← Chapters

ထိုက်ယိလက်သီးသိုင်း

Vol. 73 Ch. 1030

ထိုက်ယိလက်သီးသိုင်း

Vol. 73 Ch. 1030

အခန်း (၁၀၃၀) ထိုက်ယိလက်သီးသိုင်း

ရန်ကျောက်ကဲ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ချိန် ထူးကဲယန်စည်းတံဆိပ်က လွင့်ပျံလာသည်။

ကောင်းကင်ယံ ရုတ်တရက်ပွင့်ထွက်သွားပြီး အထက်ဘုံကမ္ဘာ ဗလာနယ် နယ်နိမိတ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်ယံအဝေးတစ်နေရာတွင် ထူးကဲယန်စည်းတံဆိပ်က အနည်းငယ် တုန်ခါသွားသည်။

လူတိုင်း၏မျက်လုံးထဲတွင် ကောင်းကင်ထက်မှ တကယ့်နေရောင်ပျောက်ကွယ်သွားသည်ဟု ထင်မှတ်လိုက်ကြသည်။

သူတို့ရှေ့မှ ထူးကဲယန်စည်းတံဆိပ်က နေမင်းတစ်စင်းအဖြစ်ပြောင်းလဲကာ ကမ္ဘာလောကတစ်ခုလုံးကို တောက်ပစေသည်။

နေဝန်းက မြေပြင်နှင့်နီးကပ်လွန်းသဖြင့် လူတိုင်း ပူလောင်ပြင်းပြသည့်ခံစားချက်ကို ခံစားရပြီး ကျူတောပင်လယ်ဒေသမှ ရေပမာဏများစွာသည်ပင် အငွေ့ပျံသွားရသည်။

ရန်ကျောက်ကဲက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ တောက်လောင်နေသော နေဝန်းက တောင်ပိုင်းထိပ်တန်းအရှင်သခင်အား ထိမှန်သွားသည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် အရှေ့တောင်ဓားနတ်မယ်ကဲ့သို့ သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူများလည်း ရောက်ရှိနေကြသည်။

သူတို့အားလုံးက ဝါဒတောင်နှင့်မဟာမိတ်ဖြစ်ပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ ဖြစ်ကြသည့်တိုင် ကောင်းကင်ထက်မှ ကျဆင်းလာသည့် ကျက်သရေရှိလှသောနေဝန်းကိုကြည့်ရင်း အရှေ့တောင်ဓားနတ်မယ်နှင့် အခြားသူများအားလုံး ကြောက်ရွံ့တုန်လှုပ်ခြင်းကို ခံစားလိုက်ကြရသည်။

သူတို့ထဲမှတစ်ယောက်ယောက်သာ ဤထိုးနှက်ချက်ကိုရင်ဆိုင်ရပါက လှည့်ထွက်ပြေးရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။

ရှောင်တိမ်းရန်ပျက်ကွက်သည်နှင့် ပွဲချင်းပြီး သေဆုံးသွားမည် ဖြစ်၏။

သမာဓိမီးတောက် (၄)မျိုးနှင့် အစစ်အမှန်ဇာမဏီကျမ်းစာကို ကျင့်ကြံထားသော တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သည် ထူးကဲယန်စည်းတံဆိပ်ကို ခုခံရန်အတွက် သူ၏ကိုယ်ပိုင်စွမ်းအားကို အားမကိုးခဲ့ပေ။

ရုတ်တရက် ကျွမ်းရှန်ထံမှ ကြည်လင်ပြတ်သားသော ဇာမဏီအော်သံတစ်သံ ထွက်ပေါ်လာသည်။

သူက အင်္ကျီလက်ကိုအသာဝှေ့ယမ်းလိုက်ရာ ရောင်စုံအလင်းတန်းများတောက်ပနေသည့် ဇာမဏီအမွေးများ လွင့်စင်ထွက်လာသည်။

အရင်က ကျွမ်းရှန်၏တပည့် ယွမ်ရှန်းချန်ကိုင်ဆောင်သော “ငါးရောင်ခြယ်ဇာမဏီယပ်‌တောင်” ကိုလည်း ဤသို့သော ဇာမဏီငှက်မွှေးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

သို့သော် အသုံးပြုထားသော ဇာမဏီငှက်မွှေးများ၏ အရည်အသွေးနှင့်ပမာဏကတော့ ကျွမ်းရှန်အသုံးပြုသည့်အမျိုးအစားထက် များစွာနိမ့်ကျသည်။

ဤဇာမဏီငှက်မွှေးများကို လက်နက်ပစ္စည်းအဖြစ် ပြုလုပ်တပ်ဆင်ရခြင်းမရှိသေးသော်လည်း ကျွမ်းရှန်က ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် လေထဲတွင် လျင်မြန်စွာ ရောယှက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ဇာမဏီငှက်မွှေးများအလယ်တွင် သစ်ပင်မျိုးစေ့တစ်ခု ပေါ်လာ၏။

သစ်ပင်မျိုးစေ့က လျင်မြန်စွာ အညှောင့်ပေါက်လာပြီး ချက်ချင်းပင် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

အနီရောင်အလင်းတန်းများကို ဇာမဏီငှက်မွှေးများလှည့်ပတ်သွားသည့်အခါ ဝူထုန်သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသည်။

ထိုဝူထုန်သစ်ပင်က သိပ်ပြီးကြီးမားခြင်းမရှိဘဲ အမြင့်က (၃)ပေခန့်သာ ရှိသည်။

သို့သော် ထိုသစ်ပင်ငယ်မှ ပြင်းထန်သော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

သန့်စင်သောရေလှိုင်းသမာဓိမီးတောက် ၊ ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက် ၊ မရဏသမာဓိမီးတောက် ၊ ခရမ်းရောင်သမာဓိမီးတောက်များအားလုံး တညီတညွတ်တည်း ထွက်ပေါ်လာကြပြီး တန်ခိုးစွမ်းအားကလည်း အလွန်တရာ မြင့်မားလှသည်။

ဝူထုန်သစ်ပင်က ကျွမ်းရှန်၏ဦးခေါင်းထက်တွင် ရပ်တန့်နေပြီး အကိုင်းအခက်အရွက်များ လှုပ်ရမ်းလျက် အသက်ဓာတ်စွမ်းအားနှင့် ရှင်သန်မှုများကို ထုတ်ဖော်ပြသနေသည်။

ထို့နောက် ကောင်းကင်ထက်မှ ကျဆင်းလာသော ထူးကဲယန်စည်းတံဆိပ်ကို ချုပ်နှောင်ထားလိုက်သည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူက ထိုသစ်ပင်ငယ်ကိုမြင်တော့ အနည်းငယ်ထိတ်လန့်သွားပြီး...

“‌တောင်ပိုင်း ‘ကျွမ်း’ ၊ မင်း ဝူထုန်တောင်စောင်းက ဘိုးဘေးသစ်ပင်နှလုံးသားကို ယူခဲ့တာလား”

သူက ဆက်ပြောသည်။

“မအံ့သြတော့ပါဘူး ၊ ဝါဒတောင်မှာ ထူးကဲယန်စည်းတံဆိပ်ရှိတယ် ၊ အမတ ကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တွေရှိတယ် ၊ မင်း ဒီကို လာတိုက်တယ် ဆိုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်လာမှာပဲ”

ရွှေရောင်ဝူထုန်သစ်ပင်ငယ်က ကျွမ်းရှန်၏ဦးခေါင်းထက်တွင် ရှိနေပြီး ထူးကဲယန်စည်းတံဆိပ်ကို ယာယီ ပိတ်ဆို့ထားလိုက်သည်။

ထူးကဲယန်စည်းတံဆိပ်နှင့် ဝူထုန်သစ်ပင်ငယ် ထိမိသည့်အခါ သစ်ပင်ငယ်မှာ ကြီးမားသည့်ဖိအားကြောင့် ညွတ်ကျသွားပြီး အကိုင်းအခက်နှင့်အရွက်များ ကွေးညွှတ်သွားသည်။

သို့သော် ပင်စည်ကတော့ ဖြောင့်မတ်စွာဖြင့် ရပ်တည်နေပြီး ထူးကဲယန်စည်းတံဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့ထားလိုက်သည်။

ကျွမ်းရှန်က ဤအခွင့်အရေးကိုအသုံးချပြီး ကောင်းကင်ထိုးခွင်းမီးလျှံဓားသိုင်းကို နောက်တစ်ကြိမ် ထုတ်ဖော်အသုံးပြုလိုက်သည်။

လျှင်မြန်သောဓားချက်က ရန်ကျောက်ကဲထံ တည့်တည့်မတ်မတ် ဝင်ရောက်လာ၏။

ယခုတစ်ကြိမ် ထုတ်ဖော်လိုက်သည့်ဓားချက်က စောစောက ထုတ်ဖော်သည့် ဓားချက်ထက် ပိုမိုမြန်ဆန်ခိုင်မာသည်။

ရုတ်ချည်းပင် အရှိန်အဟုန် မြင့်မားစွာဖြင့် ကျွမ်ရှန်က ရန်ကျောက်ကဲအနားသို့ ရောက်ရှိလာသည်။

ထူးကဲယန်စည်းတံဆိပ်က အလွန်တရာစွမ်းအားမြင့်မားပြီး ထူးခြားလှကာ တစ်ချက်တည်းဖြင့် သေစေနိုင်သည်။

ကျွမ်းရှန်က စွန့်စားရသည့်လှုပ်ရှားမှုကိုရွေးချယ်ပြီး ဝူထုန်သစ်ပင်ငယ်ဖြင့် ထူးကဲယန်စည်းတံဆိပ်ကို တားဆီးခဲ့သည်။ ထိုသို့လုပ်လိုက်လျှင် ရန်ကျောက်ကဲ အာရုံထွေပြားသွားမည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။

ထူးကဲယန်စည်းတံ‌ဆိပ်အား ပိတ်ဆို့နိုင်ပါက ရန်ကျောက်ကဲ၏ အစီအစဉ်နှင့် စည်းချက်ညီမှု ပျက်ဆီးသွားစေနိုင်သည်။

ထိုခဏတွင် ရန်ကျောက်ကဲကို အရှိန်အဟုန်ဖြင့် တိုက်ခိုက်နိုင်ပါက သေချာပေါက်အနိုင်ရမည်ဖြစ်ရာ လက်ရှိအချိန်က ကျွမ်းရှန်အတွက် အသင့်တော်ဆုံးအချိန် ဖြစ်သည်။

ပါးလွှာသောသမီးလျှံကြိုးစက လေထုကိုဖြတ်သန်းသွားပြီး တစ်ခဏအတွင်း ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။ ဓားချက်ကက ရန်ကျောက်ကဲ၏လည်ပင်းကို ဖြတ်သန်းသွားရန် အချိန်ခဏသာ လိုတော့သည်။

သို့သော် ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“မင်း ဒီလိုလုပ်မှာကို စောင့်နေတာ”

ပြောပြီးသည်နှင့် လက်သီးတစ်ချက် ထိုးစိုက်ချလိုက်လေ၏။

သူ၏လှုပ်ရှားမှုက လျှင်မြန်ခြင်းမရှိဘဲ နှေးကွေးလေးလံ၍ပင်နေသည်။

သို့သော် လက်သီးချက် ထွက်ပေါ်လာပြီးသည့်နောက် ကျွမ်းရှန်အရှေ့မှ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားသည်။ ကမ္ဘာလောက တစ်ခုလုံးတွင် ရန်ကျောက်ကဲ၏ လက်သီးချက်တစ်ချက်သာ ရှိတော့သည်ဟု ထင်မှတ်ရသည်။

လက်သီးချက်က ကမ္ဘာလောကတစ်ခုလုံးသာမက စကြဝဠာဗလာနယ်တစ်ခုလုံးတွင် ပြည့်နက်သွားသည်။

ကျွမ်းရှန်က ဗဟိုချက်တွင်ရှိနေပြီး မည်သို့ပင် အာရုံစိုက်ကာ ရှောင်တိမ်းရန်ကြိုးစားစေကာမူ လက်သီးချက်က ထိမှန်သွားသည်။

ဤလက်သီးချက်က အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အချိန်ကာလအားလုံးကို သိမ်းပိုက်ထားပုံရသည်။

ထိုခဏတွင် ကျွမ်းရှန်၏မျက်ဝန်းထဲ၌ ရှည်လျားသောအချိန်ရေစီးကြောင်းကို ဖျတ်ခနဲ တွေ့မြင်လိုက်ရပြီး အတိတ်မှအမှတ်တရများ ၊ အနာဂတ်အလား အလာများသည် အချိန်ရေစီးကြောင်းထဲတွင် စီးဆင်းလွင့်ပါးသွားသည့်ပမာ ခံစားရသည်။

ဤလက်သီးချက်က အရာအားလုံးမစတင်ခင် မွေးဖွားလာပုံရပြီး အရာအားလုံးပြီးဆုံးသွားချိန်တွင်လည်း တိတ်တဆိတ်စောင့်ဆိုင်းနေပုံရသည်။

ကျွမ်းရှန်မှာ သူ့ဦးခေါင်းထက်မှ ဆံပင်များထောင်တက်သွားသလို ခံစားလိုက်ရပြီး ဓားကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။

ချက်ချင်းပင် ထိုးစစ်ဆင်ခြင်းကိုရပ်တန့်ပြီး ရန်ကျောက်ကဲ၏ လက်သီးချက်ကိုခုခံရန် စွမ်းအားကုန်ထုတ်သုံးလိုက်ရ၏။

ဇာမဏီမီးတောက် (၄)မျိုးပေါင်းစပ်ပြီး ကောင်းကင်ထက်တွင် ရောင်စုံ တိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။

သို့သော် အဆုံးမရှိ ၊ အကန့်အသတ်မရှိ ၊ ပြင်းထန်သော လက်သီးချက်က ကျွမ်းရှန်အားခြုံလွှမ်းသွားပြီး သူ့ထံသို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။

ဂုဏ်သိက္ခာရှိသော တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်မှာ ရန်ကျောက်ကဲ၏လက်သီးချက်ကို အံတင်းတင်းကြိတ်ပြီး အောင့်ခံလိုက်နိုင်ရုံသာ ရှိသည်။

“ဒါက ဘယ်လိုလက်သီးသိုင်းမျိုးလဲ”

အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်း ၊ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာထျန်းယိနှင့် အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်တို့အားလုံး  မယုံကြည်နိုင်စွာ ပင့်သက်ရှိုက်လိုက်မိကြသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူတို့သည်လည်း အံ့အားသင့်ထိတ်လန့်သွားကြရသည်။

ချောင်ကျယ်က တစ်စုံတစ်ခုကိုတွေးနေသည့်အလား မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

ရန်တိနှင့် တိုက်ခိုက်နေသည့် လျန်ကျူးလင်ကတော့ မျက်နှာတစ်ချက်ပျက်သွားပြီး ရန်တိ၏ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရန်ကျောက်ကဲ၏လက်သီးချက်ကို ထပ်မံကြည့်လိုက်သည်။

ထို့နောက် သူမစိတ်ထဲ အတွေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာသည်။

“ထိုက်ချင်အဆက်အနွယ် ရှန်းထျန်းဝူထိုက်ရဲ့ ထိုက်ယိလက်သီးသိုင်း...”

ထိုစကားကိုကြားတော့ လန်ချင်း ၊ လျိုကျန်းကူနှင့် အခြားသူများအားလုံး သဘောပေါက်သွားကြသည်။

“ထိုက်ကျိယင်ယန်လက်ဝါးသိုင်းတင်မဟုတ်ဘူး ထိုက်ယိလက်သီးသိုင်းပါ သူက သိနေတာလား ၊ ဒီသိုင်းပညာပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာကြာလှနေပြီ ၊ ရန်ကျောက်ကဲက တကယ်ပဲ ဒါကိုသိနေတာလား”

ဟုတ်ပေ၏။

ရန်ကျောက်ကဲ ထုတ်ဖော်အသုံးပြုလိုက်သည့်သိုင်းပညာက ဖခင်ဖြစ်သူ၏ ထိုက်ယိဟွာတိမ်တိုက်အား လေ့လာသင်ယူထားသော ထိုက်ယိ လက်သီးသိုင်းပင် ဖြစ်သည်။

သူက စန်းချင်း (၃)ပါး သိုင်းပညာရပ်များကို ကျင့်ကြံထားသည်ဖြစ်ရာ ပြိုင်ဘက်ကင်းကောင်းကင် ကျမ်းစာထဲတွင် ထိုက်ယိလက်သီးသိုင်းကိုပေါင်းစပ်လိုက်ရာ ထူးခြားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော လက်သီးသိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ကျွမ်းရှန်က ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် အကြံထုတ် အစီအစဉ်များရေးစွဲနေချိန် ရန်ကျောက်ကဲသည်လည်း သူ့လိုပင် ပြုလုပ်နေခဲ့သည်။

အဆုံးသတ်မှာတော့ ရန်ကျောက်ကဲက အနိုင်ရသူဖြစ်ခဲ့သည်။

သူ၏လက်သီးတစ်ချက်တည်းဖြင့် ပတ်ဝန်းကျင် အချိန်နှင့်နေရာ ၊ အတိတ် ၊ အနာဂတ်အားလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။

ကျွမ်းရှန် အခွင့်အရေးလုံးဝဆုံးရှုံးခဲ့ရပြီး ရှေ့သို့လည်းမတက်နိုင် နောက်သို့လည်းမဆုတ်နိုင်ဘဲ ရန်ကျောက်ကဲ၏လက်သီးချက်ကြောင့် နေရာတွင် ပိတ်မိနေသည်။

သူ မလှုပ်ရှားနိုင်တော့ဘဲ ရုန်းရန်ရင်း ခုခံရုံသာ တတ်နိုင်သည်။

ရန်ကျောက်ကဲက သူ့လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ခမ်းနားသောနေမင်းကြီးက ကျွမ်းရှန်၏ဦးခေါင်းထက်မှ ရွှေရောင်ဝူထုန်ပင်ကို ဖြတ်ကျော်သွားပြီး တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာသည်။

ယခု ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏ ဧကရာဇ်ဖြစ်သော ထူးကဲယန်စည်းတံဆိပ်က တန်ခိုးစွမ်းအားတစ်ခုတည်းသာ ပိုင်ဆိုင်သော ခပ်တုံးတုံးရတနာပစ္စည်း မဟုတ်ပေ။

အရွယ်အစားကိုလည်း အလိုရှိသည့်အတိုင်း ပြောင်းလဲနိုင်စွမ်းရှိရှိပြီး အဆုံးမရှိသော အပြောင်းအလဲများကို ပိုင်ဆိုင်သည်။

ကျွမ်းရှန်မှာ ထိုက်ယိ လက်သီးသိုင်းဖြင့် ချုပ်နှောင်ခံထားရပြီး ရွှေရောင်ဝူထုန်သစ်ပင်ကို အသက်သွင်းရန် အချိန်မီမလုပ်ဆောင်နိုင်တော့ပေ။

ထို့ကြောင့် ထူးကဲယန်စည်းတံဆိပ်က ဝူထုန်သစ်ပင်ငယ်ကို ဖြတ်ကျော်သွားပြီး ကျွမ်းရှန်ထံသို့ ဆင်းသက်သွားသည်။

ကျွမ်းရှန်မှာ သူ၏တန်ခိုးစွမ်းအားအကုန်လုံးကို ရန်ကျောက်ကဲ၏လက်သီးချက်အားခုခံရန် အသုံးပြုခဲ့သည်ဖြစ်ရာ ထူးကဲယန်စည်းတံဆိပ်အား မည်သို့ခုခံနိုင်ပါတော့မည်နည်း။

ထူးကဲယန်စည်းတံဆိပ်က ကျွမ်းရှန်၏ဦးခေါင်းထက်ကျရောက်သွားပြီး သွေးများ ဖြာဆင်းကျလာသည်။

ကျွမ်းရှန်၏ကျင့်ကြံခြင်းအဆင့်က အလွန်တရာမြင့်မားသည်ဖြစ်ရာ ခံစစ်စွမ်းအားကလည်း အံ့မခန်းဖြစ်သည်။ ထို့ကြောင့် ထူးကဲယန်စည်းတံဆိပ်ဖြင့် အရိုက်ခံရသည့်တိုင် အသက်သေဆုံးခြင်းမရှိဘဲ ခေါင်းများမူးဝေကာ အောက်ဘက်သို့ ပြုတ်ကျသွားသည်။

သူက ခြေလှမ်းတည်ငြိမ်စွာဖြင့် ဆုတ်ခွာနိုင်ရန် ကြိုးစားလိုက်သော်လည်း ရန်ကျောက်ကဲက တစ်ချက်မရပ်နားဘဲ သူ့ထံသို့ ထပ်မံထိုးနှက်တိုက်ခိုက်လိုက်လေ၏။

All Chapters