← Chapters

လေအလျင်အလား လှုပ်ရှားမှု

Vol. 19 Ch. 259

လေအလျင်အလား လှုပ်ရှားမှု

Vol. 19 Ch. 259

သို့ပေမည့် သက်ပြင်းချမိနေလျက် ဟန်လိသည် စဉ်းစားမရတာ တစ်ခု ရှိ၏။

သူသည် ထိုသို့သော စွဲညှို့နိုင်သည့် ပညာရပ်များအပေါ် မကျွမ်းကျင်လှသော်လည်း ယင်းတို့နှင့် ပတ်သတ်၍ တစ်ခုနှစ်ခုလောက်တော့ သိထားသည်။

ကျင့်ကြံသူတိုင်းက ကောင်းကင်မျက်လုံးပညာရပ်ကို ကျွမ်းကျင်ကြ၏။ ၎င်းမှာ အခြေခံအကျဆုံး စွဲညှို့နိုင်သော ပညာရပ်ဟုပင် သတ်မှတ်နိုင်လောက်သည်။ ကျင့်ကြံသူနှစ်ယောက်ကြား မှော်စွမ်းအား ကွာဟချက်က ကြီးမားလွန်းပြီး ပိုသန်မာသော ကျင့်ကြံသူက တဖက်သူအပေါ် ၎င်းကောင်းကင်မျက်လုံးပညာရပ်ကို အသက်သွင်းပြီး ကြည့်ရှုပါက ထိုအကြည့်ခံရသော ကျင့်ကြံသူသည် တိုက်ပွဲအတွင်းမှာပင် မင်သက်ကြောင်ရီ သွားလိမ့်မည်။

တခြားသော စွဲညှို့နိုင်သော ပညာရပ်များမှာလည်း သားကောင်၏ စိတ်ကို အတင်းအကြပ် ထိန်းချုပ်ဖို့ မှော်စွမ်းအားအရာတွင် များစွာ မှီခိုရလေ၏။

တုန်ရွှမ်အာ၏ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်နှင့် ထိုရုပ်ချောချောကျင့်ကြံသူ၏ အလယ်အဆင့်တို့မှာ ကွာခြားချက် ကြီးမားလွန်းတာ မဟုတ်ခဲ့၊ သို့သော် အကြည့်တစ်ချက်ဖြင့်ပင် ထိုသူက သူမကို ထိန်းချုပ်နိုင်ခဲ့သည်။ တဖက်သူမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိပြီး ယင်းသို့သော စွဲညှို့နိုင်မှု ပညာရပ်ကို အသုံးပြုခဲ့လျှင် ဤသို့ ဖြစ်နိုင်သေးသည်။

သို့သော် ရုပ်ချောချော ကျင့်ကြံသူ၏ ဟန်ပန်၊ သူ ထွက်သွားသည့်အချိန်က ဖြစ်ပေါ်ခဲ့သော မကျေမနပ်အမူအရာတို့အရ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ဟုတ်ပုံ မရပေ။

ထိုသို့ တွေးမိပြီး ဟန်လိသည် နောက်ဆုံး၌ ပို၍ စိတ်အေးလက်အေး ဖြစ်သွားသည်။ တကယ်တော့ လူချောကျင့်ကြံသူ မကျေမနပ်နှင့် ထွက်သွားသည့်အတွက် ဟန်လိသည် သတိထားနေတာ ဖြစ်၏။ သူက ခေါင်းငုံ့၍ ထိုသို့ တွေးနေပြီးနောက် ပြန်မော့ကြည့်ချိန်တွင်မူ တုန်ရွှမ်အာ၏ ဂရုဏာသက်ဖွယ်၊ချစ်ခင်ဖွယ်ဟန်ပန်ကို သတိပြုမိ၏။ သူမက ထိုနှစ်ယောက်၏ ကြားမှာ ကလူကျီစယ်နေချေ၏။

ထိုမြင်ကွင်းကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ သက်ပြင်းချကာ ထရပ်ပြီး သူ့အခန်းထဲ လှမ်းဝင်ရန် ဟန်ပြင်သည်။

သို့သော် သူ့လက်က အခန်းတံခါးပေါ် ရောက်ရုံ၊ ဖွင့်ပင် မဖွင့်ရသေခင်မှာ တည်းခိုခန်း၏ အပြင်ဘက်ကနေ အမျိုးသားတစ်ယောက်၏ ကျယ်လောင်သောအသံကို ရုတ်တရက် ကြားလိုက်ရသည်။

“တည်းခိုခန်းထဲက ဧည့်သည်တွေ၊ သေချာနားထောင်ကြ။ မနက်ဖြန်…ရတနာရှာဖွေခြင်းစုဝေးပွဲကို နေရာနှစ်ခု ခွဲထားလိမ့်မယ်။ ဒီနိုင်ငံရဲ့ ကျင့်ကြံသူတွေဟာ ယန်လင်းရဲတိုက်ရဲ့ အနောက်ဘက်ခြမ်းမှာ နေရာယူပါ။ တခြားနိုင်ငံရဲ့ ကျင့်ကြံသူတွေကတော့ အရှေ့ဘက်ခြမ်းမှာ နေရာယူပါ။ ကျုပ်တို့က ဧည့်သည်အားလုံး စောစောကြိုရောက်လာပေးဖို့ တောင်းဆိုပါတယ်။ နောက်ကျမှ ရောက်လာတဲ့သူတွေကို အရည်အချင်းမပြည့်မှီသူတွေလို့ အလိုလို သတ်မှတ်မှာ ဖြစ်ပါတယ်…”

ထိုအသံက သုံးကြိမ်တိုင် ထွက်လာပြီးနောက်မှာ ယင်းသို့ လာပြောသူသည် ပြန်ထွက်ခွာသွားလောက် ပေပြီ။

ဟန်လိက သည်စကားများကို ကြားသည့်အခါ မင်သက်သွား၏။ သို့သော် တအောင့်အကြာ၌ သူက စိတ်ထဲထားမနေတော့ဘဲ သူ့အခန်းထဲ လှမ်းဝင်လာ၏။

ရတနာရှာဖွေခြင်းစုဝေးပွဲ ပြိုင်ပွဲ၌ ကျင့်ကြံသူများကို နေရာခွဲထားသည့်အပေါ် ဟန်လိက အံ့အားသင့်မိသော်လည်း မသင့်မတော်တာ တစ်ခုကိုမျှ သူ အာရုံမခံမိပေ။

ဟန်လိက ထိုသို့ တွေးမိပြီး အိပ်ယာထက်တွင် တင်ပလွေချိတ်ထိုင်ကာ တစ်ညလုံး တရားထိုင်၊ချီသန့်စင်ပြီး မနက်ဖြန်အတွက် ကြိုပြင်ဆင်သည်။

……

ယန်လင်းရဲတိုက်၏ အခန်းထဲ၌ ရုပ်ချောချောနှင့် မိစ္ဆာဆန်သော အမျိုးသားတစ်ယောက်သည် သစ်သားထိုင်ခုံပေါ်မှာ ထိုင်နေ၏။ သူ့ရှေ့တွင် အမျိုးသား၊အမျိုးသမီးများက တလေးတစားဖြင့် တစ်ခုခုအကြောင်း တင်ပြနေသည်။ ထိုသူမှာ အမူအရာကင်းမဲ့စွာဖြင့် နားထောင်နေလျက် ရှိပြီး သူ့မျက်လုံးထဲတွင် အလင်းတစ်ခု ဖြာထွက်သွားသည်။ ထို့နောက်တွင် သူက အေးတိအေးစက် ပြုံး၏။ သူ ဘာအတွက်ကြောင့် ထိုသို့ ပြုံးသလဲကိုမူ မည်သူကမျှ မသိနိုင်ပေ။

……

ထိုအချိန်၌ ယန်လင်းရဲတိုက်၏ တောင်ထိပ် အနောက်ဘက်ခြမ်းမှာ အစိမ်းရောင်ဝတ်စုံနှင့် တစ္ဆေဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် အလုပ်ရှုပ်နေလျက် မြေအောက်ထဲ၌ တချို့အရာများကို မြှုပ်နှံ့နေ၏။ တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးနှင့် အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူနှစ်ယောက်က ထိုမြင်ကွင်းကို လေထဲကနေ ရပ်၍ ကြည့်နေသည်။

“အခြေအနေ ဘယ်လိုလဲ။ နောက်ဆုံးမိနစ်ယင်မီးမဟာအစီအရင်ဟာ အားနည်းချက် ရှိတယ်။ ဒါက သက်ရောက်မှု ရှိပါ့မလား…”

တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးသည် ရုတ်တရက် မေးသည်။

“သခင်လေး…စိတ်ချနေပါ။ ပြဿနာ လုံးဝ မရှိပါဘူး။ ဒါက နောက်ဆုံးမိနစ်အစီအရင်မန္တာန်ဆိုပေမယ့်လည်း ကျုပ်တို့ရဲ့ တပည့်တွေက သေချာစီမံနိုင်ပါတယ်။ ဒီအစီအရင်ဟာ ပိတ်လှောင်နိုင်စွမ်း ကောင်းကောင်းရှိပါတယ်။ အဲ့အစီအရင်ထဲ ပိတ်မိသွားရင် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေက အစွမ်းထက် မှော်လက်နက်တွေ အသုံးပြုမယ်ဆိုရင်တော့ ပြသနာ ရှိချင်မှ ရှိလာမှာ။ အဲ့ကျင့်ကြံသူအများစုကတော့ လွတ်မြောက်နိုင်မှာ မဟုတ်တာ သေချာတယ်…”

အစ်ကိုလီရှေး အမည်ရ အဘိုးအိုက ချောင်းအနည်းငယ်ဟန့်ပြီးနောက် ခေါင်းရမ်းကာ ထိုသို့ပြောသည်။

(TL: တစ္ဆေဝိညာဉ်ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူညီအစ်ကိုနှစ်ယောက်မှာ လီရှေးဟု အမည်ရသည်။ )

“အင်း ကျုပ် စိတ်အေးပါပြီ။ တစ္ဆေဝိညာဉ်ဂိုဏ်းကနေ ခေါ်လာတဲ့ သက်တော်စောင့်နှစ်ယောက်လည်း ဒီတိုင်း ဘေးမှာ အကြောင်သား နေနေမှာမှ မဟုတ်တာ။ သူတို့က အစီအရင်ပိုက်ကွန်ထဲကနေ ထွက်ပြေးလာတဲ့သူတွေကို ကိုင်တွယ်ဖို့ လုံလောက်တာထက် ပိုပါတယ်လေ…”

တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးသည် ပူပန်မှုမရှိဘဲ ပြောသည်။

အစ်ကိုလီရှေးသည် ဘာပြဿနာမှ မရှိဟု ခံစားမိပြီး ထွေထွေထူးထူး ထပ်မပြောပေ။

အမှန်တကယ်တွင် သူသည် ထိုကျင့်ကြံသူများထံမှ စိတ်ဝိညာဉ်များနှင့် ရှေးဦးဝိညာဉ်များကို မထိမခိုက် အကောင်းတိုင်း လိုအပ်သည့်အတွက်ကြောင့်သာ မဟုတ်ပါက သူတို့ညီအစ်ကိုနှစ်ယောက်တည်းဖြင့် လွယ်လင့်တကူ ကိုင်တွယ်နိုင်သည်။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူအချို့ကို သုတ်သင်ရခြင်းက အသေးအမွှားကိစ္စသာ။ သို့သော် သူတို့သည် ထိုသို့ပြုလုပ်ရမှာ ပျင်းရိလှ၏။ စိတ်မပါလှပေ။ အစ်ကိုလီရှေးသည် မော်ကြွားစွာ ထိုသို့ တွေးသည်။

……

ကီလိုထောင်ချီကွာဝေးသောနေရာရှိ အဝါရောင်မေပယ်တောင်ကြား လျှို့ဝှက်ခန်းထဲတွင် အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူ ခုနစ်ယောက်၊ရှစ်ယောက်လောက် အတူတူ ရှိနေကြသည်။ သူတို့သည် အဝါရောင်ဝတ်စုံ သပ်သပ်ရပ်ရပ်ဝတ်ထားသော အဘိုးအိုတစ်ယောက် စကားပြောနေတာကို စိတ်ပူပန်တကြီး နားထောင်နေသည်။ ထို့နောက်တွင် သူတို့၏ အမူအရာများ ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်လေ၏။

ထိုသူများကြားထဲ၌ ဟန်လိ၏ဆရာ လီဟွာယွမ်၊ အမျိုးသမီးအင်မောတယ်ဟုန်ဖူနှင့် လူဝကြီးလိုင်ဝမ်ဟဲပင် ပါဝင်ကြ၏။ သူတို့၏အမူအရာများမှာ အလွန်ပျက်ယွင်းနေသည်။

ထိုကျင့်ကြံသူများ လျှို့ဝှက်အခန်းထဲကနေ ထွက်သွားပြီး သိပ်မကြာခင်မှာပင် အဝါရောင်မေပယ်တောင်ကြားတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။

အသံပိုလွှတ်ခြင်းအဆောင်များသည် ကောင်းကင်တခုလုံး တဖြတ်ဖြတ် ဝဲနေ၏။ အဆောင်မုန်တိုင်းများ၏ အောက်ဘက်တွင် ကျင့်ကြံသူအုပ်စုများသည် မှော်ပစ္စည်းများအသုံးပြုကာ ကစဉ်ကလျား ပျံသန်းနေလျက် ရှိသည်။ တအောင့်အကြာ၌ ကျင့်ကြံသူအုပ်စုများသည် ထိုညအတွင်းမှာပင် တောင်ကြားကနေ မတူညီသော အရပ်မျက်နှာအနှံ့သို့ ဦးတည်၍ အသည်းအသန် ထွက်ခွာသွားသည်။

အလားတူမြင်ကွင်းမျိုးကို တခြားဂိုဏ်းခြောက်ဂိုဏ်း၌လည်း မြင်ရ၏။ ထို့အပြင် ဂိုဏ်းတိုင်း၌ လာလိုက်၊ ထွက်သွားလိုက်ဖြင့် အတောမသပ်အောင် အလုပ်ရှုပ်နေသော တမန်တော်များပါ ရှိနေ၏။ ယွဲ့ဒေသ၏ ကျင့်ကြံခြင်းလောကမှာ သွေးလွှမ်းသောည ဖြစ်လာတော့မည့်အလား ထင်ရချေသည်။

လာမည့်နေ့များ၌ ယွဲ့ဒေသ၏ ဂိုဏ်းအားလုံးကို ဂိုဏ်းကြီးခုနစ်ဂိုဏ်းထံမှ တချက်လွတ် အမိန့်ထုတ်ပြန်သည်။ ထိုအမိန့်မှာ ဂိုဏ်းတိုင်းဂိုဏ်းတိုင်းက သူတို့၏ ထူးချွန်သော တပည့်များကို ခေါ်လာရမည် ဟူ၍ပင်။ အမိန့်မနာခံပါက ပူးပေါင်းအဖွဲ့၏ ကြီးလေသော အပြစ်ပေးခြင်းကို ခံရမည် ဖြစ်၏။

ထိုအမိန့်သည် နောက်သုံးရက်အကြာ၌ ယန်ဂိုဏ်းသို့လည်း ရောက်လာခဲ့သည်။ သို့သော် မည်သူကမျှ မတုန့်ပြန်ခဲ့ပေ။ သည်အချိန်အတွင်း ယန်ဂိုဏ်းတစ်ခုလုံးသည် သူတို့၏ ဂိုဏ်းကို အပြီးစွန့်ခွာကာ ထွက်သွားကြနှင့်ပြီး ဖြစ်၏။

……

ဟန်လိနှင့် ဂိုဏ်းခုနစ်ဂိုဏ်းမှ တခြားကျင့်ကြံသူများက ဝေးကွာလွန်းလှသဖြင့် ဒီကိစ္စရပ်များကို မသိကြပေ။

ထို့အတွက်ကြောင့် ဒုတိယမြောက်နေ့၊ အလင်းရောင်ထွန်းလင်းစ ပြုသည်နှင့် ကျင့်ကြံသူအချို့က ယန်လင်းရဲတိုက်၏ တောင်အနောက်ဘက်ခြမ်းကို ရောက်နှင့်နေကြပြီ။ ထိုနေရာတွင် မန္တာန်အစီအရင်ကြီးတစ်ခု တည်ဆောက်ထားသည်။ ယင်းအစီအရင်၏ ဗဟိုချက်၌ ယန်ဂိုဏ်းဝင်စုံဖြင့် သက်လတ်ပိုင်းလူနှစ်ယောက်က မျက်လုံးမှိတ်လျက် ရပ်နေသည်။

ထိုမန္တာန်အစီအရင်၏ အနောက်ဘက်၌ ကျောက်သားစင်မြင့်တစ်ခု ရှိ၏။ ထိုစင်မြင်ပေါ်တွင် မြူများကြား ရပ်နေသော ယန်ဂိုဏ်းဝင် ဆယ်ယောက်ကျော် ရှိကာ တစုံတစ်ခုကို ပြောဆိုနေသည်။ သူတို့က ယန်လင်းရဲတိုက်ထံ လာရောက်သော ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများအားလုံး စုံစုံညီညီ ရောက်လာမည့်အချိန်ကို စောင့်နေကြပုံ ပေါ်သည်။

ဟန်လိသည်လည်း ထိုတောင်ထိပ်ပေါ်မှာ ရောက်နေခဲ့ပြီ။ သူသည် တုန်ရွှမ်အာတို့နှင့်အတူ ရှိမနေ၊ သူ့ဟာသူ တစ်ကိုယ်တည်း ခပ်စောစောတည်းက ကြိုရောက်နေတာ ဖြစ်၏။ တောင်ထိပ်ပေါ် ရောက်လာသည့်အခါ သူ့ထက် အရင်‌ရောက်နေသော ဓားဘီလူးဂိုဏ်းမှာ အစ်ကိုဘောင်ထံ လှမ်းလာ၏။ သူတို့နှစ်ယောက် စကားစမြည် ပြောနေကြစဉ် ဟန်လိစိတ်ထဲ အတွေးတစ်ခု ဝင်လာမိသည်။

“အစ်ကိုကြီးဘောင်၊ ဒီမန္တာန်အစီအရင် ဘာအတွက်များလဲ။ ခင်ဗျားများ သိလားလို့…”

ဟန်လိက ထိုအစီအရင်ကြီးကို အကြိမ်ကြိမ် အကဲခတ် ကြည့်၏။ ထို့နောက်တွင် သူက ၎င်းအစီအရင်အကြောင်း မမေးဘဲ မနေနိုင် ဖြစ်ကာ မေးကြည့်ခြင်းပင်။

“ကျုပ် ရှက်ရွှံ့မိပါတယ်။ ကျုပ်က အစီအရင်မန္တာန်တွေနဲ့ ပတ်သတ်ပြီး များများစားစား နးမလည်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခုကတော့ အတားအဆီးအမျိုးအစား အကာအကွယ်အရံအတား ဖြစ်လိမ့်မယ်လို့ ထင်တယ်။ တကယ်တော့ အခြေခံတည်ဆောက်ခြင်းတပည့်တွေကြား ပြိုင်ပွဲကို ထိန်းထိန်းသိမ်းသိမ်း လုပ်မှ။ မဟုတ်ရင် ဒီတောင်ငယ်လေးက ကျုပ်တို့ရဲ့ တိုက်ခိုက်မှု အရှိန်ကို ဘယ်ခံနိုင်ပါ့မလဲ…”

ကျင့်ကြံသူဘောင်သည် မေးစေ့ကို ပွတ်ကာ ပြီးစလွယ်ပြော၏။

“အို…အဲ့လိုပဲ ဖြစ်မှာပါ…” ဟန်လိက ထိုသို့ ပြောလိုက်သော်လည်း သူ့စိတ်ထဲ၌ သည်အစီအရင်မန္တာန်နှင့် ပတ်သတ်ပြီး တမျိုးကြီး ခံစားမိနေသည်။ ဤသည်မှာ သူ၏ မှော်စွမ်းအား နက်နဲမှုကြောင့် ၎င်းအစီအရင်ကို အာရုံခံမိ၍ မဟုတ်ပေ။ သူ့မသိစိတ်ထဲကနေ ဖြစ်ပေါ်သော ခံစားမိသာ။

ဟန်လိက မျက်မှောင်ကြုတ်၍ ဘေးဘီဝဲယာအနှံ့ ကြည့်သည်။ ခုချိန်၌ ကျင့်ကြံသူသုံးဆယ်ကျော်လောက် ဒီမှာ ရောက်နေကြပြီ။ ဗလာသန့်စင်ဂိုဏ်းမှ တာအိုရသေ့များ၊ မျှော်စင်ရဲတိုက်မှ အမျိုးသမီးဖန်နှင့် တခြား သူ သိသူများလည်း ရောက်နေပြီ။ ထို့အပြင် သူတို့အားလုံးသည် သုံးယောက်တစ်စု၊ လေးယောက်တစ်စု ဖွဲ့ကာ စကားပြောနေလျက် ရှိသည်။

“ညီလေးဟန်…ကျုပ်တို့ သူတို့ကို သွားနှုတ်ဆက်အုံးမယ်။ ဝူဖေးဇီနဲ့ တခြားသူတွေလည်း ရောက်နေကြပြီလေ…”

ကျင့်ကြံသူဘောင်က တခြားသူများပါ ရောက်နေတာ မြင်သည့်အခါ ဟန်လိကို ထိုသို့ အကြံပြုသည်။

“အစ်ကိုဘောင်…စိတ်ဖင့်မနေဘဲ သွားသာသွားပါ။ ညီကတော့ တချို့ကိစ္စလေးတွေ စဉ်းစားနေတုန်းမလို့။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ခင်ဗျားကို ဒုက္ခမပေးရပါစေနဲ့တော့…”

ဟန်လိသည် ပေါ့ပေါ့ပါးပါး ခေါင်းယမ်းပြ၏။ သူသည် လူအများနှင့် ပူးပေါင်းနေချင်စိတ် ရှိမနေပေ။

ဓားဘီလူးဂိုဏ်းမှ ကျင့်ကြံသူဘောင်က ပုခုံးလှုပ်ပြ၏။ သူက စဉ်းစားမရ ဖြစ်သွားသော်လည်း သူတစ်ယောက်တည်း ထွက်လာခဲ့သည်။ တခြားဂိုဏ်းမှ ကျင့်ကြံသူများနှင့် မိတ်ဆွေဖြစ်အောင် လုပ်နိုင်မည့် သည်လို အခွင့်အရေးကောင်းများသည် ရဖို့ခက်ပေ၏။ ထို့ကြောင့် သူက သည်အခွင့်အရေးမျိုးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ဟန်လိက ကျင့်ကြံသူဘောင် ထွက်သွားသည်ကို မြင်သည့်အခါ ခုလက်ရှိနေရာတွင် ဆက်မနေတော့၊ ထိုအစား သူက လူသူကင်းသော နေရာတစ်ခုကို ရွေးကာ အစီအရင်မန္တာန်၏ ထောင့်ဘက်အကျဆုံးထံ လှမ်းလာသည်။ ယင်းနောက်တွင် သူသည် တခြားကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို သည်အတိုင်း ကြည့်ရှုနေသည်။

တစ်နာရီလောက် ကြာပြီးနောက် တုန်ရွှမ်အာနှင့် စီနီယာအစ်ကိုဖန်တို့လည်း နောက်ဆုံးမှာ ရောက်လာခဲ့ကြပြီ။ သူတို့က ရောက်လာသည်နှင့် အဝါရောင်မေပယ်တောင်ကြားမှ လူအုပ်ထဲ ဝင်ရောက်သွားသည်။ သူမ၏ဘေးတွင်မူ အမြဲတမ်း ပူးပူးကပ်ကပ် ရှိနေသော ယန်ယုမှာ ဒီတစ်ခါ၌ ရှိမနေပေ။ သို့အတွက် ဟန်လိမှာ အံ့အားတင့် ဖြစ်သွားမိသေးသည်။

ယခုအချိန်၌ ကျောက်သားစင်မြင့်ပေါ်ရှိ ယန်ဂိုဏ်းဝတ်စုံနှင့် ကျင့်ကြံသူများစွာသည် တစ္ဆေဝိညာဉ်ဂိုဏ်းမှ သူများသာ ဖြစ်ချေ၏။

“လူငယ်သခင်လေး…နှစ်ယောက်တော့ ကျန်သေးတယ်။ ဒါ့အပြင် အခုက သိပ်မစောတော့ဘူး။ ကျုပ်တို့ ထပ်ပြီး စောင့်အုံးမှာလား…”

သူတို့သည် ရောက်လာသည့်လူများကို ရေတွက်ပြီးနောက်မှာ တစ္ဆေဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က ဂိုဏ်း၏ လူငယ်သခင်လေးထံ သည်အကြောင်း လာတင်ပြတာ ဖြစ်၏။

“ကျုပ်တို့ဆက်ပြီး စောင့်နေဖို့ မလိုတော့ဘူး။ ချက်ခြင်းပဲ အကြီးအကဲနှစ်ယောက်ကို အစီအရင်စဖို့ အကြောင်းကြားတော့။ အချိန် ကြာလွန်းသွားရင် အကင်းပါးတဲ့ တချို့ကျင့်ကြံသူတွေက တစ်ခုခုမှားနေမှန်း ရိပ်မိသွားမယ်။ အဲ့ကျမှ ပိုဆိုးသွားနိုင်တယ်။ ရောက်မလာသေးတဲ့ ကျင့်ကြံသူနှစ်ယောက်ကိုတော့ သက်တော်စောင့် ဆယ့်နှစ်ယောက်ထဲက ရှစ်ယောက်ခေါ်ပြီး သွားရှင်းပြစ်။ သူတို့ ဘာကြောင့်ပဲ ပေါ်မလာပဲ ဖြစ်ဖြစ် ယန်လင်းရဲတိုက်မှာ သူတို့ကို အရှင်မထားလေနဲ့…”

တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးသည် တွေဝေမနေဘဲ ချက်ခြင်း အမိန့်ပေးသည်။ သူ၏ စကားလုံးများထဲတွင် သတ်ဖြတ်လိုသောစိတ်ဆန္ဒများ လှစ်ဟပေါ်လွင်နေ၏။

All Chapters