလျှင် သူ့အစ်ကိုအကြောင်း ပိုပြီးကားဖူးသည်ပင်။

အထက်ရပ် ထိပ်တန်းအရင်သခင် “ချန်ချန်းဟွာ”။

ချန်ချန်းဟွာက အထက်ဘုံကမ္ဘာတွင် အတော်ဆုံး သိုင်းသူတော်စင်ဖြစ်ပြီး လောကပထမအဖြစ် အသိအမှတ်ပြုခံရသည့် ထိပ်တန်းအရှင်သခင်တစ်ပါး ဖြစ်သည်။

သူ၏ညီဖြစ်သူကတော့ “မြေပြင်သခင်လေး” ဟု လူသိများသည့် ချန်ခွန်းဟွာ ဖြစ်၏။ သူသည်လည်း ငယ်ရွယ်စဉ်ကပင် နာမည်ကျော်ကြားခဲ့သော အလွန်ထက်မြက်သည့် သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ချန်ခွန်းဟွာက ချန်ချန်းဟွာလောက် အံ့မခန်းထက်မြက်သည့် အရည်အချင်းများ မရှိသော်လည်း ကျော်ကြားမှုကတော့ အထက်ဘုံကမ္ဘာတွင် ထိပ်ဆုံး၌ရပ်တည်နေဆဲပင်။

ကောလာဟလများအရ ချန်ခွန်းဟွာက မြောက်ဖေးတောင်ထွတ်မှ ဖုထင်ကို စိတ်ဝင်စားနေသော်လည်း သူ၏စိတ်အလိုဆန္ဒ ပြည့်ဝနိုင်ခြင်း မရှိသေးပေ။

ရန်ကျောက်ကဲ အာရုံစိုက်သည့်ကိစ္စမှာ ယခင်က ‘ကောင်းကင်သခင်လေး’ ဟု နာမည်ကျော်ကြားခဲ့သော ယခု အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က သုံးပေးတောင်အား သိုင်းပညာ အဆင့်မြင့်မားလာစေရန် ကူညီပေးခဲ့သူ ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ချန်ခွန်းဟွာက သုံးပေတောင်နှင့် ပိုမိုရင်းနှီးပြီး အများကြီး ကူညီပံ့ပိုးပေးခဲ့သည်။

အကြီးဆုံး’ချန်’ နှင့်နှိုင်းယှဉ်ပါက ဒုတိယ ‘ချန်’ က သုံးပေတောင်နှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေး ရှိသည်။

သုံးပေတောင်၏ အကြီးမြတ်ဆုံး ရတနာ (၂)ပါးဖြစ်သည့် ရွှေရောင်ကျီးကန်း အမျက်တရားဝိညာဉ်အလံနှင့် ရွှေကျီးကန်းကောင်းကင်ဓား (၂)ခုလုံးက ရန်ကျောက်ကဲလက်ထဲသို့ ကျရောက်သွားခဲ့သည်။

သေသေချာချာ စစ်ဆေးပြီးသည့်နောက် ဤပစ္စည်းများ၏ ထူးခြားချက်က သုံးပေတောင်၏လက်ရာများမဟုတ်ကြောင်း တွေ့ရှိခဲ့ရသည်။

ယခု သူ့လက်ထဲရောက်ရှိသွားပြီးနောက် ဤရတနာပစ္စည်းများသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ ထိုပစ္စည်းများ၏ မူလသက်ရောက်မှုကို အကဲဖြတ်ပြီးသည့်နောက် သတ်ဖြတ်လိုသည့် အငွေ့အသက်များ မပါရှိဘဲ နိမိတ်လက္ခဏာနှင့် လမ်းညွှန်မှုများသာပါရှိကြောင်း သိမြင်ခဲ့ရ၏။

ဝိညာဉ်အလံနှင့် ရွှေကျီးကန်းကောင်းကင်ဓားက ရန်ကျောက်ကဲလက်ထဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း နောက်ကွယ်မှ ထိန်းချုပ်နေသည့်လူများလည်း သိရှိကြမည် အမှန်ပင်။

ချန်ခွန်းဟွာသည်လည်း သိထားပြီး ဖြစ်မည်ဟု ယူဆနိုင်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရန်ကျောက်ကဲက ချန်ခွန်းဟွာကို သိပ်အရေးမစိုက်ပေ။

ချန်ခွန်းဟွာက သူ့ထက်အဆင့် တစ်ဆင့်သာမြင့်သော သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။

ရန်ကျောက်ကဲက မာန်တက်နေခြင် မဟုတ်ပေ။

‘မြေပြင်သခင်လေး’ ချန်ခွန်းဟွာနှင့် ယှဉ်လျှင် ရန်ကျောက်ကဲက လူတစ်ယောက်ကိုပိုပြီး အာရုံစိုက်မိသည်။

ထိုသူက ယခင်က ‘ကောင်းကင်သခင်လေး’ ဟုကျော်ကြားသော လက်ရှိ အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ပင် ဖြစ်၏။

ဝါဒ‌တောင် တည်ထောင်ခြင်းဖွင့်ပွဲအခမ်းအနား မကြာမီရောက်ရှိလာပေတော့မည်။

အခြေအနေတစ်ခုလုံးအား သက်ရောက်နိုင်စွမ်းရှိသူများထဲတွင် အထက်ရပ်ထိပ်တန်း အရှင်သခင်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။

ရန်ကျောက်ကဲက အင်အားကြီး ရန်သူများကို မကြောက်ရွံ့သော်လည်း မသေချာမရေရာမှုများ ကိုတော့ မုန်းတီးသည်။

တိုက်ဆိုင်စွာပင် အထက်ဘုံကမ္ဘာတွင် ပျံ့နှံ့နေသော ကောလာဟလများစွာအရ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့သည်ပင် ချန်ချန်းဟွာကို ခန့်မှန်းနိုင်ခြင်း မရှိကြ‌ပေ။

ထိုပုဂ္ဂိုလ်က လေလိုလွင့်မျောနေသည့် မတည်ငြိမ်ဆုံးသော တည်ရှိမှုတစ်ခုဟု မှတ်ယူနိုင်သည်။

ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးနှင့် အခြားသော ထိပ်တန်းအရှင်သခင်များသည်လည်း အတွေးအမြင်များနက်နဲပြီး သူတို့၏ ပျော်ရွှင်ခြင်း ၊ ဒေါသအမျက် စသည်တို့ကို အခြားသူများ အလွယ်တကူ မသိမြင်နိုင်သည့်အတွက် မှန်းဆရခက်ခဲသည် အမှန်ပင်။

သို့သော် အနည်းဆုံးတော့ သူတို့၏အတိတ်ကလုပ်ဆောင်ခဲ့သည့် အကြောင်းအရာများကို အခြေခံပြီး သဲလွန်စများကို ကောက်ချက်ချနိုင်သေးသည်။

ဟန်ဆောင်ဖုံးကွယ်ထားလျှင်တောင်မှ သဲလွန်စတစ်ခုတော့ အနည်းဆုံး တွေ့ရှိနိုင်ပေသည်။

သို့သော် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ၏ စိတ်ခံစားချက်ကတော့ ခန့်မှန်းရခက်ပြီး မမျှော်လင့်ဘဲ ပြုမူလေ့ရှိလေရာ ကွဲပြားမှုများစွာနှင့် မူမမှန်မှုများစွာ ရှိသည်။

ဧကရာဇ်များပင်လျှင် သူ၏အတွေးများကို ဆုပ်ကိုင်နိုင်ခြင်း မရှိကြပေ။

မည်သို့ပင်ဖြစ်စေ အကြာသေးမီနှစ်များအတွင်း ချန်ချန်းဟွာက အထက်ဘုံကမ္ဘာတွင် အတော်ဆုံး ပါရမီရှင် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်။

ထို့ကြောင့် ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ အားလုံးက ထူးထူးခြားခြား အရည်အချင်းရှိသော ဤလူငယ်ကို လေးစားကောင်းမွန်စွာ ဆက်ဆံခဲ့ကြ၏။

ချန်ခွန်းဟွာ၏အမည်ဖြစ်သော ‘မြေပြင်သခင်လေး’ ဆိုသည့်အမည်မှာ အစ်ကိုဖြစ်သူ၏ ‘ကောင်းကင်သခင်လေး’ ဆိုသောအမည်နှင့် လိုက်လျောညီထွေရယူထားခြင်း ဖြစ်သော်လည်း မြေကမ္ဘာဧကရာဇ် ၊ မြေကမ္ဘာထိပ်တန်း အရှင်သခင်တို့နှင့် သက်ဆိုင်ခြင်း မရှိပေ။

ထိုအမည်အား ခွန်လွန်တောင် ၊ ချီလင်ကမ်းပါးမှ မြေကမ္ဘာထိပ်တန်း အရှင်သခင်က အသိအမှတ်ပြုခဲ့ပြီးနောက် အထက်ဘုံကမ္ဘာတစ်လွှား ကျော်ကြားသည့်နာမည်တစ်ခု ဖြစ်လာခဲ့သည်။

သို့ပေသိ ချန်ခွန်းဟွာ၏ ကိုယ်ပိုင်အရည်အချင်းက မည်ရွေ့မည်မျှရှိပြီး သူ၏အစ်ကိုဖြစ်သူ၏မျက်နှာနှင့် မည်မျှသက်ဆိုင်မှုရှိကြောင်းကိုတော့ ပြောရန် ခက်ခဲသည်။

လောလောဆယ် ရန်ကျောက်ကဲစိတ်ဝင်စားနေသည်က ယခု ချန်ခွန်းဟွာရောက်လာသည်ဖြစ်ရာ ချန်ချန်းဟွာရော ရောက်လာလေမည်လား ဆိုသည့်အချက်ပင်။

အတွေးနှင့်အတူ ရန်ကျောက်ကဲ ခန်းမဆောင်အတွင်းသို့ ဝင်လာခဲ့သည်။

ယခုအချိန်တွင် ချန်ခွန်းဟွာအပြင် ဝါဒတောင်သို့ရောက်ရှိနေသော ဧည့်သည်တော်များစွာ ရှိနေသည်။

ဥပမာ ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးမှ ကျင့်ကြံသူအချို့ ရောက်ရှိနေကြပေပြီ။ သူတို့က ပိုးသားဧကရာဇ်၏မိန့်ကြားချက်ကြောင့် တစ်ချက်မနှောင့်နှေးဘဲ စောစောစီးစီး ရောက်လာကြသည်။

ဟုတ်ပေ၏။

ကြာပန်းနီဒေဝီ ‘ဖုထင်’ တော့ ရောက်ရှိလာခြင်း မရှိပေ။

ဖုထင်ရောက်မလာရသည့် နောက်ကွယ်မှအကြောင်းရင်းကိုသိသော ရန်ကျောက်ကဲကတော့ အံ့သြခြင်း မရှိခဲ့ပေ။

မြောက်ပင်လယ်ဓားခန်းမသခင် ကုဟုန် ၊ ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းတို့လည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

အရင်တစ်ချိန် တာ့ရွှမ်တိုင်းပြည်ကို ခုခံကာကွယ်ရန် မဟာမိတ်အဖြစ် ပေါင်းစည်းခဲ့ကြသူများထဲတွင် ယခုတော့ ဝါဒတောင်က လွှမ်းမိုးနိုင်စွမ်း အမြင့်မားဆုံးနေရာ ရယူထားပေပြီ။

ဝါဒတောင်ဖွင့်ပွဲ အခမ်းအနားအတွက် ကျူတောပင်လယ်ဒေသတွင် တပည့်များရွေးချယ်ရာတွင် မြောက်ပင်လယ်ဓားခန်းမ ၊ ယိုးမင်ဂိုဏ်း စသည့်အင်အားကြီးအုပ်စုများ၏ အကူအညီကိုပင် ရယူနိုင်ခဲ့၏။

ဤသည်က ဒေသတွင်း အာဏာတည်ထောင်နိုင်မှုကို ပြဆိုခြင်းဖြစ်သည်။ ဝါဒ‌တောင်က ဒေသတွင်း အရည်အချင်းရှိသူများကို ပိုမိုဦးစားပေး ရွေးချယ်ခဲ့သည်။

ဟုတ်ပေသည်။

ဒေသခံအရည်အချင်းအရှိသူများက ကြီးမားသောအင်အားစုတစ်ခုထံ ခိုလှုံချင်သည့်တိုင် မြေပြင်အနေအထား ကွာခြားချက်များကြေင့် လက်လွှတ်ရနိုင်ဖွယ်များ ရှိခဲ့သည်။

ဝါဒတောင်ဖွင့်ပွဲအတွက် မြောက်ပင်လယ်ဓားခန်းမ ၊ ယိုးမင်ဂိုဏ်းနှင့် အခြားသော အင်အားကြီးသိုင်းဂိုဏ်းများမှတစ်ဆင့် အရည်အချင်းရှိသူများကို ရွေးချယ်နိုင်ခဲ့သော်လည်း ပင်လယ်ထဲမှရတနာကို ရှာဖွေရသည့်ပမာ အရေအတွက် အလွန်နည်းပါးမည်မှာ သေချာသည်။

သို့ဖြစ်ရာ ဝါဒတောင်ဖွင့်ပွဲအခမ်းအနား တရားဝင်ကျင်းပချိန်မှာတော့ များပြားလှသော အရည်အချင်းရှိသူများကို စုစည်းနိုင်မည်လား မျှော်လင့်ရသည်။ သို့ပေသိ ဤသို့သော အခမ်းအနားမျိုးတွင် အရည်အချင်းရှိသူများစွာ လာရောက်သည်မှာ ဖြစ်လေ့ဖြစ်ထမရှိသည့် ကိစ္စပင်။

ဝါဒတောင် ၊ ပင်မခန်းဆောင်တွင် ရန်ကျောက်ကဲက မြေပြင်သခင်လေးနှင့် လက်ခံတွေ့ဆုံသည်။

ထိုလူငယ်က ရုပ်ရည်ချောမောပြီး သူဌေးသူကြွယ်တစ်ယောက် အသွင်အပြင်ရှိကာ နွေဦးလေပြေပမာ ဖော်ရွေသဘောကောင်းဟန် ရှိသည်။

ကောလဟလများအရဆိုလျှင်တော့ ဒုတိယ’ချန်’ က အကြီးဆုံး’ချန်’ ထက် အသိုင်းအဝိုင်းနှင့် မိတ်ဆွေအပေါင်းအသင်း ပိုမိုများပြားသည်ဟု ဆိုသည်။

ချန်ခွန်းဟွာ ရန်ကျောက်ကဲကိုအကဲခတ်ရင်း လက်နှစ်ဖက်ဆုပ်ဂါရဝပြုလျက် ပြုံးလိုက်သည်။

“ဖိတ်ကြားခြင်းမခံရဘဲ ရောက်လာမိတဲ့အတွက် တောင်းပန်ပါတယ်”

ရန်ကျောက်ကဲကလည်း လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“မြေပြင်သခင်လေး ဒီအထိခရီးရှည်နှင်လာရတာ ၊ ငါတို့ဂိုဏ်းက ကြိုဆိုပါတယ် ၊ ရောက်လာမယ်မှန်း မသိလို့ ဧည့်ဝတ်မကျေပြွန်တာရှိရင် ခွင့်လွှတ်ပေးစေချင်ပါတယ်”

ချန်ခွန်းဟွာက သူ့လက်ထဲမှ ခေါက်ယပ်တောင်ကိုအသာကစားရင်း ပြုံးလိုက်၏။

“မဟုတ်ဘူး... ၊ ငါက ဂုဏ်ယူရမယ့်သူပါ... ၊ ငါက မိတ်ဆွေဖွဲ့ရတာ ဝါသနာပါတယ် ၊ ပြီးတော့ ကိစ္စရပ်တွေနောက်ကိုလိုက်ရတာ သဘောကျတယ် ၊ မင်းတို့ဝါဒ‌တောင်ဂိုဏ်းတည်ထောင်တာ ဒီနှစ်ပိုင်းအတွင်း တကယ့်ရှားပါးဖြစ်ရပ်ပဲ ၊ ဒါကြောင့် ရုတ်တရက်ကြီး ရောက်လာဖြစ်သွားတာပါ ၊ ငါ့လုပ်ရပ်က ရယ်စရာ ဖြစ်မနေဘူးလို့တော့ မျှော်လင့်ပါတယ် ဂိုဏ်းချုပ်ငယ် ‘ရန်’”

“မိတ်ဆွေဖွဲ့ရတာဝါသနာပါတယ် ၊ ကိစ္စရပ်တွေနောက်ကို လိုက်ရတာ သဘောကျတယ်...”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထို့နောက် သူက ချန်ခွန်းဟွာကို တစ်ချက် အကဲခတ်လိုက်၏။ ထိုစကားလုံးများ၏နောက်ကွယ်က အဓိပ္ပါယ်က အတော်လေး ဆန်းကျယ်သည်။

မည်သူနှင့် မိတ်ဆွေဖွဲ့မည်ကို ဆိုလိုပါသနည်း။

“ကိစ္စရပ်တွေနောက်ကိုလိုက်ရတာ သဘောကျတယ်” ဆိုခြင်းမှာ ဘာများပါနည်း။

ဤစကားများက မည်သည့်လမ်းကြောင်းမဆို နားလည်နိုင်ရန် တွေးကြည့်၍ရသည်။

“’ချန်’ ဒုတိယသခင်လေးက ယဉ်ကျေးလွန်းနေပါပြီ ၊ ဒီ ‘ရန်’ က ဂိုဏ်းချုပ်ငယ်’ရန်’ ဆိုတဲ့ ဂုဏ်ပုဒ်ကို မခံယူဝံ့ပါဘူး ၊ ငါ့အဖေက လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ်ဆိုပေမယ့် ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာက သားစဉ်မြေးဆက် ဆက်ခံတာမျိုးမဟုတ်ပါဘူး ၊ နောက်ဆက်ခံမယ့်ဂိုဏ်းချုပ်အတွက် အကြီးအကဲတွေက မဆုံးဖြတ်ရသေးပါဘူး”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ငါ့အတွက်ကတော့... ပျင်းနေတာနဲ့ပဲ ဒီလိုမျိုးရာထူးကြီးကြီးတွေ မယူနိုင်မှာ စိုးရိမ်မိပါတယ်”

ထိုစကားကြားတော့ ချန်ခွန်းဟွာက ပြုံးလိုက်၏။

“ငါ့စကားမှားသွားတာ ဗွေမယူပါနဲ့ ‘ရန်’ သခင်လေး ၊ မင်းတို့ ဝါဒ‌တောင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က မင်းရဲ့အဖေဆိုတော့ ငါက ဒီအတိုင်းပဲ ပြောလိုက်တာပါ ၊ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

ရန်ကျောက်ကဲကလည်း ပြုံးလိုက်ရင်း...

“ဘယ်စိတ်ထဲရှိနိုင်မလဲဗျာ ၊ မြေပြင်သခင်လေးက ယဉ်ကျေးလွန်းနေပါပြီ”

သူတို့နှစ်ဦးတွေ့ဆုံခြင်းက နှစ်လိုဖွယ်ဖြစ်ခဲ့လေသည်။

သို့သော် သုံးပေတောင်အကြောင်းကိုတော့ မည်သူကမှ အစဖော်ပြီး ပြောကြားခဲ့ခြင်း မရှိပေ။။

ချန်ခွန်းဟွာ ဤနေရာသို့ ရောက်လာသည်မှာ ဝါဒတောင်ဖွင့်ပွဲအခမ်းအနား ကြည့်ရှုရုံသက်သက် မဟုတ်ကြောင်း ရန်ကျောက်ကဲ နားလည်ထားသည်။

ပြီးတော့ ဝါဒတောင်သို့ ချန်ခွန်းဟွာရောက်လာသည်ဖြစ်ရာ ချန်ချန်းဟွာရော ‌ရောက်လာလေမည်လား။

ထိုအချက်က အဓိကအချက်ပင်ဖြစ်သည် မဟုတ်ပါလား။

All Chapters