ဝါဒတောင်ဖွင့်ပွဲအခမ်းအနား
Vol. 73 Ch. 1022
အခန်း (၁၀၂၂) ဝါဒတောင်ဖွင့်ပွဲအခမ်းအနား
ယခင်က ရန်ကျောက်ကဲနှင့်ရန်တိတို့ ပိုးသားဧကရာဇ်၏ဖိတ်ကြားချက်ဖြင့် အမုန်းတရားမဲ့ တာအိုနန်းတော်သို့ ဧည့်သည်တော်များအဖြစ် သွားရောက်ခဲ့ကြသည်။
ထိုစဉ်က အဖြစ်အပျက်သည်လည်း အတော်လေးထူးဆန်း၏။
သူတို့ရောက်သွားသည့်အချိန် အိမ်ရှင်ကပျောက်နေလေသည်။
ပြီးတော့ ဖုထင်နှင့် မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများ ထိုသို့ အခက်တွေ့ကြရသည်ကိုလည်း သူတို့ တစ်ကြိမ်မှပင် မမြင်ဖူးခဲ့ကြပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွား လှံရှည်ရောက်လာသည့်တိုင် ပိုးသားဧကရာဇ် ပြန်ရောက်မလာခဲ့ပေ။
နောက်ပိုင်းမှာတော့ ရန်ကျောက်ကဲနှင့်ဖုထင်တို့က အမတခုံရုံးနယ်မြေသို့ ရောက်ရှိသွားပြီး ရန်တိကတော့ ထိုက်ယိဟွာတိမ်တိုက်ကို ရရှိခဲ့သည်။
ထိုစဉ်က ပျက်ကွက်သည့်အကြောင်းနှင့်ပတ်သက်ပြီး ဖုထင်က အမြဲတမ်းအပြစ်ရှိသလို ခံစားနေခဲ့ရသည်။
သို့သော် ပိုးသားဧကရာဇ်က သူ၏ပျက်ကွက်ခဲ့ခြင်းအတွက် ရှင်းလင်းချက်မပေးခဲ့သဖြင့် ယင်းနှင့်ပတ်သက်ပြီး မည်သို့မှ မတတ်နိုင်ခဲ့ကြပေ။
ပိုးသားဧကရာဇ်က အသွေးအဖွဲကိစ္စများကို အရေးမစိုက်တတ်ဘဲ ပေါ့ပါးလွတ်လပ်သော ကိုယ်ရည်ကိုယ်သွေး ရှိသည် အမှန်ပင်။ သို့သော် ယေဘုယျအားဖြင့် သူက ကတိတည်သူတစ်ယောက် ဖြစ်၏။
အမုန်းတရားမဲ့တာအိုနန်းတော်တွင် သူထွက်ပေါ်မလာခြင်းမှာ မူမမှန်သည့်ကိစ္စတစ်ခုဖြစ်ပြီး ယခုလည်း ထိုသို့ပင် ထပ်မံဖြစ်ပျက်သည့်အခါ ရန်ကျောက်ကဲစိတ်ထဲ သိချင်စိတ်ဖြစ်လာမိသည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်ကိုပစ်မှတ်ထားရန်တော့ ပိုးသားဧကရာဇ်တွင် ရည်ရွယ်ချက် မရှိနိုင်ပေ။
သူ၏အဆင့်အတန်းနှင့်ဂုဏ်ပုဒ်အရ အစကတည်းက မလာချင်ဘူးဆိုလျှင် အပြတ်ပြောလိုက်နိုင်သည်။ ချိန်းထားပြီးမှ တမင်သက်သက် ကတိဖျက်ရန် မလိုအပ်ပေ။
ယခုတော့ကြည့်ရသည်မှာ ကိစ္စရပ်များက အတော်လေး လွဲမှားနေပေပြီ။
ဤကိစ္စနောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုတစ်ခုရှိနေကြောင်း ရန်ကျောက်ကဲ အရိပ်အမြွက်ခံစားလိုက်မိသည်။
“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ထပ်ပြီးစိန်ခေါ်ပြန်ပြီလား ၊ သူက ပိုးသားဧကရာဇ်ကိုတားဆီးဖို့ ရုတ်တရက် ထပ်ပြီး ထွက်ပေါ်လာပြန်တာလား”
ရန်ကျောက်ကဲတွေးလိုက်သည်။
“ဒါမှမဟုတ် အမုန်းတရားမဲ့ တာအိုနန်းတော်မှာလိုမျိုးပဲဖြစ်တာလား ၊ ဒီတစ်ခါလည်း သူ့ကို နှောင့်ယှက်တဲ့ကိစ္စတစ်ခုခု ပေါ်လာလို့များလား”
မည်သို့ပင်ဖြစ်စေ ယခုကိစ္စနောက်ကွယ်တွင်တော့ ကြံစည်မှုတစ်ခုရှိနေသည်မှာ သေချာသည်။
ရန်ကျောက်ကဲက တစ်ချက်တွေးလိုက်ပြီးမှ ပြုံးရင်းစကားဆိုလိုက်၏။
“ပိုးသားဧကရာဇ်ရောက်မလာပေမယ့် ကျွန်တော်တို့ အချိန်မီ အခမ်းအနား စလိုက်ကြရအောင် ၊ ကြည့်ရတာ ပိုးသားဧကရာဇ်က နည်းနည်း လောက်နောက်ကျမယ် ထင်ပါတယ်”
အင်္ဂါဂြိုဟ်ပု ဆိန်သွားလှံရှည်နှင့်တိုက်ပွဲတုန်းကလည်း ပိုးသားဧကရာဇ်က အနည်းငယ် နောက်ကျခဲ့သည်ပင်။
အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်ကျယ်’ ကလည်း ရန်ကျောက်ကဲစကားကို ကန့်ကွက်ခြင်း မရှိပေ။
“ပိုးသားဧကရာဇ် စိတ်ရှိမယ်မထင်ပါဘူး...”
ရန်တိက တစ်ချက်ခေါင်းညိတ်လိုက်ပြီးနောက် မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများအား အခြေအနေ ညှိနှိုင်းလိုက်သည်။
မြောက်ဖေးတောင်ထွတ်မှလူများကလည်း အားနာပြီး စိတ်မသက်မသာ ခံစားနေကြသည်ဖြစ်ရာ ဝါဒတောင်၏အစီအစဉ်ကို ကန့်ကွက်ခြင်း မရှိပေ။
ဧည့်သည်တော်များအလည်တွင် မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ သည်လည်း ထိုင်လျက် ရှိသည်။
သူက သေရည်သောက်ရင်း ဝါဒတောင်နှင့် မြောက်ဖေးတောင်ထွတ်မှ လူများကို အကဲခတ်နေသည်။
နောက်ဆုံးတော့ သူ၏မျက်ဝန်းများက မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများထက်သို့ ကျရောက်သွား၏။
“ပိုးသားဧကရာဇ်က... ကတိဖျက်တာလား”
ချန်ခွန်းဟွာတွေးလိုက်သည်။
သေရည်ပန်းကန်နှုတ်ခမ်းသားများထက် လက်ချောင်းများ ပွတ်သပ်ဆော့ကစားရင်း သူ့မျက်ဝန်းများ အနည်းငယ် တောက်ပသွား၏။
“အခု စိတ်ဝင်စားစရာကောင်းလာပြီ”
ချန်ခွန်းဟွာ သူ့ကိုကြည့်နေကြောင်း သတိထားလိုက်မိသည်နှင့် ရန်ကျောက်ကဲက သူ့ကိုလှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲ လှည့်ကြည့်လာတော့ ချန်ခွန်းဟွာက သူ့ကို ဖော်ရွေစွာပြုံးပြပြီး လက်ထဲမှ သေရည်ခွက်ကိုမြှောက်ကာ နှုတ်ဆက်လိုက်သည်။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ကာ သူ့ကိုခဏမျှစိုက်ကြည့်လိုက်သည်။ နောက်ဆုံးတော့ တစ်ချက် ရယ်မောလိုက်ပြီး မည်သည့်စကားမှမဆိုဘဲ လှည့်ထွက်သွားသည်။
“ဟမ်...”
ဒါကိုမြင်တော့ ချန်ခွန်းဟွာ မျက်နှာထက်မှအပြုံးရိပ်က အနည်းငယ်လွင့်ပြယ်သွားသည်။
သူ့မျက်ဝန်းများက တစ်စုံတစ်ခု ပြုလုပ်ချင်သည့်အလား ရန်ကျောက်ကဲ၏ကျောပြင်ကို စူးစိုက်ကြည့်နေပြီး အလင်းရောင်များ တောက်ပသွားသည်။ သို့သော် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ဘာမှမလုပ်တော့ဘဲ စွန့်လွှတ်လိုက်တော့သည်။
ထို့နောက် ချန်ခွန်းဟွာက ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ပြီး ခွက်ထဲသို့ သေရည်အချို့ ထပ်ဖြည့်ကာ အေးအေးဆေးဆေးပင် သောက်နေတော့၏။
အရှေ့တောင်ထိပ်တန်း အရှင်သခင် ‘ချောင်ကျယ်’ နှင့် အရှေ့တောင်ဓားနတ်မယ်တို့က အထူးဧည့်သည်တော်နေရာတွင် ထိုင်နေကြပြီး တည်ငြိမ်စွာဖြင့် အပြောင်းအလဲများကို စောင့်ကြည့်နေကြသည်။
ကျင်းထင်တောင်နှင့် ဝါဒတောင်တို့က ယခုအခါ ဆိုးတူကောင်းဖက် အခြေအနေဖြစ်ကြလေရာ ကျူးကျော်လာမည့်ရန်သူက ဝါဒတောင်ကိုသာမက ကျင်းထင်တောင်ကိုပါ ပစ်မှတ်ထားမည်အမှန်ပင်။
ယွမ်ကျန်းဖုန်း ၊ ဖန်ကျွင်းနှင့် ဝါဒတောင်မှ ထိပ်တန်းအကြီးအကဲများ ထိုင်ခုံတွင် ထိုင်နေကြပြီး ရန်တိကတော့ ပင်မထိုင်ခုံထက်တွင် ထိုင်နေသည်။ ရန်ကျောက်ကဲကတော့ ရန်တိနောက်တွင် မတ်တတ်ရပ်နေလေသည်။
အခမ်းအနား တရားဝင်စတင်မည့်အချိန်သို့ ရောက်သည့်အခါ ရန်တိက နေရာမှ ငြိမ်သက်စွာပင် မတ်တတ်ရပ်လိုက်ပြီး ပရိပ်သတ်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူက စကားမဆိုသေးသလို သူ၏မျက်ဝန်းများတွင်လည်း လွှမ်းမိုးချုပ်ကိုင်သည့်အငွေ့အသက်များ ထင်ဟပ်နေခြင်း မရှိပေ။
သို့တိုင် ဝါဒတောင်ဖွင့်ပွဲအခမ်းအနား တရားဝင်စတင်တော့မည်ကို သိရှိကြသဖြင့် မိုးထိတောင်ထက်မှ ပင်မခန်းဆောင်ကြီးထဲတွင် လူတိုင်း အသံတိတ်ဆိတ်သွားကြသည်။
ယင်လုန်ထူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် လက်ထဲတွင် စည်တီးမည့်ရိုက်တံကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ ထို့နောက် ဘေးနားတွင်ရှိနေသည့် ရွှေရောင်စည်ကြီးအား တစ်ချက်ထုရိုက်တီးခတ်လိုက်၏။
ကျယ်လောင်သော ခေါင်းလောင်းသံများသည်လည်း အဝေးတစ်နေရာထိတိုင် တဟုန်ထိုးပျံ့လွင့်သွားပြီး စည်တီးသံက (၉)ကြိမ်တိတိ ဆက်တိုက်ထွက်ပေါ်လာသည်။
တည်ကြည်လေးနက်သည့်လေထုက ဝါဒတောင်တွင်ရှိနေသူအားလုံးထံ လွှမ်းခြုံသွားသည်။
မြေပြင်ဆင်းသက်တောင်ခြေတွင် ဝါဒတောင်သို့ဝင်ရောက်လိုသည့် လူငယ်အုပ်စုတစ်စု စောင့်နေကြသည်။
အစပိုင်းတွင် ဆူညံစွာစကားပြောနေကြသော်လည်း ခေါင်းလောင်းသံနှင့် စည်တီးသံကိုကြားလိုက်ရသည့်အခါ ချက်ချင်း စကားသံများရပ်တန့်သွားပြီး သူတို့အားလုံး၏ မျက်နှာများက တည်ကြည်လေးနက်သွားကြသည်။
စည်တီးသံထပ်ခါထပ်ခါထွက်ပေါ်လာလေ သူတို့မျက်နှာများက ပိုမိုတည်ကြည်လေးနက်လာကြလေ ဖြစ်၏။
“ငါတို့ရဲ့တောင်တံခါးကိုဖွင့်ပြီး အရည်အချင်းရှိသူတွေအားလုံးကို ဖိတ်ခေါ်ပါတယ် ၊ ဝါဒတောင်ကို မင်းတို့တွေရောက်ရှိလာတဲ့အတွက် အရမ်းကို အားရစရာဖြစ်ခဲ့ပါတယ်”
ရန်တိအသံက မိုးမြေတစ်ခွင် ထိုးဖောက်ထွက်ပေါ်လာသည်။
“ဝါဒတောင်ရဲ့ဂိုဏ်းချုပ်အနေနဲ့ ဖွင့်ပွဲ အခမ်းအနား ကြွရောက်လာကြတဲ့ လူကြီးမင်းများ ၊ ဧည့်သည်တော်များအားလုံးကိုလည်း ကျေးဇူးတင်စကားပြောချင်ပါတယ်”
ခန်းမကြီးအတွင်းမှ လူများအားလုံးက ရန်တိ၏စကားကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဝါဒတောင်တွင် နာမည် အကျော်ကြားဆုံး ပုဂ္ဂိုလ်မှာ တတိယမျိုးဆက်တပည့် ရန်ကျောက်ကဲ ဖြစ်သည်။
ဟောက်လင်တောင်တိုက်ပွဲနှင့် စက်ဝန်းတောင်တိုက်ပွဲအပြီးတွင် ရန်ကျောက်ကဲအား တင်စားခေါ်ဝေါ်သော ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဆိုသောနာမည်က အထက်ဘုံကမ္ဘာ ာတစ်ခွင်သို့ ပျံ့နှံ့သွားသည်။
သို့သော် ဤအခိုက်အတန့်တွင် မည်သူမှ ရန်တိကို လျှော့မတွက်ရဲကြပေ။
ရန်ကျောက်ကဲ နာမည်ကျော်ကြားလာသည်နှင့် လူအများက သူ၏ယခင်တိုက်ပွဲများကို စုံစမ်းရှာဖွေပြီး အချက်အလက်များစုဆောင်းကာ သုတေသနပြုထားကြသည်။
ဤသို့ပြုလုပ်ရာတွင် ကျူတောပင်လယ်ဒေသ ၊ ဝါဒတောင်ကို ခိုင်မာစွာ ရပ်တည်နိုင်စေသော အဆုံးအဖြတ်တိုက်ပွဲ အသေးစိတ်အချက်အလက်များကိုလည်း လူအများ ခွဲခြမ်းစိတ်ဖြာပြီး ပိုမိုအာရုံစိုက်လာကြသည်။
သို့ဖြစ်ရာ နောက်ပိုင်းတွင် ရန်ကျောက်ကဲသာမက ရန်တိသည်လည်း အထက်ဘုံကမ္ဘာတစ်ခုလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ရန်တိဆိုသည်က ဓားတစ်လက်တည်းဖြင့် ကောင်းကင်ကိုဖွင့်ကာ လွှမ်းမိုးနိုင်စွမ်း အပြည့်ဖြင့် အထက်ဘုံကမ္ဘာသို့တက်လာပြီး နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိသော ဧကရာဇ်ရွှမ်မုကို ရောက်ရောက်ချင်းမှာပင် သတ်ဖြတ် သုတ်သင်ပစ်လိုက်သူ ဖြစ်သည်။
နောက်ပိုင်း ဝါဒတောင် တိုက်ပွဲတွင်လည်း သူက နတ်ဘုရားသိမြင်ခြင်းအဆင့်သာရှိသေးသည့်တိုင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်အုပ်စုကို တိုက်ခိုက်ခဲ့သေးသည်။
တိုက်ပွဲက ကြီးမားပြင်းထန်သော်လည်း အမတကူးပြောင်းခြင်း အဆင့် သိုင်းသူတော်စင်များထဲတွင် ရှန်လင်ကျီနှင့် ခန်းဖင်းမှလွဲပြီး ကျန်လူများမှာ ရန်တိ၏ဓားချက်အောက်တွင် အသက်ပျောက်ခဲ့ရခြင်း ဖြစ်၏။
အမတကူးပြောင်းခြင်းနှောင်းပိုင်းအဆင့် ‘ကွမ်းလီတဲ့’။
အမတကူးပြောင်းခြင်း အလယ်ဆင့် ဧကရာဇ် ‘ရွှမ်ချန်’။
အမတကူးပြောင်းခြင်း ကနဦးအဆင့်များ ဖြစ်ကြသည့် တာအိုဆရာ’ရှီ’ ၊ ဟယ်တုန်းချန်နှင့် ကုကျန်း။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် အပြင်ဘက်မှ သိုင်းကျင့်ကြံသူများမှာ ဝါဒတောင်အပေါ် လျှော့တွက်အထင်သေးမှုများကိုဘေးဖယ်ပြီး မျက်စိစုံမှိတ်ဆင်ခြေမရှာတော့ဘဲ “ဝါဒတောင်တိုက်ပွဲ” တကယ့်ဖြစ်ရပ်မှန်ကို စိတ်အားထက်သန်စွာ စုံစမ်းကြည့်ကြသည့်အခါ ရန်ကျောက်ကဲ၏ ဟောက်လင်တောင် တိုက်ပွဲထက်ပင် ပိုမိုကြီးမားသော တုန်လှုပ်ချောက်ချားမှုများအား ခံစားလိုက်ကြရသည်။
ရန်တိ အထက်ဘုံကမ္ဘာသို့တက်လာသည်မှာ အချိန် (၁၃)နှစ်သာ ရှိသေးသည်။
ထိုအချိန်အတွင်း သိုင်းသူတော်စင် စတုတ္ထအဆင့်ဖြစ်သော နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့်မှသည် သိုင်းသူတော်စင် အဋ္ဌမအဆင့်ဖြစ်သော အမတကူးပြောင်းခြင်း ၊ အလယ်ဆင့်အထိ တက်ရောက်သွားခဲ့၏။
ထိုမျှလျှင်မြန်သော ကျင့်ကြံခြင်းအရှိန်အဟုန်အတွက် ကမ္ဘာတလွှားမှ ကျင့်ကြံသူများသည် လေးစားအားကျရင်း သက်ပြင်းချရုံသာ တတ်နိုင်ကြသည်။
ရန်တိဆိုသည်က ထူးခြားသည်စွမ်းအားများကိုပိုင်ဆိုင်ထားရုံသည်သာမက သူ၏အရည်အချင်းများက ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည်ပင်။
အစီအစဉ်သဘာပတိနေရာယူထားသော ရန်တိနှင့် ဘေးနားတွင်ရှိနေသော ရန်ကျောက်ကဲကိုကြည့်ရင်း အားလုံး၏ရင်ထဲ ရှုတ်ထွေးသည့်ခံစားချက်များ ရှိနေကြသည်။
ထိုသို့ ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ယောက်က တောင်ပိုင်းထိပ်တန်း အရှင်သခင်နှင့် ချင်းယွမ်ဧကရာဇ်တို့အား ရန်စစော်ကားခဲ့သည် မဟုတ်ပါလား။
ယနေ့ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကတော့ သူတို့၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည့်နေ့ ဖြစ်သည်။
ယခုအချိန်တွင် ဧည့်သည်တော်များနှင့် မိတ်ဆွေများအားလုံး ဝါဒတောင်တွင် ရှိနေကြပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက်နေကြသည်။
ရန်ကျောက်ကဲ ၊ ရန်တိနှင့် အခြားသူများသည်လည်း စိတ်ဓာတ်အတက်ကြွဆုံး အခိုက်အတန့်တွင် ရှိနေကြသည်။
သို့သော် ယနေ့အချိန်အခါက ဝါဒတောင်အတွက် အန္တရာယ်အရှိဆုံးအချိန်လည်း ဖြစ်ပေသည်။
ရန်တိက စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး ပင်မခန်းဆောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲနှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်တို့သည်လည်း တပြိုင်တည်းပင် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော်...
ကျူးတောပင်လယ်ဒေသ အရှေ့မြောက်ဘက်မှ တန်ခိုးစွမ်းအားကြီးမားသော ရောင်ဝါများ လျှင်မြန်စွာချဉ်းကပ်လာသည်ကို အာရုံခံမိကြသည် မဟုတ်ပါလား။