← Chapters

ကောင်းကင်အလိုတော်မုခ်ဝဖြင့် နတ်နဂါးမင်းကို သတ်ခြင်း

Vol. 42 Ch. 568

ကောင်းကင်အလိုတော်မုခ်ဝဖြင့် နတ်နဂါးမင်းကို သတ်ခြင်း

Vol. 42 Ch. 568

နတ်နဂါးမင်းက မယုံသင်္ကာအမူအရာဖြင့် ကောင်းကင်အလိုတော်မုခ်ဝကို ကြည့်သည်။

ကျန်းမြောင်က ခပ်တိုးတိုး မေးလိုက်၏။ “ဂိုဏ်းသခင် သူ့ကို တကယ် သတ်ပစ်နိုင်မှာလား”

“ငါ မသိဘူး” ချင်မူ ခပ်တိုးတိုး ပြန်ပြောလိုက်၏။

ကျန်းမြောင်မှာ မျက်လုံးအပြူးသားဖြင့် အော်လိုက်မိသည်။ “မသိဘူးလား”

“ငါ ဒီမုခ်ဝနဲ့ နတ်ဘုရားတွေကို သတ်နိုင်လား၊ မသတ်နိုင်ဘူးလား မစမ်းကြည့်ရသေးဘူး... စောစောက သူ့ကို တမင် ခြောက်နေတာ ... သူက အခုလို အခြေအနေဖြစ်နေတာတောင် မာနကြီးတခွဲသားနဲ့ ဟိတ်ဟန် ထုတ်ချင်သေးတယ်လေ... ဒီတော့ ငါတို့ ဘယ်လိုပဲနေနေ သူ့ထက် ပိုရက်စက်ပြရမယ်...”

ချင်မူက ရှင်းပြပြီးသည်နှင့် နတ်နဂါးမင်းအား တောင်းပန်လိုက်သည်။ "နတ်နဂါးမင်း၊ ကျွန်တော် ခင်ဗျားကို မသတ်နိုင်ရင် ကျေးဇူးပြုပြီး မရယ်ပါနဲ့"

သူ ကောင်းကင်အလိုတော်မုခ်ဝကို ထုတ်လွှတ်တော့မည်အချိန် နတ်နဂါးမင်းက တစ်စုံတစ်ခုကို မှတ်မိသွားသည့်အလား အမူအရာအကြီးအကျယ် ပြောင်းလဲသွားသည်။ "ခဏလေး"

ချင်မူ ရပ်လိုက်သည်နှင့် ကောင်းကင်အလိုတော်မုခ်ဝလည်း ရပ်သွားသည်။ သူက စိတ်ရှည်ရှည် ပြောလိုက်၏။ "နတ်နဂါးမင်း ကျေးဇူးပြုပြီး ပြောပါ"

နတ်နဂါးမင်းက ကြောက်လန့်‌နေဟန်တူသော မျက်လုံးများဖြင့် ချင်မူ့အနောက်ရှိ မုခ်ဝကို စိုက်ကြည့်ပြီး စူးစူးဝါးဝါး အော်လိုက်သည်။ "ငါ ဒီမုခ်ဝကို မြင်ဖူးတယ်... မင်းနဲ့ မင်တုကောင်းကင်နတ်မင်းက ဘယ်လိုပတ်သက်နေတာလဲ...သူ့မှာလည်း ဒီလိုမုခ်ဝမျိုး ရှိတယ်"

"မင်တုကောင်းကင်နတ်မင်းမှာလည်း ကောင်းကင်အလိုတော်မုခ်ဝ ရှိတာလား" ချင်မူ မယုံနိုင်စွာ မေးလိုက်မိသည်။ “ကျွန်တော် တစ္ဆေတောင်ကြားမှာ ကောင်းကင်အလိုတော်မုခ်ဝ ဖွင့်ထားတဲ့လူတစ်ယောက် မြင်ခဲ့ဖူးတယ်.... သူက ခင်ဗျားပြောနေတဲ့ ကောင်းကင်နတ်မင်းများ ဖြစ်နေမလား”

“မင်းက မင်တုကောင်းကင်နတ်မင်းရဲ့ မျိုးဆက်လား... ဒီမုခ်ဝကို ဖွင့်နိုင်တာ အံ့သြစရာမရှိဘူးပဲ....” နတ်နဂါးမင်းက တုန်ရီနေသောအသံဖြင့် ပြောလာသည်။

ချင်မူ ခေါင်းယမ်းကာ ပြုံးလိုက်သည်။ “ကျွန်တော့်မျိုးရိုးက ချင်ပါ.... ရွှင်ပျော်ပျော်ကျေးရွာရဲ့ ချင်... မင်တုကောင်းကင်နတ်မင်းဆိုတာ ဘယ်သူများလဲ .... သူ့မျိုးရိုးကလည်း ချင်ပဲလား”

သို့သော် နတ်နဂါးမင်းမှာ သူ့စကားကို နားထောင်နေဟန်မတူဘဲ ကြောက်မက်ဖွယ်ရာ အတွေ့အကြုံများကို ပြန်သတိရသွားသည့်အလား တတွတ်တွတ် ရေရွတ်နေသည်။ “မင်တုကောင်းကင်နတ်မင်းက ယိုတုနဲ့ ဆက်နေတဲ့ မုခ်ဝတစ်ခုကို ထိန်းချုပ်တဲ့လူပဲ.... အစွမ်းထက်ရန်သူပေါင်း မရေမတွက်နိုင်‌အောင် သူ့လက်ချက်နဲ့ သေခဲ့ကြရတယ်... နောက်ပိုင်း ခိုင်ဧကရာဇ်က သူ့ကို ကောင်းကင်နတ်မင်းဘွဲ့ ချီးမြှင့်ပေးလိုက်ပြီး ယိုတုကို ဖွင့်ခိုင်းခဲ့တယ်...

“ခိုင်ဧကရာဇ်က သိပ်ရည်မှန်းချက်ကြီးတဲ့ လူ.... သူက ယိုတုကိုလည်း သိမ်းပိုက်ပြီး သေခြင်းရှင်ခြင်းကို ထိန်းချုပ်ချင်ခဲ့တယ်... ဒါပေမဲ့ သူ့လုပ်ရပ်ကြောင့် မြေအောက်ဘုံအရှင်သခင် အမျက်တချောင်းချောင်း ထွက်သွားပြီး အညံ့မခံခဲ့ဘူး.... အဲဒါနဲ့ ခိုင်ဧကရာဇ်က စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်ကို နတ်ဓားမတစ်လက် သွန်းလုပ်ခိုင်းခဲ့တယ်... မင်တုကောင်းကင်နတ်မင်းက အဲဒီဓားမ ဆွဲပြီး ယိုတုကနေ မြေတစ်ပိုင်း ဖြတ်ယူခဲ့တယ်... ခိုင်ဧကရာဇ်က သူ့လူတွေကို အဲဒီမြေပေါ်မှာ ဖုန်းတုဆိုတဲ့ကမ္ဘာ တည်ဆောက်ခိုင်းခဲ့တာပဲ....”

ချင်မူ မှင်သက်သွားမိသည်။ “မင်းတုကောင်းကင်နတ်မင်းက ယိုတုကနေ မြေတစ်ပိုင်း ပိုင်းဖြတ်ပြီး ဖုန်းတုအဖြစ် ပြောင်းလိုက်တာလား..... အဲဒီလောက် အင်အားကြီးတယ်လား”

“ယိုတုရဲ့ပိုင်နက်ကို ခိုးတဲ့အမှုနဲ့ မင်တုကောင်းကင်နတ်မင်းက မြေအောက်ဘုံအရှင်သခင်ကို ဒေါသထွက်စေခဲ့တယ်.... ဒါပေမယ့် မင်တုက သိပ်ဉာဏ်ကောင်းတဲ့လူ... သူ့ကိုယ်သူ ကျောက်ရုပ်အသွင် ပြောင်းပြီး ဖုန်းတုထဲ ပြေးသွားတယ်... အဲဒီအချိန်တုန်း သူ့လက်ချက်နဲ့ သေခဲ့ရတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ များပြားလွန်းလို့ သူ့ကို ဝိညာဉ်စီရင်သူလို့တောင် ခေါ်ခဲ့ကြသေးတယ်... မင်းရဲ့မုခ်ဝက သူ့မုခ်ဝနဲ့ လုံးဝမတူနိုင်ပါဘူး”

ချင်မူ့မျက်လုံးများ အရောင်တောက်သွားပြီး သူက အလျင်အမြန် မေးလိုက်သည်။ “နတ်နဂါးမင်း၊ တစ္ဆေတောင်ကြားမှာ ကျွန်တော် ကျောက်ရုပ်တုတစ်ရုပ် တွေ့ခဲ့ဖူးတယ်.... အဲဒီကျောက်ရုပ်တုနောက်မှာ ယိုတုနဲ့ ဆက်သွယ်နေတဲ့ မုခ်ဝတစ်ခု ရှိခဲ့ပေမယ့် အဲဒီမုခ်ဝက ပျားအိမ်လို အတားအဆီးအစီအရင်တစ်ခုနဲ့ မိစ္ဆာနတ်ဆိုးတွေကို ပိတ်လှောင်ထားတာ.... အဲဒီလူက မင်တုကောင်းကင်နတ်မင်းများ ဖြစ်နေမလား”

နတ်နဂါးမင်းက ငေးငေးငိုင်ငိုင်ဖြင့် တစ်ယောက်တည်း ပွစိပွစိ ပြောနေ၏။ “မင်းရဲ့မုခ်ဝက သူ့မုခ်ဝနဲ့ မတူနိုင်ဘူး... မင်းမှာ ငါ့ကို အန္တရာယ်ပြုနိုင်တဲ့ အစွမ်းအစမှ မရှိတာ... မင်းက ကြက်နဂါးတစ်ကောင်လို အားနည်းတဲ့ အုတ်ကြားမြက်ပေါက်လေးထက် မပိုဘူး”

ချင်မူ့မျက်နှာ နီရဲသွားပြီး သူက ပြောလိုက်သည်။ “နတ်နဂါးမင်းက ဒီစကားနဲ့ လူသားမျိုးနွယ်ကို စော်ကားလိုက်တာပဲ... ကျွန်တော် မြင်ခဲ့တဲ့ ကျောက်ရုပ်တုက မင်တုကောင်းကင်နတ်မင်းဆိုတာ သေချာသလောက် ရှိတယ်... ကျွန်တော် ခန့်မှန်းရသလောက်ဆို သူက လောကသခင်ခန္ဓာအတုပဲ... ကျွန်တော့်စံနှုန်းကို လုံးဝမမှီသေးဘူး”

နတ်နဂါးမင်း စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး သရော်လိုက်သည်။ “မင်းက ဒီမုခ်ဝကို ကောင်းကင်အလိုတော်မုခ်ဝလို့ ခေါ်တာလား.... ဟာသပဲ... ဒီမုခ်ဝက ခိုင်ဧကရာဇ်ခေတ်တုန်းက နတ်သက်ခြွေဆန်းကြယ်မုခ်ဝလို့ အသိများတယ်... အထက်ကောင်းကင်ကိုးဆင့်က နတ်ဘုရားတွေနဲ့ အောက်ဘုံကိုးဆင့်က မိစ္ဆာနတ်ဆိုးတွေတောင် ဒီမုခ်ဝကနေ ပြေးမလွတ်ဘူး

“တံခါးဖွင့်ပြီး ပိတ်သွားတာနဲ့ ဘယ်နတ်ဘုရားရဲ့ ဝိညာဉ်မဆို ယိုတုထဲ ရောက်သွားလို့ နတ်သက်ခြွေဆန်းကြယ်မုခ်ဝဆိုတဲ့ နာမည်ပေးထားကြတာပဲ... မင်းက သိတောင်မသိဘူးဆိုတော့ မင့်မုခ်ဝက အစစ်မဟုတ်လောက်ဘူး... လာ ငါ့ လာသတ်လေ... မင်းမှာ ဘယ်လိုအစွမ်းအစတွေ ရှိနေလဲ ကြည့်ရသေးတာပေါ့”

ချင်မူ ချာခနဲ လှည့်လိုက်သည့်အခါ ယိုတု၏မိစ္ဆာနတ်ဆိုးချီများ ကောင်းကင်အလိုတော်မုခ်ဝအပြင်သို့ စိမ့်ထွက်လာသည်။ သိပ်သည်းထူထပ်နေသော မိစ္ဆာနတ်ဆိုးချီများက နန်းဆောင်တစ်လျှောက် ပျံ့နှံ့သွား၏။

မုခ်ဝက ပွင့်လာပြီး နတ်နဂါးမင်းဆီ ရွေ့လျားလာသည်။

“ခဏလေး” နတ်နဂါးမင်းမှာ သူ့ကို ဝါးမြိုတော့မည့် မုခ်ဝကို ကြည့်ရင်း ချွေးတဒီးဒီး ကျနေသည်။

ချင်မူက စိတ်ရှည်လက်ရှည် ရပ်လိုက်သည်။ “နတ်နဂါးမင်း ဘာပြောချင်လို့လဲ”

“မင်းရဲ့ သိုင်းအဆင့်က ဘာလဲ” နတ်နဂါးမင်းက ကောင်းကင်အလိုတော်မုခ်ဝကို စိုက်ကြည့်နေပြီး အက်ကွဲနေသောအသံဖြင့် မေးလာသည်။

“ကျွန်တော်က အရပ်ခြောက်မျက်နှာအဆင့် ဆိုပေမယ့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကိုလည်း နိုးထစေပြီးပါပြီ”

နတ်နဂါးမင်း မှင်သက်သွား၏။ “ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာနဲ့ အရပ်ခြောက်မျက်နှာအဆင့် ဟုတ်လား .... ဒါ ဘယ်လိုသဘောတရားကြီးလဲ... ဒါပေမဲ့ ခုနစ်စဉ်ကြယ်အဆင့်ပဲ ထားပါတော့... မင်းက ငါ့ကို အဲဒီအဆင့်နဲ့ သတ်နိုင်မယ်ထင်နေတာလား... ဟားဟားဟား တကယ့်နဂါးကို မကြောက်တဲ့ ကြက်နဂါးလေးပဲ...” သူက စိတ်အေးလက်အေး ဖြစ်သွားပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “မင်း ငါ့ကို ဘယ်လိုသတ်မလဲ ကြည့်ရသေးတာပေါ့”

ချင်မူက ကောင်းကင်အလိုတော်မုခ်ဝကို ဆက်လက်စေလွှတ်လိုက်၍ ယိုတု၏ မိစ္ဆာနတ်ဆိုးချီများစွာ ထွက်လာသည်။ သို့သော် နတ်နဂါးမင်းက ထအော်ပြန်သည်။ “ခဏလေး”

ချင်မူ စိတ်မရှည်တော့ပေ။ “နတ်နဂါးမင်း ပြောစရာရှိရင် တစ်ခါတည်း ပြောပါဗျ”

နတ်နဂါးမင်းက သူ့ကို သရော်တော်တော် ပြော၏။ “ကြက်နဂါးစုတ်လေး... ငါ့ကို သတ်ဖို့ ကြိုးစားတဲ့အတွက် မင့်မိသားစုတစ်စုလုံးကို ငါ မျိုးဖြုတ်ပစ်မယ်.. ရှင်းလား။ ဒီနေ့ မင်း လုပ်ခဲ့တဲ့ လုပ်ရပ်က နောင်ကျ မင်းမိသားစုတစ်စုလုံး အဆုံးသတ်သွားတဲ့ အဖြစ်ဆိုးနဲ့ နိဂုံးချုပ်ရလိမ့်မယ်”

ချင်မူ ခေါင်းညိတ်လိုက်ပြီး ကောင်းကင်အလိုတော်မုခ်ဝအား ဆက်လက်ပို့လွှတ်လိုက်သည်။ “ရှင်းပါတယ်... နတ်နဂါးမင်း မသေရင် ကျွန်တော့်မိသားစုကို အချိန်မရွေး လာမျိုးဖြုတ်လှည့်ပါ”

ကောင်းကင်အလိုတော်မုခ်ဝက ရွေ့လျားနေပြီး ချင်မူ့ပါးစပ်မှ ထူးဆန်းသောအသံ ထွက်လာ၏။ သူက နားလည်ရခက်သော ယိုတုမိစ္ဆာစကားအား ရွတ်နေသည်။

နတ်နဂါးမင်း အလျင်အမြန် ပြောလိုက်မိသည်။ “ခဏလေး... မင်းရဲ့မုခ်ဝက ငါ မြင်ဖူးတဲ့ မုခ်ဝနဲ့ မတူဘူး... မင်း ဘာစကားကို ပြောနေတာ....”

ဝှစ်

ကောင်းကင်အလိုတော်မုခ်ဝက မြင့်မားလာကာ နတ်နဂါးမင်း၏ခန္ဓာကိုယ်အား ဝိုက်ဖြတ်သွား၏။ မုခ်ဝထဲတွင် ပိတ်ပိန်းနက်မှောင်နေသည့် အမှောင်ထု ရှိနေသည်။ အမှောင်ထုထဲ၌ မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လျက် ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားနေသည့် ချိုကွေးကွေးကြီးတစ်စုံအား ဝိုးတိုးဝါးတား မြင်ရနိုင်သည်။

ထိုအချိန်တွင် မုခ်ဝက တုံ့ခနဲ ရပ်သွားပြီး နတ်နဂါးမင်း၏ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏။ ရုတ်တရက် နဂါးခေါင်းကြီးမှာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ကျလာကာ ခန္ဓာကိုယ်လည်း ပျေ့ာခွေကျသွားသည်။ နဂါးကြီးသည် မြွေသေကြီးလို မလှုပ်တော့ပေ။

ချင်မူ ကောင်းကင်အလိုတော်မုခ်ဝကို ရုပ်သိမ်းလိုက်သည့်အချိန် မျက်ခုံးနှစ်ဖက်ကြားမှ စူးခနဲ ထိုးအောင့်သွား၏။ အနက်ရောင်သွေးစက်တစ်စက် စီးကျလာသည်။

ချင်မူမှာ မျက်ခုံးနှစ်ဖက်ကြားအား ကပျာကယာ ဖိလိုက်သော်လည်း စူးအောင့်နေသည့် နာကျင်မှုက ဆထက်တိုး ပြင်းထန်လာသည်။ မခံမရပ်နိုင်အောင် နာကျင်လာ၍ သူ့မှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချပြီး ခေါင်းကို လက်နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်ထားရ၏။

သူ့ဆီမှ မလှမ်းကမ်းရှိ ကျန်းမြောင်မှာတော့... ကောင်းကင်အလိုတော်မုခ်ဝ နတ်နဂါးမင်းကို ဝိုက်ဖြတ်သွားသည့်အချိန်၌ အမှောင်ထဲတွင် ဧရာမပါးစပ်ကြီးတစ်ခု ပေါ်လာပြီး နတ်နဂါးမင်း၏ မူလဝိညာဉ်အား တစ်လုပ်တည်း မြိုချလိုက်သည်ကို မြင်တွေ့ခဲ့ရ၏။

ကျန်းမြောင် ငေးငေးကြောင်ကြောင် ဖြစ်ကျန်ခဲ့သည်။ ပါးစပ်ကြီးက အလွန်ကြောက်စရာကောင်းလွန်း၍ သူပင်လျှင် ထိတ်လန့်သွားမိသည်။

သူ စိတ်နှင့်ကိုယ် ပြန်ကပ်သွား၍ နတ်နဂါးမင်းအား ကြည့်လိုက်ရာတွင် အံ့အားသင့်သွားတော့သည်။ နတ်နဂါးမင်း အသက်မရှိတော့ပေ။

သူ၏မူလဝိညာဉ်မှာ ယိုတုသို့ ဝင်သွားမည့်အစား ဧရာမပါးစပ်ကြီး၏ မြိုချခြင်း ခံလိုက်ရချေပြီ။

“ဂိုဏ်းသခင်... ဂိုဏ်းသခင်ရဲ့ မုခ်ဝမှာ သရဲတစ်ကောင် ရှိနေသလိုပဲ... ဂိုဏ်းသခင်ချင်”

ကျန်းမြောင်မှာ ချင်မူ၏ ညည်းညူသံများကို ကြားလိုက်ရသဖြင့် အလျင်အမြန် သွားထူပေးလိုက်သည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် ချင်မူ့တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ၏ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းလည်ဆွဲက မှိန်ပျပျအလင်းတန်းများ ဖြန့်ကျက်ကာ နာကျင်မှုကို တိုက်ခိုက်ပေးနေ၏။

‘‘ရတယ် ရတယ်... ရုတ်တရက် ခေါင်းကိုက်လာသလို ခံစားလိုက်ရလို့” ချင်မူ ကြောင်ကြောင်ငေးငေး လှည့်ပတ်ကြည့်ကာ ကျန်းမြောင်၏လက်ကို တွန်းဖယ်လိုက်သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “အခုတော့ အများကြီး သက်သာသွားပါပြီ... ကောင်းကင်အလိုတော်မုခ်ဝကို ထုတ်လွှတ်လိုက်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်လောက်တယ်... ထူးဆန်းလိုက်တာ.... ဒီလိုဖြစ်ရပ်မျိုး အရင်က မဖြစ်ခဲ့ဖူးပါဘူး....”

ကျန်းမြောင်က သူ၏မျက်ခုံးနှစ်ဖက်ကြားနေရာကို ငေးကြည့်နေသဖြင့် ချင်မူ သူ့အား ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။ “ဘာမြင်ရလို့လဲ”

“ဂိုဏ်းသခင်ရဲ့ မျက်ခုံးနှစ်ဖက်ကြားနေရာမှာ သွေးစို့နေတဲ့ အစင်းရာ ရှိနေတယ်... အထဲမှာ တစ်ခုခု ရှိနေသလိုပဲ...” ကျန်းမြောင်က တအံ့တဩ ပြော၏။

ချင်မူ အလျင်အမြန် မှန်ထုတ်ကြည့်လိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက်ကြား၌ သွေးစို့နေသော အစင်းရာတစ်ခု အမှန်တကယ် ရှိနေ၏။ အစင်းရာက တစ်လက်မကျော် ရှည်ပြီး အစွန်းနှစ်ဖက်တွင် ချွန်သွားကာ အလယ်တွင် အနည်းငယ်ကျယ်နေသည်။

ပို၍ပင် ထူးဆန်းသည်မှာ အစင်းရာမှာ အတန်ငယ် ဖုထွက်နေသည်။ တစ်ခုခုနှင့် ခေါင်းကို ဆောင့်မိ၍ ဖူးယောင်လာသလို ထင်ရ၏။

ချင်မူ အစင်းရာကို ထိကြည့်လိုက်သည်။ အထဲတွင် ခပ်လုံးလုံးအရာတစ်ခု ရှိနေသည့်တိုင် ဖိကြည့်သော်လည်း မနာပေ။

‘နာလွန်းလို့ ခေါင်းကို ထုလိုက်မိတာများလား... ဒါကြီးက ရွေ့နေတယ်ဟ’

ချင်မူ လန့်သွားသည်။ အစင်းရာအောက်ရှိ ခပ်လုံးလုံးအရာကြီး ရွေ့နေသည်ကို သူ့လက်ချောင်းမှ သိသိသာသာ ခံစားလိုက်ရလေသည်။

‘နတ်နဂါးမင်း ငါ့ကို ပူးကပ်လိုက်တာများလား’

သူက မူလဝိညာဉ်အသွင်ဖြင့် အလျင်အမြန် ထွက်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ကြည့်လိုက်သည်။ နေ့ဝက်ကြာ လိုက်ရှာကြည့်ပြီးနောက် မူမမှန်သည့်အရာ မတွေ့ရပေ။ မျက်ခုံးနှစ်ဖက်ကြားသို့ ကြည့်သော်လည်း အစင်းရာနောက်၌ ရှိနေသောအရာကို မမြင်ရပေ။

ကျန်းမြောင်က သူ့မျက်ခုံးနှစ်ဖက်ကြားအား ဂရုတစိုက် ကြည့်ပြီး လက်တစ်ချောင်း ထောင်ပြသည်။ “ဂိုဏ်းသခင် ဒီလက်ချောင်းကို ကြည့်”

ချင်မူလည်း ပြောသည့်အတိုင်း လုပ်လိုက်သည်။ ကျန်းမြောင်က လက်ချောင်းကို ရွေ့လျားရင်း သူ၏မျက်ခုံးနှစ်ဖက်ကြားအား ကြည့်နေ၏။ အစင်းရာထဲရှိအရာက လက်ချောင်းနှင့်အတူ လိုက်ပါရွေ့လျားနေမှန်း ချင်မူ သတိထားမိလိုက်သည်။

ကျန်းမြောင် သက်ပြင်းချလိုက်သည်။ “အစင်းရာနောက်မှာ မျက်လုံးတစ်လုံး ရှိနေလောက်တယ်”

“မျက်လုံးတစ်လုံး ဟုတ်လား” ချင်မူ ဇဝေဇဝါ ဖြစ်သွားမိသည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် တတိယမျက်လုံး ထွက်လာစေသည့် ထူးဆန်းသောကျင့်စဉ်များ ရှိသော်လည်း စနေဂြိုဟ်အရှင်သခင်အသွင် သို့မဟုတ် အင်္ဂါဂြိုဟ်အရှင်သခင်အသွင် မပြောင်းပါဘဲ တတိယမျက်လုံးက ဘယ်နေရာမှ ထွက်လာသနည်း။

“ဂိုဏ်းသခင်ချင်၊ စောစောက မုခ်ဝထဲမှာ သရဲတစ်ကောင် မြင်လိုက်ရတယ်” ကျန်းမြောင်က စိတ်ပြန်ထိန်းပြီးနောက် ပြော၏။ သူ့မှာ စောစောက မြင်ကွင်းကို ပြန်မြင်ယောင်ရင်း ကြက်သီးတဖြန်းဖြန်း ထလာမိသည်။ “ကောင်းကင်အလိုတော်မုခ်ဝ ဦးရီတော်ကို ဝါးမြိုလိုက်တုန်းက သူ့ရဲ့မူလဝိညာဉ်က ထွက်လာပြီး ချိုအကြီးကြီးနဲ့ နတ်ဘုရားဆီ ပျံသန်းသွားတယ်... အဲဒီအချိန်မှာ ပါးစပ်ကြီးတစ်ခု ဘွားခနဲ ပေါ်လာပြီး ဦးရီးတော်ရဲ့ မူလဝိညာဉ်ကို စားပစ်လိုက်တယ်”

“ပါးစပ်ကြီးတစ်ခု ပေါ်လာပြီး မင်းရဲ့ ဦးရီးတော်ကို စားလိုက်တယ်ဟုတ်လား” ချင်မူ မှင်သက်သွားပြီး နဖူးအား ပွတ်လိုက်မိသည်။ “ယိုတုမှာ တစ်ပိုင်းတစဝိညာဉ်တွေ၊ မိစ္ဆာသဘာဝတွေကနေ ပေါက်ဖွားလာတဲ့ မကောင်းဆိုးဝါးတွေ အများကြီးရှိတယ်... သူတို့က သိပ်ရက်စက်ကြမ်းကြုတ်ကြတာ... သူတို့ထဲက တစ်ကောင်ကောင် စားလိုက်တာများလား”

ကျန်းမြောင်က ခေါင်းယမ်းသည်။ “ကျွန်တော်လည်း မပြောတတ်ဘူး... ပါးစပ်ကြီး ဦးရီးတော်ကို မြိုချလိုက်တာပဲ မြင်ခဲ့ရတယ်... အဲဒါကြီးက ကြောက်စရာကြီး ပြုံးပြပြီး ပျောက်သွားတာပဲ... သူ ပျောက်သွားတော့ ဂိုဏ်းသခင်ရဲ့ မုခ်ဝလည်း ပိတ်သွားတယ်”

ချင်မူ အတန်ကြာ စဉ်းစားပြီး သက်ပြင်းချလိုက်သည်။ “ယိုတုအပေါ် မြေအောက်အရှင်သခင်ရဲ့ အာဏာသက်ရောက်မှုက တစ်နေ့ထက် တစ်နေ့ အားနည်းလာနေပြီပဲ... မကောင်းဆိုးဝါးအားလုံး အထိန်းအကွပ်မရှိ ထွက်လာနေကြပြီ... ငါတို့နှစ်ယောက် အစစ်အမှန်နဂါးတစ်ကောင် ရှာပြီး အစစ်အမှန်နဂါးသိုက်ပေါ်က စာသားတွေကို ရှင်းပြဖို့ ဒီအထိ ရောက်လာဆိုပေမယ့် အခုတော့ ဘာမှမရလိုက်ဘူး....”

ရုတ်တရက် နတ်နဂါးမင်း၏ အလောင်းမှ သံကြိုးများ ပြေလျော့ကျလာပြီး မိစ္ဆာသင်္ကေတများ မှိန်ကျလာသည်ကို မြင်လိုက်ရ၏။ ချင်မူ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။

‘သေစမ်း... ဆယ်မိုင် ကြယ်သဲမှုန် ကပ်ဘေးဝင်္ကပါလည်း ရပ်သွားလိမ့်မယ်’

ချင်မူ အလျင်အမြန် ပြေးထွက်လိုက်ရာ တောင်ကြား၏အပေါ် ကောင်းကင်ယံတွင် နဂါးတစ်ကောင်သဖွယ် ဖွဲ့တည်နေသော အဝါရောင်သဲများကို မြင်လိုက်ရသည်။ သဲများက ဒယ်အိုးကြီးထဲ ပြန်ဝင်နေကြ၏။

ထိုစဉ် တောင်ကြားလမ်း၏ တစ်ဖက်တစ်ချက်ရှိ သင်္ကေတအမှတ်အသားများလည်း လောင်ကျွမ်းပြာကျကုန်သည်။

အဝါရောင်သဲများ ပြည့်နှက်နေသော ကောင်းကင်ယံ၌ ရှင်းအန်သည် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြင့် ရှိနေပြီး လေးပင်နေသော ခြေထောက်များကို တရွတ်တိုက် ဆွဲလျက် လျှောက်လာနေ၏။ သူ့အမူအရာက အလွန်မည်းမှောင်နေလေသည်။

ချင်မူ ခပ်သွက်သွက် ပြေးပြီး ဒယ်အိုးကြီးကို မ,လိုက်သည်။ သို့သော် မ, မရပေ။ ကြယ်သဲမှုန်များက သူ သယ်နိုင်ရန် လေးလွန်းနေ၏။

သူက ချီစွမ်းအင်ကို လှုံ့ဆော်ရင်း ဒယ်အိုးထဲရှိ ကြယ်သဲမှုန်များအား ထိန်းချုပ်ကြည့်သည်။ ကြယ်သဲမှုန်အနည်းငယ်သာ မြောက်တက်လာပြီး အရှေ့သို့ နှေးကွေးစွာ စီးဆင်းသွားသည်။

ချင်မူ့မျက်နှာမှာ ရှင်းအန်း၏မျက်နှာထက် မည်းမှောင်သွားတော့သည်။

All Chapters