← Chapters

စစ်ပွဲအခြေအနေ

Vol. 19 Ch. 265

စစ်ပွဲအခြေအနေ

Vol. 19 Ch. 265

မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ပထမအဆင့်ကို ကျင့်ကြံပြီးပါက နတ်အာရုံအမျှင်တန်းဆယ်ခုကျော် ခွဲထုတ်ဖို့ ပြဿနာ မရှိတော့ပေ။ ဒုတိယအဆင့်ထိ ကျင့်ကြံပြီးပါက လူတစ်ယောက်သည် တစ်ရာလောက်ထိ ခွဲထုတ်နိုင်သည်။ စီနီယာအစ်ကိုလင်းကဲ့သို့ တတိယအဆင့်ထိ ရောက်နေလျှင် နတ်အာရုံ(ဝါ)အသိစိတ် အမျှင်တန်းများကို ရာနှင့်ချီ၍ ခွဲထုတ်နိုင်မည် ဖြစ်သည်။

တတိယအဆင့်သို့ ရောက်ပြီးနောက် တိုက်ပွဲတစ်ခုမှာ ရုပ်သေးရာချီကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိပါကဟု တွေးမိသည့်အခါ ဟန်လိသည် တမျိုးကြီး ခံစားမိရသည်။

ထိုသို့ ခံစားမိခြင်းမှာ ဟန်လိသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများကြား၌သာ မရပ်တန့်မှာ ဖြစ်သောကြောင့်ပင်။

သို့ပေမည့် သူ အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ခဲ့လျှင် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများ၏ ခွန်အားနှင့် ညီမျှသော အဆင့်သုံးနှင့် ထိုထက်မြင့်သော ရုပ်သေးရာချီကို သန့်စင်ဖန်တီးနိုင်မှ ဖြစ်လိမ့်မည်။ သို့မဟုတ်ပါက သူ့၌ ရုပ်သေးမည်မျှပဲ ရှိနေပါစေ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်လိမ့်မည် မဟုတ်ချေ။ စီနီယာလူဝကြီးလိုင်က ဝါးတစ်ထောင်ကျောင်းတော်မှ အဆင့်နှစ်ရုပ်သေးရာချီကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ခဲ့သည့်မြင်ကွင်းမှာ ခုထိ သူ့စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း ရှိနေတုန်း မဟုတ်လား။

အဆင့်နှစ်ထက် ပိုမြင့်သည့် ရုပ်သေးများကို သန့်စင်လိုပါက အနည်းဆုံး ထိပ်တန်းမှော်ပစ္စည်းများအတွက် လိုအပ်သော သတ္တုအမယ်များ လိုအပ်ပေလိမ့်မည်။

အကယ်၍ ရုပ်သေးပညာရပ်ကို ကျင့်ကြံသော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်က သူနှင့်အဆင့်တူ ကျင့်ကြံသူများကို ဖိနှိပ်ချင်ပါက သူတို့သည် အနည်းဆုံးတော့ ထိပ်တန်းမှော်ပစ္စည်းရာချီ သန့်စင်ဖို့အတွက် လုံလောက်သော သတ္တုအမယ်များစွာကို သုံးစွဲပစ်ရလိမ့်မည်သာ။ ထိုသို့တွေးမိပြီး ဟန်လိသည် အချိန်အတော်ကြာသည့်အထိ ကြောင့်ကြစိတ် မဖြစ်မိဘဲ မနေနိုင် ဖြစ်ရသည်။

အခက်အခဲက သည်မျှသာ မဟုတ်။ ရုပ်သေးများကို သန့်စင်ရာ၌ ကျရှုံးပြီး အလေ့အလွင့် ဖြစ်မည့် သတ္တုအမယ်များနှင့် လုံလောက်အောင် အားကောင်းသော စိတ်ဝိညာဉ်ရာချီကိုပါ ရှာဖွေမှုတို့ကို ထည့်မပြောရသေးပေ။

ဤသည်မှာ ဝါးတစ်ထောင်ကျောင်းတော်၏ ရုပ်သေးပညာရပ်အကြောင်း လူအနည်းငယ် သိရသည့် အဓိကအကြောင်းရင်းလည်း ဖြစ်ပေ၏။

တကယ်တော့ ဂိုဏ်းတစ်ခု၏ ခွန်အားကို အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ အရေအတွက် မည်မျှ ပိုင်ဆိုင်ထားသနည်းနှင့် တိုင်းတာ၏။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများကြား တိုက်ပွဲများတွင် တခြားဂိုဏ်းမှ ကျင့်ကြံသူများ ကျူးကျော်လာခဲ့ပါ ဝါးတစ်ထောင်ကျောင်းတော်သည် ခွန်အားမဲ့ရလိမ့်မည်သာ။ သူတို့၏ အခြေခံတည်ဆောက်ခြင်းတပည့်များက ကြမ်းလှလျှင်ပင် သူတို့သည် ဒေသတစ်ခုတွင်သာ မင်းမူနိုင်ရုံမျှသာ ရှိလိမ့်မည်။

ဤသည်မှ မဟာဖွံ့ဖြိုးခြင်းပညာရပ်နှင့် ရုပ်သေးပညာရပ်များကို ကျင့်ကြံပြီးနောက် ဟန်လိ၏ ထင်မြင်ချက်တချို့သာ ဖြစ်သည်။

သို့သော် သည်ရုပ်သေးပညာရပ်သည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်အဖြစ် သူ၏ခွန်အားကို တိုးတက်စေနိုင်မှာ သေချာသည်။ အနည်းဆုံးတော့ ထိုအချက်သည် မမှားနိုင်ပါ။ ခုချိန်၌ ဟန်လိသည် နောင်တွင် ဖြစ်လာမည့် အားနည်းချက်များနှင့် ပတ်သတ်ပြီး စဉ်းစား၍ မရနိုင်ပေ။

တကယ်တော့ ကျင့်ကြံခြင်းလောကများကြား စစ်ပွဲကြီး စတင်နေပြီ မဟုတ်လား။

ဟန်လိသည် သည်စိတ်ဝိညာဉ်ကျောက်တွင်းကို စောင့်ကြပ်တာ သိပ်မကြာခင်မှာပင် မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းနှင့် ယွဲ့ဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းတို့ကြားရှိ ခေါင်လှသော ကန္တာရတောင်တချို့မှာ အကြီးအကျယ်တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီးလေပြီ။

ဟန်လိသည်လည်း တချို့သော အခြေအနေများကို ဖြည်းဖြည်းချင်း သေချာ သိလာသည်။ မူလတုန်းက ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှ ဝိညာဉ်သားရဲတောင်သည် မိစ္ဆာတာအိုဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့် ဝိညာဉ်ထိန်းချုပ်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခု အမှန်တကယ် ဖြစ်ခဲ့ဖူးသည်။ သို့သော် ဝိညာဉ်သားရဲတောင်သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီတည်းက သည်သမိုင်းကြောင်းကို ဖျောက်ဖျက်ထားခဲ့သည်။

ယွဲ့ဒေသသို့ ကျူးကျော်လာသည့်အခါ ထိုမိစ္ဆာတာအိုဂိုဏ်းသည် သူတို့၏ အရင်တုန်းက ပတ်သတ်မှုကို အသုံးချရန် စီစဉ်ထားခဲ့ပြီး ကျန်းနှင့်ချိကျိနိုင်ငံတို့တွင် လုပ်ခဲ့သည့် နည်းနာကို အသုံးပြုနိုင်ဖို့ မျှော်လင့်ထားခဲ့သည်။ ဆိုလိုသည်မှာ ယွဲ့ဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှ ဝိညာဉ်သားရဲတောင်သည် သူတို့နှင့် ပူးပေါင်းလာလိမ့်မည် ဟူ၍ပင်။

သို့သော် ဝိညာဉ်သားရဲတောင်၏ ဘိုးဘေးများသည် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် သူတို့၏ မျိုးဆက်များကို ဝိညာဉ်ထိန်းချုပ်ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် ဆန္ဒမရှိတော့သည်ကို မည်သူက သိပါ့မည်နည်း။

ထို့အတွက်ကြောင့် ဝိညာဉ်သားရဲတောင်သည် မိစ္ဆာဂိုဏ်းများ ကျူးကျော်လာမည့် သတင်းကို တခြားဂိုဏ်းကြီးခြောက်ဂိုဏ်းထံ ပြောခဲ့၏။ ထိုအခါ ယွဲ့ဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းဘက်မှ ကျင့်ကြံသူများသည် မိစ္ဆာတာအိုဂိုဏ်းများကို မည်သည့်နည်းလမ်းကို အသုံးပြုခဲ့တာ မသိရသော်လည်း အယုံသွင်းကာ တိုက်ခိုက်ခဲ့ပေသည်။

မိစ္ဆာတာအိုဂိုဏ်းများသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ကျင့်ကြံသူများစွာ၏ အလစ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထိုတိုက်ပွဲ၌ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက အသာစီး ရခဲ့ပြီး မိစ္ဆာတာအိုဂိုဏ်းများသည် ကြီးစွာ အထိနာခဲ့သည်။ သည်တိုက်ပွဲအတွင်း အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရသည်။

မိစ္ဆာတာအိုဂိုဏ်းသားများသည် အပြင်းအထန် ထိုးနှက်ခံခဲ့ရသည်။ သူတို့သည် ယွဲ့ဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ လည့်ဖြားတာကို ခံခဲ့ရသည့်အတွက် အရှက်ရကာ ဒေါသတကြီး ထွက်ပြေးခဲ့ပြီးနောက် သူတို့၏ အပြင်းအထန် တိုက်ခိုက်မှုကို စတင်သည်။

ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သူတို့၏ အကာအကွယ်အစီအရင်များကို နေရာချကာ တိုက်ခိုက်ခဲ့သည်။

ယွဲ့ဒေသနှင့် ကျန်း၊ချီကျိနိုင်ငံတို့၏ ဘုံနယ်စပ်ကြားတွင် တိုက်ပွဲပေါင်း ဆယ်ခုကျော် ဖြစ်ပွားခဲ့ပြီး ကျင့်ကြံသူထောင်သောင်းချီ သေဆုံးခဲ့ရသည်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက်လောက်လည်း ထပ်သေးခဲ့ကာ တိုက်ပွဲအဟုန်သည် ကြမ်းရမ်းလာချေ၏။

ထိုသတင်းများကို ကျင့်ကြံသူအချို့ စိတ်ဝိညာဉ်ကျောက်တုံးများ လာယူချိန်တွင် ဒီကျောက်တွင်းရှိ အစောင့်အကြပ် ကျင့်ကြံသူများကို ကြောက်လန့်မှု မပြယ်သေးဟန်ဖြင့် ပြောပြခဲ့တာ ဖြစ်သည်။ ထိုအကြောင်းကို ကြားသည့်အခါ ဟန်လိနှင့် တခြားကျင့်ကြံသူများ လန့်ကုန်၏။ သည်စစ်ပွဲတွင် ဝင်မပါခဲ့ရသည့်အတွက်လည်း စိတ်ထဲကနေ ကြိတ်၍ ပျော်သွားသည်။ တိုက်ပွဲ၌ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများစွာ သေဆုံးခဲ့ရသည်ကို ထောက်ရှုပါက အခြေအနေသည် မည်မျှဆိုးဝါးခဲ့တာကို စိတ်ကူးကြည့်နိုင်သည်။

သို့ပေမည့် မိစ္ဆာတာအိုဂိုဏ်း ခြောက်ဂိုဏ်းသည် ကောင်းကင်တောင်ပိုင်းဒေသကြီး၏ အစွမ်းထက်အင်အားစုကြီးနှစ်ခုတွင် တစ်ခု ဖြစ်၏။ သူတို့၏ အင်အားကို ယွဲ့ဒေသကဲ့သို့ ကျင့်ကြံခြင်းလောကက ယှဉ်၍ မရတာ အမှန်ပင်။

တိုက်ပွဲရှစ်ပွဲလောက် တိုက်ခိုက်ပြီးသည့်နောက်မှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည် ရန်သူ၏ ကြမ်းတမ်းလှသော တရပ်စက် တိုက်ခိုက်မှုများကို ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့တာ ကောင်းကောင်း နားလည်သည်။ ဂိုဏ်းခုနစ်ဂိုဏ်းကသာ ကြိုမပြင်ဆင်ထားခဲ့ဘဲ လက်ဦးမှုယူ၍ အတားအဆီးအစီအရင်များ တည်ဆောက်ထားခဲ့ခြင်းတို့သာ မရှိပါက များများစားစား ခုခံနိုင်လိမ့်မည် မဟုတ်ဘဲ ရှုံးနိမ့်သွားရမည်သာ။

သို့ရာတွင် မည်သို့ပင် ဖြစ်ပါစေ ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည် အချိန်ကြာကြာ တောင့်ခံနိုင်စွမ်း မရှိလောက်ပေ။

ယွဲ့ဒေသ၏ အကြပ်အတည်းအချိန်အတွင်း ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သူတို့ကို အကူအညီပေးရန် အလယ်အလတ်အဆင့် ဒေသများ ဖြစ်သော ယွမ်ဝူနှင့် ဇီကျင်းတို့ထံမှ ကျင့်ကြံသူများကို စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထိုခုနစ်ဂိုဏ်းသည် မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းနှင့် စစ်ပွဲ မစတင်ရသေးခင်မှာပင် တမန်တော်များ စေလွှတ်ကာ အကူအညီပေးခဲ့ကြသည်။

ထိုနိုင်ငံနှစ်ခုမှ ကျင့်ကြံခြင်းဂိုဏ်းများက ယွဲ့ဒေသ၏ အကူအညီတောင်းခံစာများကို လက်ခံရရှိသည့်အချိန်၌ မိစ္ဆာတာအိုဂိုဏ်းများ ယွဲ့ဒေသကို သိမ်းပိုက်ပြီးနောက် သူတို့နိုင်ငံများကိုပါ ဆက်၍ သိမ်းပိုက်လာမည်ကို စိုးရိမ်ခဲ့ကြ၏။ သို့အတွက်ကြောင့် သူတို့သည် အကူအညီပေးရန် သဘောတူခဲ့တာပင်။ ဘုံရန်သူကို အတူတကွ ပူးပေါင်းတိုက်ခိုက်ရန် ထိုဒေသနှစ်ခုက ကြယ်ရောင်စုံညတစ်ည၌ သူတို့၏ ကျင့်ကြံသူအများစုကို စေလွှတ်ပေးခဲ့သည်။

ထိုကဲ့သို့ အင်အားစုများ ပူးပေါင်းထားသော မဟာမိတ်အဖွဲ့သစ်က ယွဲ့ဒေသနှင့် မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းတို့ကြား အင်အား ကွာဟချက်ကို များစွာလျှော့ချပေးခဲ့သည်။ သူတို့၏ အစွမ်းထက်လှသော မဟာအစီအရင်များ၏ အကာအကွယ်အပေါ် မှီခိုကာ သူတို့သည် မိစ္ဆာတာအိုဂိုဏ်း၏ အပြင်းအထန် တိုက်ခိုက်မှုကို ခိုင်မာစွာ တောင့်ခံနိုင်ခဲ့သည်။

ဤသို့ဖြင့် ယွဲ့ဒေသကို တချိတည်းဖြင့် သိမ်းပိုက်မည့် မိစ္ဆာတာအိုဂိုဏ်းများ၏ အစီအစဉ်သည် ပြိုကွဲသွားရတော့သည်။ စစ်ပွဲကား သရေအနေအထား ဖြစ်လာခဲ့သည်။

ထို့အတွက်ကြောင့် အဆုံးအဖြတ်တိုက်ပွဲကြီးများ လျော့နည်းလာပြီး နှစ်ဖက်လုံးက အလစ်အလိုက်တိုက်ခိုက်လာသော တိုက်ပွဲငယ်များက ပိုများလာခဲ့၏။ အထူးသဖြင့် ယင်းသို့သော တိုက်ပွဲများသည် စိတ်ဝိညာဉ်ကျောက်တုံးများ ထွက်သော နေရာများ၊ သတ္တုအမယ်များ ရှိသော နေရာများ၌ အဖြစ်များသည်။

ရှေ့တန်းစစ်ပွဲနှင့် ဝေးနေ၍လားတော့ မသိ၊ ဟန်လိတို့ ရှိနေသော စိတ်ဝိညာဉ်ကျောက်တွင်းကမူ အခုထိ ရန်သူ၏ တိုက်ခိုက်မှုကို မခံရသေးပေ။ ဤသည်မှာ ထူးဆန်းတာတော့ မဟုတ်ပါ။ တကယ်တော့ သည့်အရင်မှာ တခြားသော စိတ်ဝိညာဉ်ကျောက်မိုင်းများသည် သုံးလေးကြိမ်လောက် တိုက်ခိုက်သိမ်းပိုက်ခံထားခဲ့ရ၏။ သို့ဖြစ်၍ ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည် စိတ်မအေးနိုင်တော့ပေ။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီး လဝက်ခန့် ကြာပြီးနောက်မှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည် စိတ်ဝိညာဉ်ကျောက်တွင်းများကို အင်အားဖြည့်ပေရန် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ဦးဆောင်သည့် ကျင့်ကြံသူ နှစ်ဆယ်လောက် ပါသည့် အုပ်စုတစ်စုကို စေလွှတ်ကြ၏။

ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တွင်းများသာ ပို၍ အားကောင်းလာခဲ့သည်။ သို့ပေမည့် မိုးကောင်တောင့်တသော တောင်တန်းများကဲ့သို့ ဟန်လိလည်း မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ပိုကြိုးစားကာ ကျင့်ကြံလိုစိတ် ဖြစ်ပေါ်လာသည်။ သူ့အတွက် အဆင့်တစ်ကို ချိုးဖျက်နိုင်ဖို့ကတော့ အလှမ်းဝေးနေတုန်းသာ။

ဒုတိယကြိမ်မြောက် ရောက်လာသော ချီစုဆောင်းခြင်းတပည့်များကြား၌ ဟန်လိသည် သွေးနှင့်မီးစမ်းသပ်ကွင်း၌ တွေ့ခဲ့ဆုံခဲ့ဖူးသော ရုပ်စိုးစိုးနှင့် ကျုံးဝူကိုလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့ရသည်။ မထင်မှတ်စရာပင်။ ကျုံးဝူကလည်း ဟန်လိကို မှတ်မိ၏။

သို့ပေမည့် ခုခါ၌ ဟန်လိ၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနေတာကို တွေ့ရသည့်အခါ သူ့အမူအရာမှာ သုန်မှုန်နက်မှောင်သွား၏။ သူ့စိတ်ခံစားချက်များမှာ အံ့အားသင့်ခြင်း၊ မနာလိုခြင်း၊ အားကျခြင်းတို့ဖြင့် ရောပြွမ်းကုန်သည်။ ကျုံးဝူကို ပြန်ထပ်တွေ့ရခြင်းသည် ဟန်လိကိုလည်း အမှန်တကယ် အံ့အားသင့်စေခဲ့သည်သာ။

နောက်ဆုံး၌ ကျုံးဝူသည် ခါးသီးစွာသာ ပြုံးရချေ၏။ သူက ဟန်လိကို အရင် တလေးတစား နှုတ်ဆက်ကာ စိတ်မပါဘဲ ‘စီနီယာ’ ဟု ခေါ်ရတော့သည်။

ဟန်လိကတော့ အလိုက်သင့် ပြန်တုန့်ပြန်သည်။

ဟန်လိက အမျိုးမျိုး ပြောင်းလဲသွားသော အမူအရာများကို တွေ့မြင်ရသည့်အခါ သူသည် တရားထိုင်နေရာကနေ မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်အခြေအနေသည် မဟာဖွံ့ခြင်းပညာရပ်ကို ဆက်ကျင့်နေဖို့ မသင့်တော်တော့ပေ။ သူ့စိတ်မှာ မတည်မငြိမ် ဖြစ်လာခဲ့ရ၏။

……

အချိန်ကုန်တာ မြန်လွန်းလှ၏။ တာဝန်ချိန်နှင့် သူ၏ ကျန်သည့်အချိန်အများစုကို မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံခြင်း၊ ရုပ်သေးသားရဲများကို သန့်စင်ခြင်းတို့တွင် ကုန်ဆုံးခဲ့တာ တလလောက် ရှိလာခဲ့ပြီ။သည်အချန်အတွင်း ဟန်လိသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ပထမအဆင့်ကို ချိုးဖျက်နိုင်တော့မည်ဟု ခံစားမိလာရသည်။

သည့်အတွက် ဟန်လိမှာ အံ့အားသင့် ပျော်ရွှင်ရသည်။

ဒြပ်စင်ငါးခုနှင့် ဆက်နွှယ်သော တာအိုပညာရပ်များ၊ မိုးပြာအနှစ်သာရဓားပညာရပ်တို့ကို ကျင့်ကြံသည့်အခါ၌ ဟန်လိ၏ ပါရမီမှာ ဆိုးဝါးလွန်းခဲ့သည်။ သို့သော် သူသည် ဒီမဟာဖွံ့ဖြိုးခြင်းပညာရပ်ကိုမူ အလွန်ချောမွေ့စွာ အထစ်အငေါ့၊အခက်အခဲမရှိ ကျင့်ကြံနိုင်စွမ်း ရှိခဲ့ပေ၏။‌ ထို့အတွက် ပျော်ရွှင်သော ခံစားချက်အပြင် ဟန်လိ၏ စိတ်ထဲ၌ အံ့အားသင့်မှုပါ ဖြစ်ရသည်။

ပထမဆုံး အဆင့်နှစ်ရုပ်သေးအတွက်မူ ဆယ်ကြိမ်လောက် ကျရှုံးပြီးနောက် လွန်ခဲ့သော နှစ်ရက်က သူ သန့်စင်နိုင်ခဲ့ပေသည်။

သို့သော် ယနေ့တွင် ဟန်လိသည် တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲ၌ ကျင့်ကြံနေချိန်၌ သူသည် အပြင်ဘက်မှ စူးရှသောလေချွန်သံတစ်သံကို ကြားရသည်။ ထို့နောက်တွင် လူအများက ကျယ်ကျယ်လောင်လောင် အော်ဟစ်ကြသည်။ “မကောင်းတော့ဘူး။ မိစ္ဆာတာအိုဂိုဏ်းက သူတွေ တိုက်ခိုက်လာပြီ။ ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ကြဟေ့…”

ဟန်လိ စိတ်ထဲ တုန်လှုပ်သွားသည်။ သူ့အမူအရာမှာ အလေးအနက် ဖြစ်ကာ သူ အခန်းထဲကနေ ထွက်လာသည်။

သည်အချိန်တွင် ကျင့်ကြံနေသော၊ အနားယူနေသော ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများလည်း ဟန်လိကဲ့သို့ပင် အပြင်သို့ ထွက်လာကြသည်။

လမျက်နှာဖုံးဂိုဏ်း၏ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ရွှမ်ယဲ့နှင့် ဝိညာဉ်သားရဲတောင်မှ လုထျန်မင်တို့သည် အကာအကွယ်အစီအရင်များ၏ အောက်မှာ မတုန်မလှုပ်ဟန်ဖြင့် လေပေါ်မှာ ရပ်ပြီး ချောက်နက်ထဲကနေ အပေါ်သို့ ကြည့်နေသည်။

သူ၏နောက်တွင် တာဝန်ချိန်ရှိ ကျင့်ကြံသူဆယ်ယောက်ကျော်သည် ထိတ်လန့်တကြား အမူအရာဖြင့် ရပ်နေသည်။ သို့သော် သူတို့က ဟန်လိနှင့် တခြားသူများက သူတို့ကို ထောက်ပံ့ပေးဖို့ ထွက်လာသည်ကို မြင်သည့်အခါ များစွာ ပိုတည်ငြိမ်သွားသည်။

ဟန်လိသည် ရွှမ်ယဲ့ကဲ့သို့ အပေါ်သို့ လိုက်ကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း ရန်သူ နှစ်ဆယ်သုံးဆယ်၏ အရိပ်အယောင်များကို မြင်ရ၏။

သို့ပေမည့် ဟန်လိက ကောင်းကောင်း သဘောပေါ်၏။ ထိုသူများသည် ခုလောက် ပေါ်တင် လူလုံးပြသည့်အတွက် သူတို့အားလုံးမှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။ သူတို့က ချီစုဆောင်ခြင်းတပည့်များကိုပင် ခေါ်မလာခဲ့လောက်ပေ။

သို့ဖြစ်၍ အင်အားခြင်းယှဉ်ပါက ဟန်လိတို့ဘက်က လုံးဝ အားနည်းနေ၏။ သည်တိုက်ပွဲမှာ ရလဒ်မကောင်းဖို့ များ၏။

All Chapters