သွေးစတေးခြင်းနှင့် စွဲမက်ဖွယ်ကောင်းသော ယောက်ျားပျို
Vol. 19 Ch. 257
ယန်ဂိုဏ်းဘိုးဘေးနှင့် ပညာရှိရွှမ်ယဲ့တို့ စောင့်နေပြီး သိပ်မကြာခင်မှာပင် တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးနှင့် ယုယန်တို့သည် အခန်းထဲ လှမ်းဝင်လာကြသည်။
“ယန်ဂိုဏ်းက မင်းတို့ရဲ့ အထင်ကြီးဖွယ်ဂိုဏ်းနဲ့ မဟာမိတ် ပြုဖို့ သဘောတူထားပြီး ဖြစ်တယ်။ လူငယ်သခင်လေးမှာ တခြားထင်မြင်ချက်များ ရှိနေသေးတာလား…”
ယန်ဂိုဏ်းဘိုးဘေးက ထိုသို့ ပြောလာသည်။ သူ့လေသံမှာ အရင်ကထက် များစွာ ပျော့ပြောင်းသွားတာ သိသာပါသည်။ သူသည် အနာဂတ်၌ ယန်ဂိုဏ်းက တစ္ဆေဝိညာဉ်ဂိုဏ်း၏ လက်အောက်ခံ ဖြစ်လာနိုင်သည်ကို ရှောင်လွှဲချင်တာ ထင်ရှားသည်။
အကြီးအကဲယန်က တခမ်းတနား ပြောနေဖို့ ဘာကြောင့်များ လိုအပ်အုံးမလဲ။ ကျုပ်နဲ့ ယုယန်တို့က ခုဆို မရဏကျိန်စာအောက်မှာ ရှိနေမှတော့ ဒါကို ကျုပ်တို့ရဲ့ မင်္ဂလာစာချုပ်အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်လေ။ အကြီးအကဲယန်…နောင်ကျရင် ကျနော့်ကို ဝမ်ချန်လို့ပဲ ခေါ်ပါ။ လူငယ်သခင်လေးလို့ ခေါ်နေစရာ မလိုပါဘူး…”
ဝမ်ချန်က အေးအေးဆေးဆေးဖြင့် နှုတ်ဆက်စကား ပြောလာသည်။
“ဘယ်ဖြစ်ပါ့မလဲ။ မင်းနဲ့ ယုအာတို့ဟာ ခုထိ တစ်ယောက်နဲ့တစ်ယောက် တရားဝင် မင်္ဂလာဆောင်ရသေးတာ မဟုတ်ဘူးလေ။ ဒါ့ကြောင့် ကျုပ်က လူငယ်သခင်လေးအပေါ် မလေးမစား လုပ်လို့ ဘယ်ဖြစ်မလဲ။ တကယ်တော့ ယန်ဂိုဏ်းဟာ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခု ဖြစ်လာတော့မှာလေ…”
ယန်ဂိုဏ်းဘိုးဘေးက အမူအရာကင်းမဲ့စွာ ငြင်းဆိုပြီး ခေါင်းယမ်းသည်။ သူ့မေ့းစေ့ရှိ တိုနှံ့နှံ့ မုတ်ဆိတ်မွှေးတို့ကိုလည်း တို့ထိလိုက်သေးသည်။
ယန်ဂိုဏ်းဘိုးဘေးက ထိုသို့ ပြောသည်ကို ကြားသည့်အခါ တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးဝမ်ချန်သည် တဖက်သူက သူ့ကို သတိထားနေသေးကြောင်း သိလိုက်သည်။ ထို့ကြောင့်လည်း သူက ဒီကိစ္စကို အတင်းပြောမနေတော့၊ ရယ်ကာမောကာဖြင့်သာ ဆက်ပြောသည်။
“အမှန်တော့ ဝမ်ချန်က အမျိုးသမီးယုယန်ကနေ တဆင့် ဘိုးဘေးနဲ့ တွေ့ခွင့်တောင်းခိုင်းတာဟာ ဘာကြောင့်လဲဆိုတော့ ဘိုးဘေးအနေနဲ့ သဘောတူညီချက်ကို ဖြည့်ဆည်းဖို့ ဘယ်လိုများ ပြင်ဆင်ထားလဲဆိုတာ ကျနော် မေးချင်လိုပဲ။ လာမယ့်ငါးရက်ကျရင် ကျုပ်တို့ရဲ့ မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းက ယွဲ့ဒေသကို တရားဝင် တိုက်ခိုက်လာတော့မှာလေ။ အဲ့အချိန်ကျရင် ယန်ဂိုဏ်းက မထွက်သွားခဲ့ရင် ရှုူပ်ထွေးတာတွေ ဖြစ်လာနိုင်တယ်…”
“ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လို့ လူငယ်သခင်လေး စိတ်မပူပါနဲ့။ စိတ်ချသာနေပါ။ ကျုပ်တို့ ယန်ဂိုဏ်းမှာ ဂိုဏ်းဝင်တွေ အများအပြား ရှိနေတဲ့ပုံပေါ်ပေမယ့် အမှန်တကယ်တော့ သွေးမျိုးဆက် ဝေးလွန်းတဲ့ ပြင်ပဂိုဏ်းဝင်တွေကို ကျုပ်တို့က စွန့်ပစ်မှာပါ။ ဒါ့အပြင် မှော်စွမ်းအားကင်းမဲ့တဲ့ လူအများကိုကောပေါ့။ တကယ်တော့ ဂိုဏ်းဝင်အားလုံးကို တခါတည်း တည်နေရာရွှေ့ပြောင်းတာဟာ သိပ်တော့ အကျိုးအကြောင်း မသင့်လှဘူး။ ယန်ဂိုဏ်းဟာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း လုပ်ထားပါတယ်…”
ပညာရှိရွှမ်ယဲ့က ဦးစွာ ဝင်ပြောလိုက်သည်။
“ယန်ဂိုဏ်းက ဒီလို စတေးဖို့ ပြင်ဆင်ထားမှတော့ ဒီဂျူနီယာလည်း စိတ်ချပါပြီ။ တကယ်တော့ ယန်ဂိုဏ်းတစ်ခုလုံး တခါတည်း ရွှေ့ပြောင်းခဲ့ရင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သတိမပြုမိဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲ့အချိန်ကျရင် စီနီယာရဲ့ အမည်ဂုဏ်သတင်းအတွက် ကောင်းလိမ့်မှာ မဟုတ်ဘူး။ ဒါနဲ့ ဒီတစ်ယောက်က ယန်ဂိုဏ်းရဲ့ အရှင်ရွှမ်ယွဲ့ပဲ ဖြစ်ရမယ်။ နောက်ဆုံးမှာ ခင်ဗျားနဲ့ တွေ့ရတာ ကျုပ်အတွက်တော့ ဂုဏ်ယူစရာပါပဲ…”
တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေးက ထိုသို့ ရယ်မောပြောပြီး မျက်နှာဖုံးအောက်ကနေ သူ့အကြည့်က ပညာရှိရွှမ်ယဲ့ပေါ် ကျရောက်သွားသည်။
တဖက်သူက သူ၏အမည်ကို တန်းခေါ်ပြောသည်ကို ကြားသည့်အခါ ရွှမ်ယဲ့၏ စိတ်ထဲ၌ မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။ သို့သော် သူ့မျက်နှာတွင်မူ တည်ငြိမ်သောဟန်ပန် ရှိနေလျက်သာ။
“ဂျူနီယာက သိုင်းဘိုးဘေးကို ဒီကိစ္စတင် ပြောချင်တာ မဟုတ်ပါဘူး။ ဒါ့အပြင် ခုလက်ရှိ ရဲတိုက်ထဲမှာ ရောက်နေကြတဲ့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ နှစ်ရာကိုကော ယန်ဂိုဏ်းက ဘယ်လိုများ ကိုင်တွယ်မလဲဆိုတာ ကျနော် သိချင်မိတယ်။ အဲ့ထဲက အများအပြားဟာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ အမာခံတပည့်တွေ ဖြစ်ကြတယ်လေ။ ယန်ဂိုဏ်းက နှစ်ရက်အတွင်း ဒီကနေ ထွက်ပြေးတာနဲ့ သူတို့ပါ အုတ်အော်သောင်းနင်း ထွက်ပြေးကုန်ရင် မကောင်းဘူး…”
လူငယ်သခင်လေး၏ အမူအရာမှာ တည်ငြိမ်လျက်ပင်။ သို့သော် သူ့စကားထဲရှိ အဓိပ္ပာယ်ကြောင့် ယန်ဂိုဏ်းဘိုးဘေးကော၊ ပညာရှိရွှမ်ယဲ့တို့၏ အမူအရာတို့မှာ ပျက်ယွင်းသွားချေသည်။
“လူငယ်သခင်လေး ဆိုလိုတာက…” ယန်ဂိုဏ်း၏ ဘိုးဘေးက သုန်မှုန်စွာဖြင့် ပြောသည်။
“ဒီလိုဆိုရင်ကော၊ မဟာသွေးဝိညာဉ်ပညာရပ်ကို ကျင့်ကြံဖို့အတွက် ကျင့်ကြံသူတွေရဲ့စိတ်ဝိညာဉ်တွေ သွေးကို စတေးရတယ်။ ဒါမှသာ ချောချောမွေ့မွေ့ စကျင့်ကြံနိုင်မှာ။ ဒီကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်တွေကို ကျုပ်တို့ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ အရိပ်မီးတောက် မဟာအစီအရင်နဲ့ သန့်စင်ပြီး စိတ်ဝိညာဉ်တွေကိုတော့ ညီမယုယန် သူမရဲ့ အခြေခံအုတ်မြစ် အစပြုဖို့ ချန်ထားလိုက်မယ်ဆိုရင်ရော။ အခြခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်တွေဟာ ညီမယုယန်အတွက် မဟာသွေးဝိညာဉ်ပညာရပ် ပထမအဆင့်ကို လွယ်လွယ်ကူကူ ကျင့်ကြံနိုင်ဖို့ ကျိန်းသေပေါက် လုံလောက်မှာပါ…”
တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေးသည် ထိုသို့ ရက်စက်လှသော စိတ်ကူးကို အမူအရာ မပျက်ဘဲ ပြော၏။ ဤသည်မှာ ယန်ဂိုဏ်းဘိုးဘေးနှင့် ပညာရှိရွှမ်ယဲ့တို့၏ စိတ်ထဲ၌ စိမ့်ခနဲ ခံစားမိသွားစေသည်။
“လုံးဝ ဒီလို လုပ်လို့ မရဘူး။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သူတွေပဲဆို အဆင်ပြေချင် ပြေအုံးမယ်။ အခုက ဒီမှာ တခြားဒေသက သူတွေပါ အများအပြား ရောက်လာခဲ့ကြတာ။ ဘာလို့လဲဆိုတော့ ကျုပ်တို့က ယုအာအတွက် ကျင့်ကြံခြင်းလက်တွဲဖော်ပါ ရွေးချယ်မယ်လို့ ပြောခဲ့လို့ပဲ။ ကျုပ်တို့ယန်ဂိုဏ်းဟာ လူတိုင်းကို ရန်စမိစေနိုင်တဲ့ ဒီလိုအရာမျိုးကို ကျိန်းသေပေါက် မလုပ်နိုင်ဘူး…”
ပညာရှိရွှမ်ယဲ့က တုန်လှုပ်နေပြီးနောက် ခပ်လောလော ပြောလိုက်၏။ သူက ယန်ဂိုဏ်းဘိုးဘေးက တဖက်သူ၏ တောင်းဆိုမှုကို အမှန်တကယ် သဘောတူသွားမှာ သူ စိုးရိမ်နေသည့်အလား။
“ရွှမ်ယဲ့။ မင်းမှာ သတိမရှိဘူးလား။ ဒီကိစ္စအတွက် ငါလည်း စိတ်ရှုပ်ထွေးသွားမှာ မဟုတ်ဘူး…” ယန်ဂိုဏ်းဘိုးဘေးက ထိုသို့ ပြောကာ ရွှမ်ယဲ့ကို လက်ခါပြသည်။ သူ့မျက်နှာမှာလည်း မဲမှောင်သွား၏။ ထို့နောက်တွင် သူက တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးကို အေးစက်စက် ပြောသည်။
“လူငယ်သခင်လေးရဲ့ အကြံက တကယ်တော့ ကောင်းတယ်။ ဒါပေမဲ့ ကျုပ်တို့က မင်းရဲ့ နည်းလမ်းအတိုင်း တကယ်လိုက်လုပ်ခဲ့ရင် ကမ္ဘာကြီးဟာ ကြီးမားတယ် ဆိုပေမယ့်လည်း ကျုပ်တို့ ယန်ဂိုဏ်းအတွက် ထပ်ပြီး ပေါ်ထွက်လာလို့ ရမယ့် နေရာ ရှိတော့မှာ မဟုတ်ဘူး။ ယန်ဂိုဏ်းဟာ ဖိတ်ခေါ်ထားတဲ့ ကျင့်ကြံသူတွေကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်က ဂိုဏ်းခုနစ်ဂိုဏ်းက ကျင့်ကြံသူတွေကိုတော့ တစ်နေရာတည်းမှာ စုဝေးခိုင်းဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးနိုင်တယ်။ သူတို့နဲ့ ရင်ဆိုင်တာကတော့ မင်းရဲ့ စွမ်းရည်ပေါ် မူတည်လိမ့်မယ်…”
ပညာရှိရွှမ်ယဲ့သည် ယန်ဂိုဏ်းဘိုးဘေး ထိုသို့ ပြောလာမှ သက်ပြင်းချနိုင်တော့သည်။ သူက ထပ်တလဲလဲ သဘောတူ၏။
လူငယ်သခင်လေးက သည်စကားကို ကြားသည့်အခါ သူ့မျက်လုံးထဲ မရွှင်မသာအလင်းတစ်ခု ဖြတ်ပြေးသွား၏။ သူက ဖြည်းဖြည်းချင်း မကျေမနပ်လေသံဖြင့် ပြော၏။ “ဒီကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်တွေဟာ အမျိုးသမီးယုယန်အတွက် အသုံးပြုမှာ၊ ဒီတော့ အကျိုးအမြတ်ရတဲ့သူတွေဟာ ယန်ဂိုဏ်းဝင်တွေပဲ။ ဒါတောင်မှ ယန်ဂိုဏ်းက ဘာမှ မကူညီပေးချင်ဘူးလား။ ဒီအပြုအမူဟာ တရားမျှတမှု မရှိလွန်းရာ ရောက်တယ်…”
ယန်ဂိုဏ်း၏ ဘိုးဘေးသည် နည်းနည်းတော့ မင်သက်သွားသေး၏။ သို့သော် သူက ခိုင်မာပြတ်သားသော ဟန်ပန်ဖြင့် ချက်ခြင်း ထပ်ပြောသည်။
“ယုယန်က လူငယ်သခင်လေးကို မကြာခင် လက်ထပ်တော့မှာ၊ သခင်လေးရဲ့ ဇနီးဖြစ်လာတော့မယ့်သူပဲ။ ဒါ့ကြောင့် သခင်လေးအနေနဲ့ အားစိုက်ထုတ်မှု တချို့ ပြုလုပ်ပေးတာဟာ သင့်တော်ကောင်းမွန်တယ် မဟုတ်လား။ တကယ်တော့ ကျုပ်တို့ ယန်ဂိုဏ်းဟာ တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ တရားဝင်အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အချိန်မှာ ဂိုဏ်းခုနစ်ဂိုဏ်းက လူတွေအပေါ် ဘာမှ သနားညှာတာနေစရာ မလိုဘူး။ ဒါပေမဲ့ မင်း ဘယ်လိုပဲ ပြောပြော ဒီတစ်ကြိမ်မှာတော့ သူတို့ကို ကျုပ်တို့ ဂိုဏ်းက ဖိတ်ထားခဲ့တာ။ ယန်ဂိုဏ်းကသာ အရင်ဆုံး လှုပ်ရှားခဲ့ရင် တခြားကျင့်ကြံခြင်းဒေသတွေမှာပါ ကျုပ်တို့ရဲ့ ဂုဏ်သတင်းဟာ ရစရာမရှိ ဖြစ်သွားလိမ့်မယ်။ အဲ့လိုမျိုး လုပ်ဖို့လည်း ကျုပ်တို့အနေနဲ့ မသင့်တော်လှဘူး။ ဒါ့ကြောင့် လူငယ်သခင်လေး လှုပ်ရှားတာကသာ အကောင်းဆုံးပဲ။ ကျုပ်တို့ ယန်ဂိုဏ်းက တခြားကျင့်ကြံခြင်းဒေသက ကျင့်ကြံသူတွေကိုလည်း ဆင်ခြင်ပေးနိုင်လိမ့်မယ်။ ဒါ့အပြင် လူငယ်သခင်လေးမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက် ရှိနေတာမလား။ သူတို့နဲ့ဆို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဆယ်၊နှစ်ဆယ် ရှိတဲ့အရေအတွက်ကို မဖမ်းနိုင်စရာ မရှိဘူးလို့ ကျုပ် ယုံတယ်…”
တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးက ယန်ဂိုဏ်းဘိုးဘေးကို လေးနက်စွာ ကြည့်သည်။ ထို့နောက်တွင် သူက ခေါင်းငုံ့ကာ စဉ်းစားခန်းဝင်သည်။ အတော်အတန် ကြာပြီးနောက်မှာ သူက ခေါင်းပြန်မော့ပြီး ခုထိ စကားတခွန်းမှ ဝင်မပြောသေးသော ယန်ယုကို လှမ်းကြည့်ပြီး မထူးခြားနားဟန်ဖြင့် ပြောသည်။
“ဘိုးဘေးက ခုလို ပြောမှတော့ ကျုပ်တို့ တစ္ဆေဝိညာဉ်ဂိုဏ်းကပဲ ဒီတစ်ကြိမ်မှာ လူဆိုး ဝင်လုပ်ရတော့မှာပေါ့။ အဲ့ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်အားလုံးကို ကျုပ်ဝမ်ချန်က ယုယန်ကိုပဲ ပေးမှာပါ…”
“ဟားဟား…ဒီအဘိုးအိုက လူငယ်သခင်လေးကို ယုယန်ရဲ့ သတိုးသမီးလောင်းအဖြစ် လက်ခံပါတယ်။ ယုယန် ဒီလူငယ်သခင်လေးကို လေးစားမှု မြန်မြန်ပြချေ။ သူ့ရဲ့ သတိုးသမီးလောင်းဟာ ပေါ့သေးသေးလူ ဖြစ်လို့မရဘူး…”
ယန်ဂိုဏ်းဘိုးဘေး၏ မျက်နှာထက်တွင် ကျေနပ်သည့် အရိပ်အယောင် ပေါ်သွား၏။ ယန်ဂိုဏ်းသည် ရဲတိုက်ကိုလာသည့် ဖိတ်ကြားထားသော ကျင့်ကြံသူများနှင့် ဆန့်ကျင်စရာ မလိုတော့ချေ။
“လူငယ်သခင်လေးရဲ့ စိတ်ရင်းစေတနာအတွက် ကျေးဇူးတင်ပါတယ်။ ယုယန် စိတ်ထဲကနေ မှတ်သားထားပါ့မယ်…”
မင်သက်လောက်အောင် လှသော မိန်းမပျိုသည် ရှေ့သို့ ကျက်သရေ ရှိစွာ လှမ်း၍ ချိုသာစွာ ပြောဆိုပြီး လေးစားမှု ပြသသည်။ သူမ၏မျက်နှာထက်တွင်ပင် နီမြန်းသွားပုံ ရ၏။ သူမ၏ ရှက်သွေးဖြန်းသွားကာ နူးညံ့ညင်သာသည့် ဟန်ပန်လေးက လူငယ်သခင်လေး၏ မျက်လုံးထဲ ဖြတ်ပြေးသွားချေ၏။
“ညီမယုယန်က တတ်နိုင်သမျှ မြန်မြန် မဟာသွေးဝိညာဉ်ပညာရပ်ကို ကျင့်ကြံနိုင်တာဟာ ဒီဝမ်အတွက် ကောင်းတဲ့အရာတစ်ခုပါပဲ။ ဒါ့ကြောင့် အဲ့လောက်ထိ အားနာနေဖို့ မလိုပါဘူးလေ…”
“ဘိုးဘေးက ဒီကိစ္စကို ခုလို တွေးပြီပြီဆိုတော့ ဂိုဏ်းခုနစ်ဂိုဏ်းက ကျင့်ကြံသူတွေကို စုဝေးစေမယ့် နေရာကို ဒီဂျူနီယာကို ကျေးဇူးပြုပြီး ပြောပေးပါ။ ပြီးရင် စီနီယာက သတင်းကောင်းကို စောင့်နေတော့။ အခုတော့ ဝမ်ချန်ကပဲ အရင် ထွက်သွားလိုက်ပါအုံးမယ်…”
တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးသည် ယဉ်ယဉ်ကျေးကျေးဖြင့် ကြည့်ကောင်းသော စကားများကို ပြော၏။ ထို့နောက်တွင် သူက ယန်ဂိုဏ်းဘိုးဘေးကို လေးစားမှု ပြ၊ နှုတ်ဆက်စကားပြော၍ ထွက်သွားချေသည်။
ယန်ဂိုဏ်းဘိုးဘေးနှင့် ပညာရှိရွှမ်ယဲ့တို့က တစ်ယောက်နှင့်တစ်ယောက် လေးနက်စွာ ကြည့်လိုက်မိကြ၏။
ဟန်လိသည် ကြီးစွာ ခေါင်းခဲနေမိပြီ။
ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ သူ့ရှေ့မှ လူလေးယောက်ကြောင့်သာ။ ထိုထဲမှ သုံးယောက်ကို သူ သိပြီး ကျန်တစ်ယောက်ကိုမူ ခုမှ မြင်ဖူးတာ ဖြစ်သည်။
သူ သိသော သုံးယောက်မှာ ယန်ယု၊ စီနီယာအစ်ကိုဖန်နှင့် တုန်ရွှမ်အာတို့ ဖြစ်သည်။ ခုချိန်၌ တုန်ရွှမ်အာက စွဲမက်ဖွယ်ကောင်းသော အမျိုးသားတစ်ယောက်၏ ရင်ခွင်ကို မှီထားလျက် ရှိ၏။
“စွဲမက်ဖွယ်ကောင်းသော…”
ဟန်လိက ထိုအမျိုးသား၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်သည့်အခါ ယင်းစကားလုံးတို့ဖြင့်သာ ထိုသူ့ကို တွဲစပ်မိတော့သည်။
ထိုသူသည် အမှန်တကယ် လှလွန်း၏။ မိန်းမချော ချောလွန်းတာပင်။ သူကား မိန်းမရေးရာကော၊ ယောက်ျားရေးရာကော ပိုင်လှမှာ သံသယ ဖြစ်ရန် မရှိပါ။ အမျိုးသားတစ်ယောက်၏ ဝတ်စုံကို ဝတ်ထားခြင်းကြောင့်သာ မဟုတ်ပါက တစ်စုံတစ်ယောက်သည် သူ့ကို အလှပဂေးလေးတစ်ပါးနှင့် လူမှားခဲ့လျှင်ပင် အံ့အားသင့်စရာ ရှိလိမ့်မည် မဟုတ်ပေ။ သူ၏ ပုံပန်းသွင်ပြင်က ချောမောလွန်းနေသည်ကလွဲ၍ မည်သူကမျှ ထိုသူသည် မသင့်မတော်သောသူဟု ခံစားမိကြမည် မဟုတ်ပါ။ ပုံမှန်အခြေအနေဆို ယန်ယုနှင့် စီနီယာအစ်ကိုဖန်တို့သည် ထိုသို့သော ယောက်ျားသားတစ်ယောက်အပေါ် ဘာမကောင်းသည် ခံစားချက်မျှ ရှိနေလိမ့်မည် မဟုတ်ပေ။ သို့သော် ယနေ့တွင်မူ သူတို့၏ မျက်လုံးများမှာ နီရဲလျက် ပေါက်ထွက်မတတ် ခရမ်းရောင်ဝတ်စုံဖြင့် ထိုလူချောကျင့်ကြံသူကို စိုက်ကြည့်နေကြသည်။
ထိုသူက တုန်ရွှမ်အာကို ပွေ့ဖက်ထားရုံမျှသာ မကသေး။ ပို၍ အရေးကြီးသည်မှာ တုန်ရွှမ်အာကိုယ်တိုင်လည်း သည်သူစိမ်းကိုယ်လူချောအပေါ် တမ်းတမက်မောစွာ ကြည့်နေခြင်းပင်။ သူမ၏မျက်နှာထက်တွင် မိန်းမောတပ်မက်စိတ်တို့ အထင်းသား ပေါ်နေ၏။
ဟန်လိက ဘေးဘယ်ညာကို တချက် ကြည့်ပြီး မျက်မှောင်တင်းကြပ်စွာ ကြုံ့နေမိ၏။ တချိန်တည်းမှာ သူက စိတ်ထဲကနေ ကျိန်ဆဲတော့သည်။ သူသည် စုဝေးပွဲ ပြီးသည့်နောက် တည်းခိုခန်းသို့ အနီးအနားရှိ လမ်းများအတိုင်း ပြန်လာချင်ခဲ့တာ ဖြစ်၏။ သူ ပြန်လာသည့် လမ်း၊ လူသူကင်းသော နေရာ၌ ခုလို အမြင်ကပ်စရာကောင်းလှသော မြင်ကွင်းမျိုး ရှိနေလိမ့်မည်ကို မည်သူက သိပါ့မည်နည်း။
ယနေ့ သူ ပုန်းရှောင်ချင်လျှင်ပင် ထိုသို့လုပ်ရန် နည်းလမ်း မရှိတော့ပေ။
တကယ်တော့ ယန်လင်းမျှော်စင်သို့ မထွက်လာခင်က သိုင်းစီနီယာဟုန်ဖူက သူ့ကို တုန်ရွှမ်အာအား ထိန်းချုပ်စေချင်ခဲ့သည်။ သူက သူမကို မတွေ့ခဲ့လျှင် တုန်ရွှမ်အာ၏ ကလက်တက်တက် အပြုအမူနှင့် ပတ်သတ်ပြီး ဘာမျှ မသိသကဲ့သို့ ဟန်ဆောင်၍ ရနိုင်သေးသည်။ သို့သော် အခု သူက သူမနှင့် မျက်နှာချင်းဆိုင်ကြီး တည့်တည့်လာတိုးနေသည်။
ထို့အပြင် တုန်ရွှမ်အာကို အရူးအမူး စွဲလမ်းနေသော ဟိုနှစ်ကောင်ကလည်း ရှိသေး၏။ သူတို့က သူ့ကို မြင်သည့်အခါ စစချင်း အံ့အားသင့်သွားသော်လည်း ပြီးနောက်မှာ သူ့ထံ ပျော်ပျော်ရွှင်ရွှင် ပြေးလာတော့၏။ ယန်ဂိုဏ်းမှ ယန်ယုနှင့် စီနီယာအစ်ကိုဖန်ဆိုသည့် နှစ်ကောင်က သူ့ကို ဟိုလူချောကောင်လက်ထဲ ကျရောက်နေသည့် တုန်ရွှမ်အာအား အလျင်အမြန် ဆွဲထုတ်ပေးစေချင်နေသည်။
တကယ်တော့ သူတို့က အချစ်ပြိုင်ဘက်အဖြစ် ဒုက္ခပေးနိုင်သူအဖြစ် လူချောကောင်နှင့် စာလျှင် ဟန်လိကို လစ်လျူရှုထား၍ ရနိုင်သည်ဟု ထင်ထား၏။
ဟန်လိသည် မနာလိုဖြစ်၊ ဒေါသဖြစ်နေသော ထိုနှစ်ယောက်၏ မကျေမချမ်းစကားများကို နားထောင်နေရင်း သူသည် လူချောကျင့်ကြံသူနှင့် ရစ်မူးနေသော အမူအရာရှိသည့် တုန်ရွှမ်အာတို့ကို အသေအချာ အကဲခတ်နေသည်။
ထိုနှစ်ယောက်၏ ပြောပုံဆိုပုံအရ သူတို့သည် ဒီနေ့လည်ခင်း တုန်ရွှမ်အာကို အဖော်ပြုပေးပြီး သတ္တုအမယ်များနှင့် အဆောင်တချို့ကို ဝယ်ရန် အကောင်းဆုံးဆိုင်များထဲမှ တချို့ထံ သွားခဲ့၏။ သို့သော် ထိုဆိုင်များထဲမှ တစ်ခုတွင် သူတို့က သည်လူချောကောင်နှင့် တွေ့ပြီး ခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူက သိပါ့မည်နည်း။
တုန်ရွှမ်အာက သည်လူ့ကို မြင်မြင်ချင်း စွဲလမ်းသွားခဲ့၏။ သူမက တစ်ဖက်သူနှင့် အရင်ဦးဆုံး သွားစကားပြောခဲ့ကာ သူမ၏ လှုပ်ရှားမှုများက လွန်လွန်ကဲကဲ ဖြစ်လာခဲ့သည်။ ယန်ယုနှင့် စီနီယာအစ်ကိုဖန်တို့က ထိုမြင်ကွင်းကို ပိုမြင်လေလေ ဒေါသလှိုက်တက်လာလေပင်။ ထိုသူက တုန်ရွှမ်အာ လာကပ်တာကို လက်ခံသည့်အခါ သူတို့နှစ်ယောက်သည် သွေးအန်မတတ် ဖြစ်ကုန်၏။
သူတို့နှစ်ယောက်က ခုလို အလှည့်အပြောင်းကို ဘယ်လက်ခံနိုင်ပါ့မည်နည်း။ ထို့ကြောင့် သူတို့က သည်တောင်ကြားလမ်းလေးထဲမှာ ဒီလူချောကောင်ကို လမ်းပိတ်ထားပြီး တုန်ရွှမ်အာကို ချန်ထားခဲ့စေချင်နေတာ ဖြစ်လေ၏။
သို့သော် သူက အေးတိအေးစက် ရယ်မော၏။ ထို့နောက်တွင် သူက တုန်ရွှမ်အာကို နေခဲ့ဖို့ ဆန္ဒရှိသလားဟု မေးသည်။ သူသည် သူမကို လုံးဝ မတားဆီးခဲ့ပေ။ သူ၏ စကားတို့က စီနီယာအစ်ကိုဖန်တို့နှစ်ယောက်ကို နေရာတွင် နာကျင်စွာ ရပ်နေမိစေတော့သည်။ သူတို့က တုန်ရွှမ်အာ၏ အမူအရာကို မြင်သည်။ သူမကိုယ်တိုင် ထိုလူချော၏ လက်ထဲ ကျရောက်စေချင်နေတာ သိသာလွန်း၏။