← Chapters

ငါမရှိတော့ရင်တောင် ဒဏ္ဍာရီအဖြစ်ထင်ကျန်ခဲ့မှာပဲ

Vol. 73 Ch. 1020

ငါမရှိတော့ရင်တောင် ဒဏ္ဍာရီအဖြစ်ထင်ကျန်ခဲ့မှာပဲ

Vol. 73 Ch. 1020

အခန်း (၁၀၂၀) ငါမရှိတော့ရင်တောင် ဒဏ္ဍာရီအဖြစ်ထင်ကျန်ခဲ့မှာပဲ

အထက်ရပ်ထိပ်တန်းအရှင်သခင်နှင့်ပတ်သက်ပြီး ကောလာဟလများစွာ ရှိလေသည်။

ရန်ကျောက်ကဲက ထိုပုဂ္ဂိုလ်အား သူ့မျက်လုံးဖြင့် မျက်ဝါးထင်ထင်မတွေ့မြင်ဖူးသည့်အတွက် ထိုသူ၏တန်ခိုးစွမ်းအားနှင့်ပတ်သက်ပြီး တိကျစွာ ကောက်ချက်ချနိုင်ရန် ခက်ခဲသည်။

သို့သော် ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့၏တိုက်ပွဲတွင် မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်၏ တန်ခိုးစွမ်းအားကို ရေခဲတောင်ထိပ်ပိုင်းမျှ ရန်ကျောက်ကဲ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးသည်။

အထက်ဘုံကမ္ဘာတွင် ချန်ရွှယ်ကျီးဟု နာမည်ကျော်ကြားခဲ့သော ရှောင်ကျန့်နတ်ဓားရှင် ‘လုန်ရွှယ်ကျီး’ ၏ တန်ခိုးစွမ်းအားကိုလည်း ရန်ကျောက်ကဲ တွေ့မြင်ခဲ့ဖူးသည်။

ရန်ကျောကကဲအနေဖြင့် သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် လုန်ရွှယ်ကျီးကဲ့သို့ နာမည်ကျော်ကြားပြီး ဝမ်ကျန်းချန်ထက်သာလွန်သော ချန်ချန်းဟွာ၏ တန်ခိုးစွမ်းအားကို ခန့်မှန်းကြည့်နိုင်သည်။

လောလောဆယ်မှာတော့ ရှောင်ကျန့်နတ်ဓားရှင် လုန်ရွှယ်ကျီးအကြောင်းမပြောသေးဘဲ ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်အကြောင်း စဉ်းစားရမည်ဖြစ်သည်။

ဝမ်ကျန်းချန်ဆိုသည်က သိုင်းသူတော်စင်များကြား အငြင်းပွားမှုများဖြစ်သည် ဆိုလျှင်ပင် သူ၏တန်ခိုးစွမ်းအားအသုံးပြုကာ တိုက်ပွဲကို ဖိနှိပ်အဆုံးသတ်ပေးနိုင်သူ ဖြစ်၏။

အခြားသော ထိပ်တန်းအရှင်သခင်များအားလုံးနီးပါးကိုပင် ဝမ်ကျန်းချန်က သူ၏တန်ခိုးစွမ်းအား တစ်ခုတည်းဖြင့် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

ဤနေရာတွင် ‘နီးပါး’ ဟု အသုံးပြုရသည့်အကြောင်းရင်းမှာ သူ့ထက်ပိုတော်သော အထက်ရပ်ထိပ်တန်း အရှင်သခင် ချန်ချန်းဟွာကို ဖယ်ထုတ်ချင်းသောကြောင့် ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုရသော အထက်ရပ် ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာက ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးအဆင့်ကိုပင် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည်ဟု ဆိုနိုင်သည်။

အစစ်အမှန်နတ်ဘုရားများ ဖြစ်သော ဧကရာဇ်များနှင့် အံတုယှဉ်ပြိုင်နိုင်သည့် ရှေးခေတ် ၊ ယခုခေတ် ရှားပါးသော ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

ခုခံခြင်းနှင့် ဖိနှိပ်ခြင်းဆိုသည်က မတူညီသောအရာနှစ်ခု ဖြစ်သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါးကို တန်ပြန်တိုက်ခိုက်ခြင်းနှင့် အစစ်အမှန်နတ်ဘုရားတစ်ပါးလက်ထဲမှ အသက်ရှင်လျှက် ထွက်ပြေးလွတ်မြောက်အောင် စွမ်းဆောင်နိုင်ခြင်းမှာ မူတညီသောစံနှုန်း (၂)ခု ဖြစ်သည်။

အထက်ဘုံကမ္ဘာရှိ သိုင်းသူတော်စင်များအလယ် လောကပထမနေရာတွင် ရပ်တည်နေသော အထက်ရပ်ထိပ်တန်းအရှင်သခင်အား ကိုယ်တိုင်ရင်ဆိုင်မတွေ့ရဘဲ သူ၏အစွမ်းမည်မျှရှိကြောင်း ရန်ကျောက်ကဲအတွက် ဆုံးဖြတ်ရန် ခက်ခဲသည်။

သို့သော် များပြားလှစွာသော မသေချာမရေရာမှုများနှင့် အပြောင်းအလဲများအလယ်တွင် ချန်ခွန်းဟွာ ရောက်ရှိလာခြင်းက အထူးခြားဆုံး ကိစ္စတစ်ခုဖြစ်သည်မှာ ငြင်းဆန်မရနိုင်ပေ။

အထူးသဖြင့် မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ က ဖိတ်ကြားမထားဘဲ ရုတ်တရက် ရောက်လာခြင်းက သူ၏လှုပ်ရှားမှုများကိုဖော်ထုတ်ရန် ပိုမိုခက်ခဲလာသည်။

သူက ဒီအတိုင်း ဟန်ပြသက်သက်ရောက်လာသည်လား ၊ သို့မဟုတ် သူ့အစ်ကိုဖြစ်သူအရင် စောစီးစွာ ရောက်လာခြင်းလား။

ဤအချက်ကို ချန်ခွန်းဟွာ ကိုယ်တိုင်သာ သိရှိနိုင်သည်။

သို့သော် လူတစ်ယောက်က ပြုံးပြနေသောမျက်နှာကို ဖြတ်ရိုက်ခြင်း မရှိသရွေ့ ၊ တစ်ဖက်လူက ယဉ်ကျေးပြီး ရန်ငြိုးကိုမဖော်ပြသရွေ့ ဝါဒတောင်အနေဖြင့် ထိုသူကို လက်ခံမည်သာဖြစ်သည်။ မဟုတ်ပါက အခြားသူများက သူတို့အား ရယ်စရာဟာသအဖြစ် သတ်မှတ်ပေလိမ့်မည်။

ရန်ကျောက်ကဲက ချန်ခွန်းဟွာကို တောင်ပေါ်ရှိဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ရန် ဖိတ်ကြားခဲ့ပြီး သေသေချာချာ ဂရုစိုက်ပါရန် ဝါဒတောင်မှတပည့်များအား မှာကြားခဲ့သည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကျင်းပသည့်နေ့ နီးကပ်လာသည်နှင့်အမျှ အပြင်လောကသို့ထွက်ခွာပြီး အရည်အချင်းရှိသူများကို ရှာဖွေနေသော ဝါဒတောင်တပည့်များလည်း တစ်ယောက်ပြီးတစ်ယောက် တောင်ပေါ်သို့ ပြန်ရောက်လာကြသည်။

အများစုမှာ ကျူ‌တောပင်လယ်ဒေသ အပြင်ဘက်သို့ သွားရောက်သူများ ဖြစ်ကြ၏။

အမှန်တော့ နယ်မြေကျော်ပြီး တပည့်ခေါ်ယူသည့်ကိစ္စမှာ တားမြစ်ချက်တစ်ခုဖြစ်ပြီး ဒေသခံအင်အားကြီးသိုင်းဂိုဏ်းများက ဆန့်ကျင်ရန်ဘက်ပြုသည်အထိ ဖြစ်လာနိုင်သည်။

သို့သော် ရန်ကျောက်ကဲ တောင်ပိုင်းဒေသတွင် သောင်းကြမ်းခဲ့ပြီး ကျန်းစုရန် ၊ ဖန်ဟယ် ၊ ချင်ရှုကျီနှင့် အခြားသော ထိပ်တန်းအဆင့်သိုင်းကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ခြင်းက အရှိန်အဟုန်ပြင်းသည့် ရိုက်ချက်တစ်ခုဖြစ်ပြီး ဝါဒတောင်၏လုပ်ဆောင်ချက်ကို မည်သူမှ တားဆီးဝံ့ခြင်း မရှိခဲ့ပေ။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အုပ်ချုပ်သူအရှင်သခင်ဖြစ်သော ကျင်းထင်တောင်သည်ပင် ဤလုပ်ရပ်အပေါ် ကန့်ကွက်ခြင်းမရှိခဲ့ပေ။

ပြီးတော့ ရှားရှားပါးပါးအခြေအနေဖြစ်သည့် ဝါဒတောင်ဖွင့်ပွဲအခမ်းအနား အထူးအခြေအနေများကြောင့် ဆည်းဆာကျွန်းစု ၊ ကျောက်စိမ်းနေဝန်းတောင်တန်း ၊ ကျောက်စိမ်းလွင်ပြင်ဒေသ ၊ လင်ကူတောင်တန်း စသည့်ဒေသများက ဝါဒတောင်က နယ်မြေကျူးကျော်ပြီး တပည့်အသစ်များခေါ်ယူစုဆောင်းခြင်းကို သက်ပြင်းချလျက်သာ ရိုးရှင်းစွာ ခွင်ပြုပေးခဲ့သည်။

တစ်ချိန်တည်းပင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ စက်ဝန်းတောင်နှင့် မင်းဆက်မြစ်ဖြတ်သန်းစီးဆင်းရာဒေသတစ်လျှောက်တွင်လည်း တပည့်သစ်စုဆောင်းရသည်မှာ အတော်လေး အဆင်ပြေသည်။

ထိုနေရာတွင် ရန်ကျောက်ကဲနှင့် ဝါဒတောင်၏ဂုဏ်သတင်းက ပိုမိုကြီးမားသည် မဟုတ်ပါလား။

စက်ဝန်းတောင်တိုက်ပွဲပြီးကတည်းက ရန်ကျောက်ကဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ခြေမချခဲ့သော်လည်း သူ့အကြောင်းဒဏ္ဍာရီများက ပြောမဆုံးအောင် ပျံ့နှံ့နေဆဲပင်။

ရန်ကျောက်ကဲနှင့် ဝါဒတောင်က စက်ဝန်းတောင်နှင့် အခြားသက်ဆိုင်ရာနယ်မြေများတွင် သရဖူမရှိသည့်တိုင် ဘုရင်တစ်ပါးပမာ ဖြစ်နေပေပြီ။

ဤနှစ်များတစ်လျှောက် အခြေအနေက ထိုသို့ပင် ရှိခဲ့သည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့ ပြန်မရောက်မချင်း အခြေအနေက ထိုသို့ပင် ဖြစ်နေခဲ့သည်။

သို့ပေသိ ကျွမ်းရှန်ပြန်ရောက်လာပြီးနောက်ပိုင်းမှာလည်း ချက်ချင်း းမတိုက်ခိုက်သည့်အတွက် ရန်ကျောက်ကဲက မင်းဆက်မြစ်ဝှမ်းဒေသတစ်လျှောက် သူ၏ဂုဏ်သိက္ခာကို အတိုင်းအတာတစ်ခုအထိ ထိန်းထားဆဲ ဖြစ်သည်။

ထို့ကြောင့် တပည့်သစ်များစုဆောင်းချိန်တွင် ထိုနေရာမှ အရည်အချင်းရှိသူများစွာ ဝါဒတောင်သို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။

အထက်ဘုံကမ္ဘာတွင် ဝါဒတောင်က လူဦးရေနည်းပါးသည့် သိုင်းဂိုဏ်းတစ်ခု ဖြစ်နေဆဲပင်။

ထို့ကြောင့် ပြင်ပလောကသို့ တပည့်များစေလွှတ်သည့်အခါ အားဟူသည်လည်း စေလွှတ်ခံရပြီး သူ ပြန်လည်ရောက်ရှိလာသည်မှာ မကြာသေးပေ။

အားဟူက...

“သခင်လေး... အဲဒီနေရာမှာ အတော်လေး အလားအလာကောင်းတဲ့လူတွေ တကယ်ရှိနေတာပဲ”

ရှောင်အိုက်သည်လည်း အလားတူပင် ဖြစ်သည်။

သို့သော် တောင်ပေါ်သို့ပြန်ရောက်လာပြီးနောက် ရှောင်အိုက် ပထမဆုံးအာရုံစိုက်သည်က အခြားအရာတစ်ခု ဖြစ်သည်။

“သခင်လေး... သခင်လေး... အခုပဲ ဒီအစေခံ မြေပြင်သခင်လေးနဲ့ တွေ့ခဲ့တယ် ၊ သခင်လေးနဲ့မယှဉ်နိုင်ပေမယ့် သူကအတော်လေး ချောမော ခန့်ညားတာနော်”

ရှောင်အိုက်က လက်သီးနှစ်ဖက် တင်းတင်းဆုပ်ရင်း မျက်ဝန်းများကတောက်ပစွာဖြင့် ရန်ကျောက်ကဲကို ကြည့်လျက် အားရပါးရပြောလိုက်သည်။

“သူသာ အိမ်ထောင်မပြုရသေးဘူးဆိုရင် ပထမတန်းစားအဆင့်သတ်မှတ်လို့ရတယ်”

ရန်ကျောက်ကဲက မျက်လုံးတစ်ချက်လှန်ရင်း...

“ရှောင်အိုက်... နင်ကတော့ငါ့ကိုစိုးရိမ်အောင်လုပ်နေတာပဲ ၊ ဒီအတိုင်းဆိုရင် ရန်သူက နင့်ကိုလုပ်ကြံဖို့ ကောင်လေးချောချောလေးတွေကို အသုံးချသွားရင် ဘယ်လိုလုပ်မလဲ”

ရှောင်အိုက်က လက်တစ်ဖက်ကာလိုက်ပြီး...

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

သူမက ဆက်ပြောသည်။

“ကျွန်မက သခင်လေးနဲ့ သခင်ကြီးကိုပဲ ပထမတန်းစားသာလွန်အဆင့် ပေးထားတာလေ ၊ ကျန်တဲ့သူတွေကို ပထမတန်းစားအဆင့်ပဲပေးထားတာမဟုတ်ဘူးလား”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ရယ်ရမလိုငိုရမလို ဖြစ်သွားသည်။

ထို့နောက် သူ့နဖူးသူရိုက်လိုက်ရင်း...

“နင်ကအဲဒီလိုပြောတာနဲ့ ငါက စိတ်အေးရမှာလား”

သူ့အရှေ့မှမိန်းကလေးက ကောင်လေးချောချောများကို သဘောကျသည့်တိုင် အဆုံးသတ်မှာတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖအတွက် သူ၏ကိုယ်ပိုင်အဆင့် သတ်မှတ်ချက်စံနှုန်းကို ထူးခြားအဆင့်ဖြင့် ချွင်းချက်ထားရှိခဲ့သည်ပင်။

ရန်တိနှင့် ရန်ကျောက်ကဲကိုသာ အိမ်ထောင်ရှိ/မရှိကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပထမတန်းစား သာလွန်အဆင့် သတ်မှတ်ထားခြင်း ဖြစ်သည်။

ရှောင်အိုက်က ငုတ်တုတ်ထိုင်လိုက်ပြီး မေးစေ့ကို ပွတ်သပ်ရင်း...

“မြေပြင်သခင်လေးရဲ့အစ်ကို အထက်ရပ်ထိပ်တန်းအရှင်သခင်က ပိုချောတယ်လို ကျွန်မ သတင်းကြားထားတယ် ၊ ဒါပေမဲ့ သူဘယ်လောက်ချောတယ် ပြောပြော ပိုးသားဧကရာဇ်နဲ့ ယှဉ်နိုင်ပါ့မလား မသိဘူး”

ရန်ကျောက်ကဲ ထပ်ပြီးမျက်လုံးလှန်လိုက်မိသည်။

အမှန်တော့ ပိုးသားဧကရာဇ်က တစ်လောကလုံးတွင် အချောမောဆုံးအမျိုးသားဟု မှတ်ယူနိုင်သည်။

သို့သော် အချောလေးများကိုသဘောကျတတ်သော ရှောင်အိုက်က သူမပြောခဲ့သလိုပင် ပိုးသားဧကရာဇ်ကို ပထမတန်းစားကျော်လွန်အဆင့်သာ သတ်မှတ်ခဲ့သည်။

ဟုတ်ပေ၏။

ပိုးသားဧကရာဇ်က မည်သူနှင့်မှမယှဉ်နိုင်အောင် ချောမောလွန်းသူဖြစ်သဖြင့် ဤမိန်းကလေးက ခြွင်းချက်အနေဖြင့် ပထမတန်းစားအဆင့်နှင့် ပထမတန်းစားသာလွန်အဆင့်ကြားတွင် ပထမတန်းစားကျော်လွန်ဆိုသောအဆင့်တစ်ခု ထပ်မံထားရှိပြီး ပိုးသားဧကရာဇ်ကို ထည့်သွင်းထားခဲ့သည်။

ရန်ကျောက်ကဲနှင့် အခြားသူများမှာ သွေးအန်လုမတတ်ပင် ဖြစ်ခဲ့ရသည်။

အားဟူက ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း...

“ဒီနေ့က ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကျင်းပတဲ့နေ့ပဲ သခင်လေး”

သူက ဆက်ပြောသည်။

“ဘယ်လိုပြောရမလဲ ၊ ပုံမှန်မဟုတ်လောက်အောင် အေးဆေးတည်ငြိမ်နေသလိုပဲ”

ရန်ကျောက်ကဲက...

“မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေတာမျိုးပေါ့ ၊ ချင်းယွမ်ဧကရာဇ်ပြန်လာပြီဆိုတော့ ဒီနေ့ သေချာပေါက် တစ်ခုခုဖြစ်မှာပဲ ၊ ဒီနေ့မဖြစ်ရင် နောက်ဘယ်တော့မှ မဖြစ်တော့ဘူး”

သူတို့စကားပြောနေစဉ်မှာပင် ဝါဒတောင်တပည့်များရောက်လာပြီး အရေးကြီးဧည့်သည်တော် ရောက်လာကြောင်း သတင်းပို့သည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ် ရောက်ရှိလာခြင်းသာပင်။

ရန်ကျောက်ကဲက ချက်ချင်းပင် လက်ခံတွေ့ဆုံလိုက်သည်။

နှစ်ဦးနှစ်ဖက်တွေ့ဆုံသည့်အခါ မည်သည့်စကားမှ ပြောစရာမရှိပေ။ တိတ်ဆိတ်စွာပင် နားလည်မှုရှိပြီးသား ဖြစ်၏။

ရန်ကျောက်ကဲက ချောင်ကျယ်ကို အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို မေးစရာရှိပါတယ်”

ယနေ့တွင် ကြီးကြီးမားမား အဖြစ်အပျက် တစ်ခုခုဖြစ်လာမည်မှာ သေချာသော်လည်း ရန်ကျောက်ကဲကတော့ တည်ငြိမ်နေဆဲ ဖြစ်၏။

သူက ဆက်ပြောသည်။

“ဒီလိုကိစ္စတွေ ရုတ်တရက်ကြီးဖြစ်လာတာ ၊ ကျွန်တော့်အမေနဲ့များ ပတ်သက်နေတာလား”

ချောင်ကျယ်က မျက်မှောင်ကြုတ်ရင်း ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

“အမှန်တော့ ကျွန်တော်လည်း အမတခုံရုံးကိုရောက်ဖူးတာပဲ ၊ တချို့ကိစ္စတွေ သိထားပြီးသားပါ ၊ ဒါပေမဲ့ အမေ့ရဲ့ကိစ္စတွေက အမတခုံရုံးနဲ့ဆက်စပ်နေတယ်လို့ ကျွန်တော်ထင်မိတယ်”

“ကျွန်တော့်ရဲ့ခန့်မှန်းချက်မှန်လားဆိုတာ သိချင်မိတာပါ”

ချောင်ကျယ်၏မျက်ခုံးများ အနည်းငယ် ပြေလျော့သွားသော်လည်း မကြာခင်မှာပဲ မျက်မှောင်ကြုတ်သွားပြန်သည်။

ခဏမျှတိတ်ဆိတ်သွားပြီးနောက် ချောင်ကျယ်က ရန်ကျောက်ကဲ၏မေးခွန်းကိုမဖြေဘဲ သတိပေးစကားဆိုလိုက်၏။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေ မပေါက်ကြားစေနဲ့နော်”

ရန်ကျောက်ကဲက ချောင်ကျယ်တွေးနေသည့် အရာကို အကြမ်းဖျင်းသဘောပေါက်သွားပြီး သူ့အခြေအနေက ဖုထင်နှင့် ကွာခြားသည်ဆိုခြင်းကိုတော့ ရှင်းပြနေခြင်းမရှိတော့ပေ။

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“စိတ်ချပါ ၊ ကျွန်တော်နားလည်ပါတယ်...”

သူ့စကားဆုံးသွားသည်နှင့် အနောက်ဘက်မှ ဓားအလင်းတန်းတစ်ခု ပျံသန်းလာပြီး ဝါဒ‌တောင်ဆီသို့ ရောက်ရှိလာသည်ကို တွေ့ရသည်။

ထိုဧည့်သည်တော်က ဝါဒတောင်နှင့်လည်း ရင်းနှီးသူဖြစ်ပြီး အရှေ့တောင်ဓားနတ်မယ်မှလွဲပြီး အခြားသူ မဟုတ်ပေ။

သူမကို မည်သူမှမတားဆီးနိုင်ဘဲ ချက်ချင်းပင် ဝါဒတောင်ပေါ်တွင်ရှိနေသည့် ချောင်ကျယ်နှင့် ရန်ကျောက်ကဲတို့ရှေ့သို့ ရောက်ရှိလာ၏။

သူမက ရန်ကျောက်ကဲကိုတစ်ချက်ကြည့်လိုက်ပြီး ချောင်ကျယ်ကို အသံပို့လွှတ်စနစ်ဖြင့်စကားမဆိုဘဲ တိုက်ရိုက်ပင် ပွင့်လင်းစွာ ပြောလိုက်သည်။

“ကိစ္စတစ်ခုခုတော့ ဖြစ်သွားပြီ”

သူမက ဆက်ပြောသည်။

“မင်းဆက်မြစ်ထဲမှာ စီးဆင်းနေတဲ့မြစ်ရေတွေ ချက်ချင်းအားနည်းပြီးလျော့ကျသွားတယ် ၊ ဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင် မြစ်ရေစီးကြောင်း သေချာပေါက် ရပ်တန့်သွားလိမ့်မယ်”

All Chapters