လုပ်နိုင်တာတွေရှိသလို မလုပ်နိုင်တာတွေလည်းရှိတယ်
Vol. 73 Ch. 1024
အခန်း (၁၀၂၄) လုပ်နိုင်တာတွေရှိသလို မလုပ်နိုင်တာတွေလည်းရှိတယ်
ကောင်ကင်ယံထက်တွင် အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူနှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိတို့ ရင်ဆိုင်တိုက်ခိုက်လျှက် ရှိကြသည်။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် လျန်ကျူးလင်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်တို့က ဘေးချင်းယှဉ်ရပ်နေပြီး အောက်ဘက်မှ ဝါဒတောင်တည်ရှိရာ ဝိညာဉ်နယ်မြေဆီသို့ ငုံ့ကြည့်နေကြသည်။
ပင်လယ်ပြင်ထက်တွင် အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်း ရုတ်တရက်ထွက်ပေါ်လာပြီး ဝါဒတောင် ၊ မိုးထိတောင်ထက်တွင် မတ်တတ်ရပ်နေသော အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် အကြည့်ချင်းဆုံသွားသည်။
ထိပ်တန်းအရှင်သခင် (၆)ယောက်၏တန်ခိုးစွမ်းအားများက ဝါဒတောင်တည်ရှိရာ ဝိညာဉ်နယ်မြေကိုမဆိုထားနှင့် ကျူတောပင်လယ်ဒေသတစ်ခုလုံးကိုပင် အေးခဲသွားမတတ် ခံစားရစေသည်။
ပင်လယ်ရေပြင်က မှန်သားပမာတည်ငြိမ်နေ၏။
ယခင်က ပုံမှန်ရေစီးကြောင်းနှင့် လှိုင်းငယ်လေးများ ယခုအခါ လုံးဝငြိမ်သက်သွားပြီး ပင်လယ်ပြင်က ကုန်းမြေအဖြစ် ပြောင်းလဲသွားသည်လားဟုပင် ထင်မှတ်ရသည်။
တန်ခိုးစွမ်းအားရောင်ဝါများက အချိန်နှင့်နေရာကို ထိုးဖောက်နှောက်ယှက်နေပြီး ကျူတောပင်လယ်ဒေသ ထက်ယံကောင်းကင်တွင် လှည့်ပတ်လို့နေသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ သိုင်းကျင့်ကြံသူအများစုမှာ ကျူတောပင်လယ်ဒေသအထက် ကောင်းကင်ယံမှ ဤမြင်ကွင်းကို တွေ့မြင်နေကြရသည်။
လူတိုင်းက ချောင်ကျယ် ၊ ကျွမ်းရှန်နှင့် အခြားသူများကို အသံတစ်စက်မထွက်ဘဲ မှင်တက်စွာ ငေးစိုက်ကြည့်နေမိကြ၏။
ယခင်ကပင် ခန့်မှန်းချက်များရှိခဲ့သည့်တိုင် သေးငယ်သော ကျူတောပင်လယ်ဒေသတွင် ထိပ်တန်းအရှင်သခင်များစွာ စုဝေးခဲ့ကြသည်မှာ ကြည့်ရှုသူပရိသတ်များအားလုံးကို ထိတ်လန့်စေခဲ့သည်။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များ။
ဤစကားလုံးများက ယနေ့ အထက်ဘုံကမ္ဘာ၏ တန်ခိုးစွမ်းအားအမြင့်မားဆုံး တည်ရှိမှုကို ကိုယ်စားပြုသည်။
ဤပုံစံအတိုင်းပင် နှစ်ပေါင်းထောင်ချီ တည်ရှိနေခဲ့ပြီး လူသားအားလုံး၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။
ရှည်လျားသောနှစ်များ တစ်လျှောက်တွင် အုပ်စိုးရှင် (၃)ပါး ၊ ဧကရာဇ် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များ၏ နောက်လိုက်နောက်ပါ အမှုထမ်းများသာလျှင် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲသွားကြသည်။
ဤ အုပ်ချုပ်သူအရှင်သခင်များကြားတွင် လျော့နည်းသည့် အချိန်တစ်ချိန်သာ ရှိခဲ့ပြီး ပိုမိုထပ်တိုးလာသည်ဟူ၍ မရှိခဲ့ဖူးပေ။
လျော့နည်းသည့် အချိန်ဆိုသည်မှာလည်း လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ခန့်က ကောင်းကင်သခင်လေး ချန်ချန်းဟွာ လူသားအထွတ်ထိပ်အဆင့်သို့ မတက်လှမ်းနိုင်ခင်က အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအရှင်သခင် (၉)ပါးသာရှိခဲ့သော အချိန်တိုလေးကိုပြောခြင်းဖြစ်သည်။
အလွန်ထက်မြက်သောပါရမီရှင် ချန်ချန်းဟွာ လူသားအထွတ်ထိပ်အဆင့် အောင်မြင်မှုရရှိမှသာ ထိပ်တန်းအရှင်သခင် (၁၀)ပါး ဖြစ်လာခြင်းပင်။
သာမန်အားဖြင့် ထိပ်တန်းအရှင်သခင်များသည် မိမိတို့ကိုယ်ပိုင်နယ်မြေများတွင်သာ နေထိုင်လေ့ရှိကြပြီး အပြင်သို့ထွက်ခွာသည်မှာ ရှားပါးသည်။
သို့သော် ယခုတော့ ကျူတောပင်လယ်ဒေသရှိ ဝါဒတောင်တွင် စုဝေးခဲ့ကြသော ထိပ်တန်းအရှင်သခင် စုစုပေါင်း (၆)ယောက်တိတိ ရှိသည်။
မကြာသေးမီနှစ်ပိုင်းက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်သို့ အတူတကွ ခရီးထွက်သွားကြသည်မှလွဲပြီး ဤသည်က ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်၏။
ကြည့်ရသည်မှာ အထက်ဘုံကမ္ဘာတွင် ရှားရှားပါးပါး စစ်ပွဲတစ်ခု ဖြစ်လာနိုင်ခြေ ရှိသည်။
“လူသားအထွတ်ထိပ်အဆင့်” သိုင်းသူတော်စင်များ၏ တိုက်ပွဲ။
ထိုခဏတွင်...
အရှေ့မြောက်ထိပ်တန်း အရှင်သခင်နှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင်တို့က သူတို့၏စွမ်းအားရောင်ဝါများကို အပြည့်ထုတ်လွှတ်လိုက်ကြသည်။
ချောင်ကျယ် ၊ ကျွမ်းရှန်နှင့် အခြားသူ (၂)ယောက်က လှုပ်ရှားခြင်း မပြုသေးသော်လည်း ဝါဒတောင်ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ရာလေထုကို ခံစားနေရသည်။
မိုးထိတောင်ထိပ်တွင် အရှေ့တောင်ဓားနတ်မယ်နှင့်အတူ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်အချို့ရှိနေသည်။
သို့သော် ထိုဖိအားများကို အာရုံခံမိသည်နှင့် ဝင်မပါရဲကြတော့ပေ။ ဝင်ပါမိပါက အသက်သေဆုံးရမည်မှာ သံသယဝင်စရာ မလိုပေ။
“လူသားအထွတ်ထိပ်အဆင့်” ၊ လူသားနတ်ဘုရားခန္ဓာ။
လူသားနတ်ဘုရားခန္ဓာဆိုသည်က အဘယ်နည်း။
နတ်ဘုရားအဆင့်အောက် ၊ သာမန်လူသားအဆင့်အထက်တွင် ရှိပြီး နတ်ဘုရား မဖြစ်သေးသော်လည်း လူသားလည်းမဟုတ်တော့သော လူများကို ပြောခြင်း ဖြစ်သည်။
ထိုသို့သောဖြစ်တည်မှုများကြားတွင် ဧကရာဇ်အဆင့် ကျင့်ကြံသူများကို ခုခံနိုင်သည့် သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်ကျင့်ကြံသူများက ရှားပါးလွန်းသည်။
သူတို့အနေဖြင့် အခြားသော သိုင်းသူတော်စင်များအထက်တွင်ရှိနေသော်လည်း နတ်ဘုရားများကိုတော့ ခေါင်းမော့ကြည့်နေရဆဲပင်။
ယခု မိုးထိတောင်ထက်တွင် အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်ကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြင့် မျက်နှာအမူအရာမပြောင်းလဲဘဲရှိနေသူ (၂)ယောက် ရှိသေးသည်။
အခြားသူမဟုတ် ၊ ရန်တိနှင့် ရန်ကျောက်ကဲတို့ သားအဖပင် ဖြစ်၏။
ရန်တိက...
“ငါတို့ရဲ့ ဝါဒတောင်ဖွင့်ပွဲ အခမ်းအနားကို အဝေးကနေလာရောက်ကြတဲ့ ထိပ်တန်းအရှင်သခင်တွေကို ကျေးဇူးတင်စကားပြောလိုပါတယ်”
ရန်တိမျက်နှာက တည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းများက စူးရှတောက်ပနေသည်။
ထိုမျက်ဝန်းများကို တွေ့လိုက်ရသည့်အခါ ကျွမ်းရှန် ၊ လန်ချင်း ၊ တာအိုဆရာထျန်းယိနှင့် လျန်ကျူးလင်တို့အားလုံး မသိမသာ မျက်မှောင်ကြုံ့လိုက်မိကြသည်။
ကျွမ်ရှန်က အေးစက်စွာဖြင့်...
“မင်းရဲ့သား ရန်ကျောက်ကဲက ငါတို့ တောင်ပိုင်း မီးတောက်ကောင်းကင် ပြည်နယ်အထိလာပြီး အဖိုးတန်ပစ္စည်းတွေ အများကြီးယူသွားခဲ့တယ်”
သူက ဆက်ပြောသည်။
“ငါက နောက်ထပ် လက်ဆောင်ကြီးတစ်ခု ထပ်ပေးဖို့ ဒီနေ့ ဝါဒတောင်ကို ရောက်လာတာပဲ”
ထို့နောက် သူက အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်ကို လှမ်းကြည့်လိုက်သည်။
“ချောင်ကျယ်... မင်းနဲ့ငါကြားမှာ အတိတ်က ရန်ငြိုးတွေရှိတယ် ၊ အဲဒါကတော့ ဇာမဏီအရိုးနဲ့ပတ်သက်တဲ့ကိစ္စပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီနေ့ အဲဒီကိစ္စကိုပြောဖို့ စိတ်မဝင်စားဘူး ၊ ဒီနေ့ ငါဖြစ်ချင်တာက ဝါဒတောင်ကိုအမှုန့်ချေပြီး ရန်ကျောက်ကဲကို သတ်ပစ်ဖို့ပဲ”
သူက ဆက်ပြောသည်။
“ငါ့ကိုတားချင်တယ်ဆိုရင်တော့ ဘယ်သူ့ကိုမှသက်ညှာမှာမဟုတ်ဘူး”
ထိုစကားကြားတော့ ချောင်ကျယ်က သိမ်မွေ့စွာဖြင့်...
“ဒါဖြင့် လုပ်လိုက်လေ”
ကျွမ်းရှန်က ခေါင်းညိတ်ရင်း...
"ကောင်းပြီ"
ထို့နောက် သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်ပြီး...
“သိပ်တော်တဲ့ လူငယ်တစ်ယောက်ပဲ ၊ စိတ်မကောင်းစရာက မင်းရဲ့ကျိန်စာသင့်နေတဲ့အသက်ကို ငါ ဒီနေ့နှုတ်ယူရမယ်”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ကိုယ်ကသူများကိုသတ်ချင်ရင် ကိုယ်တိုင်လည်း ပြန်အသတ်ခံရမှာပဲ ၊ ဒီသဘောတရားက လူတိုင်းနဲ့ဆိုင်တယ်”
သူက ဆက်ပြောသည်။
“မင်းတို့ ဝူထုန်တောင်စောင်းကလူတွေနဲ့လည်းဆိုင်တယ် ၊ ငါနဲ့လည်းဆိုင်တယ် မင်းနဲ့လည်းဆိုင်တယ်”
ကျွမ်းရှန်က...
“အမှန်ပဲ... ဒီတော့ ကိစ္စတွေအားလုံးကို တိုက်ခိုက်ပြီးဖြေရှင်းကြတာပေါ့”
ထိုအချိန် အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက အရှေ့မြောက်ထိပ်တန်း အရှင်သခင် လျိုကျန်းကူကို လှမ်းကြည့်လိုက်ပြီး...
“အကြီးအကဲ’လျို’ ၊ မင်းကရောဘာလို့ ဒီကိစ္စမှာဝင်ပါရတာလဲ”
လျိုကျန်းကူက ခေါင်းလောင်းတီးသံပမာ ကျယ်လောင်သောအသံဖြင့်...
“မင်းနဲ့ကျွမ်းရှန်က ကျင်းထင်တောင်နဲ့ရော ဝါဒတောင်နဲ့ပါ ရန်ငြိုးရှိတယ် ၊ ဒီကိစ္စကို ငါ့အနေနဲ့ပြောစရာမရှိဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဘာလို့ ထျန်းယိနဲ့ အနောက်မြောက်’လျန်ကျူးလင်’ က ရောက်လာရတာလဲ ၊ ဒီတော့ ဒီအဘိုးကြီးကလည်း သူတို့နဲ့ ဆန့်ကျင်ဘက်အကြောင်းပြချက်နဲ့ ရောက်လာရတာပေါ့”
ထိုစကားကြားတော့ ရောက်လာကတည်းက တိတ်ဆိတ်နေသည့် အနောက်မြောက်ထိပ်တန်း အရှင်သခင် လျန်ကျူးလင်က ရုတ်တရက် ဝင်ပြောလိုက်သည်။
“ရှင်နဲ့ကျွန်မ ဘာမှပတ်သက်စရာမရှိဘူး”
သူမက ဆက်ပြောသည်။
“ဟူယွဲ့ရှင်းရဲ့တပည့်မက ယိုးမင်ဧကရာဇ်ဆီက ဘာတွေရသွားလဲဆိုတာ အရေးမစိုက်ဘူး ၊ ဒါပေမဲ့ ကျွန်မတို့ ပင်လယ်နီအဆက်အနွယ်က ထိပ်တန်းရတနာ ပစ္စည်းက သူတို့လက်ထဲရောက်သွားတာ ၊ ကျွန်မ သေချာပေါက် ပြန်ယူရမယ်”
လန်ချင်းက...
“ရတယ်လေ... ရည်ရွယ်ချက်ကတော့ အတူတူပဲမဟုတ်လား”
သူက လျိုကျန်းကူနှင့် ချောင်ကျယ်ကို ကြည့်လိုက်ပြီး...
“မင်းတို့အရင်က တိတ်တဆိတ်ပဲ သူ့ကိုကာကွယ်ပေးကြတာ ၊ ဒါပေမဲ့ အခုတော့ မင်းတို့က ထုန်းမင်ဧကရာဇ်ရဲ့အဆက်အနွယ်ကို ပေါ်တင် ကူညီပေးနေပြီပေါ့”
ရန်ကျောက်ကဲ၏မိခင် ရွှမ်ချူးချင်၏ ဘိုးဘေးဆရာမှာ ထုန်းမင်ဧကရာဇ် ဟူယွဲ့ရှင်း ဖြစ်သည်။
ယခုအချိန်မှာတော့ လူအနည်းစုသာ သိရှိကြသည့် ဧကရာဇ်တစ်ပါးဖြစ်ပြီး အထက်ဘုံကမ္ဘာ သမိုင်းမှတ်တမ်းများတွင် ခြေရာမရှိ ပျောက်ကွယ်သွားခဲ့ပေပြီ။
တာအိုဆရာထျန်းယိက ဖြည်းညင်းစွာဖြင့်...
“ဒီတော့ မင်းတို့က တိဟွမ်မြေကမ္ဘာဧကရာဇ်ရဲ့ အမိန့်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်တာပေါ့”
လျိုကျန်းကူက နှာတစ်ချက်မှုတ်ရင်း...
“သိပ်လည်း လျှောက်ပြောမနေနဲ့ ၊ တိဟွမ်မြေကမ္ဘာဧကရာဇ်က ရွှယ်ချူးချင်ကို ဖမ်းချင်တယ်လို့ ဘယ်တုန်းကမှ မပြောဖူးဘူး”
လန်ချင်းက သိမ်မွေ့စွာဖြင့်...
“တိဟွမ်မြေကမ္ဘာဧကရာဇ်ကတော့ နောက်ပိုင်းမျိုးဆက်တွေကိစ္စကို ဘယ်ပြောနေမှာလဲ ၊ ဒါပေမဲ့ ဖြေရှင်းစရာရှိတာကို ငါတို့ကဖြေရှင်းရမှာပေါ့ ၊ ဧကရာဇ်မင်းကိုယ်တိုင် အမိန့်ပေးနေစရာမလိုပါဘူး”
လျိုကျန်းကူက ငြင်းဆိုခြင်းမရှိပေ။
“ဖြစ်နိုင်ပါတယ်...”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းတို့လိုပဲပေါ့ ၊ လုပ်နိုင်တာတွေရှိသလို မလုပ်နိုင်တာတွေလည်း ရှိတယ်”
ကျွမ်းရှန်က ကောင်းကင်ထက်မော့ကြည့်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
“ဒီလောကမှာအသက်ရှင်ရတာ... တကယ့်ကိုပဲ လုပ်နိုင်တာတွေရှိသလို မလုပ်နိုင်တာတွေလည်းရှိတယ်”
“ဒါပေမဲ့ သွေးကြွေးကတော့ပြန်ဆပ်ရမယ်”
ပြောပြီးသည်နှင့် သူ့ပတ်ဝန်းကျင်မှ တန်ခိုးစွမ်းအားရောင်ဝါများပြောင်းလဲသွားပြီး ပြင်ထန်သောမီးလျှံများ ထွက်ပေါ်လာသည်။
အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်က တာအိုဆရာထျန်းယိနှင့် လန်ချင်းတို့ကိုတစ်ချက်ကြည့်လိုက်ပြီး...
“ရှင်တို့ကိစ္စကို အရှေ့မြောက်’လျို’ ၊ အရှေ့တောင်’ချောင်’ နဲ့ ဆက်ရှင်းလိုက်ကြ ၊ ရွှယ်ချူးချင်နဲ့ပတ်သက်တဲ့လူတွေကတော့ ကျွန်မနဲ့ဆိုင်တယ်”
ထို့နောက် သူမ၏သွေးသွယ်သောခန္ဓာကိုယ်အား ခြုံလွှမ်းထားသည့် အပြာရောင်ဝတ်ရုံရှည်ကို ရုတ်တရက် ဖွင့်လှစ်လိုက်သည်။
ကျူတောပင်လယ်ဒေသထက်ပင် ကြီးမားဟန်ရှိသော အဆုံးမရှိ သွေးနီရောင်ပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ပင်လယ်နီဖြင့် ဝန်းရံခံရသည့်နေရာတွင် ရှိနေသူတိုင်းမှာ မိမိတို့၏ သေခြင်းရှင်ခြင်းအား ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သလို ခံစားလိုက်ကြရ၏။
အနောက်ပိုင်းထိပ်တန်းအရှင်သခင် လျန်ကျူးလင်က ပင်လယ်နီအဆက်အနွယ်မှဆင်းသက်လာသည်ဟု ဆိုကြသည်။
ပင်လယ်နီအဆက်အနွယ် ဆိုသည်က ဒဏ္ဍာရီလာထိပ်တန်းတန်ခိုးစွမ်းအားရှင်ဖြစ်သော ‘ချိကျင်းကျုန်း’ ၏ မျိုးဆက်မှ ဆင်းသက်လာသူများဖြစ်ကြသည်။
ချိကျင်းကျုန်းဆိုသည်က ယွိချင်အဆက်အနွယ် ဘိုးဘေး ယွမ်စီထျန်းကျွင်း၏တပည့်ရင်းဖြစ်ကြောင်း ကောလဟလများ ရှိလေသည်။
ပင်လယ်နီအဆက်အနွယ်များ ကျင့်ကြံသည့်သိုင်းပညာက ယင်နှင့်ယန်ကို ကျင့်ကြံခြင်းဖြစ်ပြီး သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ကာ အဆုံးမရှိ လေးနက်လှသည်။
ဤသိုင်းပညာအမွေအနှစ်က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ပြန်လည်ထွက်ပေါ်လာပြီး များစွာသော မိစ္ဆာချီနှင့် ပြင်းထန်သောနည်းလမ်းများဖြင့်ပေါင်းစပ်ကာ အသစ်တစ်ဖန်မွေးဖွားလာသည်။
လျန်ကျူးလင်က မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ထိပ်တန်းအရှင်သခင် (၁၀)ယောက်ထဲတွင် ရက်စက်ကြမ်းတမ်းဆုံးသူအဖြစ် သတ်မှတ်ခံရသည်။
သူမ၏တိုက်ခိုက်မှုက တောင်ပိုင်းထိပ်တန်းအရှင်သခင်’ချောင်ကျယ်’ ထက်ပင် ပိုပြီး ပြင်းထန်သည်။
“ခပ်လွယ်လွယ် လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်ဆိုတာ မရှိဘူးပဲ”
ပင်လယ်နီဖြင့် လွှမ်းခြုံခံလိုက်ရသည်နှင့် ရန်ကျောက်ကဲ၏ဝိညာဉ်မှာ အတော်လေး မတည်မငြိမ်ဖြစ်သွားပြီး သူ၏ဝိညာဉ်အား သူ၏ခန္ဓာကိုယ်ထဲမှ အတင်းအကျပ် ဆွဲထုတ်နေသည့်အလား ခံစားလိုက်ရလေသည်။