ရှေးဟောင်းအမိန့်ပြား
Vol. 42 Ch. 570
တစ်ခေါင်းလုံး ဆံပင်ဖြူများ ဖွေးနေသည့် အဘိုးအိုမှာ အရောင်မထွက်တော့သော အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားပြီး လက်ထဲတွင် ငါးဖမ်းပိုက်ကွန် ကိုင်ထားသည်။
ချင်မူ ရင်ဘတ်ပေါ်တွင် တစ်ခုခု ရွေ့လျားနေသလို ခံစားလိုက်ရသည်။ ဧကရာဇ်တံဆိပ်ပြားက နဂါးလေးအသွင် ပြောင်းကာ သူ၏အင်္ကျီကော်လံအောက်မှ ခေါင်းလေးပြူထွက်လာ၏။
ကျန်းမြောင်မှာ နဂါးလေးကို မြင်သည်နှင့် ကိုယ်အစစ်သို့ ပြန်ပြောင်းလိုက်မိသည်။ သူလည်း နဂါးလေး ဖြစ်လာပြီး ချင်မူ့နောက်တွင် ပုန်းကွယ်ကာ လေးစားကြောက်လန့်နေသော အသံလေးတစ်ချက် ပြုလိုက်သည်။ “မာ ဟာ....”
ခေါင်းပြူထွက်နေသည့် နဂါးလေးသည် အစစ်အမှန်နဂါးမင်း ဖြစ်၏။ သူက ပါးစပ်လေး ဟလျက် ဖြည်းဖြည်းချင်း သမ်းဝေပြီးနောက် ချင်မူ၏ ကော်လံအောက်မှ တွားသွားထွက်လာပြီး အဘိုးအို၏လက်ပေါ် တက်လိုက်၏။ အဘိုးအို၏ လက်ဝါးထဲ၌ ရစ်ခွေပြီး အိပ်ချင်မူးတူးဖြင့် မျက်လုံးများ ပိတ်သွားသည်။
ရွာလေးထဲမှ ငယ်ငယ်ရွယ်ရွယ် ယောက်ျားလေးများ၊ မိန်းကလေးများ ထွက်လာကြကာ ချင်မူနှင့် ကျန်းမြောင်အာား ဝန်းရံလိုက်ကြသည်။ တောင့်တောင့်ဖြောင့်ဖြောင့် လူငယ်တစ်ယောက်က မေးလာသည်။ “ဘိုးဘိုး... ဒီကောင်တွေ ပြဿနာလာရှာတာလား”
အဘိုးအိုက ပြုံးလိုက်သည်။ “မဟုတ်ဘူး ... ပြဿနာလာရှာတာ မဟုတ်ဘူး... သူတို့ကို မခြောက်ပါနဲ့... သူတို့နှစ်ယောက်က ငါတို့ရွာနဲ့ ရေစက်ပါတယ်”
ထိုအခါမှ ငယ်ငယ်ရွယ်ရွယ် ယောက်ျားလေးများ၊ မိန်းကလေးများက ရန်ပြုတော့မည့်အမူအရာများကို ရုပ်သိမ်းပြီး ချင်မူနှင့် ချင်မူ့နောက်ရှိ နဂါးလေးကျန်းမြောင်ကို အကဲခတ်ကြသည်။
ချင်မူမှာ အံ့အားသင့်နေမိသည်။ ဤလူငယ်များနှင့် မိန်းကလေးများတွင် အားကောင်းသော ချီစွမ်းအင်တို့ ရှိသည့်အပြင် တစ်ဦးတစ်ယောက်စီတိုင်းက လက်သည်းဝှက်ထားသည့် ကျားများနှင့် တူ၏။ သူတို့ကို ဝိုင်းရံလိုက်တုန်းက အငယ်ဆုံးမိန်းကလေး၏ ခန္ဓာကိုယ်ဆီမှ ကောင်းကင်ရတနာများ ပွင့်လာသည့် တဒုန်းဒုန်း မြည်သံခုနစ်ချက် ကြားခဲ့ရရာ သူမသည် ကောင်းကင်တံတားအဆင့်ဖြစ်ကြောင်း ထင်ရှားသွား၏။
သို့တိုင်အောင် အားလုံးက သူမကို ကာကွယ်ပေးနေသည့်အတွက် သူမက ရွာထဲတွင် အားအနည်းဆုံး ဖြစ်လိမ့်မည်။
အားအနည်းဆုံး ရွာသားကပင် ကောင်းကင်တံတားအဆင့် ဖြစ်နေ၏။
ချင်မူမှာ ဒုက္ခိတဘိုးဘွားကျေးရွာက မဟာမြို့ပျက်တွင် အင်အားအကြီးဆုံးရွာ ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ကြည့်ရပုံထောက်လျှင် မဟာမြို့ပျက်သည် ပါရမီရှင်များ ဇာတ်မြုပ်နေထိုင်သော နေရာတစ်နေရာ ဖြစ်နေချေသည်။
“ဧကရာဇ်တံဆိပ်ပြားအပြင် မင်းမှာ အစစ်အမှန်နဂါးသိုက်လည်း ရှိနေတာပဲ”
အဘိုးအိုက လူငယ်လေး၏ ခါးကို ကြည့်ရင်း အံ့အားသင့်သွားဟန်တူသည်။ ချင်မူက ထောင်ကျယ်အိတ်ကို ဖြုတ်၍ အစစ်အမှန်နဂါးသိုက်အား ထုတ်ကာ အဘိုးအိုဆီ ရိုရိုသေသေ ကမ်းပေးလိုက်၏။ “ဆရာကြီး တစ်ချက်လောက် ကြည့်ပေးပါဗျ”
အစစ်အမှန်နဂါးလေးက တမုဟုတ်ချင်း ထလာပြီး အစစ်အမှန်နဂါးသိုက်ထဲ ဝင်သွားသည်။
ကျန်ရွာသားများမှာ ဤအခြင်းအရာကို မြင်လျှင် စိတ်အားတရှိန်းရှိန်း တက်ကြွလာကြကာ နဂါးလေးနှင့်အတူ နဂါးသိုက်ထဲ လိုက်ဝင်ချင်လာကြ၏။ သို့သော် ဆန္ဒကို မြိုသိပ်ထားကြသည်။
‘ဒီက ရွာသားတွေကလည်း နဂါးမဟုတ်ဘဲ လူသားတွေများလား... ဒါက နဂါးရွာလား’
အားလုံး၏အမူအရာကို အကဲခတ်ရင်း ချင်မူ ခန့်မှန်းမိလိုက်၏။
“ဘိုးဘိုးထော့ကျိုးက လင်မိသားစုရဲ့ ဧကရာဇ်တံဆိပ်ပြားကို ခိုးပြီး ကျွန်တော့်ဆီ ပေးခဲ့တာပါ... အစစ်အမှန်နဂါးသိုက်ရဲ့ ဒီပုံစံကိုတော့ အထက်ကောင်းကင်ဘုံရဲ့ နဂါးထိန်းဧကရာဇ် ပြောင်းလဲလိုက်တာပါ... ကျွန်တော် သူ့ကို လက်အောက်ခံအဖြစ် သွတ်သွင်းလိုက်တဲ့နောက်မှာတော့ အစစ်အမှန်နဂါးသိုက်ကလည်း ကျွန်တော့်လက်ထဲ ရောက်လာပါတယ်... ဆရာကြီး၊ ဆရာကြီးက ဧကရာဇ်တံဆိပ်ပြားကို သွန်းလုပ်ခဲ့တဲ့ နတ်ဘုရားမဟုတ်လား”
အဘိုးအို၏အကြည့်က အစစ်အမှန်နဂါးသိုက်ပေါ် ကျရောက်သွားကာ အပြုံးမဟုတ်သော အပြုံးဖြင့် ပြောလိုက်သည်။ “ငါ အစစ်အမှန်နဂါးမင်းကို ဧကရာဇ်တံဆိပ်ပြားအသွင် ပြောင်းပြီး ဆက်ခံသူရှာဖို့ အလယ်ကမ္ဘာမြေဆီ ရောက်လာခဲ့တုန်းက ပါရမီလည်းထက်သန်၊ အတွေးအခေါ်လည်း မြင့်မားတဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့တယ်... သူက လင်မိသားစုရဲ့ ဘိုးဘေးကြီးပဲ... သူ့မှာ အစစ်အမှန်နဂါးချီ ရှိနေတာ မြင်တော့ သူ့ကို ဧကရာဇ်တံဆိပ်ပြား ပေးပြီး ဧကရာဇ်တံဆိပ်ပြားပေါ်က နဂါးဘာသာစကားနဲ့ ကျင့်စဉ်ကို သင်ပေးခဲ့တယ်
“ဒါပေမဲ့ သူ့စိတ်က ဒီအပေါ်မှာ မရှိဘဲ မိန်းကလေးတစ်ယောက်အပေါ် ရောက်နေမယ်လို့ ဘယ်သူ ထင်မလဲ... နောက်ဆုံးတော့ အဲဒီမိန်းကလေးကို သူ ရသွားပေမယ့် ငါ သင်ပေးခဲ့တဲ့ နဂါးဘာသာစကားနဲ့ ကျင့်စဉ်အများစုကို မေ့ကုန်ပြီ... အဲဒီအချိန်ကျမှ အဲဒီလူငယ်လေးက အစစ်အမှန်နဂါးမင်း မဟုတ်မှန်း ငါ သိခဲ့တာပဲ”
ဤအကြောင်းကို လင်ယွိရှို့ဆီမှ ချင်မူ ကြားခဲ့ပြီး အတော်ရယ်စရာကောင်းသည်ဟု တွေးခဲ့မိသည်။ သို့သော် အမှန်ဖြစ်နေမည် မထင်ထားခဲ့ပေ။
“ငါက ပျင်းတတ်တဲ့ကောင်ကွ... အစစ်အမှန်နဂါးမင်းကို အသွင်ပြောင်းလဲပြီး ဆက်ခံသူရှာတာကလည်း သူများတောင်းဆိုလို့ လုပ်ခဲ့တာဆိုတော့ နောက်တစ်ယောက် ထပ်မရှာဖြစ်တော့ဘူး... ဆက်ခံသူက အသုံးမကျမှတော့ ရှိစေတော့ဆိုပြီး ထားခဲ့လိုက်တာ” အဘိုးအိုက ပြုံးလျက် ပြောနေသည်။
“အဲဒီလူငယ်လေးက မကြိုးစားပေမယ့် သူ့မျိုးဆက်အားလုံး ကြိုးစားအားထုတ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လက်ရှိအခြေအနေအထိ အင်အားတောင့်တင်းလာအောင် လုပ်နိုင်ခဲ့မယ်လို့ ... ဘယ်သူထင်မလဲ... အခု ဧကရာဇ်တံဆိပ်ပြားက မင်းလက်ထဲမှာ ရှိသလို၊ အစစ်အမှန်နဂါးသိုက်ကိုလည်း ရထားတော့... တံဆိပ်ပြားပေါ်က ကျင့်စဉ်ကို မင်း ကျင့်ထားမှာပဲ ဟုတ်တယ်မလား”
“ဆရာကြီး၊ ကျွန်တော် ကျင့်စဉ်ကို ကျင့်ထားသလို၊ တကယ်လည်း စိတ်ဝင်စားပါတယ်.... ဒါပေမဲ့ ဒီကို လာရတဲ့ အကြောင်းရင်းက ကျွန်တော့်ရဲ့ ဆရာတူအစ်ကိုကြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်ကြောင့်ပါ.... သူက ဒီရွာကို ပြနေတဲ့ မြေပုံတစ်ခု ဆွဲပြခဲ့လို့ ကျွန်တော် ဒီရောက်လာတာပါ” ချင်မူ ရိုရိုသေသေ ရှင်းပြလိုက်သည်။
အဘိုးအိုက အတန်ငယ် မှင်သက်သွားပြီး စဉ်းစားနေ၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်က ဘယ်သူလဲ... ဝေ့ဖုန်းရွှေဆိုတဲ့ လူငယ်လေးလား”
ချင်မူ ဖြေရခက်သွားသည်။ သူ့ဆရာတူအစ်ကိုကြီး၏ နာမည်ကို မသိပေ။
အဘိုးအိုက သူ့အမူအရာကို မြင်လျှင် ပြုံးလိုက်၏။ “သူ ငါ့ကို တစ်ခါလာရှာပြီး ကောင်းမှုကုသိုလ် ဘယ်လိုဆောက်တည်ရမလဲ မေးခဲ့ဖူးတယ်... သူက မဆိုးဘူး... ထူးခြားတယ်... ဆရာသခင်က တပည့်ကောင်းတစ်ယောက် ရှာတွေ့ခဲ့တာပဲ
“ဒါပေမဲ့ ဝေ့ဖုန်းရွှေအနေနဲ့ သူတော်စင်တန်ခိုးရှင်တစ်ဦး ဖြစ်လာချင်ရင် ကောင်းမှုကုသိုလ်ဆောက်တည်ဖို့ သိပ်ခက်တယ်... ဘာကြောင့်လဲဆိုတော့ သူ လျှောက်တဲ့ လမ်းစဉ်က ဆရာသခင်ရဲ့ လမ်းစဉ် ဖြစ်နေတာကြောင့်ပဲ... အဲဒီလမ်းက သိပ်ခက်တာ.... ငါ သူ့ကို ဘာမှမသင်ပေးနိုင်ခဲ့ဘူး... မင်းက သူ့ရဲ့ ဆရာတူညီလေးဖြစ်ပြီး သူတော်စင်တန်ခိုးရှင် ဘယ်လိုဖြစ်အောင် လုပ်ရမလဲ လာမေးတာဆိုရင် ငါ မင်းကိုလည်း ဘာမှမသင်ပေးနိုင်ဘူး”
သူ ပြောနေသည့် ဆရာသခင်ဆိုသူမှာ တစ်ချိန်တုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင် ဖြစ်ခဲ့ဖူးသော တန်ခိုးရှင်သစ်ခုတ်သမား ဖြစ်လောက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားသည် ခိုင်ဧကရာဇ်၏မျိုးဆက် မင်းသား၊ မင်းသမီးများကို ပညာသင်ကြားပေးရန် တာဝန်ရှိခဲ့၏။
“အစ်ကိုကြီးက ဘယ်သွားမယ် ပြောခဲ့သေးလားဗျ” ချင်မူ မေးလိုက်မိသည်။
အဘိုးအိုက ခေါင်းယမ်းလိုက်သည်။ “ဘယ်သွားမယ် ပြောမသွားပေမယ့် တစ်ခုတော့ ချန်ခဲ့တယ်... သူ မင်းကို ဒီလာခိုင်းခဲ့တာဆိုရင် အဲဒီပစ္စည်းအတွက် ဖြစ်မယ်”
သူက ထရပ်ပြီး ကောက်ရိုးတဲထဲ ဝင်သွားသည်။ တခဏကြာသော် အနီရောင်ဗူးတစ်ဗူး ယူလာပြီး ချင်မူ့လက်ထဲ ထည့်ပေး၏။
ချင်မူ ဖွင့်လိုက်သည့်အခါ ရက်စက်ခက်ထန်သော သားရဲတစ်ကောင်၏ရုပ်သွင် ရေးထွင်းထားသည့် လက်ဝါးအရွယ် အပြားတစ်ပြား ရှိနေ၏။
ချင်မူ အပြားကို လှန်လှောကြည့်သော်လည်း မည့်သည့်အရာမှန်း နားမလည်သေးပေ။ သူက ရိုးရိုးသားသား မေးကြည့်လိုက်သည်။ “ဆရာကြီး ဒီအပြားက ဘယ်လိုသုံးရတာလဲ မေးခွင့်ရှိမလားဗျ”
“ဒါက စစ်သည်တော်တွေကို ထိန်းချုပ်ဖို့ သုံးတဲ့ အမိန့်ပြားပဲ... နတ်ဘုရားတွေအတွက် စစ်ရေးအခင်းအကျင်းဝင်္ကပါတစ်ခု အဲ့ထဲမှာ ရှိတယ်... အင်မတန် ရှေးကျပေမယ့် အခုတော့ အသုံးမဝင်လောက်တော့ပါဘူး” အဘိုးအိုက ပြောလေသည်။ “ငါတောင်မှ ဒီပေါ်က အမှတ်အသားတချို့ကို နားမလည်ဘူး... ဒီတော့ ချုံဧကရာဇ်ခေတ် ဒါမှမဟုတ် အဲဒီထက်တောင် ပိုရှေးကျတဲ့ ခေတ်တစ်ခေတ်က အမိန့်ပြား ဖြစ်လောက်တယ်”
အဘိုးအိုက အမိန့်ပြားကို ယူ၍ မှော်စွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်။ အမိန့်ပြားထဲမှ ကြယ်တာရာများ ထွက်လာပြီး သူတို့ကို ဝန်းရံလှည့်ပတ်နေ၏။ “ဒီကြယ်တွေက နတ်ဘုရားတွေအတွက် နေရာတွေပဲ... ဒီအခင်းအကျင်းအတိုင်း နေရာယူလိုက်ရင် ဒီဝင်္ကပါကို သုံးပြီး ရန်သူကို တိုက်ခိုက်နိုင်တယ်”
ချင်မူ မော့ကြည့်လိုက်သည့်အခါ အမိန့်ပြားမှ ဖြာထွက်လာသော ကြယ်တာရာများမှာ ကြယ်တာရာအစစ်များ မဟုတ်ကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့က ပုံရိပ်များသာ ဖြစ်သော်လည်း အလွန်အရေအတွက် များပြား၏။ ကြယ်အစင်းပေါင်း ထောင်ချီရှိနေလောက်ရာ ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။ “နတ်ဘုရားထောင်ချီဝင်္ကပါတဲ့လား... ဘယ်လိုစစ်ပွဲမျိုးက နတ်ဘုရားထောင်ချီ လိုအပ်နေတာလဲ”
“ဗဟုသုတ နည်းလိုက်တာ” အဘိုးအိုက မှော်စွမ်းအင်ပြန်ရုတ်သိမ်းလိုက်၍ ကြယ်ပုံရိပ်များလည်း ပျောက်ကွယ်သွားသည်။ “ခိုင်ဧကရာဇ်ခေတ်အတွင်း အခုလို စစ်ပွဲတွေ ခဏခဏ ဖြစ်ခဲ့ဖူးတယ်... အမိန့်ပြားထဲက ဝင်္ကပါက သိပ်အသုံးမဝင်တော့ပေမယ့် ထိန်းသိမ်းထားလည်း မဆိုးပါဘူး”
ချင်မူ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ “ဘယ်လိုလုပ်ပြီး ဒီ၀င်္ကပါက အသုံးမ၀င်တာလဲဗျ”
အဘိုးအိုက အမိန့်ပြားကို သူ့ဆီ ပြန်ပေးကာ ပြောသည်။ “ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုက ပြောင်းလဲသွားပြီဆိုတော့ အမိန့်ပြားထဲက ၀င်္ကပါက အဲ့ဒီတာအိုနဲ့ လိုက်ဖက်ညီမှု မရှိတော့ဘူး.... ၀င်္ကပါမှာလည်း စွမ်းအား သိပ်မကျန်တော့ဘူး.... ဒီပစ္စည်းက သိပ်အိုနေပြီကွယ့်.... တာအိုနဲ့ မလိုက်ဖက်တော့ဘူး... လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာတုန်းကတော့ ကြီးကျယ်ခမ်းနားခဲ့လောက်ပေမယ့် ခေတ်တွေကြာလာတဲ့အခါ ဒါက ခေတ်နောက်ကျ ကျန်ခဲ့ပြီ”
ချင်မူက အမိန့်ပြားကို အနီရောင်ဘူးထဲ ပြန်ထည့်ပြီး ထောင်ကျယ်အိတ်ထဲ၌ သိမ်းလိုက်သည်။
တည်ထောင်သူဂိုဏ်းသခင် ဝေ့ဖုန်းရွှေက အနီရောင်ဗူးနှင့် အမိန့်ပြားကို အဘိုးအိုဆီ အပ်ခဲ့သည့်အတွက် ဤပစ္စည်းသည် သေချာပေါက် အလွန်အရေးပါလိမ့်မည်။ ချင်မူ့ကို ဤရွာသို့ သွားခိုင်းခဲ့သော အကြောင်းအရင်းကလည်း ဤပစ္စည်းအတွက်သာ ဖြစ်လိမ့်မည်။
“ကျွန်တော် ရိုင်းပျမိရင် စိတ်မရှိပါနဲ့.... ဆရာကြီးရဲ့ နာမည်ကို မေးခွင့်ရှိမလားခင်ဗျာ” ချင်မူက ပြောလိုက်သည်။
အဘိုးအိုက သူ့ကို ပြုံးပြ၏။ “ချင်မျိုးရိုးရဲ့ မျိုးဆက်ဆိုတော့ ငါ့နာမည်ကို သိမယ်ထင်ထားတာ..... မင်းက တကယ်မသိဘူးပဲ.... ငါက ထွက်ရပ်ပေါက်ပြီး အစစ်အမှန်နဂါးဖြစ်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တဲ့ နဂါးသွေးကြောတစ်ကြောပဲ.... အရင်တုန်းကတော့ ငါ မင်းရဲ့ဘိုးဘေးကြီးနောက် လိုက်ခဲ့တယ်.... မွေးကင်းစက စကားမပြောတတ်တော့ မာဟာလို့ပဲ အော်တတ်ခဲ့တယ်လေ... အဲဒါနဲ့ မင်းရဲ့ဘိုးဘေးကြီးက ငါ့ကို အဲ့ဒီအတိုင်း နာမည်ပေးခဲ့တယ်... မာဟာချင်းတဲ့... အဲဒီနာမည်ပေးပြီး ငါ့ကို အမြဲတမ်း စနောက်တော့တာပဲ”
ချင်မူ သူ့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်မိသည်။ “မာဟာချင်း... တဲ့လား”
ကျန်းမြောင်က ချင်မူ၏နောက်ကြောမှ ခေါင်းကလေးပြူထွက်ကာ ရှက်ရွံ့စွာ ပြောလိုက်၏။ “မာဟာ.....”
အဘိုးအိုက သူ့ဇာတ်လမ်းကို ဆက်၏။ “နောက်ပိုင်း မဟာနတ်နန်းတော်လေးခု ရှိတဲ့ ကောင်းကင်နတ်ဘုံမှာ ငါ အရာရှိတစ်ဦး ဖြစ်လာခဲ့ပြီး ... နဂါးစိမ်းနန်းတော်နဲ့ ကြယ်နတ်မင်းအဖွဲ့ခြောက်ဆယ်ကို အုပ်ချုပ်ခဲ့တယ်... သူတို့အားလုံးက ငါ့အမိန့်အောက်မှာ ရှိခဲ့လို့ ငါ့ကို မြစိမ်းဧကရာဇ်လို့ ခေါ်ခဲ့ကြတယ်... ဒါပေမဲ့ အဲဒီနာမည်က ကြီးကျယ်လွန်းလို့ မကြိုက်တာနဲ့ ငါ့နာမည်ကို ချင်းဟွမ်လို့ ပြောင်းလိုက်တာပဲ... အခု ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံလည်း ပျက်သုဉ်းပြီ... နဂါးစိမ်းနတ်နန်းတော်လည်း မရှိတော့ဘူးဆိုတော့ မင်း ငါ့ကို အဘိုးချင်းဟွမ်ဖြစ်ဖြစ် ၊ အကြီးအကဲချင်းဟွမ်ဖြစ်ဖြစ် ခေါ်လို့ရပါတယ်”
ချင်မူ သူ့ကို ပြန်လည်နှုတ်ဆက်လိုက်သည်။ “ချင်မိသားစုရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက် ချင်မူ အဘိုးချင်းဟွမ်ကို အရိုအသေပြုပါတယ်..”
အကြီးအကဲချင်းဟွမ်က သူ့ကို ခါးပြန်မတ်ရန် အလျင်အမြန် ပြောသည်။ “ထပါ ထပါ... မင်း လာကတည်းက မင်းက ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်မှန်း ငါ ခန့်မှန်းမိခဲ့ပါတယ်... ဒီအစစ်အမှန်နဂါးသိုက်ရဲ့ နဂါးဘာသာစကားကို သင်ချင်တာမလား.. ငါ သင်ပေးနိုင်တယ်”
ချင်မူ ဝမ်းသာလုံးဆို့သွားပြီး ကျေးဇူးတင်စွာ အရိုအသေပေးလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် အဘိုးချင်းဟွမ်”
အကြီးအကဲချင်းဟွမ်က သူ့ကို အစစ်အမှန်နဂါးသိုက်ထဲ ခေါ်လာကာ ပြောသည်။ “မင်းရဲ့လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ပေါက်မြောက်နေပါပြီ... မင်းကြည့်ရတာ နတ်ဘုရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် နှစ်ခုလုံးကို ကျင့်ကြံနေတဲ့ပုံပဲ... ကောင်းကင်ရတနာနှစ်မျိုးလုံးလည်း ဖွင့်ထားတဲ့ပုံပေါ်တယ်... အဲ့ဒါက အင်မတန် ထူးဆန်းတယ်ကွ... မင်းက ကိုယ့်ဘာသာကိုယ် လမ်းရှာတွေ့ပြီးသားဆိုတော့ ငါ့နဂါးဘာသာစကားကို တတ်သွားရင် ပြီးပြည့်စုံပြီးသားအရာကို အလှဆင်လိုက်သလို ဖြစ်လိမ့်မယ်... ဒီနဂါးလေးအတွက်ကတော့ အကျိုးအမြတ်အများကြီး ရလိမ့်မယ်”
နဂါးလေးကျန်းမြောင်က ချင်မူ့အနောက်မှ ခြေဖျားထောက်ကာ ကြည့်နေသည်။ အကြီးအကဲချင်းဟွမ်၏စကားကို ကြားလျှင် သူက ဇက်ကလေးပုသွားကာ ပြောလိုက်၏။ “မာ ဟာ...”
အကြီးအကဲချင်းဟွမ်က သူ့ကို ပြုံးပြသည်။ “ငါ့ကို ကျေးဇူးတင်စရာမလိုဘူး... ကျေးဇူးတင်ချင်ရင် သူ့ကို ကျေးဇူးတင်... ဟုတ်သားပဲ ချင်မူ၊ ငါ မင်းရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခု အာရုံရနေတယ်... အဲဒါက မင့်လည်ပင်းပေါ်မှာပဲ.... အထဲမှာ အင်မတန် အားကောင်းတဲ့ ချိတ်တံဆိပ်ရှိနေတဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခု ဖြစ်မယ်ထင်တယ်”
“ဒါက အဘိုး ခံစားနေရတဲ့ဟာလား” ချင်မူ ကျောက်စိမ်းလည်ဆွဲအား ထုတ်ပြကာ ပြောလိုက်သည်။ “ဒါကို မြေအောက်ဘုံအရှင်သခင်က သွန်းလုပ်ပေးထားတာပါ... ကျွန်တော့်မိစ္ဆာသဘာဝကို ဖိနှိပ်ဖို့တဲ့.. ကျွန်တော်က ယိုတုထဲမှာ မွေးခဲ့တာလေ... အဲဒီက မိစ္ဆာသဘာဝတွေ ကျွန်တော့်ကိုယ်ထဲ ဝင်လာခဲ့လို့ မြေအောက်ဘုံအရှင်သခင်က သွန်းလုပ်ပေးခဲ့တာပဲ... ဒါ ဝတ်ထားသရွေ့ မိစ္ဆာသဘာဝကို ဖိနှိပ်ထားနိုင်တယ်”
အကြီးအကဲချင်းဟွမ်က ကျောက်စိမ်းလည်ဆွဲကို ကြည့်ကာ သရော်တော်တော် ပြောလိုက်၏။ “မြေအောက်ဘုံအရှင်သခင်က မင်းရဲ့ မိစ္ဆာသဘာဝကို ချိတ်ပိတ်ခဲ့တာတဲ့လား.... သူက ဘယ်လိုလုပ် အဲဒီလောက် သဘောကောင်းမှာလဲ... ငါ့ကို အဲဒီကျောက်စိမ်းလည်ဆွဲပေး... ချိတ်ပြန်ဖွင့်ပေးမယ်”
“ဒါပ...” ချင်မူမှာ အားတုံ့အားနာအမူအရာဖြင့် သူ့ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “အဘိုးချင်းဟွမ်.... ယမမင်း ဒီချိတ်တံဆိပ်ကို တစ်ခါ ဖွင့်ခဲ့သေးတယ်... အဲဒီတုန်းက ကျောက်စိမ်းလည်ဆွဲရဲ့ ကျိန်စာကြောင့် သူ တော်တော်လေး အထိနာသွားတယ်ဗျ... ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ဖုရွေ့လော်လည်း ချိတ်ဖွင့်ခဲ့ဖူးတယ်... သူလည်း တော်တော်အခြေအနေဆိုးသွားတယ်... ကျွန်တော့်ဆရာနဲ့ ယမမင်းက ကျောက်စိမ်းလည်ဆွဲထဲက ချိတ်တံဆိပ်ကို မဖွင့်တာ အကောင်းဆုံးပဲတဲ့... ကျောက်စိမ်းလည်ဆွဲကို ကိုယ်နဲ့မကွာ ထားတဲ့.. မဟုတ်ရင် ကြောက်စရာတွေ ဖြစ်လာလိမ့်မယ် ပြောတယ်...”
“ကျိန်စာလေးပဲဟာ ... ကြောက်စရာလိုပါ့မလား” အကြီးအကဲချင်းဟွမ်က ပြုံးလျက် ပြောလိုက်သည်။ “ဒါပေမဲ့ ဆရာသခင်ကတောင် အဲဒီလိုပြောမှတော့ အကြောင်းရင်း ရှိမှာပါ... လာ၊ အစစ်အမှန်နဂါးသိုက်ပေါ်က အစစ်အမှန်နဂါးကျင့်စဉ်နဲ့ပတ်သက်ပြီး မင်း နားမလည်တာတွေ ငါ ရှင်းပြပေးမယ်”