← Chapters

တံခါးကို ဆောင့်ကန်ပြီး စားပွဲလှန်မယ်

Vol. 35 Ch. 512

တံခါးကို ဆောင့်ကန်ပြီး စားပွဲလှန်မယ်

Vol. 35 Ch. 512

"အဲ့ဒါ နင်တို့မိသားစုကိစ္စလေ... ငါ့မှာ နင်တို့ကိုပိုက်ဆံပေးစရာ အကြောင်းမရှိဘူး..."

"ကျွန်တော်က အစ်မရဲ့မောင်လေးလေ... ဘာလို့ တာ၀န်မရှိရမှာ..."လျိုခိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

"ဒါတောင် မိန်းမ မယူရသေးလို့နော်... မိန်းမ ယူတော့မယ့်အချိန်ကျရင် အစ်မ ကျွန်တော့်ကို ကျိုးဟိုင်မှာ အိမ်လည်း ၀ယ်ပေးရမယ်..."

"ငါ ဒီနှစ်တွေထဲမှာ နင်တို့သားအဖကို ပိုက်ဆံတွေ ပေးပေါင်း မနည်းတော့ဘူး... နင်တို့မှာလည်း နင်တို့ ဘ၀နဲ့ ရှိသလို ငါ့မှာလည်း ငါ့ဘ၀နဲ့ ရှိတယ်... အားလုံးက ဘ၀ကိုယ်စီနဲ့....ငါတို့က ခု ဘာမှမသက်ဆိုင်တော့ဘူး... နောက် ဘယ်တော့မှ ပိုက်ဆံ လာမတောင်းနဲ့တော့..."လီချူးဟန် ပြောလိုက်ပြီး "ပြီးတော့ နင် မြေဩဇာ၀ယ်ဖို့ ငွေတောင်းတာ မဟုတ်ဘူး... လောင်းကစား လုပ်မလို့မလား.... ငါ့ကို လာမလိမ်ပါစမ်းနဲ့..."

"ကျွန်တော် လောင်းကစား မလုပ်တော့တာ ကြာပြီ... ဘုရားစူး...တကယ်ကြီး မြေဩဇာ၀ယ်မှာ...မများဘူး ယွမ်ငါးထောင်လောက်လေးပဲ.. မြန်မြန်လုပ်စမ်းပါဗျာ... ဒီမှာ အရေးတကြီး လိုအပ်နေလို့..."

" မနှစ်တုန်းက ငါ ဒီလာတုန်းက နောက်ဆုံးအကြိမ်ဆိုပြီး ယွမ်တစ်သောင်းပေးခဲ့ပြီပြီလေ... နင်လည်း သဘောတူ လက်မှတ် ထိုးခဲ့တာပဲ... နောက်တစ်ကြိမ် ပိုက်ဆံ ပြန်လာတောင်းတယ်ဆိုတော့ နင့်ဘက်က မလွန်ဘူးလား..."

"အဲ့ဒါဆို အစ်မက အမေ ချန်ထားခဲ့တဲ့ မြေတွေ ခြောက်သွေ့နေမှာကို မြင်ချင်လို့လား... ကျွန်တော်တို့သားအဖတွေ အိမ်မှာ ငတ်သေမှာကို ကြည့်ရက်လို့လား..."

"ငါ နင်တို့ သားအဖကို လုံလောက်အောင် ပေးကမ်းခဲ့ပြီးပြီ... ဘယ်အချိန်ထိ ပေးကမ်းစေချင်နေသေးတာလဲ..."လီချူးဟန် အမူအရာ ကင်းမဲ့စွာဖြင့် ဆိုလိုက်ပြီး "နင်လည်း နင်ဘာလုပ်လဲဆိုတာ အသိဆုံးဖြစ်မှာပါ... ပိုက်ဆံရတာနဲ့ အရက်သောက်မယ်... အံစာလောင်းမယ်... ငါ ဘယ်လောက်ပဲ ပိုက်ဆံပေးနေပါစေ နင့်ဘက်က လုံလောက်တယ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး..."

"တကယ်... ဒီတစ်ခါ နောက်ဆုံးပဲ... ကျွန်‌တော့်ကို ယွမ် ငါးထောင်ပေးရင် နောက်ထပ် မတောင်းဆိုတော့ဘူး...."

"မပေးနိုင်ဘူး...."လီချူးဟန် ခပ်ပြတ်ပြတ် ပြောလိုက်ပြီး "နင် မနှစ်တုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲ... ငါ နင့်စကားကို ဘယ်လို ယုံကြည်ပေးရမှာ..."

"အစ်မ .. နင်က လူမှ ဟုတ်ရဲ့လား... နင့်ရဲ့ မောင်လေးကိုတောင် မကူညီဘူးဆိုတော့ ကျွေးမွေးခဲ့တာတွေ အလကားပဲ..."

ဖြန်း..

လီချူးဟန် သူမ လက်ကို မြောက်လိုက်ပြီးလျိုခိုင်၏ မျက်နှာကို ဖြန်းခနဲမြည်အောင် ရိုက်လိုက်သည်။

"အမေက ငါ့ကို ရှာကျွေးခဲ့တာ.. နင်ကျွေးတဲ့ ထမင်း တစ်စိတောင် ငါမစားဖူးဘူး... ငါ့ကို အဲ့လိုစကားမျိုး လာမပြောနဲ့... ပြီးတော့ နင်တို့ မိသားစုနဲ့လည်း ငါ သံယောဇဉ်ဖြတ်ပြီးသွားပြီ...."

"မင်း ငါ့ကို ရိုက်တယ်ပေါ့လေ..."

လျိုခိုင် သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်ထားပြီး လီချူးဟန် သူ့ကိုပါးရိုက်လိမ့်မည်လို့ လုံး၀ မျှော်လင့်မထားခဲ့ချေ။

"ဒီတစ်ချက်က နင့်ကို သတိပေးတာပဲ... ဘယ်နနှစ် ရှိပြီလဲ... သောက်စားမူးယစ် သုံးဖြုန်းနေပြီးတော့မှ အကြီးကို အကြီးလို မရိုသေတတ်တဲ့အကောင်... နင်က လူလိုမသိတတ်တဲ့ကောင်ပဲ..."

"ကောင်းပြီလေ... ကျုပ် ဒီစကားတွေကို မှတ်ထားတယ်... မင်းက မိသားစုနဲ့ အဆက်အသွယ်ဖြတ်ချင်နေတယ်‌ဆိုတော့လည်း.... ယုံချင်ယုံ မယုံချင်နေ ..ကျုပ်တို့သားအဖနှစ်ယောက် မနက်ဖြန် ကျိုးဟိုင် ဆေးရုံကို လာပြီးတော့ မင်းရဲ့ နာမည်ကို သိက္ခာကျအောင် ဖျက်ဆီးပြမယ်..."

"နင်..."

လီချူးဟန် အလွန်အမင်း ဒေါသထွက်နေပြီး တဆတ်ဆတ် တုန်ယင်နေသည်။ သူမ ထိုအသားအဖနှစ်ယောက် ထိုမျှ အရှက်ကင်းမဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

"ချူးဟန်.. စိတ်အေးအေးထား..."လင်းရီ သူမ၏ ပခုံးကို ပုတ်လိုက်ပြီး "တစ်ချို့ ကိစ္စတွေက ချက်ချင်း လက်ငင်း‌ဖြေရှင်းမှရမှာ......အချိန်ဆွဲနေလို့ မဖြစ်ဘူး... "

"ဒါပေမယ့် ဖြေရှင်းဖို့ နည်းလမ်းမှ မရှိတာ... ငါပြန်လာတဲ့ အချိန်တိုင်း သူက ဒီနေရာမှာ ကြိုစောင့်နေပြီးတော့ ငွေတောင်းတယ်... ဒီနေ့သာ စောမရောက်လာခဲ့ဘူးဆိုရင် အမေ့အုတ်ဂူတောင် လာလို့ရမှာ မဟုတ်ဘူး..."

"ဒါကြောင့်မို့လည်း ငါက တစ်ခါတည်း ဖြေရှင်းဖို့ ပြောနေတာလေ...မင်း ဒါကို အချိန်ဆွဲနေလို့ မရဘူး...."

လျိုခိုင် လင်းရီကို အသိအမှတ်ပြုစွာ တစ်ချကိ ကြည့်လိုက်ပြီး "မင်းရဲ့ သူငယ်ချင်းက အလိုက်သိပြီးတော့ ပြဿနာ မဖြစ်အောင် ဘယ်လို နေရမလဲဆိုတာ သိသားပဲ... သူ့ကြောင့်သာ မဟုတ်လို့ကတော့ မင်း ဆေးရုံမှာ အလုပ်ဆက်လုပ်လို့ ရမှာတောင် မဟုတ်ဘူးနော်... ငါတို့က မင်းမျက်နှာ မပြရဲလောက်အောင် နာမည် ဖျက်ပစ်မှာ..."

"မင်းကို ဒီမှာ ပိုက်ဆံလာတောင်းခိုင်းတဲ့သူက မင်းအဖေမလား... ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ဘူး.. မင်းရဲ့ အိမ်ကို သွားကြမယ်... "

"ကောင်းပြီလေ... ပိုက်ဆံ ရမယ်ဆိုရင် ဘယ်‌နေရာမှာပြောပြော အဆင်ပြေတယ်...."

လျိုခိုင် နောက်သို့ လှည့်လိုက်ပြီး "အဲ့ လမ်းဘေးမှာ ရပ်ထားတဲ့ မာစီးတီးက မင်းတို့ကားလား... အတော်လေးဈေးကြီးမယ့်ပုံပဲ... ကျုပ် တစ်ခါမှ မာစီးတီး မမောင်းဖူးသေးဘူး..."

"အိပ်မက်မက်မနေနဲ့.. မင်းဆိုင်ကယ်ကို မင်းမောင်း... "

"ဘာသဘောတုန်းကွ... ဒီတိုင်း မာစီးတီးလေးပဲ မဟုတ်ဘူးလား... ငါ့ပေးမောင်းလိုက်တော့ ဘာဖြစ်သွားမှာကြလို့... မင်းက ငါ့ကို အထင်သေးတာလားဟျောင့်..."

"မင်းပိုက်ဆံ မလိုချင်တော့ဘူးလား..."

"အိုကေလေ... မင်းတို့မောင်း... ငါ ဆိုင်ကယ်နဲ့ လိုက်ခဲ့မယ်..."

လင်းရီ လီချူးဟန်၏ ပခုံးကို ကိုင်လိုက်ပြီး "သွားကြစို့လေ..."

နှစ်ယောက်သား ကားထဲ၀င်လိုက်ကြပြီး လျိူခိုင်လည်း နောက်မှ ဆိုင်ကယ်ဖြင့်လိုက်ကာ လီချူးဟန်၏ နေအိမ်သို့ အသီးသီး ဦးတည်လိုက်ကြသည်။

လီချူးဟန်၏ အိမ်မှာ မြို့ထဲတွင် မရှိပဲ မီတာ ရာကျော်လောက်သာဝေးသော ရွံ့စေးနှင့်ဆောက်လုပ်ထားသည့် တဲကုပ်လေးတစ်ခုသာ ဖြစ်၏။

မာစီးတီးအနီရောင်တစ်စီး ၀င်ရောက်လာသည်ကိုမြင်တော့ လူတိုင်း ဝိုင်းအုံလာကြလေသည်။ သူတို့ တစ်သက်နှင့်တစ်ကိုယ် ယခုလို ကားအကောင်စားမျိုးကို မမြင်ဖူးကြချေ။

နှစ်ယောက်သား ကားထဲမှ ထွက်လာပြီးနောက် လင်းရီ သစ်သားပြားကို တံခါးပုံစံ တပ်ဆင်ထားသည့် အိမ်ကို လက်ညိုးထိုးပြရင်း "အဲ့တာက မင်းရဲ့ အိမ်လား..."

"အွန်း...."လီချူးဟန် ရှက်ကိုးရှက်ကန်း ဖြစ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။

"သွားမယ်... မင်းပဲ အိမ်ထဲမှာ စကားပြောချင်တယ်လို့ ပြောထားတာမဟုတ်ဘူးလား..ခု အထဲသွားစို့..."နောက်မှ အမောတကြီး ပြေးလာရင်း လျိုခိုင် ပြောလိုက်သည်။

လင်းရီ ရုပ်တည်ဖြင့် လျှောက်သွားလိုက်ပြီး သစ်သားတံခါးကို ဆောင့်ကန်၍ ဖွင့်လိုက်လေသည်။ ထိုအခါ တပ်ရုံမျှ တပ်ထားသည့် သစ်သားတံခါးမှာ အဝေးသို့ လွင့်ပျံသွားခဲ့ပြီး အထဲတွင် အရက်သောက်နေသည့် သက်လတ်ပိုင်းလူကြီးမှာ ထိုအခြင်းအရာကိုမြင်တော့ ရှော့ခ့်ရသွားခဲ့၏။

လီချူးဟန်၏ ဖခင်မှာ လျိုတကျွင်းဖြစ်ပြီး သူ၏ ပုံစံမှာ ခေါင်းတုံးပေါက်ကေ ၊ အသားက ခပ်မည်းမည်းဖြင့် အပေါ်ပိုင်း ဗလာကျင်းနေလေသည်။ စစ်၀တ် ဘောင်းဘီ အစိမ်းရောင်ကို ၀တ်ဆင်ထားပြီး အဝါရောင် ညှပ်ဖိနပ်အစုတ်တစ်ရံကို လည်း စီးနင်းထား၏။ သူထိုင်နေသည့် နေရာအနီးနားရှိ စားပွဲပေါ်တွင် ဆန်အရက် သုံးလုံး ရှိနေပြီး မြေပဲဆားလှော် တစ်ပန်းကန်ကိုလည်း အမြည်းအဖြစ် ချထားသေးသည်။ သောက်ရင်းစားရင်းဖြင့် ဇိမ်ကျနေဟန်ပင်။ ယခုလို လင်းရီမှ တံခါးကို ဆောင့်ကန်လိုက်သောကြောင့် သူ၏ ခေတ္တစည်းစိမ်ကို ပျက်စီးသွားစေခဲ့သည်။

"ဟျောင့် မင်းဘာလုပ်နေတာတုန်းကွ..."လျိုခိုင် နောက်မှ ဒေါသ တကြီးဖြင့် အော်ဟစ်လိုက်သည်။

လင်းရီ တံခါးဘောင်တွင် ကန့်လန့်ဖြတ်နေ၍ လျိုတကျွင်းကို ကြည့်ကာ "ခင်များတို့ နှစ်ယောက်က ချူးဟန်နား နှစ်တိုင်း ပိုက်ဆံတောင်းနေတဲ့သူတွေမလား..."

"သူက ငါ့သမီးလေ... ဖအေက သမီးနား ပိုက်ဆံတောင်းတာ အဲ့တာ ဆန်းသလား..."

လျိူတကျွင်း မချေမငံ ပြန်ပြောလိုက်သည်။

ဝှစ်... ခွမ်း....

လင်းရီ တစ်ခွန်းမျှမဆိုပဲ စားပွဲကို လှန်ပစ်လိုက်ပြီး လျိုတကျွင်းကို ထပ်မံရှော့ခ်ရသွားစေလိုက်၏။ ထို့နောက် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ဒေါသတကြီး မတ်တပ်ရပ်ကာ "မင်း -ီးလုပ်တာလားကွ... ဒါငါ့အိမ်...."

"သိတယ်လေ... ကျုပ်လည်း ခင်များအိမ်ကို တမင်သပ်သပ် လာခဲ့တာ... ခု ကျုပ်ပြောမှာကို ခင်များနားက သေချာလေးနားထောင်....ခုက စပြီး ချူးဟန်နား ပိုက်ဆံ ထပ်တောင်းဖို့ စဉ်းတောင်မစဉ်းစားနဲ့... ခင်များတို့ ထပ်တောင်းတဲ့ အသံကြားလို့ကတော့ ကျုပ်ကိုယ်တိုင် ဒီလာပြီး ခင်များတို့ သားအဖနှစ်ယောက်လုံးကို အရှင်လတ်လတ် မြေမြုပ်ပစ်လိုက်မယ်... နားလည်လား..."လင်းရီ လူသတ်ပြီး အသားပါ ဝါးစားတော့မည့် အသွင်ဖြင့် ခြိမ်းခြောက်လိုက်သည်။

"မင်း... မင်းကို ဥပဒေက အရေးယူမှာ မကြောက်ဘူးလားကွ...."

"ကျုပ်က ဥပဒေပဲ... ကျုပ် ဒီနေ့ ရှင်းအောင် ပြောထားပြီးပြီ... ယုံတာမယုံတာကတော့ ခင်များတို့အပိုင်းပဲ... မယုံရင် စမ်းကြည့်ကြ... အသက်အပိုပါတယ်ဆိုရင်ပေါ့........"

လျိုတကျွင်းနှင့် လျိုခိုင်တို့မှာ အားနည်းသူကိုသာ အနိုင်ကျင့်တတ်ကြပြီး အားကြီးသူကိုတော့ သေးထွက်လုမတတ် ကြောက်ရွံ့ကြလေသည်။ ထို့အပြင် လင်းရီမှာ မာစီးတီး အကောင်းစားကြီး စီးသူဖြစ်၍ ပိုက်ဆံ၏ အရှိန်အဝါကို ရှိန်နေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လီချူးဟန်ကိုသာ အော်ငေါက်ရဲကြပြီး လင်းရီကိုတော့ တစ်ခွန်းမျှ ပြန်မပြောဝံ့ကြပဲ နီရဲနေသော မျက်နှာကြီးဖြင့်သာ မကျေမချမ်း ကြည့်နေကြ၏။

အစမှ အဆုံးထိတိုင် လီချူးဟန် စကားတစ်ခွန်းမျှ ၀င်မပြောပေ။ သူမ လျိုမိသားစုအတွက် ခံစားချက်တစိုးတစိမျှ မရှိတော့ပဲ သူစိမ်းများထက်ပင် ပို၍ ဝေးကွာသူများပမာ ဖြစ်သွားကြလေပြီ။ လင်းရီ သူမကို ကူညီ၍ အဆိုပါ သားအဖနှစ်ယောက်လုံးနှင့် အဆက်အသွယ်ဖြတ်နိုင်ရန် ကူညီပေးဖို့လည်း တိတ်တဆိတ် မျှော်လင့်နေမိသည်။ သို့မှသာ အနာဂတ်တွင် သူမ ထိုလူများနှင့် ရင်းနှီးပတ်သက်စရာ မလိုတော့ပဲ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်နိုင်ပေမည်။

"အဘိုးကြီး ကျုပ်မေးနေတယ်လေ.. ခင်များ နားကန်းနေလား...."

"ကြား ကြားပါတယ်...."

လင်းရီမျှော်လင့်ထားသည့် အတိုင်း ထိုသားအဖနှစ်ယောက်လုံးတွင်မည်သည့် အစွမ်းအစတို့မျှ ရှိမနေချေ။ အိမ်ရှိ စိုက်ခင်းမှ ရောင်းရငွေ မစို့မပို့လေးအပြင် သူတို့၏ အဓိက အသုံးစရိတ်မှာ လီချူးဟန်ထံမှ ညစ်ယူ၍ရသည့် ငွေပမာဏ ဖြစ်၏။

သို့သော်လည်း သူတို့၏ ပတ်သက်ဆက်နွယ်မှုကို အခွင့်ကောင်းယူ၍ လီချူးဟန်ကိုသာ ဖအေဟူသော ခေါင်းစဉ်ဖြင့် ကိုင်ပေါက်ကာ အနိုင်ကျင့်၀ံ့ကြပြီး လင်းရီကဲ့သို့ မျက်နှာစိမ်းနှင့် ရင်ဆိုင်ရချိန်တွင် သားအဖနှစ်ယောက်လုံးမှာ သူရဲဘောကြောင်ကြသူများ ဖြစ်သွားကြချေပြီ။

"ကြားရင် ပြီးတာပဲ..."

လင်းရီ တစ်ဖက်သို့လှည့်ပြီး လီချူးဟန်၏ လက်ကိုဆွဲကာ "သွားစို့.. ဒီကိစ္စ ဒီမှာတင် ပြီးပြီ... သူတို့ မင်းနား ထပ်လာတောင်းရဲရင် ငါ့ကိုသာပြော...."

"အွန်း...."

"ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့.... "

နှစ်ယောက်သား တံခါးအပြင်ဘက်သို့ ထွက်ခါရှိသေး လူဆယ်ယောက်ထက်မနည်း သူတို့ရှိသည့် နေရာသို့ ပြေးလာနေကြကြောင်း မြင်တွေ့လိုက်ရ၏။ သူတို့အားလုံး တံတားပေါ်တွင် လမ်းပိတ်ထားကြသည့် ဈေးသည်များပင်။ သို့သော်လည်း သက်ကြီးရွယ်အိုများအပြင် လူငယ်များလည်း ပါလာကြ၏။ သူတို့၏ မျက်နှာအမူအရာကို အကဲဖြတ်ကြည့်ရသလောက်တော့ သူတို့နှင့် မိသားစု တော်စပ်သူများ ဖြစ်ရပေမည်။

"ဘာလဲ... ငါး ၀ယ်ခိုင်းချင်နေပြန်ပြီလား....”

All Chapters