လျှို့ဝှက်စွာ ပူးပေါင်းကြံစည်ခြင်း
Vol. 19 Ch. 256
ယန်ဂိုဏ်းမှ ဘိုးဘေးက သူ၏ ချက်ကျလက်ကျ မေးခွန်းများကို ကြားသည့်အခါ အထင်ကြီး အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်သွားသည်။ ထို့နောက်တွင် သူက ဖြေလိုက်သည်။
မဟာသွေးဝိညာဉ်ပညာရပ်၊ ကျုပ်တို့ ယန်ဂိုဏ်းရဲ့ ဘိုးဘေးတွေဟာ အဲ့ပညာရပ်ကို ယူဆောင်မလာပေမယ့် ဒီစာအရဆို ဒီကျင့်ကြံခြင်းပညာရပ်ဟာ အလွန်မြင့်မားတဲ့ အဆင့် ရှိပုံပေါ်တယ်။ ဝိညာဉ်တစ်ထောင်သုတ္တန်ကျမ်းရဲ့ နံပါတ်တစ်မိစ္ဆာပညာရပ်အဖြစ်ပါ တင်စားထားသေးတယ်။ ဒီပညာရပ်ကို သန့်စင်နိုင်ရင် လူတစ်ယောက်ဟာ မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းမှာ ခေါင်းဆောင်နေရာထိပါ ယူဆောင်နိုင်လိမ့်မယ်။ ဒါဟာ ကြောက်ဖို့အကောင်းဆုံး လျှို့ဝှက်ပညာရပ်တွေထဲက တစ်ခုလို့လည်း ဆိုနိုင်တယ်။
ဒါပေမဲ့ အဲ့ပညာရပ်ဟာ ကျယ်ပြန့်လွန်းတယ်။ မတော်တဆ ထိခိုက်မှု ဘာတစ်ခုမှ မဖြစ်လာအောင် ကာကွယ်ဖို့အတွက် အမျိုးသားနဲ့အမျိုးသမီးတို့ဟာ ၎င်းကို စုံတွဲကျင့်ကြံမှ ရလိမ့်မယ်။ ဒါ့အပြင် သူတို့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်တွေဟာလည်း လုံလောက်တဲ့ အရည်အသွေးရှိဖို့လည်း အရေးကြီးသေးတယ်။ အဲ့လိုမဟုတ်ရင် အများဆုံးမှ ဒီပညာရပ်ရဲ့ အဆင့်သုံးလောက်ထိပဲ ကျင့်ကြံနိုင်မှာ ဖြစ်တယ်။ ဒီလိုဆို ဘာမှ မထူးနေဘူး။ ဒါ့ကြောင့် ကောင်းကင်စိတ်ဝိညာဉ်ပိုင်ဆိုင်ထားတဲ့ သူတွေဆိုရင်တော့ စုံတွဲကျင့်ကြံဖို့ အကောင်းဆုံး လက်တွဲဖော်ပဲ။
တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ လူငယ်သခင်လေးဟာ ရှားမှရှားတဲ့ အမှောင်စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားပြီး မဟာာသွေးဝိညာဉ်ပညာရပ်ကို ကျင့်ကြံဖို့အတွက် စံပြအဖော်တစ်ယောက်ပဲ။ သူနဲ့ သူ့လက်တွဲဖော်တို့ကသာ ထိပ်ဆုံးစိတ်ဝိညာဉ်ရင်းမြစ်တွေကို ပိုင်ဆိုင်ထားပြီး ဒီပညာရပ်ကို ကျင့်ကြံရင် သူတို့ဟာ ဒီပညာရပ်ရဲ့ အလွန်နက်ရှိုင်းတဲ့အဆင့်ထိ ရောက်နိုင်မှာ ဖြစ်ပြီး မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းမှာ ရှေ့ရောက်သွားလိမ့်မယ်။ ဒါ့ကြောင့် ဒီတစ္ဆေဝိညာဉ်ဂိုဏ်းဟာ ကျုပ်တို့ရှိ လာပြီး တောင်းဆိုခဲ့တာပဲ။ သူတို့ဟာ မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းက ယွဲ့ဒေသကို ကျူးကျော်မယ့်အကြောင်းပါ အန္တရာယ်အဖြစ်ခံပြီး ပြောခဲ့သေးတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တောင်ပိုင်းကောင်းကင်ဒေသတစ်ခုလုံးမှာ ဩဇာရှိကြောင်း ကြေညာနိုင်မယ့် အခွင့်အရေး ရချင်လို့ပဲ…”
“ ယန်ဂိုဏ်းရဲ့ သမိုင်းကို သူတို့ ဘယ်လို သိသွားတာလဲဆိုတော့ သေချာ ရှင်းပြပေးလို့ ရတယ်။ ကျုပ်တို့ ဘိုးဘေးတွေ မကွယ်လွန်ခင်တုန်းက သူတို့ဟာ တစ္ဆေဝိညာဉ်ဂိုဏ်းနဲ့ ပတ်သတ်ကြောင်း ထုတ်ပြောခဲ့ကြတယ်။ အဲ့အချိန်တည်းက ကျုပ်တို့ ယန်ဂိုဏ်းကို သူတို့ အာရုံစိုက်ခဲ့တယ်လို့တော့ ကျုပ် ထင်တာပဲ။ ယန်အာ အကြောင်းကိုတော့ အချိန်တစ်ခုလောက် သေချာ စုံစမ်းကြည့်ပြီးတော့ သူတို့ သိသွားခဲ့ကြတာ နေမယ်။ ဒါ့ကြောင့်လည်း အဲ့အခွင့်အရေးကို လက်လွှတ်မခံနိုင်တဲ့အတွက် သူတို့ရဲ့ တောင်းဆိုမှုတွေကို သဘောတူအောင် ကျုပ်တို့ ယန်ဂိုဏ်းအပေါ် ဖိအားကော၊ မက်လုံးကော ပေးလာခဲ့တာပဲ…”
ယန်ဂိုဏ်းဘိုးဘေးက ထိုသို့ ပြောပြီးနောက် ခါးသီးစွာ ပြုံးသည်။
“မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်း ကျူးကျော်တဲ့ ကိစ္စကိုတော့ သူတို့ပဲ ငါ့ကို ပြောကြသေးတယ်။ ဒါပေမဲ့ ကျန်းနဲ့ ချိကျိနိုင်ငံတို့ရဲ့ အခြေအနေကို ကြည့်ရသလောက်တော့ သူတို့ မရောက်လာခင် ပြီးခဲ့တဲ့ ရက်တွေမှာ တစ်ခုခုလွဲနေတာကို သတိပြုမိခဲ့တယ်။ အဲ့နှစ်နိုင်ငံမှာ တာဝန်ပေးထားတဲ့ တို့လူတွေဟာ ခုလောက်ဆို ပုံမှန်ပေးရမယ့် သတင်းအချက်အလက်ကို ပေးသင့်နေပြီ။ ဒါပေမဲ့ ကျုပ်တို့ ဘာသတင်းမှ ခုထိ မရသေးဘူး။ ဒါက သက်သေပဲ။ မေးစရာတစ်ခုတော့ ရှိတယ်။ မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းက အဲ့နိုင်ငံနစ်ခုကို ဘယ်လိုများ လွယ်လွယ် သိမ်းပိုက်ခဲ့လဲ ဆိုတာပဲ။ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ ရှင်းပြချက်အရဆိုရင်တော့ ဂိုဏ်းခြောက်ဂိုဏ်းဟာ အဲ့နိုင်ငံနှစ်ခုက ဂိုဏ်းတွေရဲ့ အဖွဲ့ဝင်အများစုကို ကြိုပြီး လာဘ်ထိုးထားခဲ့တယ်တဲ့။ ဒါ့ကြောင့်လည်း အပြင်းအထန် အလစ်အငိုင် တိုက်ခိုက်မှုနဲ့ သစ္စာဖောက်အများစုကြောင့် အဲ့နိုင်ငံနှစ်နိုင်ငံဟာ တချိတည်းနဲ့ ပိုးစိုးပက်စက် ရှုံးသွားခဲ့ရတာပဲ။ ခုချိန်မှာ ဂိုဏ်းခြောက်ဂိုဏ်းက သူတို့နဲ့ မပူးပေါင်းတဲ့ လက်ကျန်ကျင့်ကြံသူကိုပါ လိုက်ရှာပြီး သုတ်သင်နေလောက်ပြီ။ ယွဲ့ဒေသကို ကျူးကျော်လာတဲ့အချိန်ကျရင် ကျုပ်တို့ယန်ဂိုဏ်းက ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကြီးကြီးမားမား ဆုံးရှုံးမှုတွေကို ရှောင်နိုင်မှာပဲ…
ဖန်တုဒေသရဲ့ လမ်းမှန်တာအိုမဟာမိတ်အဖွဲ့ကိုတော့ သိပ် မျှော်လင့်ထားလို့ မရနိုင်ဘူး။ အခု အစည်းအပွဲ မတိုင်ခင်လေးမှာ အဲ့ဒီမဟာမိတ်အဖွဲ့ဟာလည်း အိမ်နီးချင်း အလယ်အဆင့်နိုင်ငံတစ်ခုကို ကျူးကျော် သိမ်းပိုက်ခဲ့ပြီးပြီဆိုတဲ့ သတင်းကို ရခဲ့တယ်။ ကြည့်ရတာ အဲ့အင်အားကြီးအဖွဲ့အစည်းနှစ်ခုလုံးက စားပွဲပေါ်မှာ သဘောတူညီမှုတစ်ခု ကြိုယူထားပြီး ဖြစ်ပုံရတယ်။ ဒါ့ကြောင့်လည်း သူတို့က ခုလောက်ထိ နယ်မြေချဲ့ထွင်မှုတွေ လုပ်လာကြတာ…”
ယန်ဂိုဏ်းမှ ဘိုးဘေးက တစ်ခုပြီးတစ်ခု သေချာ ရှင်းပြခဲ့သည်။ ကြားရသူတိုင်းမှာ တုန်လှုပ်နေရပြီ ဖြစ်သည်။
“မိစ္ဆာနဲ့လမ်းမှန်တာအိုဟာ သူတို့ရဲ့ လွှမ်းမိုးမှုကို စချဲ့ထွင်ကြတာလား။ ဟားဟား…ဒီလိုသာ အမှန်ဆိုရင်တော့ ရယ်ချင်စရာပဲ…”
ပညာရှိအသွင် သက်လတ်ပိုင်းလူသည် ယန်ဂိုဏ်းဘိုးဘေး၏ အဖြေများကို ကြားရပြီးနောက်မှာ သူက အတွေးတချို့ဖြင့် ပြုံးပြီး သည် ရန်စောင်သော စကားများကို ပြောလာခဲ့ပေသည်။
“ရွှမ်ယဲ့…မင်း ပြောတဲ့ အဓိပ္ပာယ်က ဘာများလဲ…” သူ၏မျက်နှာချင်းဆိုင်မှ ဆံဖြူအကြီးအကဲတစ်ယောက်က စိတ်မရှည် ဖြစ်ကာ လှမ်းမေးလာသည်။
“ဒုတိယမြောက်ဦးလေး…။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျုပ်စိတ်ထဲကနေ ခန့်မှန်းမိရုံလေးပါ။ ဒီခန့်မှန်းချက်ဟာ ကျုပ်တို့ ယန်ဂိုဏ်းနဲ့လည်း မဆိုင်ဘူး။ အရင်ဆုံး ကျုပ်တို့ ယန်ဂိုဏ်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးပဲ ပြောကြတာပေါ့…”
ပညာရှိအသွင်နှင့် သက်လတ်ပိုင်းလူက ထိုသို့သာ တုန့်ပြန်သည်။
“ဟက်…” အဘိုးအိုသည် တဖက်သူ၏ လိမ္မာပါးနပ်သော ငြင်းချက်နှင့်သာ ကြုံလိုက်ရ၏။ သူက မကျေမချမ်းဖြင့် ပညာရှိအသွင် သက်လတ်ပိုင်းလူကို တချက်လှမ်းကြည့်သည်။ သို့သော် ယန်ဂိုဏ်းဘိုးဘေး၏ရှေ့တွင် သူသည် ဒေါသတကြီးသာ ပြန်ထိုင်ရုံ ရှိတော့၏။
“ဝိုး…ဒီအစည်းအဝေးပွဲပြီးရင် မင်းရဲ့ ခန့်မှန်းချက်ကို ကျုပ် ကြားလို့ ရနိုင်မလား…”
ယန်ဂိုဏ်းဘိုးဘေးသည် စိတ်ဝင်တစားဟန်ဖြင့် မေးသည်။
“အရှင်ဘိုးဘေး နားထောင်ချင်တယ်ဆိုရင်တော့ ရွှမ်ယဲ့က ဖုံးကွယ်မထားမှာ အသေအချာပါပဲ…”
ပညာရှိအသွင် ရွှမ်ယွဲ့က ဘိုးဘေး၏စကားကို ကြားသည့်အခါ သူသည် အလျင်အမြန် ဦးညွှတ်ကာ တလေးတစား တုန့်ပြန်သည်။
“ကောင်းတယ်။ ဒါပေမဲ့ ကျုပ်တို့ ဂိုဏ်းကိစ္စကိုပဲ အရင်ဆုံး ပြောကြတာပေါ့။ ကျုပ်တို့သာ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ရွေးချယ်မှု မှားသွားခဲ့ရင် တို့ဂိုဏ်း ပျက်စီးခြင်း ဆိုက်ရနိုင်တယ်…”
ယန်ဂိုဏ်းဘိုးဘေးဖြစ်သူ ဆံနီအဘိုးအို၏ စကားလုံးများထဲမှာ အကူအညီမဲ့သည့် အရိပ်အယောင် ပေါ်နေသည်။ တကယ်တော့ ယန်ဂိုဏ်း၏ စွမ်းအားသည် အားနည်းလှခြင်း မရှိလေပေ။ သူတို့၏ လျှို့ဝှက်အင်အားစုများကိုပါ ထည့်ပေါင်းသည့်အခါတွင်ပင် သူတို့သည် နည်းနည်းလေးမျှ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
“အရှင်ဘိုးဘေး မှန်ပါတယ်။ ခုလက်ရှိမှာ ယန်ဂိုဏ်းဟာ နှစ်ဖက်လုံးကို ကြောက်နေရတာ အမှန်ပါပဲ။ ကျုပ်တို့သာ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ တောင်းဆိုမှုကို သဘောတူခဲ့ရင် သူတို့ကလည်း အခွင့်အရေး ပြန်ယူမှာပဲ။ ကျုပ်တို့ ငြင်းဆန်မယ်ဆို သူတို့ရဲ့ ခွန်အားဟာ ကြီးမားလွန်းတဲ့အတွက် ကျုပ်တို့အပေါ် အတောမသပ်နိုင်တဲ့ ပြဿနာတွေ ရောက်လာနိုင်တယ်…”
ပညာရှိအသွင်ဖြင့် ရွှမ်ယဲ့က လေးလေးနက်နက်ဖြင့် ပြောလာသည်။
“ဒါပေမဲ့ ကျုပ်အမြင်ကတော့ သူတို့ရဲ့ တောင်းဆိုမှုတွေကို သဘောတူပြီး တစ္ဆေဝိညာဉ်ဂိုဏ်းထဲ ဝင်သင့်တယ်လို့ ထင်ပါတယ်…”
ရွှမ်ယဲ့က ခိုင်မာသော အဖြေတစ်ခုကို ပေးလာခဲ့ပြီ။
တခြားယန်ဂိုဏ်းဝင်များထံမှ သဘောမတူကြောင်း ပြော၊မပြောကို နည်းနည်းလေးပင် စောင့်မနေဘဲ သူက ဆက်ပြောသည်။
“လူတိုင်းပဲ အစတည်းက အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တွေးထားမိပြီး ဖြစ်မှာပါ။ ကျုပ်တို့သာ သူတို့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေဟာ စိုးရိမ်စရာပါပဲ။ ဒါပေမဲ့ လူတိုင်းက ကျုပ်တို့အနေနဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းကို ငြင်းဆန်ပြီး ဂိုဏ်းကြီးခုနစ်ဂိုဏ်းဆီ ကျုပ်တို့ သိထားတဲ့ သတင်းတွေကို လဲလှယ်ပြီး လုံလောက်တဲ့ အကျိုးအမြတ် ယူ၊မယူကိုလည်း စဉ်းစားထားခဲ့တယ်မလား။ ကျုပ် သိရသလောက်ဆို ခုလက်ရှိ ကျုပ်တို့ဟာ အဲ့ဂိုဏ်းခုနစ်ဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ နောက်ကွယ်မှတော့ သူတို့ဟာ ကျုပ်တို့ ယန်ဂိုဏ်း ဒီထက် ကြီးထွားလာပြီး သူတို့ရဲ့ အာဏာစက်ကိုပါ ချိန်းချောက်နိုင်မှာ စိုးရိမ်နေကြတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက သူတို့ဟာ နေရာအသီးသီးမှာ ကျုပ်တို့ကို မသိမသာ ဖိနှိပ်ခဲ့ကြတယ်။ ကျုပ်တို့သာ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ တောင်းဆိုမှုတွေကို သဘောမတူခဲ့ရင် မိစ္ဆာတာအိုဂိုဏ်းတွေ ကျူးကျော်မှု သတင်းက ဂိုဏ်းကြီးခုနစ်ဂိုဏ်းထံ ပေါက်ကြားသွားခဲ့ရင် ကျုပ်တို့အနေနဲ့ ဘာအကျိုးအမြတ်မှ မရဘဲ ဖြစ်သွားနိုင်တယ်။ တကယ်တော့ ယွဲ့ဒေသရဲ့ အရင်းအမြစ်အားလုံးကို သူတို့ကပဲ ခွဲယူထားကြတာ။ သူတို့က ကျုပ်တို့ ယန်ဂိုဏ်းအတွက် ဘာတွေများ ထွေထွေထူးထူး အခွင့်အရေး ပေးခဲ့ဖူးလို့လဲ။ ဒါ့အပြင် ယွဲ့ဒေသကို မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်း ကျူးကျော်လာစဉ်အတွင်း ယွဲ့ဒေသရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက တခြားနိုင်ငံက ဂိုဏ်းတွေကိုပါ အကူအညီတောင်းခံအုံးမယ်ဆိုရင်တောင် အနိုင်ရဖို့ အခွင့်အရေး သိပ်မရှိဘူး။ ဒီအနိုင်မယ့် ဘက်က ကျုပ်တို့ ယန်ဂိုဏ်း ရှင်သန်နိုင်မယ့် လမ်းကြောင်းပဲ။ တကယ်တော့ ရှုံးနိမ့်သူဟာ ကတိပေးထားတဲ့အတိုင်း အရယူနိုင်စွမ်းရှိမှာ မဟုတ်တော့ဘူးလေ…”
“ပြီးတော့ တစ္ဆေဝိညာဉ်ဂိုဏ်းကို သဘောတူရင် ကျုပ်တို့အတွက် အန္တရာယ်ရှိစေရုံ သပ်သပ်မဟုတ်ဘူး။ ယန်အာက မဟာသွေးဝိညာဉ်ပညာရပ်ကို သင်ယူနိုင်မယ့်အပြင် တခြားအကျိုးအမြတ်တွေလည်း ရနိုင်အုံးမှာ။ ပြီးတော့ သူမဟာ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ အဖွဲ့ဝင်၊ ဒုဂိုဏ်းချုပ်နေရာကိုလည်း ရနိုင်တာဟာ မိစ္ဆာတာအိုရဲ့ လွှမ်းမိုးမှုတွေကို ချဲ့ထွင်ဖို့အတွက် ရွှေရောင်အခွင့်အရေးတစ်ခုပဲ။ ယန်ဂိုဏ်းက သူတို့နဲ့ ပူးပေါင်းပြီးရင် ကျုပ်တို့ရဲ့ လွှမ်းမိုးမှုကိုပါ ပေါ်တင်ပဲ ချဲ့ထွင်နိုင်စွမ်း ရှိမှာ ဖြစ်တယ်။ တကယ်တော့ ကျုပ်တို့ဟာ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ လက်ကိုင်တုတ်အဖြစ် သတ်မှတ်လို့ မရအောင် သေချာ ဂရုစိုက်ရမယ်။ ကျုပ်တို့လည်း ယန်ဂိုဏ်းရဲ့ စွမ်းအားကို တစ္ဆေဝိညာဉ်ဂိုဏ်းနဲ့ ခြေရာချင်းတိုင်းနိုင်တဲ့အထိ ချဲ့ထွင်နိုင်တဲ့အခါကျရင် သူတို့လည်း ကျုပ်တို့ကို ဖျက်စီးပစ်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ အင်အားက သူတို့ထက်ပါ သာလွန်သွားရင်တော့ ‘တစ္ဆေဝိညာဉ်’ ဆိုတဲ့ အမည်အစား ‘ယန်’ ဆိုတဲ့ အမည်ကိုပါ အစားထိုးပစ်နိုင်လိမ့်မယ်…”
ပညာရှိအသွင်နှင့် ရွှမ်ယဲ့သည် အကုန်လုံးကို ပွင့်ပွင့်လင်းလင်းနှင့် ယုံကြည်မှုရှိရှိ ပြောချလိုက်ပေပြီ။
မလွယ်ကူမှုကို ခံစားနေရသော အကြီးအကဲအဘိုးအိုအနည်းငယ်ကတော့ ရှိနေသေးသည်သာ။ တကယ်တော့ တစ္ဆေဝိညာဉ်ဂိုဏ်းသည် သူတို့အပေါ် ကောင်းမွန်လှသော ရည်ရွယ်ချက်နှင့် သူတို့ကိုယ်သူတို့ အင်အားကောင်းအောင် လုပ်ရန် အချိန် ဘယ်သို့ ပေးပါ့မည်နည်း။
သို့သော် ရွှမ်ယဲ့ ထပ်ပြောလာသော စကားများက သူတို့၏ ထိုသံသယများကို ကွယ်ပျောက်သွားစေတော့သည်။
“ကျုပ်တို့ ယန်ဂိုဏ်းအနေနဲ့ အားနည်းချက် မများလွန်းအောင် လုပ်ရမှာကတော့ သဘာဝပဲ။ ကျုပ်တို့က သူတို့ကို ဘာချုပ်ကွက်တစ်ခုမှ မထားဘူးလို့ မဆိုလိုဘူး။ တဖက်က ကျုပ်တို့ သူတို့ကို အညံ့ခံစေချင်တယ်ဆိုရင် အဲ့လူငယ်သခင်လေးရယ်၊ သူနဲ့အတူ ပါလာတဲ့ အမြုတေဖွဲ့စည်းခြင်းနှစ်ယောက်ရယ်ကို ကျုပ်တို့ ယန်ဂိုဏ်းက ယုယန်နဲ့ အကြီးအကဲနှစ်ယောက်တို့နဲ့အတူ မရဏကျိန်စာကို ဖလှယ်ရလိမ့်မယ်။ ဒါမှသာ သူတို့က ကျုပ်တို့ ယန်ဂိုဏ်းကို နှစ်ပေါင်း နှစ်ရာသုံးရာလောက်ထိ ထိခိုက်အောင် မလုပ်နိုင်မှာ။ အဲ့အချိန်အတောအတွင်း ကျုပ်တို့ ယန်ဂိုဏ်းဟာလည်း လွှမ်းမိုးမှုကို များစွာ ချဲ့ထွင်နိုင်စွမ်း ရှိလိမ့်မယ်။ တစ္ဆေဝိညာဉ်ဂိုဏ်းက ဒါကို သဘောမတူခဲ့ရင်တော့ ကျုပ်တို့ကလည်း သူတို့အပေါ် မမှီခိုဘူးပေါ့။ ဒီနည်းလမ်းက ခင်ဗျားတို့ အစောပိုင်းတုန်းက သံသယဝင်နေတာတွေကို ဖြေရှင်းပေးနိုင်မှာပါ။ ပြီးတော့ ဒီကိစ္စဟာ ကျုပ်တို့ ယန်ဂိုဏ်းအတွက် ထောင်ချောက်တစ်ခုမျှသာ ပါပဲ…”
ပညာရှိဟန်ပန်နှင့် ရွှမ်ယဲ့၏ နည်းလမ်းသည် တဖက်တစ္ဆေဝိညာဉ်ဂိုဏ်း၏ စစ်မှန်မှုကို သက်သေပြရမည့် နည်းလမ်းတည်း။ ဘိုးဘေးနှင့် တခြားအကြီးအကဲများသည် ရွှမ်ယဲ့၏ စကားများကို သေချာနားထောင်ပြီး ခေါင်းတညိတ်ညိတ်နှင့် ရှိနေသည်။ သူတို့က သည်နည်းလမ်းမှာ သင့်တော်ကောင်းမွန်လှသည်ဟု ခံစားရသည်။
“ယန်အာ၊ ယန်ဝမ်၊ ယန်ကျိ…။ မင်းတို့သုံးယောက်လုံး ဧည့်သည်အခန်းမှာ ရှိတဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းက သူတွေဆီ သွားပြီး သူတို့နဲ့ မရဏစာချုပ် ချုပ်ဆိုပါ။ သူတို့ သဘောာမတူခဲ့ရင် ချက်ခြင်းပင် ပင်မခန်းမထဲက မဟာအစီအရင်ကို အသက်သွင်းပြီး သူတို့ကို အဲ့နေရာမှာ ချုပ်နှောင်ထားလိုက်…”
ယန်ဂိုဏ်းဘိုးဘေးက မျက်လုံးမှိတ် ခဏ စဉ်းစားပြီးနောက်မှာ သူက မျက်လုံး ပြန်ဖွင့်ကာ ထိုသို့ အမိန့်ပေးသည်။ အ
“အမိန့်တိုင်းပါ…အရှင်ဘိုးဘေး…”
ယန်ဂိုဏ်းဘိုးဘေး၏ ဘေးမှ မိန်းမပျိုသည် ချိုသာစွာ ပြုံးပြီး ခန်းမရှေ့သို့ ကျက်သရေရှိလှစွာ လှမ်းလျှောက်သွားသည်။ သူမက အမိန့်ကို ချက်ခြင်း နာခံသည်။ သူမနှင့်အတူ သက်လတ်ပိုင်းအရွယ် အကြီးအကဲနှစ်ယောက်က အဖော်လိုက်ပါသွားသည်။
“မင်းတို့ ဂရုစိုက်ပါ။ တစ်ခုခု လွဲနေတာ ရှိတာနဲ့ အရင်ဆုံး လွတ်အောင် ထွက်ပြေးလာခဲ့။ ခန်းမအပြင်ဘက်ကနေ အကြီးအကဲတွေနဲ့ ထောက်ပံ့နိုင်အောင် ကျုပ် စီစဉ်ပေးထားမယ်…” ယန်ဂိုဏ်းဘိုးဘေးသည် သည်ယန်ဂိုဏ်းမှ မိန်းမပျိုကို ဖူးဖူးမှုတ်ထားတာ သိသာ၏။ သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်ဟန် အထင်းသား ပေါ်နေသည်။
စိတ်ချနေပါ…အရှင်ဘိုးဘေး။ ကျမမှာ ခရမ်းတိမ်အလံရဲ့ အကာအကွယ် ရှိပါတယ်။ ဒါ့ကြောင့် ကျမက ဘာအန္တရာယ်မှ မရှိဘဲ ကျိန်းသေပေါက် လွတ်မြောက်အောင် လုပ်နိုင်ပါလိမ့်မယ်…”
မိန်းမပျိုက ဘိုးဘေးဖြစ်သူကို စိတ်ချစေရန် ပြောပြီးနောက်မှာ သက်လတ်ပိုင်းလူနှစ်ယောက်နှင့်အတူ အခန်းထဲကနေ ထွက်သွားချေသည်။
ဆံနီအဘိုးအိုသည် သူ သဘောအကျရဆုံး သူ၏ အမျိုးသမီးမျိုးဆက်တစ်ယောက် လှမ်းထွက်သွားတာကို ကြည့်နေရင်း စိတ်မအေးနိုင် ဖြစ်နေတုန်းပင်။ ထို့နောက်တွင် သူက စဉ်းစားမနေဘဲ တဖက်သူများ ထွက်ပြေးခြင်းကနေ ကာကွယ်ဖို့နှင့် လိုအပ်လာခဲ့ရင် ယုယန်ကိုပါ ကယ်တင်နိုင်ဖို့အတွက် ဧည့်သည်ဆောင်တစ်ခုလုံး ဘေးပတ်လည်ကို ပိတ်လှောင်ခြင်းပိုက်ကွန်ကို နေရာချထားရန် အမိန့်များ ဆက်တိုက်ပေးသည်။
ယန်ဂိုဏ်း၏ ပင်မအခန်းထဲ၌ အခြေအနေကတော့ ငြိမ်သက်နေကြသည်။ သူတို့အားလုံးက ယုယန်နှင့် တခြားနှစ်ယောက် ပြန်လာမည့်အပေါ် ပူပန်တကြီးဖြင့် စောင့်နေလျက် ရှိ၏။
အမွှေးတိုင်တစ်တိုင်စာလောက် အချိန်ကုန်ပြီးသည့်နောက်မှာ ပင်မခန်းမထံ အသံပို့လွှတ်ခြင်းအဆောင်တစ်ခု ရုတ်တရက် ပျံသန်းဝင်လာပြီး ဘိုးဘေး၏လက်ထဲ တိုက်ရိုက် ကျဆင်းသည်။ ဘိုးဘေးက ထိုအသံပို့လွှတ်ခြင်းအဆောင်ကို ပေါ့ပေါ့ပါးပါး လက်ဖြင့် ဖိညှပ်သည်။ ထိုအခါ ယုယန်၏ ချိုသာသောအသံကို ကြားရလေ၏။
“အရှင်ဘိုးဘေးရှင်….ကိစ္စ အဆင်ပြေပါတယ်။ တဖက်သူက စီနီယာဦးလေးနှစ်ယောက်ရယ်၊ ကျမရယ်နဲ့ စာချုပ်ချုပ်ဖို့ သဘောတူခဲ့ပါတယ်။ မရဏစာချုပ်ဟာ အဆင်ပြေချော့မွေ့သွားပါပြီ။ ခုလက်ရှိ ကျမက သူတို့ကို ပင်မခန်းမထဲမှာ ဆက်ရှိနေစေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အရှင်ဘိုးဘေးနဲ့ စကား ထပ်ပြောချင်သေးတယ်တဲ့။ ဒါ့ကြောင့် အရှင်ဘိုးဘေး ပြင်ဆင်ထားဖို့ ကျမ တောင်းဆိုပါတယ်…”
ယန်ဂိုဏ်းဘိုးဘေးနှင့် တခြားအဖွဲ့ဝင်များသည် မရဏစာချုပ် အောင်မြင်သွားပြီဟု ကြားသည့်အခါမှ စိတ်အေးကာ သက်ပြင်းချနိုင်တော့သည်။ သို့သော် သူတို့က ပင်မခန်းမထဲမှာ တဖက်သူက လာတွေ့ချင်သည့်အကြောင်း ကြားသည့်အခါတွင်မူ လူတိုင်းမှာ မင်သက်သွားတော့သည်။
“ကဲ…လူတိုင်းပဲ ခုချက်ခြင်း ထွက်သွားပေးကြတော့။ ရွှမ်ယဲ့တစ်ယောက်ပဲ ကျုပ်နဲ့အတူ ဒီမှာ ကျန်နေခဲ့ချေ…”
ယန်ဂိုဏ်းဘိုးဘေးက ခပ်တိုးတိုး ရေရွတ်နေပြီးနောက်မှာ ခိုင်မာပြတ်သားသော အမိန့်ကို ပေးသည်။
သူ့အမိန့်အတိုင်း အကြီးအကဲများနှင့် ကြီးကြပ်ရေးမှူးများစွာသည် ပင်မအခန်းထဲကနေ ချက်ခြင်း လူစုခွဲကာ ထွက်သွားကြတော့သည်။