ကြမ်းကြမ်းတမ်းတမ်းတိုက်ပွဲ
Vol. 19 Ch. 266
ဟန်လိတို့ဘက်တွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူကိုးယောက်နှင့် ချီစုဆောင်းခြင်းတပည့် အယောက်ခြောက်ဆယ်ကျော်သာ ရှိသည်။ သူတို့သည် ရန်သူထက် အားနည်းဟန် ပေါ်သော်လည်း မိစ္ဆာလေးပါး အစီအရင်ကို ပိုင်ဆိုင်ထား၏။ လုံးဝ ခုခံနိုင်စွမ်းမဲ့နေတာတော့ မဟုတ်ပေ။
ထို့အတွက်ကြောင့် ရွှမ်ယဲ့သည် ဟန်လိနှင့် တခြားကျင့်ကြံသူများကို မိစ္ဆာလေးပါးအစီအရင် အနီးအနားတွင် ပုန်းခိုင်းကာ ရန်သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခိုင်းသည်။ ဟန်လိသည် မိစ္ဆာတာအိုဂိုဏ်းဘက်မှ တိုက်ခိုက်လာသူများကို ခပ်ဝေးဝေးကနေ လှမ်းမြင်ရသည်။
သူတို့အားလုံးသည် အနီရောင် သို့မဟုတ် အဝါရောင်ဝတ်စုံများကို ဝတ်ထားကြ၏။ သူတို့သည် ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများ ဖြစ်ပုံ ရသည်။
ထိုအုပ်စု၏ ရှေ့ဆုံးတွင် ရပ်နေသူသည် သာမန်ရုပ်သွင်သာ ရှိပြီး အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးငယ်နှင့် အဝါရောင်ဝတ်စုံဖြင့် အဘိုးအိုတို့ ဖြစ်ကြ၏။ သူတို့၏ ကျင့်ကြံမှုမှာ ထူးကဲမနေ၊ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်နှင့် နောက်ဆုံးအဆင့်တို့သာ ဖြစ်၏။ သူတို့နှစ်ယောက်က ပြုံး၍ စကားပြောဆိုနေကြသည်။
“သတိထားကြ၊ သူတို့က မိစ္ဆာမီးတောက်ဂိုဏ်းနဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းက သူတွေပဲ…”
လုထျန်မင်သည် မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းနှင့် အကြိမ်များစွာ တွေ့ကြုံဖူးသော တစ်ဦးတည်းသော သူပင်။ သူက ထိုသို့ ပြောကာ တခြားသူများကို သတိကြီးကြီး ထားစေ၏။ သူသည် ထိုမိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှ လူများအပေါ် များစွာ စိုးထိတ်နေသည့်အလား။ ဟန်လိနှင့် တခြားကျင့်ကြံသူများက သူ့စကားကို ကြားသည့်အခါ အလေးအနက် ဖြစ်လာ၏။
ထိုအခိုက်တွင် ဝတ်စုံနီဖြင့် အမျိုးသမီးငယ်က စကားပြောနေတာကို ရပ်၍ တဖက်သို့ ခေါင်းလှည့်ကာ စကားတချို့ ပြော၏။ ဝေးလွန်းသဖြင့် သူမ ပြောသော စကားများကို ဟန်လိတို့ ကောင်းကောင်း မကြားရပေ။ သို့သော် သူမနောက်မှ ကျင့်ကြံသူများကမူ ရှေ့သို့ လှမ်းလာပြီး ချောက်နက်၏ အကာအကွယ်အစီအရင်လေးခုထံ ဖြည်းဖြည်းချင်း ပျံသန်းလာသည်။
ထိုအခိုက်အတန့်တွင် အဝါရောင်ဝတ်စုံနှင့် အဘိုးအိုက တိတ်တဆိတ် လက်ဝေ့ယမ်း၏။ သူ၏ အဝါရောင်ဝတ်စုံဖြင့် ကျင့်ကြံသူများသည် အဝါရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းကာ မိစ္ဆာလေးပါး အစီအရင်ထံ ဦးတည်လာသည်။ အစီအရင်တွင်း၌ ဟန်လိနှင့် တခြားသူများကမူ သူတို့၏ မှော်လက်နက်များကို ထုတ်ကာ အသင့်ပြင်ထားသည်။
အဝါရောင်ဝတ်စုံနှင့်သူများသည် အစီအရင်ထံ တန်းမတ်စွာ ရူးရူးမူးမူး ဝင်မလာကြ၊ ထိုအစား သူတို့သည် မိစ္ဆာလေးပါး အစီအရင်နှင့် မီတာတစ်ရာလောက် အကွာတွင် ရပ်သည်။ ထို့နောက်တွင် သူတို့၏ မှော်လက်နက်များကို အစီအရင်ထံ အကြမ်းပတမ်း ပစ်သွင်း၏။
မှော်လက်နက်များ၏ အံ့အားသင့်ဖွယ် အလင်းနှင့် အစီအရင်၏ မိုးပြာ၊ အနီ၊ အပြာနှင့် အဝါ အလင်းအတားအဆီးများကြား ထိပ်တိုက်တွေ့ခြင်းကြောင့် ကျယ်လောင်စွာ ပေါက်ကွဲမှုလှိုင်းများ ဖြစ်ပေါ်ကုန်၏။ အောက်ဘက်ရှိ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားသည်။
“မင်းတို့ထဲက တစ်ဝက်က ကောင်းကင်မိစ္ဆာကျင့်ကြံဿူတွေနဲ့ သွားရင်ဆိုင်ကြ၊ သူတို့ကို အစီအရင်ကို ချိုးဖျက်ခွင့် မပေးကြနဲ့။ တခြားတဝက်ကတော့ မိစ္ဆာမီးတောက်ဂိုဏ်းက ကျင့်ကြံသူတွေကို စောင့်ကြည့်နေကြ…”
လမျက်နှာဖုံးဂိုဏ်း၏ ရွှမ်ယဲ့သည် ပြတ်ပြတ်သားသား အမိန့်ပေးလေ၏။
ထို့နောက်တွင် သေးငယ်ကာ သန့်စင်ဖြူဆွတ်နေသောဓားတစ်လက်က အစီအရင်ထဲကနေ ထိုးထွက်ကာ အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းပြီး ပုတီးစေ့ မှော်ပစ္စည်းများနှင့် ဆေဘာဓားများကို ဟန့်တားသည်။ ရွှမ်ယဲ့နောက်မှ ကျင့်ကြံသူများကလည်း သူတို့၏ မှော်လက်နက်များကို ထုတ်ဖော်ကာ ရန်သူ၏ တိုက်ခိုက်မှုများကို ဟန့်တားသည်။ ဟန်လိလည်း ထိုသူများထဲမှ တစ်ယောက် ဖြစ်၏။ သူလည်း သူအပိုင်ဆုံး ရွှေပိုးတောင်မာဓားသွားအုပ်ကို အသုံးပြု၍ ရွှေရောင်ပိုက်ကွန်တစ်ခုကို ဖန်တီးကာ ရန်သူ့ဘက်မှ မိုးပြာလှံရှည်လက်နက်ကို တားဆီးသည်။
ဟန်လိသည် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသူနှင့် တိုက်ခိုက်ရန် ရွေးချယ်သောကြောင့် တိုက်ပွဲမှာ ပြင်းထန်သည်ဟု ထင်ရသည်။ ရွှေရောင်အလင်းနှင့် မိုးပြာအလင်းတန်းများကား ကခုန်နေလေ၏။ သို့ပေမည့် တကယ်တမ်းတွင်မူ ဟန်လိသည် သည်တိုက်ပွဲကို လွယ်ကူစွာ ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲကွင်းပြင်ရှိ တခြားဧရိယာများကိုပါ ကြည့်ရန် အချိန်ရသည်။ အခြေအနေကို သူ ကိုင်တွယ်ထားနိုင်ပုံ ပေါ်သည်။
ဟန်လိ၏ဘက်တွင် အများစုမှာ ချီစုဆောင်းခြင်းတပည့်များသာ။ သူတို့၏ မှော်ပစ္စည်းများက ရန်သူများကို မယှဉ်နိုင်ပေ။ ငါးယောက်၊ခြောက်ယောက်ပေါင်းမှ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်၏ ခုခံနိုင်ရုံမျှသာ ရှိသည်။ သို့ပေမည့် အစီအရင်၏ အကာအကွယ်အောက်တွင် ရှိနေသဖြင့် အကြပ်အတည်း ကျရောက်စဉ် သေဘေးမှ လွတ်အောင် ရှောင်နိုင်သည်။
“ဒီတော့ ဒါက မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းရဲ့ အင်အားလား…”
ဟန်လိသည် နည်းနည်းတော့ တမျိုး ခံစားမိ၏။ ရန်သူ၏ အင်အားသည် ထိုကဲ့သို့ ဖြစ်နေလျှင် စိတ်ဝိညာဉ်ကျောက်မိုင်းများကို ကာကွယ်ရန် ပြသနာ ဖြစ်မည်သာ။
သူ ထိုသို့ တွေးမိစဉ် မိစ္ဆာမီးတောက်ဂိုဏ်းမှ အနီရောင်ဝတ်စုံဖြင့် ကျင့်ကြံသူများသည် မိစ္ဆာလေးပါးအစီအရင်ဘေးနားသို့ တဖြည်းဖြည်း ရောက်လာသည်။ လုထျန်မင်နှင့် တခြားကျင့်ကြံသူများမှာ ထိုသူများကို အာရုံစိုက်ရတော့သည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ လူငယ်ကျင့်ကြံသူများသည် လှုပ်ရှားတိုက်ခိုက်ရန် အာသိသ ပြင်းလာ၏။
အနီရောင်ဝတ်စုံနှင့် ကျင့်ကြံသူများသည် တိုက်ပွဲအတွင်း ချက်ခြင်း မဝင်ရောက်ခဲ့ကြပေ။ ထိုအစား သူတို့သည် ထူးခြားသော အစီအရင်တစ်ခု၌ ရပ်နေသည်။ သူတို့က နေမင်းပေါ် ရွှေကျီးပုံနှင့် မီးတောက်အလံများကို ကိုင်ထားလျက် ရှိ၏။ ထိုအလံများထံမှ အနီရောင်စူးစူး ထွက်ပေါ်နေသည်။ တချက်ကြည့်ရုံဖြင့် လူတစ်ယောက်သည် ယင်းအလံများသည် သာမန်မဟုတ်မှန်း သိနိုင်လိမ့်မည်။ မ
“မကောင်းတော့ဘူး။ ဒီလူတွေက မီးတောက်ရိုင်းကျင့်ကြံသူတွေပဲ။ သူတို့က အဇူရာနေမင်းမိစ္ဆာမီးတောက်ကို ထုတ်လွှတ်ချင်နေတာ။ သူတို့ကို မြန်မြန် တားဆီးကြ…”
လုထျန်မင်က ထိုအနီရောင်ဝတ်စုံနှင့် ကျင့်ကြံသူများ၏ တည်ငြိမ်စွာ လှုပ်ရှားပုံကို မြင်သည့်အခါ သူ့စိတ်ထဲ၌ စိုးရိမ်လာ၏။ ထိုသူများက တိုက်ပွဲအစီအရင်တွင် ရပ်ကာ အလံတစ်ခုစီကို ထုတ်ကိုင်သည်ကို မြင်သည့်အခါ သူ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသော တိုက်ပွဲ၌ မြင်ခဲ့ဖူးသည့် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို ရုတ်တရက် ပြန်စဉ်းစားမိသွားသည်။ သူသည် အလန့်တကြား ထအော်လေ၏။
ဝိညာဉ်သားရဲတောင်မှ ထိုကျင့်ကြံသူသည် အစီအရင်ထဲကနေ ချက်ခြင်း လှမ်းထွက်ကာ သူ့ခါးရှိ သိုလှောင်အိတ်ကို ခပ်မြန်မြန် ပုတ်သည်။ တစ်မီတာမျှ ရှည်သော ကင်းခြေများနှစ်ကောင်ကို သူ ထုတ်လွှတ်သည်။
ထိုနှစ်ကောင်သည် အဝါအနက် အစင်းကြားများ ဖုံးလွှမ်းနေလျက် ရှိ၏။ လုထျန်မင်၏ လေချွန်သံများအောက်မှာ ၎င်းတို့သည် အနီရောင်ဝတ်စုံနှင့် ကျင့်ကြံသူများထံ တိုးဝင်သွားသည်။
လုထျန်မင်၏ စကားများကို ကြားသည့်အခါ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တခြားကျင့်ကြံသူများသည် မီးတောက်ရိုင်းကျင့်ကြံသူများနှင့် အဇူရာနေမင်းမိစ္ဆာမီးတောက် ဟူသည့် စကားများကို မသိကြသော်လည်း အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ခေါင်းဆောင်ပါ အလန့်တကြား ဖြစ်သွားတာကို မြင်ရသည်။ သည်ကိစ္စမှာ ပေါ့သေးသေး မဟုတ်လောက်ပေ။ ထို့ကြောင့် သူတို့သည် အမိန့်အတိုင်း နှေးဖင့်ခြင်း မရှိ လုပ်ဆောင်သည်။
လုထျန်မင်နောက်မှ တခြားအခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများသည် ကင်းခြေများနှစ်ကောင်ကို အနီရောင်ဝတ်စုံနှင့် ကျင့်ကြံသူများထံ စေလွှတ်ပြီးနောက်မှာ သူတို့၏ မှော်လက်နက်များကိုလည်း ပစ်သွင်းတိုက်ခိုက်သည်။
ထိုအခိုက်တွင် မီးတောက်ရိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်သည် မန္တာန် ရွတ်နေတုန်း ဖြစ်၏။ သူတို့သည် အလံများကိုလည်း နည်းနည်းလေးမျှ မလှုပ်ခတ်စေဘဲ ကိုင်ဆောင်ထားသည်။ တိုက်ခိုက်လာသော ကျင့်ကြံသူများကို မမြင်လေသည့်အလား။ သို့အတွက်ကြောင့် လုထျန်မင်နှင့် တခြားကျင့်ကြံသူများသည် စိတ်လှုပ်တရှား ဖြစ်ကုန်သည်။
မီးတောက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ၏ ရှေ့သို့ အရင်ဆုံး ရောက်လာသူမှာ ကင်းခြေများ နှစ်ကောင်ထဲမှ တစ်ကောင် ဖြစ်၏။ ၎င်းက ပါးစပ်ဟကာ အစိမ်းရင့်ရောင် အဆိပ်ငွေ့များကို ထွေးထုတ်သည်။
သို့သော် ထိုအချိန်မှာ တုန်လှုပ်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။
အစိမ်းရောင်အခိုးအငွေ့များသည် ထိုကင်းခြေများကြီး၏ ပါးစပ်ထဲကနေ အလွတ်အကျွတ် မထွက်လာခင်မှာပင် ၎င်း၏ ခန္ဓာကိုယ်မှ ငွေရောင်အလင်းများ ဖြာထွက်၏။ ထို့နောက်မှာ ၎င်း၏ခန္ဓာကိုယ်သည် ရုတ်ချည်း အပိုင်းအစများ ဖြစ်ကုန်ကာ ငွေရောင်အလင်းများ၏ ဖြတ်ပိုင်းခြင်းကို ခံလိုက်ရချေသည်။
ဂိုဏ်းခုနစ်ဂိုဏ်းဘက်မှ ကျင့်ကြံသူများ တုန်လှုပ်သွားရာကနေ ပြန်ကောင်းမွန်ခြင်း မရှိခင်မှာပင် အလားတူမြင်ကွင်းမျိုးမှာ နောက်ထပ် ကင်းခြေများ၌ ထပ်ဖြစ်သည်။ လုထျန်မင်၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူ လှုပ်ရှားတာကို အမြန်ရပ်၏။ ထို့နောက်တွင် သူက ဒိုင်းငယ်တစ်ခုကို ထုတ်ကာ သူ့ရှေ့တွင် နေရာချသည်။
တုန်လှုပ်ခြင်းကြီးစွာဖြင့် သူ၏နောက်မှ ကျင့်ကြံသူများလည်း အကာအကွယ်မှော်ပစ္စည်းများ၊ အဆောင်များကို ထုတ်၏။ သူတို့သည် ကင်းခြေများနှစ်ကောင်ကဲ့သို့ ဖြစ်သွားမှာကို စိုးရိမ်ကုန်သည်။
သို့သော် ယင်းထက် ပို၍ တုန်လှုပ်ဖွယ်ကောင်းတာ ထပ်ဖြစ်လာပြန်သည်။
ကင်းခြေများ နောက်မှ ကပ်ပါသွားသော မှော်လက်နက်အချို့မှာလည်း ငွေရောင်အမျှင်တန်းများဖြင့် တားဆီးချုပ်နှောင်ခြင်း ခံရကာ နည်းနည်းလေးမျှ မရွေ့နိုင်တော့ပေ။
အစီအရင်ထဲမှ ထွက်လာခါစ ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်၏။ ဤအခိုက်အတန့်တွင် သူတို့သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
“ဝိညာဉ်အလင်းပညာရပ်ကို မြန်မြန် အသုံးပြုကြ။ ဒီအနီရောင်ဝတ်စုံနဲ့ ကျင့်ကြံသူတွေရှေ့မှာ တစ်ခုခု ရှိနေတယ်။ သူတို့က လျှို့ဝှက်ကွယ်ဝှက်ခြင်းပညာရပ်ကို အသုံးပြုပြီး ပုန်းအောင်နေတာပဲ…”
ကျင့်ကြံသူတစ်ယောက်က အလန့်တကြား ထအော်၏။
တခြားသူများလည်း သူ့စကားကြောင့် တစ်ခုခုကို သဘောပေါက်သွားသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများကသာ ဝိညာဉ်အလင်းပညာရပ်ကို အသုံးပြုနိုင်တာ ဖြစ်သည်။ ချီစုဆောင်းခြင်းတပည့်များမှာ အကူအညီမဲ့စွာ ထိုင်ကြည့်နေရတော့သည်။
ဟန်လိသည်လည်း ဝိညာဉ်အလင်းပညာရပ်ကို အသုံးပြုကာ ထိုနေရာထံ လှမ်းကြည့်သည်။
အစောပိုင်းတုန်းက ဖြစ်သွားသော မြင်ကွင်းကို မြင်ရသည့်အခါ ဟန်လိ၏ တုန်လှုပ်သွားမှုမှာ နည်းနည်းနောနော မဟုတ်လေပေ။ ဝိညာဉ်အလင်းပညာရပ်ကို အသုံးပြု၍ သူ လှမ်းကြည့်သည့်အခါ အလံကိုင်ထားသော မိစ္ဆာမီးတောက်ကျင့်ကြံသူများ ရှေ့မှ မသိသာသော အဖြူရောင်အရိပ်များ ရှိနေတာကို မြင်သည်။ ထိုပုံရိပ်များသည် ဓားရှည်တစ်လက်ကို လက်ကကိုင်ပြီး တခြားလက်တစ်ဖက်ဖြင့် ငွေရောင်အမျှင်တန်းများကို ထိန်းချုပ်ကာ ဟန်လိတို့ဘက်မှ တိုက်ခိုက်ခဲ့သော မှော်လက်နက်များကို ဖျက်စီးပစ်ခဲ့ကြတာ ဖြစ်သည်။
ထိုအချိန်တွင် လုထျန်မင်နှင့် တခြားကျင့်ကြံသူများကား အဖြူရောင်အရိပ်များကို တွေ့ကြ၏။ သူတို့သည် မှော်လက်နက်များ၊ မှော်ပညာရပ်များ သုံးကာ လက်မြန်ခြေမြန် တိုက်ခိုက်၍ ၎င်းအဖြူရောင်အရိပ်များကို ဖိနှိပ်သည်။ သို့သော် ယင်းတိုက်ခိုက်မှုများက ၎င်းတို့အပေါ် မည်သည့် ဒဏ်ရာမှ မရစေပုံ ပေါ်သည်။ ၎င်းတို့သည် အင်မောတယ်ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားသည့်အလား။
“ဘာကြီးလဲဟ…”
ဟန်လိသည် များစွာ အံ့အားသင့်သွားသည်။ ထိုအရိပ်များသည် လူသားများ မဟုတ်တာတော့ သိသာသည်။ သူတို့သည် စတေးခံတစ္ဆေဝိညာဉ်များအဖြစ် သန့်စင်ခြင်း ခံထားရတာ ဖြစ်နိုင်လား။
ထိုအတွေးဖြင့် သူသည် သူ့ရှေ့ရှိ ရွှေရောင်ဓားသွားများကို အမိန့်ပေးကာ သူ့ရှေ့ရှိ ကောင်းကင်မိစ္ဆာဂိုဏ်းမှ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူကို တိုက်စစ်ဖွင့်သည်။
ထိုကျင့်ကြံသူက ဟန်လိ၏ ရွှေရောင်ဓားသွားများကို တားဆီးရန် သူ၏ အဇူရာလှံကို အမိန့်ပေးသည်။ သူ့အမူအရာမှာ နက်မှောင်သွား၏။ သူက သူ့သိုလှောင်အိတ်ကို ပုတ်သည်။ ထိုအခါ ၎င်းသိုလှောင်အိတ်ထဲမှ အဖြူရောင်ပုတီးစေ့တစ်စေ့ ရုတ်တရက် တဝီဝီ ပျံသန်းထွက်လာသည်။
ထိုပုတီးစေ့သည် ပျံသန်းလာရင်း အခန်းတစ်ခု အရွယ်အစားထိ ရောက်လာကာ ဟန်လိ၏ခေါင်းထံ ကြမ်းတမ်းစွာ ထိုးနှက်၏။
ဟန်လိသည် များစွာ အရေးမထားသော်လည်း သူ့ရန်သူထံမှ အနှီတိုက်ခိုက်မှုကိုတော့ သတိမပြုမိဘဲ ဘယ်နေပါ့မည်နည်း။
သူသည် လေထဲ၌ သူ့လက်ကို တည်တည်ငြိမ်ငြိမ် ခုတ်ပိုင်းသည်။ သူ့လက်ထံမှ မိုးပြာအလင်းတန်းတစ်ခု ပျံသန်းထွက်ကာ ပုတီးစေ့ထံ ဦးတည်၏။ ဓားအလင်းတန်းသည် ပုတီးစေ့ကို ခုတ်ပိုင်း၏။ ၎င်းကို ရှေ့ဆက်မတိုးလာစေနိုင်တော့ပေ။
ထို့နောက်တွင် ဟန်လိသည် သူ၏ သိုလှောင်အိတ်ထဲမှ နဂါးနက်ဖမ်းဆုပ်ခြင်း လက်သည်းကို ထုတ်၏။ ဓားအလင်းတန်း ပျက်စီးခါနီး၌ ၎င်းလက်နက်က ဓားအလင်းတန်း၏ နေရာတွင် ဝင်ယူကာ ရန်သူ၏ ပုတီးစေ့ကို တားဆီးသည်။ ကောင်းကင်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူသည် အလွန်ဒေါသထွက်သွား၏။ သို့သော် သည်အခိုက်တွင် သူ့မှာ တခြားရွေးချယ်စရာ မရှိချေ။
“မကောင်းတော့ဘူး…”
လုထျန်မင်၏ စိုးရိမ်တကြီး အော်သံကြောင့် ဟန်လိ့စိတ်ထဲ တုန်လှုပ်သွားလေ၏။ သူသည် ဘေးသို့ ခပ်မြန်မြန် လှမ်းကြည့်၏။ အနီရောင်ဝတ်စုံနှင့် ကျင့်ကြံသူများက မန္တာန်ရွတ်နေတာ ရပ်သွားတာကို သူ လှမ်းမြင်သည်။ တချိန်တည်းမှာ သူတို့သည် လေထဲသို့ အလံများကို ပစ်တင်သည်။ အလံထိပ်မှ အဇူရာမီးတောက်တစ်ခုကို ခပ်ဖျော့ဖျော့ စတင် ထုတ်လွှတ်၏။
“ဒီတော့ ဒါက အဇူရာနေမင်းမိစ္ဆာမီးတောက်ပေါ့…” ဟန်လိသည် မျက်လုံး ပြူးကာ ထိုမီးတောက်ကို စိုက်ကြည့်နေ၏။
ရန်သူက သူတို့၏ မှော်ပညာရပ်ကို ဖော်ထုတ်ပြီးတာ မြင်သည့်အခါ လုထျန်မင်သည် လုံးဝ ရုပ်ဆိုးသွားတော့သည်။ သို့ပေမည့် သူသည် သူ့ရှေ့မှ အဖြူရောင်အရိပ်များကို ချိုးဖျက်ကာ တိုးကပ်သွားနိုင်ခြင်း မရှိပေ။