အစစ်အမှန်ခွန်အား
Vol. 19 Ch. 263
ဟန်လိသည် သူ့လက်ထဲရှိ အမိန့်စာကို တစ်ချက် ကြည့်သည်။ ၎င်းမှာ ဂိုဏ်းခေါင်းဆောင်အားလုံးက ခရီးသွားကာ ဂိုဏ်းအပြင် ရောက်နေသော တပည့်များအားလုံးအတွက် အမိန့်ပေးထားချက် ဖြစ်သည်။ ဟန်လိသည် လွန်စွာ စိတ်ဓာတ်ကျသွား၏။
သည်အမိန့်စာကို အတုပြုလုပ်၍ မရနိုင်ပေ။ သို့သော် သူသည် ထိုအမိန့်များကို မနာခံချင်တာတော့ အမှန်ပင်။
တဖက်သူ၏ အပြောအရ ဟန်လိသည် မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်း၏ ကျူးကျော်မှု၊ ယွဲ့ဒေသ၏ ကျင့်ကြံခြင်းလောကအပေါ် ရှောင်လွှဲမရသော ကပ်ဘေးကြီးတစ်ခု ကျရောက်နေပြီကို သိခဲ့ပြီ။
ယွဲ့ဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းလုံးက ခုခံနိုင်သည် ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ သေကြေရမည့် ကျင့်ကြံသူ အရေအတွက် မနည်းမနောဖြစ်မှာ သေချာသည်။ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူများသည်လည်း သူတို့၏ အမြုတေ ဖျက်စီးခံရကာ သေခဲ့ရသည့် အရေအတွက် မနည်းပေ။
ထို့ကြောင့်လည်း ဟန်လိသည် ဒီထိတ်လန့်ဖွယ်ရာ သတင်းကို ကြားရသည့်အခါ၌ သူအလုပ်ချင်ဆုံး အရာမှာ သူ၏ အင်မောတယ်လှိုဏ်ဂူသို့ ပြန်ပြီး ဆယ်စုနှစ်ကျော် တံခါးပိတ် နေထိုင်ရန် ဖြစ်သည်။ သို့သော် ဤသည်မှာ စိတ်ကူးယဉ်ရာ ကျကြောင်း သူ သိသည်။ ဂိုဏ်းခုနစ်ဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် သူသည် သည်စစ်ပွဲကနေ လွယ်လင့်တကူ ဘယ်လွတ်နိုင်ပါ့မည်နည်း။
ဟန်လိသည် ထိုသို့ တွေးနေစဉ် သူ့ရှေ့ရှိ လမျက်နှာဖုံးဂိုဏ်းမှ ကျင့်ကြံသူက ပြုံး၍ ပြောလာသည်။ “ဂျူနီယာညီလေး မင်း ဒီအမိန့်စာကို ဖတ်ပြီးပြီမလား။ ညီလေးရဲ့ အမည်နဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖော်ပြပေးနိုင်မလား။ ကျုပ်တို့ အနာဂတ်မှာ အတူတူ ပူးပေါင်းလုပ်ဆောင်တဲ့အခါ တစ်ယောက်ရဲ့ စွမ်းရည်တွေ တစ်ယောက် သိထားတာ ပိုကောင်းတယ် မဟုတ်လား…”
ဟန်လိသည် ထိုသူ့ကို ကြည့်၏။ ထို့နောက် ထိုသူ၏ နောက်မှ ကျင့်ကြံသူ သုံးဆယ်ကျော်ထံပါ အကြည့်ရောက်သွားသည်။ ထိုကျင့်ကြံသူများကြားတွင် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် သုံးယောက် ရှိနေ၏။ ကျန်သည့်သူများမှာ ချီစုဆောင်းခြင်းအဆင့်တွင်သာ ရှိသေးသည်။ သို့အတွက် ဟန်လိမှာ နည်းနည်းတော့ စိတ်အေးသွားမိသည်။ အနည်းဆုံးတော့ ထိုသူများနှင့် ပူးပေါင်းခြင်းမှာ အလွန်ခက်ခဲမည့်ပုံ မရှိလောက်ပေ။
ထိုအတွေးဖြင့် ဟန်လိက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။ “အဝါရောင်မေပယ်တောင်ကြားရဲ့ ဟန်လိ၊ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်…”
အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ကျင့်ကြံမှုအဆင့်ကို သိနိုင်ကြသည်။ သို့သော် သူ့ရှေ့မှ သူမှာ သူ့ထက် ကျင့်ကြံမှုပိုအဆင့်မြင့်ကာ နောက်ဆုံးအဆင့်တွင် ရှိနေသည်။ သူက သူတို့ကို အမြင်မကြည် မဖြစ်သွားစေချင်ပေ။ တအောင့်အကြာ၌ ဟန်လိသည် စိတ်ထဲ သံသယ ရှိနေသော အချက်ကို မေးသည်။ “အစ်ကို…ခင်ဗျားက ကျုပ်ရဲ့ အဆင့်အတန်းကို ဘာကြောင့်များ သံသယ မဝင်ရတာလဲ။ ခင်ဗျားက ကျုပ်ကို ရပ်ခိုင်ပြီးပြီးချင်း အမိန့်စာကို ထုတ်ပြခဲ့တယ်လေ။ ဒီလိုလုပ်ခဲ့တာဟာ ကျုပ် ဝတ်ထားတဲ့ အဝါရောင်မေပယ်တောင်ကြားရဲ့ ဝတ်စုံကို မြင်ရုံသပ်သပ်နဲ့တော့ မဟုတ်မှာ သေချာတယ်…”
ဟန်လိသည် ဓားဆိပ်ကမ်းဂိုဏ်းနှင့် လမျက်နှာဖုံးဂိုဏ်းမှ ကျင့်ကြံသူအုပ်စုကို မြင်မြင်ချင်း ရှောင်ကွင်းထွက်သွားရန် ကြံစည်ခဲ့သည်။ သို့သော် သူ့ရှေ့မှ သူက အမြင်စူးရှပြီး သူ့ရှေ့တွင် မြန်ဆန်စွာ ပေါ်လာပြီး သူ့အား လမ်းပိတ်၍ အမိန့်စာ ထုတ်ပြန်လိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။
“ဟားဟား…သွေးနဲ့မီးစမ်းသပ်ကွင်းမှာတုန်းက ကျုပ်က ဂျူနီယာညီလေးကို မြင်ဖူးခဲ့တယ်။ ဒီလောက်နှစ်တွေလောက်နဲ့ ညီလေးဟန်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေလိမ့်မယ်လို့တော့ ကျုပ်လည်း ထင်မထားဘူး။ ဒါက တကယ့်ကို ဂုဏ်ပြုဖို့ ထိုက်တန်တဲ့ ကိစ္စပဲ…”
အသက်သုံးဆယ် ဝန်းကျင်ရှိသော လက်မျက်နှာဖုံးဂိုဏ်းမှ ထိုသူက ပြုံး၍ ပြန်ဖြေသည်။ သူ့စကားကြောင့် ဟန်လိမှာ အံ့ဩသွားရသည်။
“ရောင်းရင်းက ဘယ်သူများလဲ…”
တဖက်သူ ပြောမှ ဟန်လိလည်း ထိုသူ့ကို မြင်ဖူးသလိုလို ခံစားမိလာသည်။ ထိုသူမှာ သွေးနှင့်မီးစမ်းသပ်ကွင်း၌ သူ့ကို မြင်ခဲ့ဖူးတာ မှန်လောက်မည်။
“ကျုပ်က ရွှမ်လီပါ။ လမျက်နှာဖုံးဂိုဏ်းရဲ့ ကြီးကြပ်သူတစ်ယောက်ပေါ့။ အဲ့အချိန်တုန်းက ကျုပ်လည်း သိုင်းဒေါ်လေးနီချန်ရဲ့ အဖွဲ့ထဲမှာ ရှိနေခဲ့တာပဲ။ အဲ့တုန်းက ဂျူနီယာညီလေးဟန် အကျိုးအမြတ် အများအပြား ရိတ်သိမ်းနိုင်ခဲ့တဲ့ မြင်ကွင်းကိုလည်း ကျုပ် မျက်လုံးနဲ့ ကိုယ်တိုင် တွေ့ခဲ့တယ်…”
ဟန်လိသည် ခုမှ ရေးတေးတေး ပြန်မှတ်မိသည်။ ထိုစဉ်က သည်လူမှာ လမျက်နှာဖုံးဂိုဏ်း၏ အခြေခံတည်ဆောက်ခြင်းအဆင့် ခေါင်းဆောင်လေးယောက်များထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ ဟန်လိက သူ့ကို များစွာ အာရုံမစိုက်မိခဲ့၍ သေချာမမှတ်မိတာ ဖြစ်၏။ သို့သော် တဖက်သူကမူ သူ့ကို အဝေးကနေပင် တချက်ကြည့်ရုံနှင့် မှတ်မိခဲ့သည်။ ဤသည်မှာ အမှန်တကယ် အထင်ကြီးစရာပင်။
“ဂျူနီယာညီလေးဟန်က အလျင်စလို သွားနေတော့ အရေးတကြီး ကိစ္စတချို့ ရှိနေမှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ် တာဝန်အတွက် လူအင်အား လိုနေတယ်။ ဒါ့ကြောင့် ညီလေးဟန်ရှိက အကူအညီနည်နည်းပါးပါး ပေးဖို့ တောင်းဆိုတာကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး…”
ရွှမ်ယဲ့သည် ယဉ်ယဉ်ကျေးကျေး ရှင်းပြလာသည်။
ဟန်လိက ထိုစကားကို ကြားသည့်အခါ နှုတ်ခမ်းထောင့် တွန့်သွားမိသည်။ သူသည် ခါးသီးစွာ ပြုံး၍ မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။ “အမိန့်စာကိုင်ထားတဲ့ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တောင်းဆိုမှုက ကျုပ်က ဘယ်လိုလုပ် ငြင်းပါ့မလဲ…”
ထိုသို့တွေးနေပြီး ဟန်လိက နောက်ထပ် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူသုံးယောက်ထံ လှမ်းကြည့်ပြီး အားတင်းကာ ပြောသည်။ “အစ်ကိုရွှမ်က ဒီလိုရှင်းပြလာမှတော့ ကျုပ်က ခင်ဗျားရဲ့ အမိန့်တွေကို နာခံပါ့မယ်။ ဒါပေမဲ့ ကျုပ်မှာ ဂိုဏ်းခေါင်းဆောင်ဆီ တင်ပြရမယ့် အရေးတကြီး ကိစ္စတစ်ခု ရှိနေတယ်။ စီနီယာအစ်ကိုရွှမ်ရဲ့ ဂိုဏ်းဝင်တွေဟာ ဒီသတင်းကို သွားပြောပေးဖို့ မျှော်လင့်ပါတယ်…”
ထို့နောက်တွင် ဟန်လိသည် ယန်လင်းရဲတိုက်၌ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြ၏။ သူ လွတ်မြောက်လာခဲ့ပုံ အသေးစိတ်ကိုတော့ ထိန်ချန်ထားခဲ့မှာ သဘာဝပင်။
ရွှမ်ယဲ့နှင့် တခြားသူများသည် သည်အကြောင်းကို ကြားသည့်အခါ သူတို့၏ အထိတ်တလန့် ဖြစ်ကုန်၏။ သူတို့က သည်သတင်းကို ပို့ပေးရန် ချီစုဆောင်းခြင်း တပည့်နှစ်ယောက်ကို အမြန် ခိုင်းလိုက်သည်။
ယန်ဂိုဏ်နှင့် မိစ္ဆာဂိုဏ်းတို့ ပူးပေါင်းသွားသည့် အနေအထားအောက်မှာ သူတို့သည် တခြားသူများအား ထားခဲ့သည့်အတွက် ဟန်လိကို အပြစ်မတင်ကြပေ။
သည်လိုဖြင့် သူတို့သည် အတူတကွ ခရီးဆက်လာခဲ့ရင်း တခြားကျင့်ကြံသူများထံမှ သူတို့၏ တာဝန်ကို တဖြည်းဖြည်း သိလာခဲ့သည်။ သူတို့သည် စိတ်ဝိညာဉ်ကျောက်တွင်းတစ်ခုကို ကာကွယ်နေသော အဖွဲ့ထံ အင်အားဖြည့်ဖို့ စေလွှတ်ခံရတာ ဖြစ်၏။ မူလရှိနှင့်သော အဖွဲ့တစ်ခုတည်းဖြင့် မိစ္ဆာတာအိုဂိုဏ်း၏ ဓားပြလာတိုက်မှာကို မခုခံနိုင်မှာ သဘာဝပင်။
ထိုတာဝန်သည် မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းနှင့် အကြီးအကျယ် တိုက်ခိုက်ရသည့် တာဝန်တစ်ခုတော့ မဟုတ်ပေ။ သို့အတွက် ဟန်လိက စိတ်အေးကာ သက်ပြင်းချ၏။
အမှန်တကယ်တွင်မူ အဝါရောင်မေပယ်တောင်ကြားသို့ သူ ပြန်ရောက်သွားခဲ့လျှင်ပင် တာဝန်တစ်ခုခု လုပ်ဆောင်ရမှာ သေချာသည်။ ထို့အပြင် သူလုပ်ရမည့် တာဝန်က အခုထက် ပိုကောင်းမွန်လိမ့်မည်ဟု အာမခံ၍ မရပါ။
အခု တာဝန်ကမူ အနည်းနှင့်အများ အန္တရာယ်ရှိသည် ဆိုသော်လည်း သူသာ သေချာ ဂရုစိုက်ပါက ထိခိုက်နိုင်ချေ နည်းသည်။ သူတို့ စောင့်ကြပ်ရမည့် စိတ်ဝိညာဉ်ကျောက်တွင်းသည် ကြီးမား၏။ ဘေးပတ်လည်မှာ တောင်ကြီးဆယ်လုံး ရှိ၏။ ရန်သူသည် ဂိုဏ်းခုနစ်ဂိုဏ်း၏ စိတ်ဝိညာဉ်ကျောက်တွင်းများကို ဓားပြလာတိုက်လိုလျှင်ပင် သူတို့၏ ပစ်မှတ်မှာ အကြီးဆုံး တွင်းကို အရင်ဆုံး တိုက်ဖို့များသည်။
ထိုအတွေးဖြင့် ဟန်လိ၏ တမျိုးတမည် ဖြစ်နေသော စိတ်အခြေအနေမှာ ကောင်းမွန်လာ၏။ လာမည့်နေ့များမှာ သူသည် ရွှမ်ယဲ့နှင့် တခြားကျင့်ကြံသူများနှင့်လည်း ပို၍ ရင်းနှီးလာခဲ့သည်။
နောက်ရက်များတွင် ဟန်လိတို့ အုပ်စုသည် ယွဲ့ဒေသ၏နယ်စပ်များအတွင်းရှိ ကြီးမားသောမြေရိုင်းလွင်ပြင်တစ်နေရာကို နောက်ဆုံးမှာ ရောက်လာခဲ့ကြပြီ။ ထိုအနောက်ဘက်မြေရိုင်းလွင်ပြင်ရှိ ချောက်နက်ကြီးအတွင်းမှာ စိတ်ဝိညာဉ်ကျောက်မိုင်းတစ်ခု တည်ရှိသည်။ ၎င်းချောက်သည် မီတာသုံးရာကျော်ထိ နက်၏။
ရွှမ်ယဲ့၏ ဦးဆောင်မှုအောက်မှာ သူတို့သည် မန္တာန်ဖြင့် ကွယ်ဖျောက်ထားသော ချောက်ထံ ပျံသန်းလာ၏။ တချိန်တည်းမှာ ဂိုဏ်းခုနှစ်ဂိုဏ်းမှ ကျင့်ကြံသူများက သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာသည်။
သည်စိတ်ဝိညာဉ်ကျောက်တွင်း၏ မူလအစောင့်အကြပ်များ၏ ခေါင်းဆောင်သည် အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် အဘိုးအိုတစ်ယောက် ဖြစ်၏။ သူသည် ကောင်းကင်မျှော်စင်ဂိုဏ်းမှ ဝတ်စုံကို ဝတ်ထား၏။ သူ၏ ဘေးတွင် ချီစုဆောင်းခြင်း တပည့် ငါးယောက်၊ခြောက်ယောက်လောက် ရှိနေသည်။
ထိုသို့သော အားနည်းသော အစောင့်အကြပ်များသာ ရှိနေသဖြင့် ဂိုဏ်းခုနစ်ဂိုဏ်းမှ ထိပ်ပိုင်းပုဂ္ဂိုလ်များက ပူပန်တကြီး အထောက်အပံ့ လွှတ်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ပေ။
ထိုအဘိုးအို၏ အမည်မှာ ယုရှင်း ဖြစ်၏။ သူက သူတို့ကို ချောက်နက်ထဲရှိ လှိုဏ်ဂူကြီးတစ်ခုထံ ဦးဆောင်ခေါ်လာသည်။ ထိုနေရာတွင် သူက ဟန်လိနှင့် တခြားသူများကို စိတ်ဝိညာဉ်ကျောက်တွင်း၏ အခြေအနေနှင့် ပတ်သတ်၍ အသေးစိတ်ရှင်းပြသည်။ ယင်းနောက်မှာ ရွှမ်ယဲ့သည် လှစ်ခနဲ လှုပ်ရှားကာ သူတို့၏ အကာအကွယ်များကို ပြတ်ပြတ်သားသား စီမံသည်။
သူက အစီအရင်အလံဆယ်ခုကျော်နှင့် သတ္တုပြားများကို ထုတ်ပြီး အမျိုးသားကျင့်ကြံသူများကို ပုံရိပ်ယောင်အစီအရင်၏ အောက်၌ အကာအကွယ်အစီအရင်တစ်ခုအား တည်ဆောက်ခိုင်းသည်။ သူက ဟန်လိနှင့် တခြားကျင့်ကြံသူများကို အုပ်စုများ ဖွဲ့ပေးပြီး ရန်သူများ အလစ်လာတိုက်ခိုက်မည့်ကို ကာကွယ်နိုင်ရန် စိတ်ဝိညာဉ်ကျောက်တွင်း အနီးအနား၌ အမြဲမပြတ် ကင်းလှည့်ရန် တာဝန်ပေးသည်။ တာဝန်ချိန် မဟုတ်သော ကျင့်ကြံသူများကတော့ တရားထိုင်ကာ သူတို့၏ မှော်စွမ်းအားများကို ကျင့်ကြံနိုင်သည်။
ဟန်လိသည် ရွှမ်ယဲ့၏ စီမံပေးမှုများကို အတော်လေး ကျေနပ်အားရ၏။
သူ၏ ခွန်အား၌ အားနည်းနေသော အရာများကိုလည်း ဖြည့်ဆည်းနိုင်စွမ်း ရှိနိုင်လောက်၏။
တစ္ဆေဝိညာဉ်ဂိုဏ်းမှ သခင်လေးနှင့် တိုက်ခိုက်ခဲ့စဉ်က သိမြင်ခဲ့သော အတွေ့အကြုံအရ ဟန်လိသည် သူ၏ တိုက်ခိုက်မှုပုံစံက ရန်သူ အများနှင့် ရင်ဆိုင်ရပါက အဆင်မပြေလောက်မှန်း သဘောပေါက်ပြီး ဖြစ်သည်။
သူ ထုတ်ဖော်ခဲ့သော မိုးပြာမီးအနံ့ဆိုး အဆိပ်ငွေ့၏ သက်ရောက်မှုကြောင့်သာ မဟုတ်ခဲ့ပါက ခုချိန်လောက်ဆို ဟန်လိသည် အဝါရောင်မြေသားအောက်မှာ မြှုပ်နှံ့ခံရတာ ကြာနှင့် နေလောက်ပြီ။ သူ၏ စိတ်ဝိညာဉ်သည်ပင် ရန်သူ၏ ဖမ်းစီးခြင်းကို ခံရကာ နည်းလမ်းပေါင်းတစ်ရာကျော်လောက်နှင့် နှိပ်စက်ခံနေရလောက်ပြီ။ သူက ထိုသို့သော သေသည်ထိ ဆိုးဝါးသော ကံကြမ္မာမျိုးကို အလန့်တကြား တွေးမိချိန်၌ ဟန်လိမှာ အရိုးထဲ စိမ့်ခနဲ ဖြစ်သွားသည်။
ထိပ်တန်းမိစ္ဆာတာအို လျှို့ဝှက်ပညာရပ်၊ မဟာသွေးဝိညာဉ်ပညာရပ်အပေါ် ကြီးမားသော ကြောက်လန့်မှု ဟန်လိ၏ စိတ်ထဲတွင် မွေးဖွားလာခဲ့သည်။
အကယ်၍ သူသည် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်း၏ လူငယ်သခင်လေးလက်ထဲမှ ထပ်မံပြီး ထွက်ပြေးရမည် ဆိုပါက ရန်သူ၏ လျှို့ဝှက်ပညာရပ်များနှင့် ရင်ဆိုင်ရလျှင် သူ့ကိုယ်သူ သတ်သေခြင်းနှင့် တူပေလိမ့်မည်။ သူသာ မိုးပြာအနှစ်သာရဓားပညာရပ်ကို အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ မကျင့်ကြံနိုင်သေးပါက ၎င်း၏ နတ်စွမ်းရည်များသည် ရန်သူ၏ ပညာရပ်များကို ယှဉ်နိုင်မှာ မဟုတ်ပေ။
ယွဲ့ဒေသအပေါ် မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းက ကျူးကျော်နေစဉ်အတွင်း ဂိုဏ်းခုနစ်ဂိုဏ်းသည် အသည်းအသန် တန်ပြန်တိုက်ခိုက်မှု ပြုနေရမည်။ ထိုအချိန်အတွင်း ကျင့်ကြံသူများကြား သေကြေမှုက နေရာတိုင်းမှာ တွေ့လာရနိုင်သည်။ အခုကဲ့သို့ အချိန်ကာလအတွင်း လူတစ်ယောက်၏ ခွန်အားကို အလျင်အမြန် တိုးတက်စေခြင်းနှင့် ရေရှည်အစီအစဉ်များသည် ဒုတိယဦးစားပေး ဖြစ်သည်။ ဗရမ်းဗတာ ဖြစ်နေစဉ်အချိန်မှာ သူ့အသက်ကိုယ်သူ မသေအောင် နေနိုင်ခြင်းကသာ ပထမဦးစားပေး ဖြစ်၏။
ထို့ကြောင့် ဟန်လိသည် သူ၏ ကျင့်ကြံမှုအတွက် မူလအစီအစဉ်များကို အလိုက်သင့် ပြင်ဆင်ရတော့မည်။
မိုးပြာအနှစ်သာရဓားပညာရပ်ကို ကျင့်ကြံဖို့ကိုတော့ သည်အချိန်အတွင်း ဘေးဖယ်ထားရမည်သာ။ သူသည် သူ၏ ခွန်အားကို မည်မည်ရရ တိုးတက်အောင် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို အရင်ဆုံး ကျင့်ကြံရမည် ဖြစ်သည်။
ဟန်လိသည် စက်ရုပ်သေးများ၏ လွှမ်းမိုးနိုင်သော စွမ်းအားကို မြင်ခဲ့ဖူးပြီး ဖြစ်၏။ သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ပထမဆုံးအဆင့်ကိုပဲ ကျင့်ကြံနိုင်ခဲ့လျှင်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်မည့် လုံလောက်သော စွမ်းအား ရှိလာနိုင်သည်။ တကယ်တော့ သူ့မှာလည်း စက်ရုပ်သေးဆယ်ခုကျော် ရှိနှင့်ပြီးသား ဖြစ်၏။
သူသည် ထိုရုပ်သေးကျမ်းဂန်များကို လေ့လာရမည်။ အချိန်တိုအတွင်း ရိုးရှင်းသော စက်ရုပ်သေးအချို့ကို ဖန်တီးနိုင်ဖို့ မျှော်လင့်ရပါသည်။ သူ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနေစဉ် အချိန်ကာလ တလျှောက်လုံး မဟာဖွံ့ဖြိုးခြင်းပညာရပ်သည် သူ၏ ခွန်အား အရင်းအမြစ်တစ်ခု ဖြစ်နေမည်သာ။
ထိုသို့ အကြိမ်ကြိမ်၊ အမျိုးမျိုး စဉ်းစားနေပြီးနောက်မှာ ဟန်လိသည် နောက်ဆုံး၌ မှန်ကန်သော ဆုံးဖြတ်ချက်ဟု ခံစားမိ၏။ သူ့တာဝန်ချိန် အားသည်နှင့် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံတော့မည်။ တချိန်တည်းမှာ သူသည် သူ့လက်ထဲရှိ ရိုးရှင်းသော သတ္တုအမယ်အချို့နှင့် ကနဦးအဆင့် စက်သားရဲများကို စဖန်တီးရန် ရည်ရွယ်ထားသည်။ ထို့အပြင် သူ၏ပုံတူ ရုပ်သေးများကို ဖန်တီးဖို့အတွက်လည်း အချိန်နှင့်စွမ်းအားကို မြှုပ်နှံ့ထားအုံးမည် ဖြစ်၏။