← Chapters

လွတ်မြောက်ခြင်း

Vol. 19 Ch. 262

လွတ်မြောက်ခြင်း

Vol. 19 Ch. 262

ခုချိန်တွင် ဝမ်ချန်သည် ဆက်၍ ထိုင်မနေနိုင်တော့ပေ။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ပြုလုပ်၏။ သွေးတိမ်ထု၏ မျက်နှာပြင်ပေါ်တွင် မြောလွင့်နေသော အရိုးခေါင်းများသည် ပါးစပ်အကျယ်ကြီး ဟလာပြီး အလင်းနက်တိုင်လုံး ဆယ်ခုကျော်ကို ထွေးထုတ်လာ၏။ ၎င်းအလင်းတိုင်လုံးများသည် ဟန်လိ မူလက ရှိနေသော နေရာထံ ဘက်ပေါင်းစုံမှ တိုးဝင်သွားချေသည်။

အလင်းတုန်ခါသံတစ်သံ မြည်ဟိန်း၏။

ယင်းမြည်သံနှင့်အတူ သိပ်သည်းသောမြူအတွင်း၌ ခပ်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်ကာ လှုပ်ရှား၏။ အနက်ရောင်တိုင်လုံးနှင့် အဖြူရောင်အလင်းတန်းများကြား ကြမ်းတမ်းစွာ ထိပ်တိုက်တွေ့သည်။ ထိုအခါ အဖြူရောင်အလင်းကာတစ်ခုသည် သိပ်သည်းသော မြူအတွင်း၌ မထင်မရှား ပေါ်လာပြီး သို့အတွက် တစ္ဆေဝိညာဉ်ဂိုဏ်းမှ လူငယ်သခင်လေးသည် အနည်းနှင့်အများ မင်သက်သွားသည်။

သို့သော် သူက တိုက်ပွဲမစခင်မှာပင် ဟန်လိ ထုတ်သုံးခဲ့သော အဖြူရောင်အကြေးခွံများနှင့် ဒိုင်းတစ်ခုအကြောင်း ချက်ခြင်း ပြန်စဉ်းစားမိသည်။

ဝမ်ချန်မှာ မျက်မှောင် ကြုတ်နေ၏။ ခဏ စဉ်းစားတွေဝေနေပြီးနောက်မှာ သူက တကိုယ်တည်း ရေရွတ်သည်။

“အရည်အသွေး မြင့်မားတဲ့ မှော်ရတနာတွေကို ရနိုင်မှာ ဖြစ်တဲ့အတွက် ငါ့ သွေးအနှစ်သာရ တချို့တလေကို ဆုံးရှုံးသွားလည်း ရတယ်။ မဟုတ်ရင် ဒီခွေးကောင်က လှည့်ဖြားတဲ့ နည်းလမ်းတချို့ သုံးပြီး ထွက်ပြေးသွားနိုင်လိမ့်မယ်…”

ထိုသို့ ပြောကာ ဝမ်ချန်သည် သူ့ညာလက်ညှိုးကို ရုတ်တရက် ဆန့်ကာ ပါးစပ်ထောင့်မှာ တေ့၏။ ထို့နောက်တွင် သူက သူ့လက်ချောင်းထိပ်ကို ခပ်ဖွဖွ ကိုက်ကာ ထိုဒဏ်ရာမှ စိမ့်ထွက်လာသော လတ်လတ်ဆတ်ဆတ် သွေးများကို သူ၏ အောက်ဘက်ရှိ သွေးတိမ်တိုက်ပေါ် တစက်ချင်း ကျရောက်စေသည်။ ယင်းနောက်မှာ သူ၏ လက်နှစ်ဖက်ကို သွေးတိမ်ထဲ နက်ရှိုင်းစွာ ဆန့်သွင်းပြီး မှော်ပညာရပ်ကို အရှိန်မြှင့်သည်။

ဝမ်ချန်သည် မန္တာန်စာသားများကို တီးတိုရေရွတ်၏။ ထိုအခါ အနီရောင်တိမ်ထုမှာ မြန်သထက် မြန်စွာ လည်ပတ်လာသည်။ သွေးတစ္ဆေများလည်း သဲလွန်စမရှိ အလိုလို ပျောက်ကွယ်သွား၏။

သိပ်သည်းသောမြူမှာလည်း သွေးတိမ်ထု လည်ပတ်သည့် အမြန်နှုန်း တိုးတက်လာခြင်းနှင့်အတူ ၎င်းသွေးတိမ်ထုအတွင်း ပိုမြန်ဆန်စွာ စုပ်ယူခြင်း ခံရသည်။ ထိုအခါ သွေးတိမ်ထု၏ ဗဟိုချက်နေရာမှာ ဖြည်းဖြည်းချင်း ရှင်းရှင်းလင်းလင်း ဖြစ်လာကာ ကြီးမားသော အဖြူရောင်အလင်းအကာတစ်ခု လှစ်ဟပေါ်လာချေ၏။ ထိုအလင်းအကာ၏ ဗဟိုချက်တွင် အဖြူရောင်ကြေးခွံများနှင့် ဒိုင်းတစ်ခု ရှိသည်။

အလင်းအကာ၏ ဗဟိုချက် အနီးအနားတွင်မူ ဟန်လိ ရှိနေသည်။ သူ့လက်ထဲတွင် ထူးခြားသော ပုံစံရှိသည့် ဓားတိုတစ်လက် ကိုင်ထား၏။ ထိုဓားထံမှ အဝါရောင်အလင်းများ ဖြာထွက်လျက် ရှိသည်။ လက်တစ်ဖက်တွင်မူ သူသည် တလက်လက် တောက်ပနေသော အဆောင်တစ်ခုကို ကိုင်ထားသည်။ ထိုအဆောင်ထံမှ အတိုက်အခိုက်စွမ်းအားများက အချိန်မရွေး ထိုးထွက်ချင်နေသည်ဟု ထင်ရ၏။ ဝမ်ချန်သည် ထိုမြင်ကွင်းကို ရှင်းလင်းစွာ တွေ့၏။

“မင်း…” တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးမှာ အကြိမ်အနည်းငယ် အေးစက်စက် ရယ်မောပြီး ဟန်လိကို အဆက်မပြတ် လှောင်ပြောင်ရန် ဟန်ပြင်သည်။

သို့သော် သူ စကားတစ်ခွန်းမျှသာ ပါးစပ်ကနေ ထွက်ရုံရှိသေး ဟန်လိက သူ့လက်ဝါးကို ရုတ်တရက် ဖြန့်လိုက်တာ လှမ်းမြင်၏။ ဟန်လိ၏ လက်ထဲရှိ ဓားငယ်သည် လှုပ်ခါကာ ဆယ်မီတာကျော် ရှည်လျားသည် အဝါရောင်ဓားသွားတစ်ခု ဖြစ်လာပြီး ဝမ်ချန်ထံ တန်းတန်းမတ်မတ် ဦးတည်ဝင်လာချေသည်။

တချိန်တည်းမှာ သူ့နောက်လက်တစ်ဖက်မှ အဆောင်ကိုလည်း ပစ်သွင်း၏။ ထိုအခါ တပြိုင်နက်တည်း မီးနဂါးဆယ်ကောင်ကျော် ပျံသန်းထွက်လာလေသည်။

“ခွေးကောင်။ မှော်ပစ္စည်းတွေက ငါ့ရဲ့ မဟာသွေးဝိညာဉ်ပညာရပ်ကို မချိုးဖျက်နိုင်ဘူးကွ။ မဟုတ်ရင်…”

ဝမ်ချန်က ပေါ့ပေါ့ဆဆဖြင့် အရိုးခေါင်းများသုံးကာ သူ့ထံ လာသော တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဟန်ပြင်သည်။ ထိုစဉ်မှာပင် သူသည် တစုံတစ်ခုကို တွေးမိကာ ပြောနေသော စကားပါ တပိုင်းတစ ရပ်သွား၏။ သူ၏ အမူအရာမှာလည်း ချက်ခြင်း ပြောင်းလဲသွားကာ လေထဲသို့ အသည်းအသန် ခုန်တက်ပြီး သွေးတိမ်တိုက်ထံမှ အဝေးသို့ ပျံသန်းလေ၏။

တစ်ချိန်တည်းမှာ အဝါရောင်ဓားသွားသည် တရွှပ်ရွှပ်အသံပေးကာ လမ်းတွင် လာပိတ်သော အရိုးခေါင်းများစွာကို အပိုင်းပိုင်းအစစ ချိုးဖျက်ပစ်၏။ ထို့နောက်တွင် မီးနဂါးများနှင့်အတူ သွေးတိမ်တိုက်၏ အဟကို ဖြတ်ကာ လူငယ်သခင်လေး မူလထိုင်နေသော နေရာထံ အကြမ်းပတမ်း တိုးဝင်လာချေသည်။ ယင်းနောက်မှာ အဟ ဖြစ်သွားသော နေရာထံမှ အဖြူရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာပြီး အဝါရောင်ဓားသွားနောက်သို့ နီးကပ်စွာ ကပ်ပါသည်။

“ရတနာအဆောင်…” ဝမ်ချန်က အံ့အားတသင့် အထိတ်တလန့်ဖြင့် ထအော်၏။

ဟန်လိသည် သိပ်သည်းသော မြူထုကို အသုံးပြုကာ ရတနာအဆောင်တစ်ခု အသုံးပြုရန် အချိန်ရအောင် လုပ်ခဲ့လိမ့်မည်ဟု ဝမ်ချန်အနေဖြင့် လုံးဝ မမျှော်လင့်ထားခဲ့ပေ။ မဟုတ်ပါက ဟန်လိထံ၌ ရတနာအဆောင်များ ပိုင်ဆိုင်ထားလျှင်ပင် သူ၊လူငယ်သခင်လေးသည် အသုံးပြုခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သို့ပေမည့် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၌ ရတနာအဆောင်တစ်ခု ပိုင်ဆိုင်နိုင်ချေက နည်းလွန်းလှ၏။ သို့အတွက်ကြောင့် သူသည် ဒီကိစ္စအပေါ် မျက်စိလျှမ်းသွားခဲ့ရတာ ဖြစ်သည်။

သို့သော် တဖက်သူ၌ ရတနာအဆောင်တစ်ခု ရှိနေခဲ့လျှင်ပင် သူ၏အဆင့်အတန်းဖြင့် သူက ဘာကို ကြောက်နေရမည်နည်း။ သူလည်း ရတနာအဆောင်နှစ်ခုကို ယူလာသည်သာ။ ယင်းတို့ထဲမှ တစ်ခုသည် အမှန်တကယ် ရှားပါးလွန်း၏။ သူသည် ဟန်လိကို ခုလိုပုံစံဖြင့် ထွက်ပြေးခွင့် ပေးနိုင်မည် မဟုတ်တာ သဘာဝပင်။

ဒေါသပုန်ထနေပြီ ဖြစ်သော ဝမ်ချန်က သွေးတိမ်တိုက်ထံ ပြန်ခုန်ဝင်လာပြီး ၎င်းကို ထပ်မံ ထိန်းချုပ်၏။ သွေးတိမ်တိုက်သည် မြင့်တက်လာသည်။ သူသည် ၎င်းတိမ်တိုက်ကို ထိန်းချုပ်လျက် ကြယ်ပျံတစ်စင်းနှယ် အမြန်နှုန်းဖြင့် ဟန်လိကို အမှီလိုက်သည်။

နတ်လေလှေပေါ်တွင် ရပ်ကာ ဟန်လိက သူ့ထံ တိုးဝင်လာနေသော သွေးတိမ်တိုက်ကို အေးစက်စက် စောင့်ကြည့်နေသည်။ ရုတ်တရက် သူက လက်တစ်ဖက် ဝေ့ရမ်းသည်။ ချက်ခြင်းလက်ငင်း အဝါရောင်ဓားသွားက လမ်းကြောင်းပြောင်းပြီး သွေးတိမ်တိုက်ထဲ၌ ရှိနေသော ဝမ်ချန်ထံ တိုက်ရိုက် ဦးတည်ဝင်လာသည်။

သို့သော် ဝမ်ချန်ကိုယ်တိုင်လည်း ကြိုပြင်ဆင်ထားပြီး ဖြစ်၏။ သူက သူ၏လက်ထဲရှိ ရတနာအဆောင်ကို ပစ်သွင်းသည်။ တောက်ပသော ရွှေရောင်အရိုးခေါင်းတစ်ခုသည် ပြေးထွက်လာ၏။ ၎င်းက အရွယ်အစားပါ ကြီးမားလာပြီး အဝါရောင်ဓားသွားကို အမှန်တကယ် ကိုက်ခဲပစ်သည်။ ထိုအခါ ဓားသွားသည် တစ်လက်မမျှပင် ရှေ့မတိုင်းနိုင်ဘဲ ရပ်တန့်သွားရချေသည်။

ဟန်လိက အံ့အားသင့်ကာ သူ့ဓားသွားကို ပြန်ရုတ်သိမ်းရန် အလျင်အမြန် ကြိုးစားသည်။ သို့သော် အဝါရောင်ဓားသွားမှာ အရိုးခေါင်း၏ ပါးစပ် ပတ်လည်နား ကန်ထွက်နိုင်ခြင်းကလွဲ၍ ၎င်း၏ စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း မရှိတော့ပေ။

ဝမ်ချန်က ညစ်ပြုံးပြုံးသည်။ သူ၏ဘေးရှိ သွေးတိမ်တိုက်သည် ထပ်မံ ချဲ့ကားလာသည်။ ထိုအခါ ဟန်လိ စိတ်ထဲ၌ စိမ့်ခနဲ ဖြစ်သွား၏။ ကြည့်ရသည်မှာ သူ ထပ်မံ၍ ချုပ်နှောင်ခံရတော့မည့်ပုံပင်။ သို့ပေမည့် ထိုအခိုက်မှာ ချဲ့ကားလာသော သွေးတိမ်တိုက်သည် ရုတ်တရက် ငြိမ်ကျသွားသည်။ မှော်ချိပ်ဟန်များကို ဖြစ်ပေါ်နေစေသော ဝမ်ချန်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူ ထိန်းချုပ်ထားသော သွေးတိမ်တိုက်၏ အမြန်နှုန်းပါ လျော့သွားရုံမက သူ့မျက်နှာပေါ်တွင်လည်း မိုးပြာနက်ရောင် အလွှာတစ်ခု မသိမသာ ခြုံ့လွှမ်းလာချေသည်။

ရန်သူ့ကို မပြတ်တမ်း စောင့်ကြည့်နေသော ဟန်လိမှာ ထိုမြင်ကွင်းကြောင့် ကြီးစွာ မင်သက်သွားသည်။

သူသည် ရန်သူ၏ မျက်နှာပေါ်မှ ထိတ်လန့်တကြား ဖြစ်သွားသော ဟန်အမူအရာကို မြင်သည်။ ရန်သူမှာ ဟန်လိ၏ အဝါရောင်ဓားသွားကို ထိန်းထားနိုင်သော ရွှေရောင်အရိုးခေါင်းကိုပင် အာရုံမစိုက်တော့ဘဲ နာကျင်စွာ အော်ဟစ်လေ၏။ သွေးတိမ်တိုက် ခြုံလွှမ်းလျက် သခင်လေးဝမ်ချန်သည် လျှပ်စီးတန်းအလား နောက်ပြန်ဆုတ်တော့သည်။ ထိုအဖြစ်သနစ်ကြောင့် စဉ်းစားမရ ဖြစ်ကာ ဟန်လိသည် နေရာတွင် အကြောင်သား ရပ်နေမိလေ၏။

ခဏ ချီတုံချတုံ ဖြစ်နေပြီး နောက်မှာ သူက သူ၏ အဝါရောင်ဓားသွားနှင့် တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေး၏ ရွှေရောင်အရိုးခေါင်းကိုပါ လွယ်လင့်တကူ သိမ်းဆည်းသည်။ ၎င်းအဆောင်နှစ်ခုက သူ့လက်ထဲ ပြန်ရောက်လာသည်။ ထို့နောက်တွင် သူသည် မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ဝမ်ချန်ကို လှမ်းကြည့်၏။ ဟန်လိသည် ခုထိ သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်းပင်။

နောက်မှ လိုက်လံတိုက်ခိုက်ဖို့လည်း သူ့၌ လုံလောက်သောသတ္တိ ရှိမနေပေ။

သို့ပေမည့် တဖက်သူ အဝေးသို့ ထွက်သွားရင်း ငြီးငြူသံ ခပ်ရေးရေးကို ကြားမှ ဟန်လိသည် တစုံတစ်ခုကို ချက်ခြင်း သဘောပေါက်သွားတော့သည်။ ထို့နောက်တွင် သူသည် နတ်လေလှေကို လမ်းကြောင်းပြောင်းကာ မိုးကုပ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားစေတော့သည်။

……

ခဏအကြာတွင် အန္တရာယ်ကနေ လွတ်မြောက်ရုံသာ ရှိသေးသော ဟန်လိသည် အစောပိုင်းက အဖြစ်အပျက်ကို သေချာ တွေးကြည့်ပြီးမှ နောင်တကြီးစွာ ရတော့သည်။

ရန်သူက သူ့နောက် ဆက်မလိုက်ဘဲ ဘာကြောင့် နောက်ပြန်လှည့်သွားတာကို သူ သိခဲ့ပြီ။

တကယ်တော့ ရန်သူသည် မိုးပြာမီးအနံ့ဆိုး ဟူသည် အဆိပ်ရှိသော မြူပမာဏများစွာကို စုပ်ယူဝံ့ခဲ့တာကြောင့် အဆိပ်မိသွားခဲ့တာ ဖြစ်၏။ ဖြစ်ပုံက သည်လိုပင်။ ထိုသိပ်သည်းသော မြူကို ဟန်လိ သန့်စင်ခိုင်းခဲ့ချိန်က သူ၏ တောင်းဆိုချက်အတိုင်း မင်နက်ရေနဂါး၏ အမြုတွေမှ ကြွင်းကျန်သော အဆိပ်ကို သန့်စင်ခိုင်းပြီး သည်မြူနှင့် သမူဟ ဖြစ်ဖြစ် ပေါင်းစပ်ခိုင်းခဲ့သည်။ ယနေ့တွင် ဝမ်ချန်၏ သွေးတိမ်တိုက်က မြူများစွာကို စုပ်ယူခဲ့သည်။ ထိုအခါ သည်သွေးတိမ်ကို ထိန်းချုပ်နေသော လူငယ်သခင်လေးဝမ်ချန်မှာလည်း အဆိပ်များစွာကို လက်ဝေခံ ထပ်စုပ်ယူမိမှာ သေချာသည်။ သို့ဖြစ်၍ သူ ဟန်လိနောက် လိုက်လံဖမ်းစီးချိန်တွင် အဆိပ်လက္ခဏများ ပြလာခဲ့ကာ တုန်လှုပ်စွာဖြင့် နောက်ပြန်ဆုတ်တော့တော ဖြစ်၏။

ထိုသို့ တွေးမိလေ ဟန်လိသည် နောင်တရလေပင်။ သူသည် အားကောင်းသော ရန်သူတော်တစ်ယောက်ကို သတ်ပြီး အခွင့်အရေးကောင်းတစ်ခုကို ယူကာ သူ့အတွက်လည်း ရတနာများ ပိုရချင် ရလာနိုင်သေးသည်။ ထိုအတွေးကြောင့် ဟန်လိသည် သူ့ကိုယ်သူ စိတ်ပျက်ရလေသည်။

သို့ပေမည့် ဟန်လိသည် တဖက်ရန်သူက အစွမ်းထက်လှသော ရွှေရောင်အရိုးခေါင်းကို မည်သည့်အတွက်ကြောင့် ပြန်သိမ်းယူမသွားဘဲ ထွက်ပြေးသွားတာကိုတော့ နားမလည်ပေ။

ဟန်လိသည် တခြားနေရာတစ်ခုတွင် တစ္ဆေဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးမှာ ဒေါသအိုးပေါက်ကွဲနေတာကိုတော့ မသိတော့ပေ။ သူ့အနား၌ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ ဖြစ်သည့် လီရှေးညီအစ်ကိုတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသည်။

ဝမ်ချန် နောက်ပြန်ဆုတ်လာစဉ် ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တပည့်များအားလုံးကို သုတ်သင်လာသော ထိုအကြီးအကဲနှစ်ယောက်နှင့် တည့်တည့်တိုးခဲ့သည်။ သူတို့က သူတို့၏ လူငယ်သခင်လေး၏ ဘေးကင်းမှုနှင့် ပတ်သတ်ပြီး ပူပန်သဖြင့် ကိစ္စများ ပြီးသည့်အခါ နောက်ကနေ လိုက်လာခဲ့တာ ဖြစ်သည်။

ဝမ်ချန် အဆိပ်မိနေတာကို မြင်သည့်အခါ သူတို့၏ နက်နဲသော မှော်စွမ်းအားကို အသုံးပြု၍ အဆိပ်များကို အတင်းအကြပ် ထုတ်ပစ်နိုင်အောင် ကူညီပေးသည်။

လူငယ်သခင်လေးဝမ်ချန်သည် သူ ဘာကြောင့် အဆိပ်မိခဲ့မှန်း စိတ်ထဲကနေ ခန့်မှန်းမိသည်။ အရင်တုန်းက အခုလို ကြီးကြီးမားမားဆုံးရှုံးမှု မခံစားဖူးခဲ့သော သူသည် ဟန်လိကို အရိုးထဲကနေ မုန်းတီးလာ၏။ သူက ဟန်လိကို အသေသတ်ပစ်ရမည့် ရန်သူတော်အဖြစ် သဘောထားလိုက်ပြီ။

သူ၏ အားနည်းနေသော ခန္ဓာကိုယ် အခြေအနေကိုပါ ထည့်မတွက်ဘဲ သူသည် ဟန်လိနှင့် တိုက်ခိုက်ခဲ့သော နေရာထိ အကြီးအကဲနှစ်ယောက်နှင့်အတူ ပြန်ရောက်လာသေးသည်။

ရွှေရောင်အရိုးခေါင်းရတနာကို သူ လက်လွှတ်ခဲ့ခြင်းမှာ ၎င်းသည် ဟန်လိ၏ ရတနာအဆောင်နှင့် ထွေလားယှက်တင် တိုက်ခိုက်နေသဖြင့် သူ ပြန်မသိမ်းဆည်းနိုင်ခဲ့တာပင်။ သူက ၎င်းအတွက် အမှန်တကယ်လည်း သိပ်ဂရုမစိုက်ပေ။ တကယ်တော့ သူသည် ဒီအရိုးခေါင်းရတနာကို အကြိမ်များစွာ အသုံးပြုခဲ့ပြီး ဖြစ်၏။ ဟန်လိက ၎င်းကို ယူသွားခဲ့လျှင်ပင် တစ်ကြိမ်၊နှစ်ကြိမ်သာ ထပ်မံ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် သည်အရိုးခေါင်းရတနာမှာ အများကြီး အသုံးမဝင်တော့ပါ။

သို့ပေမည့် သူ့ကို အကြီးအကျယ် ဒေါသ ထပ်ဖြစ်စေသည်က သူ အလစ်တိုက်ရန် စီစဉ်ထားသော တောင်ငယ်တစ်ခု၏ ထိပ်သို့ ပြန်ရောက်ရုံ ရှိသေး တစ္ဆေဝိညာဉ်ဂိုဏ်းမှ သက်တော်စောင့်တစ်ယောက်က သူ့ကို တင်ပြလာခဲ့သည့် သတင်းကြောင့်ပင်။ သည်နေရာရှိ သူတို့၏အုပ်စုကို မိစ္ဆာတာအိုခြောက်ဂိုဏ်းတွင် ပါဝင်သည့် ရမ္မက်ဂိုဏ်းမှ လူများက ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ခဲ့၏။

ဘေးဒုက္ခကြီးကြီးမားမား မဖြစ်ခဲ့သော်လည်း သူ့ သက်တော်စောင့်များထဲမှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ကို ထိုအုပ်စုက အတင်းအကြပ် ဖမ်းဆီးသွားခဲ့ကြောင်းကို သိရသည်။ ထိုအုပ်စုခေါင်းဆောင်၏ ပုံပန်းသွင်ပြင်အရ ရမ္မက်ဂိုဏ်းခေါင်းဆောင်၏ ဒုတိယမြောက်သား ထျန်ပုချွေ ဖြစ်ရမည်။ ထျန်ပုချွေသည် ဝမ်ချန်၏ ဂျူနီယာဖြစ်ပြီး သူကဲ့သို့ပင် ကျော်ကြားလှသူ ဖြစ်သည်။ သို့သော် ထျန်ပုချွေ၏ နည်းလမ်းများ၊ လုပ်ပုံကိုင်ပုံများကမူ ရက်စက်လှ၏။

ထိုသတင်းဆိုးကို ကြားသည့်အခါ ဝမ်ချန်၏ မျက်လုံးအရောင်သည် အပြင်ပိုင်းတွင် မှိန်ဖျော့သွားသော်လည်း သူ သွေးအန်လုမတတ် ခံစားနေရ၏။ အခုအခါတွင် ဟန်လိနှင့် ထျန်ပုချွေတို့သည် ဝမ်ချန် သတ်ပစ်မည့် စာရင်းထဲ ပါသွားခဲ့လေပြီ။

“သွားမယ်။ ကျုပ်တို့ နောက်ပြန်ဆုတ်လာတဲ့အကြောင်းကို ယန်ဂိုဏ်းအကြီးအကဲဆီ အသိပေးလိုက်…” အချိန်အတော်အတန်ကြာပြီးနောက် ဝမ်ချန်သည် သက်ပြင်းချကာ နောက်ဆုံး၌ ထိုသို့ အေးစက်စက် ပြောသည်။

ထိုအချိန်တွင် ဟန်လိသည် သည်နားပတ်လည်မှာ ကြာကြာဆက်မနေဝံ့၊ အဝါရောင်မေပယ်တောင်ကြားသို့ ဦးတည်ပျံသန်းနေ၏။ လမ်းတစ်ယောက်တွင် သူသည် ဓားဆိပ်ကမ်းနှင့် လမျက်နှာဖုံးဂိုဏ်းတို့မှ ကျင့်ကြံသူအုပ်စုတစ်စုနှင့် တွေ့သည်။ ထိုအုပ်စုထဲမှ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က သူတို့သည် မဖြစ်မနေ စစ်ပွဲ၌ အမှူထမ်းနေတာ ဖြစ်ကြောင်းကို ထုတ်ပြောလာ၏။

All Chapters