← Chapters

ယန်ဂိုဏ်းဘိုးဘေး

Vol. 19 Ch. 254

ယန်ဂိုဏ်းဘိုးဘေး

Vol. 19 Ch. 254

တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းသည် တခြားမိစ္ဆာတာအိုဂိုဏ်းငါးဂိုဏ်း မပါဘဲ ၎င်းတို့ဘာသာ လှုပ်ရှားတာများလား။ ထိုသို့သာဆိုပါက လမ်းမှန်ဂိုဏ်းများသည် အများကြီး စိုးရိမ်နေရန် မလိုပေ။ ယန်ဂိုဏ်းသည်ပင် တစ္ဆေဝိညာဉ်ဂိုဏ်းမှ သူများကို ရင်ဆိုင်နိုင်စွမ်း ရှိ၏။ တကယ်တော့ ယန်ဂိုဏ်းတွင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ များစွာ စောင့်ကြပ်နေသည် မဟုတ်လား။ ဟန်လိက ထိုသို့တွေးမိကာ နည်းနည်းတော့ စိတ်အေးသွားမိသည်။

မိုးကောင်းကင်က သူတို့အပေါ် အမှန်တကယ် ပြိုလဲကျလာခဲ့လျှင်ပင် ထိုသို့သော အဆင့်အတန်းမြင့်သူများက တားဆီးပေးလိမ့်မည်သာ။ တစ္ဆေဝိညာဉ်ဂိုဏ်းက မည်သည့် ရည်ရွယ်ချက်ပဲ ရှိနေပါစေ သူ့လို အခြေခံတည်ဆောက်ခြင်းအဆင့်လောက် ရှိသူနှင့် ဘာတတ်နိုင်ပါ့မည်နည်း။ ကပ်ဘေး တစ်ခု ကျရောက်လာခဲ့လျှင်ပင် သူတို့လို အဆင့်များအပေါ် သက်ရောက်လိမ့်မည် မဟုတ်၊ ပြစ်မှတ်ထားခံရသူများအပေါ်၌သာ သက်ရောက်လိမ့်မည်သာ။

ဟန်လိက တခြားသူများ သူကဲ့သို့ပင် တွေးနေ၊မနေကိုမူ မသိပါ။ ခဏတဖြုတ် ထိတ်လန့်သွားကြပြီးနောက်မှာ သူတို့၏ အမူအရာများလည်း တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသည်။ မထင်မှတ်စွာဖြင့် သည်အကြောင်းကို ဘယ်သူကမျှ ထပ်မပြောကြတော့ပါ။ ထိုအစား သူတို့က ကျင့်ကြံခြင်းနှင့် ပတ်သတ်သည့် အတွေ့အကြုံများ၊ မေးခွန်းများအကြောင်းကိုသာ အပြန်အလှန် နည်းနည်းပါးပါး ပြောဆိုသည်။ ထိုအကြောင်းအရာတို့ကို ဟန်လိက အတော်လေး စိတ်ဝင်တစား ရှိကာ ထိုဆွေးနွေးပွဲထဲ ချက်ခြင်း ပါဝင်သည်။

အချိန်မှာ အလျင်အမြန် ကုန်လွန်လာခဲ့ပြီ။ ကောင်းကင်သည် တဖြည်းဖြည်း နက်မှောင်လာသည်။ ဟန်လိတို့အုပ်စု အတွေ့အကြုံများ ဝေမျှ ပြောဆိုပြီး ဖြစ်၏။ ပြင်ပနိုင်ငံမှ ကျင့်ကြံသူများလည်း မကြာသေးခင်က ထွက်သွားခဲ့ကြပြီ ဖြစ်သည်။

သူတို့၏ အတွေ့အကြုံများ အပြန်အလှန် ဖလှယ်မှုကြောင့် ရရှိသော အကျိုးအမြတ်များမှ မနည်းလှပါ။ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူများ အဆင့်ချိုးဖျက်နိုင်ခဲ့သည့် အခွင့်အရေးနှင့် နည်းလမ်းများ အကြောင်းပင်။ ထိုအချက်နှင့်ပင် ဒီလဘ္ဘက်ရည်ဆိုင်ကို လာခဲ့သည့် ခရီးစဉ်က ဟန်လိနှင့် တခြားအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူများအတွက် တန်နေပေပြီ။

သက်လတ်ပိုင်းအရွယ်ရှိသော ဝူမှာ သည်ဆွေးနွေးပွဲကို ထပ်ဆက်ချင်ကာ သူက တခြားခေါင်းစဉ်တစ်ခုကို ပြောလာပြန်၏။ မနက်ဖြန် သူတို့ထဲမှ အများစုသည် လူသူကင်းသော နေရာတစ်ခုတွင် ဆုံကြမည်၊ သူတို့၏ သည်စကားဝိုင်းကို ထပ်ဆက်ကြမည်။ ထို့အပြင် သူတို့က ပစ္စည်းအမယ် အနည်းအကျဉ်းကိုလည်း လဲလှယ်အုံးမည်။ ဤသည်မှာ ကောင်းမွန်လှသော အခွင့်အရေးတစ်ခု မဟုတ်ပေလော။

ထိုအကြံပေးချက်ကို လူတိုင်းက လက်ခံ၏။ ဟန်လိလည်း အတိုက်အခံ လုပ်မနေမှာ သဘောဝပင်။

ဤသို့ဖြင့် သူတို့၏ ဆွေးနွေးပွဲ စကားဝိုင်း ပြီးသွားခဲ့လေပြီ။ ထို့နောက်တွင် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။

ဟန်လိက သူ့တွင် ရှိနေသော မြေပုံပေါ်မှ တည်ခိုးခန်းတစ်ခုကို အမှတ်အသား ပြု၏။ ၎င်းတည်းခိုခန်းသည် ပြင်ပမှ ကျင့်ကြံသူများကို အထူးတလည် လက်ခံ၏။

၎င်းသည် ယန်လင်းရဲတိုက်၏ အရှေ့တောင်ပိုင်း စွန်းစွန်းမှာ တည်ရှိပြီး ကြီးကြီးမားမား မဟုတ်ပေ။ အခြားတည်းခိုခန်းများလောက် မကောင်းတာ သိသာသည်။ ထို့ကြောင့်လည်း ဒီတည်းခိုခန်းသို့ ကျင့်ကြံသူများများစားစား မလာကြပေ။

သို့ဆိုလျှင်ပင် ဟန်လိက ဒီနေရာကို သဘောကျ၏။ အကြောင်းမှာ သည်တည်းခိုခန်းမှာ အေးချမ်းပြီး လူသူမထူထပ်သောကြောင့်ပင်။ လူနည်းလေလေ ပြဿနာတတ်နိုင်တာ နည်းလေ မဟုတ်လား။ ထို့အပြင် မြို့နံရံများနှင့်လည်း နီးနီးကပ်ကပ်တွင် တည်ရှိနေတာ ဖြစ်၍ တစ်ခုခု မထင်မှတ်တာ ဖြစ်လာခဲ့ပါက သူ့အနေဖြင့် လွယ်လွယ်ကူကူ ထွက်ပြေးနိုင်အုံးမည်။

တကယ်တော့ တစ္ဆေဝိညာဉ်ဂိုဏ်းမှ သူများကြောင့် ဟန်လိမှာ စိတ်ဖိစီးရသည်ပင်။ မထင်မှတ်တာများ မဖြစ်လာခင် ကြို၍ ပြင်ဆင်ထားခြင်းက သူ့အတွက် အလေ့အထ ဖြစ်နေသော အရာပင်။

မျှော်လင့်ထားသည့်အတိုင်း ဒီစိတ်တိုင်းကျတည်းခိုခန်းတွင် ကျင့်ကြံသူများများစားစား ရှိမနေပေ။ သည်တည်းခိုးခန်းတွင် လာရောနေထိုင်သူများမှာလည်း သီးခြားနေတတ်ကြ၏။ ဟန်လိက သူ့အခန်းထဲ ဆူဆူညံညံ အသံများ မရှိဘဲ အေးဆေးနေရသည့်အတွက် များစွာ ကျေနပ်နေ၏။ သူက ချက်ခြင်းပင် အခန်းထဲရှိ သန့်ရှင်းသပ်ရပ်နေသော နေရာတစ်ခုမှာ ထိုင်ချသည်။

တုန်ရွှမ်အာ မည်သည့်နေရာတွင် သလဲကိုတော့ ဟန်လိက အဖက်လုပ်ကာ ရှာနေမည် မဟုတ်ပေ။ တကယ်တော့ ရတနာရှာဖွေခြင်းစုဝေးပွဲ စသည်နှင့် သူက သူမကို တွေ့ရမှာ သေချာသလောက် ရှိ၏။ ထိုစုဝေးပွဲပြီးပါက သူတစ်ယောက်တည်း အဝါရောင်မေပယ်တောင်ကြားကို ပြန်မည် ဖြစ်သည်။ ဟန်လိသည် ထိုသို့ တွေးနေရင်း အိပ်မောကျသွားတော့သည်။

ညအချိန်အတောအတွင်း ကျင့်ကြံသူများစွာက အိပ်ချင်အိပ်၊ သို့မဟုတ် ချီသန့်စင်ဖို့ တရားထိုင် နေကြစဉ် ယန်လင်းရဲတိုက်၏ အမြင့်ဆုံးဖြစ်သော အစောင့်များ ထူထပ်စွာ ရှိနေသော အမိန့်ပေးဌာန ဖြစ်သည့် တိမ်လေ အဆောက်အဦ၏ အခန်းတစ်ခုထဲမှာ ဆံပင်နီအဘိုးအိုတစ်ယောက်သည် လက်နှစ်ဖက် နောက်ပစ်လျက် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်။ သူကား မျက်နှာသေနှင့် ရှိနေ၏။

သူနှင့် မလှမ်းမကမ်းတွင် မီးခိုးရောင်ဝတ်စုံဝတ်ထားကြသော အဘိုးအိုများ ရှိနေ၏။ ထိုအဘိုးအိုတို့၏ အမူအရာတွင် အလွန်အမင်း လေးစားသမှု ဟန်ပန်များ ပေါ်လွင်နေသည်။

“ကျိကျွမ်း…တစ္ဆေဝိညာဉ်ဂိုဏ်းက လူငယ်သခင်လေးက ဒီည ငါ့ကို တကယ်ပဲ လာတွေ့ချင်တာလား…” ဆံပင်နီအဘိုးအိုက လမ်းလျှောက်နေတာကို ရပ်ကာ အလယ်တွင် ရှိနေသော အကြီးအကဲထံ မသိမသာ လှမ်းကြည့်၍ မေးလိုက်သည်။

“အမှန်ပါပဲ…ဘိုးဘေးခင်ဗျ။ အဲ့ဂိုဏ်းက သခင်လေးဟာ သိုင်းပြိုင်ပွဲ ပြီးတဲ့နောက် ကျုပ်ကို သီးသန့်ပြောခဲ့တာပါ…”

ထိုသူသည် တလေးတစားဖြင့် ပြန်ဖြေသည်။

“အင်း…” ဆံပင်နီအဘိုးအိုက အမူအရာကင်းမဲ့ဟန်ဖြင့် ခေါင်းညိတ်သည်။ သို့သော် သူ့မျက်လုံးအရောင်ကမူ တဖြတ်ဖြတ် လင်းလက်သွားသည်။

ထိုအချိန်၌ အနက်ရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက်သည် အခန်းထဲ လှမ်းဝင်လာပြီး အရိုအသေပေးကာ ပြောလိုက်သည်။ “ဘိုဘေးနဲ့ အကြီးအကဲတွေ ခင်ဗျ…ဧည့်သည် ရောက်လာပါပြီ။ ကျနော်တို့ ပင်မခန်းမထဲမှာ စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သက်တော်စောင့်နှစ်ဘောက်ကတော့ သူတို့ ခန်းမအပြင်ဘက်မှာ မစောင့်ချင်ဘူးလို့ ပြောလာပါတယ်။ အစောင့်တချို့က သူတို့ကို တားဆီးဖို့ ကြိုးစားပေမယ့် မဟန့်တားနိုင်ခဲ့ပါဘူး။ ကြည့်ရတာ သူတို့ထဲက တစ်ယောက်က အနည်းဆုံးတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာ ရှိနိုင်ပါတယ်။ ကျနော်တိ့ ဘယ်လို ဖြေရှင်းရမလဲ။ ဘိုးဘေးအနေနဲ့ ကျေးဇူးပြုပြီး ရှင်းလင်းတဲ့ လမ်းညွှန်ချက် ပေးပါ…”

“အမြုတေဖွဲ့စည်းခြင်းအဆင့်လား။ မထူးဆန်းပါဘူး။ မြင့်မြတ်တဲ့ သခင်လေးက အဲ့လို သက်တော်စောင့်တစ်ယောက် မပါရင် တစ္ဆေဝိညာဉ်ဂိုဏ်းခေါင်းဆောင်က သူ့ကို ဒီအထိ စိတ်အေးအေးနဲ့ ဘယ်လာခိုင်းပါ့မလဲ။ ကဲ ကျုပ်တို့ သွားကြည့်ကြတာပေါ့။ မျက်နှာဖုံးအောက်မှာ အဲ့သခင်လေးဆိုတဲ့ ကောင်လေးက ဘယ်လိုပုံစံ ရှိမလဲ ကျုပ်လည်း တကယ်ပဲ သိချင်မိတယ်…”

အနက်ရောင်ဝတ်စုံနှင့်သူ၏ တင်ပြချက်ကို ကြားရပြီးနောက် ဆံပင်နီအဘိုးဘို၏ မျက်နှာမှာ သုန်မှုန်သွားပြီး သူက မကျေမချမ်းသည့် လေသံဖြင့် ပြောသည်။

ထို့နောက်တွင် သူသည် အခန်းထဲကနေ ဦးဆောင်ကာ ထွက်လာ၏။ တခြားသူများက သူနှင့် နီးနီးကပ်ကပ် နောက်မှ လိုက်ပါလာ၏။

ပင်မခန်းမထဲ ဝင်လာပြီးနောက်မှာ ဆံပင်နီအဘိုးအိုသည် ငွေရောင်မိစ္ဆာမျက်နှာဖုံး ဝတ်ထားသော လူငယ်တစ်ယောက်ကို မြင်သည်။ ထိုလူငယ်မှာ ဧည့်သည်ထိုင်ခုံပေါ်မှာ တည်တည်ငြိမ်ငြိမ် ထိုင်နေ၏။

သူ၏နောက်တွင် အစိမ်းရောင်ဝတ်စုံဖြင့် လူနှစ်ယောက် ရပ်နေသည်။ တစ်ယောက်မှာ မျက်နှာပေါ်တွင် ပါးရည်နားရည်များ တွန့်နေလျက် တခေါင်းလုံး ဆံပင်များ ဖြူဆွတ်နေ၏။ တခြားတစ်ယောက်ကမူ သွားဖြူဖြူ၊ အနီရောင်နှုတ်ခမ်းနှင့် ကောင်လေးတစ်ယောက်၊ သူ့ခေါင်းပေါ်တွင် ကျစ်ဆံမြီးနှစ်ခုလည်း ကျစ်ထားသေးသည်။

ပင်မခန်းမ၏ အလယ်တွင် ကြမ်းပြင်ပါ်၌ သတိမေ့နေသော ဝတ်စုံနက်ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက် ရှိနေသည်။ သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် အနက်ရောင်ချီဖြင့် ပြည့်နှက်လျက် ရှိ၏။

“ဘယ်သူများလဲလို့၊ လက်စသပ်တော့ နာမည်ကျော် ညီအစ်ကိုလီကို။ ခင်ဗျားက ကျုပ်တို့ ယန်ဂိုဏ်းကို မျက်လုံးထဲ မထည့်တာ အံ့အားသင့်စရာ မရှိတော့ပါဘူး…”

ဆံနီအဘိုးအိုသည် အစိမ်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကို မြင်သည့်အခါ မျက်မှောင် မဆိုသလောက် ကြုံ့သွား၏။ သို့သော် သူ့အမူအရာကမူ မပျက်မယွင်းသွားဘဲ သူက ထိုသို့ ပြောသည်။

သူက ဂိုဏ်းချုပ်ထိုင်ခုံထံ လှမ်းလာပြီး သူ့အပေါ်ထပ် အင်္ကျီလက်အိုးကို သိမ်းကာ ထိုင်ချသည်။ ထို့နောက်တွင် သူက လက်ခုပ်နှစ်ခါ ပေါ့ပေါးပါးပါး တီး၏။ ဝတ်စုံနက်သူများ ပင်မအခန်းထဲ လှမ်းဝင်လာပြီး ဘာစကားတခွန်းမှ မဆိုဘဲ သတိမေ့နေသူများကို ဆွဲခေါ်သွားကြသည်။

“ဟားဟား…ကျုပ်တို့ညီအစ်ကိုရဲ့ ဂုဏ်သတင်းက ခုလောက်ထိ ကြီးနေလိမ့်မယ်လို့ ဘယ်သူကများ ထင်မှာလဲ။ ယန်ဂိုဏ်းရဲ့ အရှင်ဘိုးဘေးဖြစ်တဲ့ ခင်ဗျားကိုသာ လူတိုင်း သိကြမှာပါ။ ခင်ဗျားက ကျုပ်တို့ကို ခုလို ချီးကျူးတဲ့အတွက် ဂုဏ်ယူရပါတယ်။ ဒါပေမဲ့ ခုချိန်မှာ ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်ဟာ ဂိုဏ်းခေါင်းဆောင်ရဲ့ အရေးကိစ္စကို ယူဆောင်လာတဲ့ သခင်လေးကို ကာကွယ်ပေးဖို့ပဲ တာဝန်ရှိပါတယ်။ စီနီယာအစ်ကိုမှာ ပြောစရာ ကိစ္စရှိရင် ကျုပ်တို့ရဲ့ သခင်လေးနဲ့ပဲ ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ…”

အပြစ်ကင်းဟန်ရှိသော ကောင်လေးက ပြုံး၍ ရှတတအသံဖြင့် ထိုသို့ ပြောလာသည်။ သူ၏ စကားလေသံကို ကြားလိုက်ရသည့် ယန်ဂိုဏ်းမှ အစောင့်အကြပ်များသည် ကြီးစွာ မင်သက်ကုန်ကြ၏။

ဆံနီအကြီးအကဲက ထိုသူ ပြောတာကို ကြားသည့်အခါ သူ့စိတ်ထဲ တုန်လှုပ်သွားသည်။ သူသည် ထိုမိစ္ဆာညီအစ်ကိုနှစ်ယောက်၏ အမည်ဂုဏ်သတင်းကြောင်း ကောင်းကောင်း ကြားဖူးသည်။ သူတို့ပြောပုံအရ တစ္ဆေဝိညာဉ်ဂိုဏ်း၏ ယင်းလူငယ်သခင်လေးသည် ရိုးရှင်းသောသူ မဟုတ်ပုံ ရသည်။ သူ့အကြည့်က ငွေရောင်မျက်နှာဖုံးနှင့် လူငယ်သခင်လေးထံ ကျရောက်သွားသည်။

ထိုလူငယ်ကို ခဏလောက် ခြေဆုံးခေါင်းဆုံး ကြည်ပြီးနောက်မှာ သူက မေးသည်။ “မင်းက တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ လူငယ်သခင်လေးပေါ့။ မင်းက ဘာကြောင့်များ မျက်နှာဖုံး တပ်ထားရတာလဲ။ မင်းက အရှက်ရစရာတစ်ခုခုကိုများ ဖုံးကွယ်ထားတာလား…”

“ခင်ဗျားက ဒီဂျူနီယာကို မှားပြီး ကဲ့ရဲ့နေပြန်ပြီ။ ဒီဂျူနီယာ မျက်နှာဖုံး တပ်ထားရတဲ့ တခြား အကြောင်းရင်းတွေ ရှိပါတယ်။ အရှက်ရစရာ ကိစ္စကြောင့် မဟုတ်ဘူး။ စီနီယာက တကယ်ပဲ ကျုပ်ရဲ့ ပကတိမျက်နှာကို မြင်ချင်တယ်ဆိုလည်း ဒီဂျူနီယာက မျက်နှာဖုံး ချွတ်ပြပြီး စီနီယာ့ကို ကြည့်ခွင့်ပေးရမှာပေါ့…”

တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးက ရယ်ကာမောကာဖြင့် ပြော၏။ သူ၏လေသံမှာ မနှိမ့်ချသလို၊ မောက်မာခြင်းလည်း ရှိမနေပေ။

“ဟက်…ယောက်ျားတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ ပတ်သတ်လို့ ချောမောနေတော့ကော ဘာဖြစ်သေးသလဲ။ ဒီအဘိုးအိုမှာ အဲ့လိုအလေ့အထမျိုး မရှိဘူး။ မင်းတို့ တစ္ဆေဝိညာဉ်ဂိုဏ်းက သူတွေဟာ ကျုပ်တို့ ယန်ဂိုဏ်းဆီ အဝေးကြီးကနေ ရုတ်တရက် ဘာကြောင့်များ ရောက်လာခဲ့ရတာလဲ။ ဒါ့အပြင် မင်းက ကျုပ်နဲ့လည်း တွေ့ချင်ခဲ့သေးတယ်။ အဲာတာက ခုလိုမျိုး အရည်မရ အဖက်မရ စကားတွေ ပြောဖို့ သပ်သပ်ပဲလား။ ဒီအဘိုးအိုက မင်းကို ဆက်ပြီး စိတ်ရှည်ပေးနေတော့မှာ မဟုတ်ဘူးနော်…”

ယန်ဂိုဏ်းမှ ဘိုးဘေးက ရက်စက်သည့်လေသံဖြင့် ထိုသို့ ပြောသည်။ သူ၏ စကားလုံးများထဲ၌ ရန်လိုမှုအပြည့် ပါနေသည်။

“ဟားဟား…စီနီယာယန်က ခုလောက် အများကြီး ပြောနေမှတော့ ဒီဂျူနီယာကလည်း ကွေ့ဝိုက်မနေတော့ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျုပ်ရဲ့ အဖေက စီနီယာဆီ ကျုပ်ကို စာတစ်စောင့် လာပို့ခိုင်းလိုက်တာပဲ။ သူက စီနီယာကို စကားတခွန်းနှစ်ခွန်း ပြောဖို့လည်း ဂျူနီယာ့ကို ခိုင်းလိုက်သေးတယ်…”

တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးသည် ယန်ဂိုဏ်းမှ ဘိုးဘေးက သူ့အပေါ် ပြုမူဆက်ဆံပုံကို မြင်သည့်အခါတွင်ပင် သူသည် တည်ငြိမ်စွာဖြင့် ဟန်နှင့်ပန်နှင့် ပြန်ပြောလာတုန်း ဖြစ်၏။

“ဘာစာလဲ။ ကျုပ်က မင်းအဖေကို အရင်က လုံးဝ မမြင်ဖူးခဲ့ဘူး။ ယန်ဂိုဏ်းနဲ့ မင်းတို့ရဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းကလည်း ရင်းနှီးလှတဲ့ ပတ်သတ်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ မင်းက ငါ့ကို လျှို့ဝှက်တဲ့ စကားနှစ်ခွန်းတောင် ပြောချင်သေးတယ်လား။ ဘာလဲ မင်းက ကျုပ်နဲ့ လာကစားနေတာလား…”

ယန်ဂိုဏ်းမှ ဘိုးဘေးက တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေး ပြောတာကို ယုံကြည်ရန် ခက်ခဲနေချေ၏။

ညီအစ်ကိုလီတို့က ယန်ဂိုဏ်းဘိုးဘေး၏ သံသယ ဖြစ်နေမှုကို မြင်ပြီး သူ့ကို ပြုံး၍ ကြည့်သည်။ သည့်ထက်ပို၍ သူက ဘာလှုပ်ရှားမှုမျှ မပြုလုပ်ပေ။

ထိုအခိုက်တွင် တစ္ဆေဝိညာဉ်ဂိုဏ်း၏ သခင်လေးက ကျောက်စိမ်းပြားတစ်ခုကို လက်တစ်ဖက်ဖြင့် ထုတ်ယူကာ ထရပ်ပြီး ရှေ့သို့ ခြေလှမ်းလာသည်။ သို့သော် ယန်ဂိုဏ်းမှ ဘိုးဘေးကမူ ထိုင်နေလျက်သာ။ သူက ထိုကျောက်စိမ်းပြားကို လက်ခံဖို့ စိတ်ကူး မရှိပုံ ရသည်။ သူက ကျောက်စိမ်းပြားထံ တချက် လှမ်းကြည့်ပြီးနောက်မှာ အလွန်တရာ အေးစက်စွာ ပြောလိုက်သည်။

“ဒီစာကို ပြီးမှပဲ ကျုပ် ကြည့်တော့မယ်။ အရင်ဆုံး မင်းရဲ့ စကားနှစ်ခွန်းကို ပြောပါ။ ဒီအဘိုးအို နားထောင်ပြီးမှ ဒီစာကို ဖွင့်ကြည့်၊ မကြည့် ဆုံးဖြတ်မယ်…”

တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးသည် ထိုစကားများကို ကြားသည့်အခါ၌လည်း လှုပ်လှုပ်ရှားရှား ဖြစ်မသွားပေ။ သူက မျက်နှာဖုံးအောက်ကနေ သက်ပြင်းချပြီး နှုတ်ခမ်းအနည်းငယ် လှုပ်၍ ယန်ဂိုဏ်းဘိုးဘေး ကြားအောင် စကားနှစ်ခွန်း ပြောသည်။

ယန်ဂိုဏ်းမှ တခြားသူများသည် ထိုစကားနှစ်ခွန်းကို မကြားကြသော်လည်း ယန်ဂိုဏ်းမှ ဘိုးဘေးကမူ ကြားရပြီးနောက်မှာ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားတော့သည်။ အသက်ဝဝရှိုက်သွင်းကာ သူက ထိုင်နေရာကနေ ထရပ်သည်။ သူ့အမူအရာမှာလည်း လွန်စွာ နက်မှောင်သွား၏။

“ငါ့ကို အဲ့စာ ပေးပါ။ သီးသန့်အခန်းထဲ သွားမယ်။ ငါ့နောက်ကနေ လိုက်ခဲ့ချေ…”

မရေမရာဖြစ်သွားပြီးနောက်မှာ ဆံနီအဘိုးအိုသည် ထိုသို့ ခပ်လောလော ဆုံးဖြတ်ချက်ချကာ ပြော၏။

ထိုသို့ဖြင့် ယန်ဂိုဏ်း၏ တပည့်များစွာ ရှိနေသည့်ကြားကနေပင် ယန်ဂိုဏ်းဘိုးဘေးသည် ထိုသခင်လေးကို အတားအဆီးမန္တာန်များစွာ အလွှာအထပ်ထပ် ဖုံးထားသော သီးသန့်အခန်းထဲ ခေါ်ဆောင်လာ၏။

သို့ပေမည့် သခင်လေး၏ အစောင့်နှစ်ယောက် ဖြစ်သော အမြုတေဖွဲ့စည်းခြင်းနှစ်ယောက်ကမူ အပြင်တွင်သာ ကျန်နေခဲ့သည်။ သူတို့ထံ၌ စိတ်ပူဟန် လုံးဝ မမြင်ရပေ။ တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေး၏ ဘေးကင်းမှုအပေါ် သူတို့သည် အပြည့်အဝ ယုံကြည်ချက် ရှိနေသည့်နှယ်။ သူတို့အားလုံးသည် တညလုံး စောင့်နေကြလေ၏။

All Chapters