ဧကရာဇ်တံဆိပ်ပြား၏ ပိုင်ရှင်
Vol. 42 Ch. 569
‘အစ်ကိုကြီး ဖန်တီးထားတဲ့ ကြယ်သဲမှုန်တွေက လေးလွန်းတယ်... အားကုန်သုံးတာတောင်မှ ထိန်းချုပ်လို့ မရဘူး’
ချင်မူ ဧရာမဒယ်အိုးကြီးကို လက်လွှတ်ပြီး နန်းဆောင်ထဲ ပြန်ပြေးလာသည်။ ကျန်းမြောင်မှာတော့ သူ အလျင်အမြန် ပြေးချလာကာ နတ်နဂါးမင်း၏ အလောင်းအပေါ် ခုန်တက်လိုက်သည်ကို ကြည့်ရင်း ကြောင်စီစီ ဖြစ်နေ၏။
ချင်မူမှာ နဂါးထိန်းကျမ်းစဉ်များကို အသုံးချကြည့်သော်လည်း နဂါးကြီးတွင် အသက်မရှိမှတော့ အဘယ်သို့ပြု၍ အလုပ်ဖြစ်တော့မည်နည်း။ နတ်နဂါးမင်း၏ မူလဝိညာဉ်မှာ ‘သရဲဝိညာဉ်’တစ်ကောင်၏ အစားခံလိုက်ရသဖြင့် နတ်နဂါးမင်း၏ ကျင့်စဉ်စွမ်းအင်ကို ငှားမရနိုင်ပေ။ နတ်နဂါးမင်း၏ ကျင့်စဉ်စွမ်းအင်ဖြင့်သာဆိုလျှင် ရှင်းအန်အား သူ ရင်ဆိုင်နိုင်လောက်သည်။
ချင်မူ ကျန်းမြောင်ဆီသို့ ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ ‘သူ့ရဲ့ကျင့်စဉ်စွမ်းအင်က အားနည်းလွန်းတယ်... ငါ့အောက်တောင် နိမ့်ကျနေတော့ နဂါးထိန်းကျမ်းစဉ်တွေ သုံးရင်တောင်မှ စွမ်းအားများများစားစား ရမှာမဟုတ်ဘူး... နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း’
သင်္ကေတအမှတ်အသားများ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်သွားပြီး သူက ကျန်းမြောင်နှင့်အတူ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် လက်ရှိသိုင်းအဆင့်ဖြင့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှာ သူနှင့် ကျန်းမြောင်အား အလွန်ဆုံး ဆယ်မိုင်ကျော်သာ ခေါ်သွားပေးနိုင်၏။ ဤအကွာအဝေးမှာ ရှင်းအန်းအတွက် တစ်စက္ကန့်ပင် မကြာလောက်ပေ။
သို့သော် နေရာရွှေ့ပြောင်းသင်္ကေတအမှတ်အသားများ အသက်ဝင်မလာခင် ချင်မူနှင့် ကျန်းမြောင်နှစ်ယောက်လုံး ရပ်တန့်သွားပြီး တောင့်တင်းသွားကြသည်။
သင်္ကေတအမှတ်အသားများသာ ရပ်တန့်သွားခြင်းမဟုတ်၊ ချင်မူနှင့် ကျန်းမြောင်လည်း လှုပ်မရအောင် အချုပ်ခံလိုက်ရသည်။
ရှင်းအန်းက မည်းမှောင်နေသော မျက်နှာဖြင့် နန်းဆောင်ထဲသို့ လမ်းလျှောက်ဝင်လာပြီး လက်တစ်ဖက် ဆန့်တန်းလိုက်သည်။ သူ၏လက်ချောင်းများကို ဖြန့်ကားလိုက်သည့်အခါ သွေးများ စက်လက်စက်လက် ကျနေသည်။ ကောင်းကင်တံတားကို ပြုပြင်၍ ကောင်းကင်နတ်ဘုံသို့ တက်လှမ်းပြီးနောက်တွင် ရှင်းအန်း၏ကျင့်စဉ်စွမ်းအင်က ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့၏။ သူ၏အစွမ်းအစများက အလွန်တရာသန်မာအားကောင်းလွန်းသဖြင့် ချင်မူ့ကို အလွယ်တကူ ဖမ်းချုပ်နိုင်လေသည်။
ဆယ်မိုင်သဲဝါလမ်းတွင် သူ့မှာ ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း နတ်ဘုရားတစ်ပါး ဖြစ်၍ ခွန်အားကြီးမားချေသည်။ လက်ကျန်မှော်စွမ်းအင်ဖြင့်ပင် ချင်မူ့အား ချုပ်နှောင်နိုင်သေး၏။
ချင်မူ့နဖူးမှ ချွေးများ လိမ့်ဆင်းကျလာသည်။ သူက ဖြစ်ညစ်ပြုံးပြလိုက်၏။ “နောင်ကြီးရှင်းအန်း၊ ကျွန်တော် သေတ္တာကြီးကို နောင်ကြီးဆီ ပြန်ပေးပါ့မယ်....”
“ငါ လိုချင်တာ သေတ္တာမဟုတ်ဘူး... မင်းပဲ” ရှင်းအန်းက သွေးအကျိအချွဲများကို ထွေးထုတ်ရင်း ပြောလိုက်သည်။
သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အရွယ်အစားမျိုးစုံ ဖြစ်သော်လည်း အကုန်လုံးက စိတ်မချမ်းမြေ့ဖွယ်ရာ ကြောက်စရာကောင်းနေ၏။ တချို့နေရာများတွင် အသားတို့ လန်ထွက်နေပြီး တချို့နေရာများတွင် အရိုးဖြူဖြူများပင် ပေါ်နေသည်။
ရှင်းအန်းသည် အမှန်တကယ် ကံမကောင်းပေ။ ပထမဆုံး အလွန်အန္တရာယ်များသော ပရမတ္တလှေတွင် နှစ်ဝက်ကြာ ပိတ်မိခဲ့နေသည်။ အချိန်မရွေး အသက်နုတ်ပစ်နိုင်သည့် ဝင်္ကပါများ၊ အတားအဆီးအစီအရင်များက နေရာအနှံ့ ပြည့်နှက်နေခဲ့သည်သာမက တစ်ချက်တစ်ချက် အ,အကလည်း နှောင့်ယှက်တတ်သေးသည်။
ပရမတ္တလှေမှ ပြန်ထွက်လာသည့်အချိန်တွင်လည်း ချင်မူနှင့် ပက်ပင်းတိုးပြီး ဆယ်မိုင်ကြယ်သဲမှုန် ကပ်ဘေးဝင်္ကပါထဲသို့ မျှားခေါ်ခံခဲ့ရသည်။ ထိုကောင်လေးက အလွယ်တကူ ထွက်သွားနိုင်ခဲ့သော်လည်း သူ့မှာ ဝင်္ကပါထဲ၌ အလူးအလဲ ခံစားခဲ့ရသည်။
သူ သိထားသမျှ သိုင်းကွက်အားလုံး ထုတ်သုံးရင်းဖြင့်သာ အချိန်ကြာကြာ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝင်္ကပါ ရုတ်တရက် ရပ်သွား၍သာမဟုတ်လျှင် သူ အမှုန့်ကြေသွားလောက်ချေပြီ။
“မဟာနတ်ဆေးသမားတော်ချင်... မင်းက ဘာလို့ ဒီလောက် ဖမ်းရခက်တာလဲ” ရှင်းအန်းက လည်ချောင်း၀မှ ဆို့တစ်လာသော သွေးတို့ကို မြိုချကာ မေးလိုက်သည်။ “ကံကောင်းလို့ ဒီတစ်ခေါက်တော့ ငါ့လက်က မလွတ်သေးဘူး”
သိပ်သည်းထူပိန်းနေသော အမှောင်ထုက သူ့ခြေထောက်အောက်မှ ပျံ့နှံ့လာသည်။ ၎င်းက သူ၏သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖြစ်၏။ ရှင်းအန်းကား အနက်ရောင်ရေပြင်ထက်တွင် လမ်းလျှောက်နေသကဲ့သို့ အမှောင်ထုအပေါ်မှ လျှောက်လာသည်။
ထိုအခိုက်အတန့်တွင် သူ့ခြေထောက်အောက်ရှိ အမှောင်ထုထဲ၌ မျက်လုံးနှစ်လုံး ပေါ်လာ၏။ မိန်းမလှတစ်ဦး၏ ကြော့ရှင်းလှပသော မျက်နှာတစ်ခုက တိမ်းမက်ယစ်မူးဖွယ် ကိုယ်လုံးလေးနှင့်အတူ ဖွဲ့တည်လာသည်။
ရှင်းအန်းသည် အနက်ရောင်ရေပြင်ထက်တွင် ရပ်နေသည်နှင့် တူပြီး အမျိုးသမီးက သူ၏ပုံရိပ်ပမာ ဖြစ်နေသည်။ သို့သော် တစ်ယောက်က ယောက်ျား၊ တစ်ယောက်က မိန်းမလှတစ်ဦးဖြစ်၏။
ဤမြင်ကွင်းက အတိုင်းထက်အလွန် ထူးဆန်းနေ၏။
လူနှစ်ယောက်က ခြေလှမ်းများကို ကြွချည်၊ နင်းချည်ဖြင့် ချင်မူ့ဆီသို့ တစ်ပြိုင်တည်း လျှောက်လာနေကြသည်။
အမှောင်ထု ချင်မူ့ကို မထိခင် ရှင်းအန်းက တုံ့ခနဲ ရပ်လိုက်ပြီး ရှေ့ဆက်မလျှောက်တော့ချေ။ မိန်းမလှလည်း ရပ်သွားသည်။ ရှင်းအန်း ရွေ့လျားမှ သူမလည်း ရွေ့လျားနိုင်သည့်အလား ထင်ရ၏။
မိန်းမလှ၏ပါးစပ်မှ ယောက်ျားသံ ထွက်လာသည်။ အသံက အလွန်ကြမ်းတမ်းပြီး လေးလံနေ၏။ “ရှင်းအန်း ဘာလို့ ရှေ့ဆက်မလျှောက်တော့တာလဲ.... သူ့ကို မင်းရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ ခေါ်ပြီး ငါ့ဆီ ပေးလိုက်တော့.... ငါ သူ့ကို ရတာနဲ့ ငါတို့သဘောတူညီမှု ပြီးမြောက်ပြီ”
“လုလီ၊ ငါက သူ့ကို ရှာပေးမယ်လို့ပဲ ကတိပေးခဲ့တာ... မင်း သူ့ကို ဖမ်းနိုင်၊ မဖမ်းနိုင်တာကတော့ မင်းကိစ္စပဲ.... ငါ ခြိမ်းခြောက်ခံရတာကို သဘောမကျဘူး” ရှင်းအန်းက မှင်သေသေ ပြောလိုက်သည်။
သူ့ခြေထောက်အောက်ရှိ မိန်းမလှမှာ အတန်ငယ် မှင်သက်သွား၏။ သူမက သရော်တော်တော် ပြောလိုက်သည်။ “ကောင်းကင်နတ်ဘုံဆီ တက်လှမ်းပြီး နတ်ဘုရားအတု ဖြစ်လာတာနဲ့ ငါနဲ့ အပေးအယူလုပ်လို့ရမယ် ထင်နေတာလား... ရှင်းအန်း၊ မင်းကများ ရာရာစစ”
“အပေးအယူ ဟုတ်လား” ရှင်းအန်းက ခေါင်းယမ်းလိုက်သည်။ “အပေးအယူမဟုတ်ဘူး.... မင်းက ငါ ယိုတုအပြင် ထွက်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ငါလည်း သူ့ကို ပြန်ရှာပေးတာပဲ... ဒါက သူ့ကျေးဇူး ကိုယ့်ကျေးဇူးလို့ ခေါ်တယ်.... ငါ့ကိစ္စတော့ ပြီးပြီ.... မင်း သူ့ကို ဖမ်းနိုင်လား၊ မဖမ်းနိုင်လားက မင်းကိစ္စ”
ရှင်းအန်း လက်ဆန့်ထုတ်၍ ဖမ်းဆုပ်လိုက်သည့်အခါ နတ်နဂါးမင်း၏အလောင်း မြောက်တက်လာပြီး ချင်မူနှင့် ကျန်းမြောင်မှာ မြေပြင်ပေါ် ကျသွားသည်။ ခန္ဓာကိုယ်များလည်း ပြန်လည် လှုပ်ရှားနိုင်သွားပြီး ချီစွမ်းအင်ကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်သွား၏။
ချင်မူက ကျုံ့သွားသော နတ်နဂါးမင်း၏ အလောင်းကို လှည့်ကြည့်လိုက်သည်။ အရွယ်အစားအပြောင်းအလဲကြောင့် ၎င်းကို ချုပ်နှောင်ထားသော သံကြိုးများ ပြေလျော့ကျလာ၏။
ရှင်းအန်းက နတ်နဂါးမင်းကို ဖမ်းဆုပ်၍ ဆွဲဆန့်ပြီး ခါးပတ်သဖွယ် ခါး၌ ပတ်လိုက်သည်။ သူက အေးစက်စက် ပြောလိုက်၏။ “လုလီ၊ ငါ့ရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲကနေ ထွက်သွားတော့”
သူ့ခြေထောက်အောက်ရှိ မိန်းမလှမှာ အမျက်တချောင်းချောင်း ထွက်နေသည်။ “မင်းကများ ရာရာစစ ငါ့ကို ဒီလိုပြောရဲတယ်ပေါ့.... မင်းလို နတ်ဘုရားလေးက ငါ့လက်ထဲကနေ လွတ်မယ်ထင်နေလား”
”ဒါက ငါ့ကောင်းကင်ရတနာကွ... မင်းကပဲ ပြောရတယ်ရှိသေး.... ထွက်သွားစမ်း”
ရှင်းအန်း အော်ဟစ်လိုက်ပြီး သူ၏မူလဝိညာဉ်က သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ၌ ဘွားခနဲ ပေါ်လာသည်။ နေ၊ လနှင့် ဓာတ်ကြီးငါးပါး စီတန်းသွားပြီး အလင်းရောင်တို့ ဖြာထွက်သွားသည့်အခါ မိန်းမလှမှာ ကပျာကယာ ရှောင်တိမ်းလိုက်၏။ ခုနစ်စဉ်ကြယ်အလင်းရောင်ကြောင့် သူမမှာ နောက်ဆုတ်သွားရလေသည်။
“ရှင်းအန်း ... မင်းက ငါလို အထက်နတ်ဘုရားတစ်ပါးကို လှည့်စားရဲတယ်... ငါ သေချာပေါက်...”
“ထွက်သွားစမ်း”
ရှင်းအန်းဆီမှ နတ်ဘုရားအရှိန်အဝါ ဖြာထွက်လာ၍ သူ၏အ၀တ်အစားနှင့် ဆံပင်များ တဖျတ်ဖျတ် လွှင့်ခတ်သွားသည်။ သူ့ကိုယ်ထဲရှိ ကောင်းကင်ရတနာများက အလင်းရောင်များဖြင့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာအား ထွန်းလင်းလိုက်ကာ လုလီကို ယိုတုသို့ ပြန်တွန်းထုတ်လိုက်သည်။
ရှင်းအန်း၏အရှိန်အဝါ ပုံမှန်ပြန်ဖြစ်သွားသည့်အချိန်တွင် တဖျတ်ဖျတ် လွင့်နေသော သူ၏ဆံပင်များလည်း ပခုံးကို ကျော်၍ ပြန်ကျသွား၏။ အ၀တ်အစားများလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ချင်မူ့ကို ကြည့်သည်။ “ငါ့သေတ္တာကြီး ဘယ်မှာလဲ”
ချင်မူမှာ တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ထောင်ကျယ်အိတ်ထဲမှ သေတ္တာကြီးကို ထုတ်ပေးလိုက်သည်။
သေတ္တာကြီးက ရှင်းအန်းဆီ ပြေးသွားသော်လည်း လမ်းတစ်၀က်ရောက်သည့်အခါ ချင်မူ့ဆီ ပြန်လှည့်ကြည့်၏။ ထို့နောက် ရှင်းအန်းထံ ပြန်ပြေးသွားပြီး သူ့ဘေး၌ ရပ်လိုက်သည်။
ရှင်းအန်က နန်းဆောင်ထဲမှ ပြန်ထွက်ကာ အနိမ့်အမြင့်မရှိသော လေသံဖြင့် လှမ်းပြောသည်။ “နတ်ဆေးသမားတော်ချင်၊ နောက်တစ်ခေါက် မတွေ့ပါရစေနဲ့”
“ကျွန်တော့်ကို ဘာလို့မသတ်တာလဲ” ချင်မူက မေးလိုက်သည်။
“ငါက မင်းကို ဘာလို့သတ်ရမှာလဲ” ချင်းအန်းက ရပ်ပြီး ခေါင်းလှည့်လာ၏။ “ငါ့မှာလည်း ငါ့စည်းကမ်းနဲ့ငါ ရှိပါတယ်.... ချီချယ့်တံတား၊ လျှို့ဝှက်ဆန်းကြယ်တံတားနဲ့ ကောင်းကင်ဖြတ်သန်းခြင်းတံတား နည်းသုံးသွယ်က ငါ့ကို နတ်ဘုရားဖြစ်လာစေခဲ့လို့... သက်တမ်းအတွက် စိတ်ပူစရာမလိုတော့ဘူး..... ဒါကြောင့် ငါတို့နှစ်ယောက်ကြားက ရန်ငြိုး ကြေသွားပြီ
“ငါ မင်းကို လာရှာတာက ငါနဲ့လုလီကြားက သဘောတူညီမှုကြောင့်ပဲ... အခု အဲ့ဒါလည်း ဖြေရှင်းပြီးသွားပြီ... မင်းက ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်ပြီး ငါ့ကို စည်းမဲ့ကမ်းမဲ့ ပြုမူတတ်တဲ့ လူရမ်းကားတစ်ယောက်လို့ ထင်နေတာလား... မင်း ငါ့ကို တော်တော်အထင်သေးထားတာပဲ”
ချင်မူ တခဏ မှင်သက်သွားပြီး ပြုံးလိုက်မိ၏။ “ကျွန်တော် အရင်က နောင်ကြီးကို အထင်သေးခဲ့မိပါတယ်”
ရှင်းအန်းက သူ့အပြုံးကို မြင်လျှင် မျက်၀န်းထောင့်စွန်းများ တွန့်သွားသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့ကာ နန်းဆောင်ထဲမှ ထွက်သွား၏။ “ငါ့ကို မပြုံးပြနဲ့.... ငါ မင်းကို ပြန်လာရှာမယ်... မင်းက ဆယ့်ရှစ်ချက်မြောက်ဓားကွက်၊ မူလဝိညာဉ်လမ်းညွှန်ဆိုတာတွေကို ရှာတွေ့ခဲ့တယ်... ငါက ပါရမီရှင်တွေကို တန်ဖိုးထားတဲ့ လူတစ်ယောက်ဆိုပေမယ့် မင်းရဲ့ ရုပ်ခန္ဓာက ငါ မျက်စိကျလောက်စရာအဆင့်ကို ရောက်လာရင် ငါ မင်းကို လာရှာမယ်... လောကသခင်ခန္ဓာတစ်ခုရဲ့ ရုပ်ခန္ဓာကို ငါ လိုချင်မိတယ်”
ချင်မူမှာ ရှင်းအန်းအဝေးသို့ ထွက်သွားသည်ကို ကြည့်ရင်း ငေးကြောင်၍ ကျန်ခဲ့သည်။
ရှင်းအန်း ဒယ်အိုးကြီးဆီသို့ ရောက်သည့်အခါ အကြည့်များ လှုပ်ခတ်သွား၏။ ဒယ်အိုးကြီးကို သူ မ,တော့မည့်အချိန်တွင် ဒယ်အိုးထဲရှိ ကြယ်သဲမှုန်များ ဖြည်းဖြည်းချင်း မြောက်တက်လာပြီး လူငယ်တစ်ယောက်အသွင် ဖွဲ့တည်သွား၏။
ရှင်းအန်း ထိတ်လန့်သွားပြီး ဆယ်မိုင်ရှည်လျားသော တောင်ကြားလမ်းအား တမုဟုတ်ချင်း ဖြတ်ပြေးသွားတော့သည်။
သူ့မှာ ၀င်္ကပါ ထပ်မံပေါ်ထွက်လာမည်ကို ကြောက်နေ၏။
ချင်မူလည်း ကျန်းမြောင်ကို ခေါ်၍ နန်းဆောင်အပြင် ထွက်လိုက်သည့်အခါ ဒယ်အိုးကြီး၏အလယ်တွင် မတ်တပ်ရပ်နေသော သဲလူသားတစ်ယောက်ကို မြင်လိုက်ရ၏။ ကြယ်သဲမှုန်များက ဒယ်အိုးထဲတွင် ဝဲကဲ့သို့ လှည့်ပတ်စီးဆင်းနေလေသည်။
“အစ်ကိုကြီး” ချင်မူ သွေးတိုးစမ်းကြည့်လိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်၊ ကျွန်တော်က လက်ရှိဂိုဏ်းသခင်ပါ... လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ကျွန်တော် တန်ခိုးရှင်သစ်ခုတ်သမားနဲ့ တွေ့ခဲ့ဖူးတယ်.... အစ်ကိုကြီး အသက်ရှင်နေသေးရဲ့လား”
သဲလူသားက ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်ပေ။ ရုတ်တရက် ကြယ်သဲမှုန်များ ပြိုကျသွားပြီး မြေပြင်ပေါ်တွင် ရုပ်ပုံတစ်ခုအား ရေးဆွဲပြနေ၏။
ချင်မူလည်း အလျင်အမြန် ကြည့်လိုက်ရာတွင် မြေပုံများအား မြင်လိုက်ရသည်။ တောင်တန်းမြစ်ပြင်အားလုံး မြေပြင်ထက်၌ ပေါ်လွင်နေလေသည်။
မြေပုံက အဆက်မပြတ် ပြောင်းလဲနေ၍ ချင်မူ အလွတ်လိုက်မှတ်နေရသည်။ ကြယ်သဲမှုန်များက ဆယ့်နှစ်ကြိမ်ကျော် ပြောင်းလဲသွားပြီးနောက် ဒယ်အိုးကြီးထဲ ပြန်လည်စီးဆင်းဝင်ရောက်သွား၏။
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ပထမမြေပုံမှလွဲ၍ ကျန်မြေပုံများကို သူ မသိပေ။ မဟာမြို့ပျက်တွင်လည်း ထိုမြေပုံများနှင့် ကိုက်ညီသော မြေပြင်အနေအထား မရှိ။
ပထမမြေပုံက မဟာမြို့ပျက်၏ မြေပုံဖြစ်ပါသော်လည်း ကျန်ဆယ့်သုံးခုက အနောက်ကမ္ဘာမြေနှင့်သော်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့်သော်လည်းကောင်း မအပ်စပ်ပေ။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ မြေပြင်အနေအထားနှင့်လည်း ကွဲပြား၏။
“အစ်ကိုကြီး ဘာပြောချင်နေတာပါလိမ့်”
ချင်မူ မျက်လုံးများ မှေးကျဉ်းလိုက်မိသည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းသခင်သည် နတ်နဂါးမင်း သေဆုံးသွားသည်ကို သိရှိခဲ့လိမ့်မည်။ ယင်းက သူ ဆောက်တည်ခဲ့သော ကောင်းမှုကုသိုလ် ဖြစ်သည့်အတွက် ကြယ်သဲမှုန်များကို အသက်သွင်းကာ အခြေအနေကို ကြည့်ခြင်းဖြစ်မည်။ သို့သော် မဟာမြို့ပျက် သို့မဟုတ် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရှိမနေဘဲ အခြားကမ္ဘာသို့ ရောက်နေသောကြောင့် အသံကူးပြောင်းပေးပို့၍ မရပေ။
ထို့ကြောင့် သူက ကြယ်သဲမှုန်များဖြင့် မြေပုံဆွဲပြကာ ချင်မူ့အား သူ့ဆီသို့ လမ်းညွှန်ပေးနေသည်။
‘မြေပုံဆယ့်လေးခုက တော်တော်လေး ရှုပ်တယ်... ငါ သူ့ကို ဘယ်လိုသွားရှာရမလဲ” ချင်မူ့စိတ်ထဲ အတွေးတစ်ခုပေါ်လာသည်။ ‘ငါက ဗဟုသုတနည်းပေမယ့် တန်ခိုးရှင်သစ်ခုတ်သမားကတော့ ကမ္ဘာလောကတစ်ခွင် သွားလာဖူးတော့ ဒီမြေပုံတွေကို မှတ်မိမှာပဲ... ဒါပေမဲ့ ပထမမြေပုံကနေ သဲလွန်စနည်းနည်းတော့ ဆွဲထုတ်လို့ရလောက်တယ်.... အရင်ဆုံး သွားကြည့်လိုက်တာ ကောင်းမယ်’
ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် ချင်မူမှာ စိတ်အေးလက်အေးဖြစ်သွားသည်။ “ကျန်းမြောင်၊ သွားစို့”
ကျန်းမြောင် ခေါင်းညိတ်၏။
ထိုအချိန်တွင် ချင်မူက နောက်ပြန်လှည့်ပြီး ဒယ်အိုးကြီးအား သွားမ,သည်။ သူ အီးအားအော်ရင်း မြှောက်နေသည်ကို ကြည့်ကာ ကျန်းမြောင်မှာ ခေါင်းကုတ်နေမိ၏။ “လာမကူဘူးလားဟ” ချင်မူက လှမ်းအော်သည်။
ကျန်းမြောင် ကပျာကယာ ပြေးသွားလိုက်ပြီး နှစ်ယောက်လုံး မျက်နှာများ နီရဲလာသည့်တိုင်အောင် အားကုန်မ, နေသော်လည်း ဒယ်အိုးကြီးကား အနည်းငယ်မျှပင် ကြွတက်မလာပေ။ ကျန်းမြောင်မှာ ဟောဟဲဟောဟဲလှိုက်နေရာမှ သွေးတိုးစမ်းကြည့်လိုက်သည်။ “ဂိုဏ်းသခင်၊ ထားခဲ့တာ ကောင်းမယ်ထင်တယ်နော်.... ဂိုဏ်းသခင်ရဲ့ ဆရာတူအစ်ကိုကြီးက သိပ်အစွမ်းထက်လွန်းတယ်... ရှင်းအန်းတောင် ဒီဒယ်အိုးကို မ,မသွားနိုင်ခဲ့ဘူး... ကျွန်တော်တို့လည်း မသယ်နိုင်လောက်ဘူးနော်...”
ချင်မူလည်း လက်လျှော့လိုက်ရသည်။ သို့သော် တခဏကြာသော် နတ်နဂါးမင်းအား ချုပ်ထားခဲ့သည့် သံကြိုးများကို မြင်လိုက်၍ မျက်လုံးများ အရောင်တောက်သွား၏။ သူက ကမန်းကတန်း ပြေးသွားလေသည်။
“သံကြိုးတွေ ယူနိုင်ရင်လည်း မဆိုးပါဘူး... နတ်နဂါးတစ်ကောင်ကိုတောင် ဖမ်းချုပ်ထားနိုင်မှတော့ အရည်အသွေးအမြင့်ဆုံးနဲ့ သွန်းလုပ်ထားတာပဲ ဖြစ်မယ်... အရည်ဖျော်ပြီး ရတနာအဖြစ် သွန်းလုပ်နိုင်ရင် အကောင်းတကာ့ အကောင်းဆုံး ဖြစ်မှာပဲ”
ကျန်းမြောင်မှာ မတတ်သာဘဲ လိုက်သွားရ၏။ သူတို့နှစ်ယောက် အလုံးတုတ်တုတ်သံကြိုးကြီးတစ်ချောင်းအား နန်းဆောင်အပြင်သို့ မနည်းဆွဲထုတ်လာကြသည်။
ချင်မူက ထောင်ကျယ်အိတ်ဖွင့်၍ သံကြိုး၏အဆုံးတစ်ဖက်ကို ထည့်ရန် ကြိုးစားသော်လည်း သံကြိုးကြီးမှာ တုတ်လွန်းသဖြင့် မထည့်နိုင်ပေ။ ထို့အပြင် အခြားတစ်ဖက်ကလည်း တောင်စောင်းနံရံထဲ နစ်မြုပ်နေသည့်အတွက် ဆွဲထုတ်မရနိုင်။
လူငယ်လေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အကြံကုန်သွားကြသည်။ ချင်မူမှာ အမျက်တချောင်းချောင်း ထွက်လျက် လှည့်ထွက်သွား၏။ “ငါ့ရဲ့အစ်ကိုကြီးဖြစ်ပြီး တော်တော် ကပ်စေးနည်းတာပဲ”
ကျန်းမြောင် သူ့နောက်သို့ အလျင်အမြန် ပြေးလိုက်သွားသည်။ ချင်မူက မှုန်မှုန်သုန်သုန်ဖြင့် ကောင်းကင်ယံသို့ ခုန်တက်ကာ ပတ်ဝန်းကျင် မြေပြင်အနေအထားကို ကြည့်သည်။ ထို့နောက် ပထမမြေပုံတွင် ညွှန်ပြထားသောဘက်သို့ ဦးတည်လိုက်၏။
နှစ်ရက်ကြာသည့်အခါ မြေပုံ၌ ညွှန်ပြထားသော ရွာလေးတစ်ရွာဆီ သူတို့ ရောက်လာကြသည်။
ချင်မူနှင့် ကျန်းမြောင် အထဲဝင်သွားပြီး ရွာလေးအား ကြည့်ရှုလိုက်၏။ ရွာလေးက မဟာမြို့ပျက်ထဲရှိ သာမန်ရွာလေးတစ်ရွာနှင့် မထူးခြားပေ။ သို့သော် နဂါးခေါင်းလူကိုယ်ရှိသော နတ်ဘုရားရုပ်တုများစွာ တွေ့မြင်ရသည်။
“ဘာလို့ အစ်ကိုကြီးက ဒီကို သွားစေချင်ခဲ့တာပါလိမ့်”
ချင်မူ ဇဝေဇဝါဖြစ်နေစဉ် ရှေ့တူရူရှိ ကောက်ရိုးတဲလေးတစ်တဲတွင် ငါးဖမ်းပိုက်ကွန် ရက်နေသော ဆံပင်ဖြူဖြူအဘိုးအိုတစ်ယောက်အား မြင်လိုက်ရသည်။ သူက ခပ်သွက်သွက် လျှောက်သွားပြီး ရိုရိုသေသေ ဦးညွှတ်နှုတ်ဆက်လိုက်၏။ “ဆရာကြီး... ဒါက ဘာနေရာလဲဗျ”
အဘိုးအိုက အံ့အားသင့်နေသော မှုန်ရီဝါးဝါးမျက်လုံးများဖြင့် သူ့ကို ကြည့်သည်။ “ဧကရာဇ်တံဆိပ်ပြားကို လင်မိသားစုဆီ ပေးခဲ့တာပါ ... ဘယ်လိုလုပ် မင်းနဲ့အတူ ရှိနေတာလဲ” သူက ပြုံးလျက် မေးလာသည်။
ချင်မူမှာ မျက်လုံးအပြူးသားဖြင့် ဆွံ့အသွား၏။