← Chapters

ပိတ်ဆို့ခံရခြင်း

Vol. 19 Ch. 260

ပိတ်ဆို့ခံရခြင်း

Vol. 19 Ch. 260

တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးဘေးမှ ကျင့်ကြံသူများသည် သူတို့၏အမိန့်များကို နာခံကာ ညီအစ်ကိုလီရှေးထံ သတင်းစကား ပို့သည်။ သို့သော် မင်သက်သွားသည့်ဟန်ဖြင့် သူတို့သည် လူငယ်သခင်လေးဘက်သို့ ပြန်လှည့်လာပြီး နောက်ထပ် ညွှန်ကြားချက်ထပ်ပေးရန် တောင်းဆိုသည်။ “လူငယ်သခင်လေး…အကြီးအကဲနှစ်ယောက်ပြောတာတော့ အစီအရင်ရဲ့ အဝေးမှာ သုံးယောက် ရှိသေးတယ်တဲ့။ ကျုပ်တို့သာ ခု စလိုက်ရင် အစီအရင်က သူတို့ကို ကန့်သတ်ထားနိုင်မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အဲ့သုံးယောက် အစီအရင်အဝန်းအဝိုင်းထဲ ရောက်အောင် ဘယ်လို လုပ်ရမလဲ ညွှန်ကြားပေးပါအုံး…”

လူငယ်သခင်လေး၏ မျက်လုံးထဲ၌ အံ့အားသင့်ဟန် ပေါ်သွားသည်။ သူက မျက်မှောင်တင်းတင်း ကြုံ့နေ၏။

ထိုအခြေအနေကို သူ မမျှော်လင့်ထားခဲ့ပေ။ နောက်ဆုံးမိနစ်ယင်မီးမဟာအစီအရင်၏ အတားအဆီး အဝန်းအဝိုင်းသည် မသေးငယ်ပေ။ သို့သော် ၎င်း ခြုံလွှမ်းနိုင်မှုအတွင်း ရှိမနေသော လူသုံးယောက် ရှိနေတုန်း ဖြစ်၏။ ဤသည်မှာ ထူးခြားသည်။

ထိုသို့တွေးမိပြီး လူငယ်သခင်လေးဝမ်ချန်သည် ပထမဆုံးအကြိမ်အဖြစ် ခေါင်းမော့ကာ လှမ်းကြည့်သည်။ သေချာပါ၏။ အစီအရင်၏ အဝန်းအဝိုင်းတွင်း လူသုံးယောက် ရှိမနေတာကို သူ လှမ်းတွေ့သည်။

ထိုထဲမှ နှစ်ယောက်မှာ လမျက်နှာဖုံးဂိုဏ်းမှ လူနှစ်ယောက် ဖြစ်၏။ သူတို့သည် အစီအရင်၏ အပြင်ဘက်နား အရှေ့မြောက်ထောင့်မှာ အနမ်းဖလှယ်နေကာ သစ်ပင်ကြီးအောက်၌ မိုးမမြင်လေမမြင် တီတီတာတတာ ချစ်စကားကြိုက်စကားများ ဆိုနေတာ ဖြစ်သည်။ သို့အတွက် သူတို့က လူအုပ်နှင့် အဝေးမှာ ရှိနေတာပင်။

အစီအရင်နှင့် မီတာသုံးဆယ်လောက်အကွာရှိ ကျောက်ဆိုင်ကျောက်သားများဖြင့် တောင်တစ်ခုနားမှာ အဝါရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက် ရပ်နေသည်။ သူက သာမန်ဆန်လွန်း၏။ ထိုလူငယ်သည် တောင်ထိပ်ကို လေ့လာစောင့်ကြည့်နေသော ဟန်လိပင်။

“ဒီသုံးယောက်ကို…” ဝမ်ချန်က တကိုယ်တည်း တီးတိုး ရေရွတ်သည်။

ထို့နောက်တွင် သူသည် သူ့ဘေးမှ တစ္ဆေဝိညာဉ်ဂိုဏ်းသားကို စကားတချို့ ပြောသည်။ သူ၏ ငယ်သားက ချက်ခြင်း ခေါင်းညိတ်ကာ သဘောတူ၏။

ယန်ဂိုဏ်း၏ ဝတ်စုံကို ဝတ်ထားသော တစ္ဆေဝိညာဉ်ဂိုဏ်းမှ ထိုကျင့်ကြံသူသည် စင်မြင့်ထံ လှမ်းလာ၏။ ထို့နောက်တွင် သူသည် မန္တာန်အစီအရင်နှင့် မလှမ်းမကမ်းတွင် ရပ်ကာ ကျယ်လောင်စွာ အော်ပြောသည်။ “ဒီစုဝေးပွဲကို ရောက်လာတဲ့ ဧည့်သည်အားလုံး၊ ရှေ့ကို လာပြီး ခင်ဗျားတို့ရဲ့ အမည်ကို စာရင်းသွင်းပါ။ လူစုံတာနဲ့ ရတနာရှာဖွေခြင်းစုဝေးပွဲက တရားဝင် စတင်ပါတော့မယ်…”

ထိုသူ၏ အော်သံက တခြားကျင့်ကြံသူများကို အာရုံစိုက်လာစေသည်။ သူတို့သည် မန္တာန်အစီအရင်အနား တစ်ယောက်ပြီး တစ်ယောက် ပိုတိုးကပ်လာကြသည်။ လူအုပ်ထဲ လာမရောချင်သော လမျက်နှာဖုံးဂိုဏ်းမှ စုံတွဲသည်ပင် မန္တာန်အစီအရင်၏ အတားအဆီးများ ရှိနေသော အဝန်းအဝိုင်းထဲ လှမ်းလျှောက်လာသည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ဝမ်ချန်သည် မျက်နှာဖုံးအောက်ကနေ မပြုံးမိဘဲ မနေနိုင် ဖြစ်ရ၏။ သို့ပေမည့် ဟန်လိရှိနေသော အရပ်ထံ သူ့အကြည့် ရောက်သွားသည့်အချိန်တွင်မူ သူ၏အပြုံးကား ချက်ခြင်း တောင့်တင်းသွားသည်။

အကြောင်းမှာ ဟန်လိသည် နည်းနည်းလေးမျှ မလှုပ်ရှားသောကြောင့်ပင်။ သူက သူ၏အမည်ကိုပင် စာရင်းမသွင်းမည့် သဘောရှိနေ၏။ သူက လက်ပိုက်ကာ စုစုဝေးဝေး ရှိနေသော လူအုပ်ကို စောင့်ကြည့်လျက် ရှိသည်။

“ဒီတပည့်က ဘယ်ဂိုဏ်းကလဲ…” တအောင့်အကြာ၌ ဝမ်ချန်သည် အေးတိအေးစက် မေး၏။

“သူ့ဝတ်ပုံစားပုံအရ အဝါရောင်မေပယ်တောင်ကြားက ဖြစ်ပါလိမ့်မယ်…”

တစ္ဆေဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် သူ့သခင်လေးဖြစ်သူ စိတ်အခြေအနေ မသာယာမှန်း ရိပ်စားမိ၏။ သူက ဂရုတစိုက် ဖြေလိုက်၏။

“အကြီးအကဲနှစ်ယောက်ကို စဖို့ ပြောလိုက်တော့။ ဒီအဝါရောင်မေပယ်တောင်ကြားရဲ့ တပည့်မှာ အကြံတချို့ ရှိနေတဲ့ပုံပဲ။ ငါတောင် အထင်ကြီးမိသွားပြီ…။ သူ့ကိုတော့ ငါကိုယ်တိုင်ပဲ လှုပ်ရှားလိုက်မယ်…”

ဝမ်ချန်က ထိုသို့ ပြောသည်။ သို့ပေမည့် သူ့မျက်လုံးထဲ၌ သွေးနီရောင် မသိမသာ လင်းလက်သွား၏။

“ကောင်းပါပြီ…သခင်လေး…” တစ္ဆေဝိညာဉ်ဂိုဏ်းမှ သက်တော်စောင့်များက တုန်တုန်ယင်ယင်ဖြင့် တလေးတစား ပြန်ဖြေသည်။

အကွာအဝေးတစ်ခုကနေ ကြည့်နေသော ဟန်လိမှာ တောင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုကို မှီထား၏။ အမည်စာရင်းပေးနေသော ထိုလူအုပ်ကို ကြည့်ကာ သူ့မျက်နှာထက်တွင် ပြုံးယောင်သမ်းနေသည်။ သို့ပေမည့် တစုံတစ်ယောက်က သူ့ကို အနီးကပ် သေချာကြည့်ပါက သူ့အပြုံးသည် မာဆတ်ဆတ်ဖြစ်နေတာကို မြင်ရလိမ့်မည်သာ။ ထို့အပြင် သူ့နဖူးထက်တွင်လည်း ချွေးပြန်နေသေး၏။

“ဒီယန်ဂိုဏ်းဝင်တွေဟာ တကယ်ပဲ တစ္ဆေဝိညာဉ်ဂိုဏ်းက သူတွေကို…” ပြီးခဲ့သော အချိန်လေးကမှ ဟန်လိသည် ထိုတုန်လှုပ်ဖွယ်အခြင်းအရာကို တွေ့ရှိခဲ့၊ သိရှိသွားတာ ဖြစ်၏။

အစတုန်းက ထိုတစ္ဆေဝိညာဉ်ဂိုဏ်းသားများသည် သူတို့ကိုယ်သူတို့ ယန်ဂိုဏ်းသားများအဖြစ် သေချာ ဟန်ဆောင်ထားပြီး ဟန်လိလည်း နည်းနည်းလေးမျှ သံသယ မဖြစ်ခဲ့မိပေ။ သူက အမည်စာရင်းပေးရန် လိုကြောင်း ကြားသည့်အခါ သွားပေးရန် ဟန်ပြင်သေးသည်။

သို့သော် ထိုသို့ အော်ပြောခဲ့သူက လက်မြှောက်ကာ ကျင့်ကြံသူအုပ်စုကို လှမ်းခေါ်သည့်အခါတွင်မူ ဟန်လိသည် ထိုယန်ဂိုဏ်းကျင့်ကြံသူ၏ လက်သည်းများမှာ လက်မဝက်ခန့် ရှည်လျားပြီး အစိမ်းရင့်ရောင် ရှိနေတာကို မြင်ရလေတော့သည်။ ယင်းအချက်မှာ ယန်ဂိုဏ်းနှင့် တစ္ဆေဝိညာဉ်ဂိုဏ်းတို့ ယှဉ်ပြိုင်ခဲ့စဉ်က သူ မြင်ဖူးခဲ့သော တစ္ဆေဝိညာဉ်ဂိုဏ်းမှ အဝါရောင်ဆံပင်နှင့်လူထူးခြား၏ လက်သည်းများနှင့် ချွတ်ဆွတ်တူနေပေသည်။

ဟန်လိ လွန်စွာ တုန်လှုပ်သွားရ၏။ သူ့ခေါင်းပေါ် ရေအေးဖြင့် လောင်းချသကဲ့သို့ ခံစားလိုက်ရသည်။ သူ့စိတ်နှလုံးမှာ အလွန်တရာ အေးစိမ့်သွားသည်။

“ပုံမှန်သူတွေမှာ ဒီလို အစိမ်းရင့်ရောင်လက်သည်းတွေ မရှိနိုင်ဘူး။ ဖြစ်နိုင်တာက သူတို့ဟာ…”

ဟန်လိသည် ထိုသို့ သံသယဝင်စရာများ တွေ့ရပြီးနောက်မှာ ရှေ့ကို လှမ်းသွားချင်စိတ် မရှိတော့ပေ။

အခုအခါ သူသည် မျက်နှာတွင် ပြုံးချင်ယောင်ဆောင်ပြီး ဘေးပတ်ပတ်လည်သို့ တိတ်တဆိတ် လေ့လာကြည့်နေဖို့သာ ရှိတော့သည်။ သို့ပေမည့် သူ့ဘေးပတ်ဝန်းကျင်မှာ အလွန်သာမန်သာ ဖြစ်၏။ ချုံခိုတိုက်ခိုက်မည့်သူများ လုံးဝ ရှိမနေပုံပင်။ ထိုသူ၏ လက်သည်းများက တိုက်ဆိုင်မှုတစ်ခု သပ်သပ် ဖြစ်သည်လား။

ဟန်လိသည် တိုက်ဆိုင်သည်ဟူသော ထိုအတွေးကို ချက်ခြင်း ဖယ်ရှားပစ်သည်။ သည်လောက၌ တိုက်ဆိုင်မှုများ မည်မျှ များနိုင်ပါ့မည်နည်း။ ထို့အပြင် အမှန်တကယ် တိုက်ဆိုင်မှုတစ်ခု ဖြစ်ခဲ့လျှင်ပင် သူသည် အန္တရာယ်ကို စွန့်စားလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် သူ သံသယရှိနေသော မန္တာန်အစီအရင်တစ်ခု ရှိနေချိန်တွင်ပင်။

ထိုအတွေးဖြင့် ဟန်လိသည် ထပ်မံပြီး ချိတုံချတုံ ဖြစ်မနေတော့ပေ။ သူ့လက်ကို ဝေ့ယမ်း၏။ သူ၏ နတ်လေသင်္ဘော သူ့လက်ထဲမှာ ချက်ခြင်း ပေါ်လာသည်။ ၎င်းကို ပစ်လွှတ်ရခြင်း မရှိသေးခင်မှာပင် သူ့အထက်မှ ပျင်းရိပျင်းတွဲအသံတစ်သံ ရုတ်တရက် ပေါ်လာချေသည်။

“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းမှာ ခုလောက်ထိ အမြင်ကောင်း ရှိနေတာပဲ။ မင်းက ဘယ်သူများလဲ။ မင်းဟာ ကျုပ်တို့ရဲ့ အမှားတွေကို ဒီလောက်မြန်မြန် မြင်နိုင်စွမ်း ရှိပြီး ထွက်သွင်းချင်နေတယ်ပေါ့လေ။ မင်းရဲ့ ဂိုဏ်းဝင်အချင်းချင်းကိုတောင် မကယ်ပေးချင်တော့ဘူးလား…”

ဟန်လိစိတ်ထဲ လေးလံသွားရပြီ။ စဉ်းစားမနေဘဲ သူက မြေပေါ်သို့ ရုတ်တရက် ခြေဆောင့်သည်။ သူ၏ ပုံရိပ်သည် နောက်ဘက်သို့ ရုတ်တရက် ခုန်ထွက်သွား၏။ သူသည် မီတာသုံးဆယ်ကျော်လောက်ထိ ရောက်သွားချိန်ကျမှ ရပ်၏။ သို့သော် သူ ရပ်သည်နှင့် အနီရောင်အရံအတားတစ်ခု သူ့ကို ရုတ်ချည်း ထွေးခြုံသွား၏။ ထိုအနီရောင်အရံအတား၏ နောက်တွင် မိုးပြာရောင်အလင်းတစ်ခု ထပ်ပေါ်လာကာ သူနှင့် နီးကပ်စွာ ရှိသည်။

ထိုအခိုက်တွင် လေထဲမှ အံ့အားသင့်သွားသောအသံ ထွက်ပေါ်လာ၏။ ၎င်းအသံ ထွက်ပေါ်လာခြင်းမှာ ဟန်လိ၏ တုန့်ပြန်မှုက လျင်မြန်လွန်း၍ အသိအမှတ်ပြုခြင်းကြောင့်လား သို့မဟုတ် တချိန်တည်းလိုလို အကာအကွယ်အရံအတားနှစ်ခုကို ဟန်လိက အသက်သွင်းလိုက်၍လားကိုမူ မသိရပေ။

ယင်းအသံကို ကြားသည့်အခါ ဟန်လိသည် နည်းနည်းတော့ စိတ်အေးသွား၏။ ထို့နောက်တွင် သူက အလေးအနက်အသွင်ဖင့် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။

လေထဲရှိ မီတာသုံးဆယ်လောက်မှာ ငွေရောင်မျက်နှာဖုံး၊ အစိမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက်သည် ဆယ်မိတာလောက် ရှည်မည့် ကြီးမားသော ခက်ရင်းခွကြီးပေါ်မှာ ရပ်နေတာကို ဟန်လိ လှမ်းမြင်သည်။ ထိုအစိမ်းရင့်ရောင် ခက်ရင်းခွကြီးကို အနက်ရောင်ချီလွှာတစ်ခု ခြုံလွှမ်းထားပြီး မြင်ရသူများကို အေးစိမ့်မှု ခံစားမှုအား ပေးစွမ်းနေချေသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ စိတ်နှလုံးမှာ အေးစက်လာ၏။ သူက လှမ်းပြောသည်။

“တစ္ဆေဝိညာဉ်ဂိုဏ်းရဲ့ လူငယ်သခင်လေး…”

“ဟားဟား…ကျုပ်ကိုယ်ကျုပ် မိတ်ဆက်စရာတောင် မလိုတော့တဲ့ပုံပဲ။ မင်းက ကျုပ် ဘယ်သူလဲဆိုတာ သိနေတာပဲ။ ကောင်းတယ်။ ဒါပေမဲ့ မင်း အစီအရင်ထဲ ခုချက်ခြင်း ဝင်တာ အကောင်းဆုံးပဲ။ ဒါဆို မင်း ချက်ခြင်း မသေတော့ဘူးပေါ့။ မဟုတ်ရင်တော့ ကျုပ်က မင်းရဲ့ စိတ်ဝိညာဉ်ကို ခုချက်ခြင်း နှုတ်ယူပစ်ရလိမ့်မယ်…”

ဝမ်ချန်၏ မျက်လုံးသည် အခုအခါ၌ နီရဲလာ၏။ သူ၏မျက်လုံးထံမှ ကြမ်းကြုတ်သော အရိပ်အယောင်ကိုပါ ထုတ်လွှတ်လာနေသည်။ တချက်ကြည့်ခံရုံဖြင့်ပင် ဟန်လိ၏ စိတ်ထဲ ဗလောင်ဆူသွားရ၏။ သူသည် တဖက်သူ အသက်သွင်းခဲ့သော ထိတ်လန့်စရာ လျှို့ဝှက်ပညာရပ်ကို မသိချေ။

သို့သော် သူက အစီအရင်ထဲဝင် ဟူသည့် စကားကို ကြားသည်နှင့် မျက်ခုံးပင့်ကြည့်မိသည်။ သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ဟန်လိ၏ အမူအရာမှာ အလန့်တကြား ဖြစ်ကာ ပျက်ယွင်းသွား၏။

မည်သည့်အချိန်ကမှန်း မသိရပေ။ အစီအရင်ကြီး၏ ဗဟိုချက်မှ ဖန်တီးထားသော ဧရာမအလင်းအရံအတားတစ်ခုသည် အချင်းမီတာသုံးရာကျော်အထိ တဝီဝီလှည့်ပတ်နေ၏။ ယင်းအရံအတားအတွင်း၌ သိပ်သည်းသော အနီရင့်ရောင်မြူများ ပြည့်နှက်လျက် ရှိသည်။ ၎င်းက မြင်ကွင်းကိုသာမက အသံဗလံတို့ကိုပါ မကြားရအောင် တားဆီးထား၏။ ယင်းအရံအတားအတွင်း၌ မည်သူမျှ မရှိလေသည့်အလား။

ထိုအလင်းအရံအတား၏ ဘေးပတ်ပတ်လည်မှာ အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူရှစ်ယောက် ရပ်နေသည်။ သူတို့သည် ထိုအနက်ရောင်အရံအတားတွင်းရှိ မြင်ကွင်းကို အာရုံစိုက်၍ စူးစိုက်ကြည့်နေသည်။ သူတို့ထဲမှ မည်သူကမျှ သူတို့၏ လူငယ်သခင်လေး ရှိနေသော အရပ်ထံသို့ လှမ်းမကြည့်ကြပေ။

သည်လူငယ်သခင်လေး၏ ငယ်သားများက သူတို့ သခင်လေးအပေါ်မှာ ယုံကြည်မှုအပြည့် ရှိပုံ ပေါ်သည်။

ဟန်လိက သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက်မှာ အလျင်အမြန် သတိပြန်ဝင်လာ၏။ သူသည် နောက်ထပ် အာရုံမပျက်ပြားဝံ့တော့ချေ။

တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်၌သာ ရှိသော်လည်း သူသည် ကြောက်စရာ ရန်သူ ဖြစ်မှာ သံသယရှိစရာ မလိုပေ။ ဟန်လိသည် တဒင်္ဂလောက် ပေါ့ဆမိသည်နှင့် သည်နေရာ၌ ထာဝရအိပ်စက်သွားရနိုင်သည်။

ထိုအတွေးဖြင့် ဟန်လိက လက်ထဲရှိ အဆောင်တစ်ခုကို ဆုပ်ကိုင်၏။ သူ့လက်ဝါးထံမှ အဖြူရောင်အလင်း မြင့်တက်လာသည်။ သူသည် လေထဲသို့ လက်ဆန့်ထုတ်၏။ မျက်စိတစ်မှိတ်အတွင်း သူ၏ရှေတွင် ၎င်းအလင်းသည် အဖြူရောင်ကြေးခွံများ ပြည့်နှက်နေသည့် ဒိုင်းတစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ သူက နောက်လက်တစ်ဖက်ဖြင့် သူ့နတ်လေလှေကို သူ့နောက် မီတာသုံးဆယ်လောက်ထံ ပစ်လွှတ်၏။ ၎င်းလှေသည် လေထဲမှာ ညင်သာစွာ မြောလွင့်နေသည်။

ဟန်လိ၏ နောက်အစီအစဉ်မှာ နတ်လေလှေပေါ်သို့ တက်ကာ ချက်ခြင်း ထွက်ပြေးရန်သာ။ ငတုံးတစ်ကောင် ဖြစ်နေမှသာ ဒီနေရာ၌ ဆက်နေနေပြီး သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော လူငယ်သခင်လေးနှင့် စွန့်စားကာ တိုက်ခိုက်ပေလိမ့်မည်။

ထူးကဲသော ဂိုဏ်းတစ်ခု၏ သခင်လေးနှင့် တကိုယ်တည်း တိုက်ခိုက်ခြင်း။ သူက ထိုသခင်လေးဆိုသည်ကို အနိုင်ရနိုင်စွမ်း ရှိခဲ့လျှင်ပင် ယင်းသခင်လေး၏ နောက်မှာ အကူအညီပေးရန် စောင့်နေသူများစွာ ရှိလိမ့်မည်သာ။ ဟန်လိသည် ရန်သူအုပ်စုလိုက်ကြီးကို ထိပ်တိုက်တွေ့ရန် အစီအစဉ် မရှိပါ။

ဤသို့ဖြင့် ဟန်လိသည် အဝါရောင်မေပယ်တောင်ကြားသို့ အလျင်အမြန်ပြန်ကာ တစ္ဆေဝိညာဉ်ဂိုဏ်းနှင့် ယန်ဂိုဏ်းတို့၏ ပူးပေါင်းမှုအကြောင်းကို အကြီးအကဲများထံ တင်ပြရန်သာ တွေးတော့၏။ တုန်ရွှမ်အာနှင့် စီနီယာအစ်ကိုဖန်တို့ကိုမူ သူတို့၏ ဆရာများက လာကယ်ပေးနိုင်ဖို့သာ မျှော်လင့်ပေးရုံ ရှိ၏။

ဟန်လိ၏ လှုပ်ရှားမှုများကို မြင်သည့်အခါ ဝမ်ချန်သည် အားပါးတရ ရယ်မော၏။ ဟန်လိမှာ စိမ့်ခနဲ့ပါ ဖြစ်သွားရသည်။

“ပြေးဖို့ တွေးနေတာလား၊ ကျုပ်က မင်းကို တမလွန် ပို့ပေးပါ့မယ်..”

ထိုသို့ ပြောကာ လူငယ်သခင်လေးသည် ရုတ်တရက် သူ၏ ခရင်းခွကြီးကို လှည့်ပတ်စေသည်။ ချက်ခြင်းလက်ငင်း သွေးနီရောင်မြူသည် ဟန်လိထံ ကြမ်းတမ်းစွာ တိုးဝင်လာ၏။ ၎င်းမြူထုသည် ပေသုံးဆယ်ကျော်လောက်ထိ ကျယ်ပြော၏။

ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ဆက်ပြီး နှေးဖင့်မနေဝံ့တော့ပေ။ သူက နတ်လေလှေပေါ်သို့ ခုန်တက်ကာ ၎င်း၏ အမြန်ဆုံးနှုန်းကို အသုံးပြုသည်။ မျက်စိတမှိတ်အတွင်း လှေသည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ တရှိန်ထိုး ဦးတည်၏။

“ဟားဟား…ကောင်လေး…မင်းက ဘာမှ မသိဘူးကို။ ကျုပ်ရဲ့ မဟာသွေးစိတ်ဝိညာဉ်ပညာရပ်မှာပါတဲ့ အမြန်နှုန်း နည်းလမ်းတွေဟာ မြန်ရုံတင်မကဘူးကွ။ မင်း လွတ်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး...”

ဝမ်ချန်၏ လှောင်ပြောင်ရယ်မောသံများသည် ဟန်လိနောက်ကနေ ဆက်တိုက် ကပ်ပါလာသည်။

ဟန်လိသည် ခေါင်းလှည့်မကြည့်သော်လည်း တဖက်သူ၏ အသံမှာ သူနှင့် နီးသထက် နီးလာတာကို ခံစားမိ၏။

ထိုသူ၏ အမြန်နှုန်းပညာရပ်သည် သူ၏ နတ်လေလှေ၏ အမြန်ဆုံးနှုန်းထက် အနည်းအကျဉ်း ပိုမြန်ဆန်နေတာ အမှန်ပင်။ ဟန်လိ၏ အသားအရေမှာ အစိမ်းရင့်ရောင် ဖြစ်လာချေ၏။

All Chapters