စတင်တော့မည့် ရှေ့ပြေးလက္ခဏာ
Vol. 35 Ch. 515
နောက်တစ်နေ့ နံနက်တွင်တော့ နှစ်ယောက်သား အလုပ်ကိုယ်စီသို့ မောင်းနှင်သွားကြသည်။
လင်းရီကတော့ သုဿန်သို့ ဦးတည်လိုက်ပြီး လီချူးဟန်၏ အမေကို မြုပ်နှံပေးရန်အတွက် စီစဉ်စရာရှိသည်များကို စီစဉ်လေသည်။ နေ့လည်မတိုင်ခင်တွင် အားလုံး စီစဉ်ပြီးဖြစ်၏။
အုတဂူကျောက်တိုင်ရှေ့တွင်ရပ်နေရင်း လီချူးဟန် လှပသော လီလီပန်းစည်းတစ်စည်းကို ၎င်းရှေ့တွင် ချလိုက်သည်။ လေပြေညင်းများမှ သူမ၏ ဆံနွယ်များကို မသိမသာ လှုပ်ခတ်သွားစေပြီး ယခုတစ်ကြိမ်တွင်တော့ သူမ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေး ဖြစ်ပေါ်လာ၏။
သူမအတွက်တော့ ယနေ့က သူမဘ၀တွင် အမှတ်အရဆုံး နေ့လေးတစ်နေ့ ဖြစ်သည်ဟု ပြောလျှင်လည်း မမှားချေ။ ယခုမှစ၍ လူသူယောက်ယပ်ခပ်နေသော အနှီ မြို့ပြကြီးတွင် သူမတစ်ဦးတည်း အထီးကျန်မဆန်တော့ပါ။
"သွာစို့.. အချိန်ကျပြီ..."လင်းရီ ပြောလိုက်ပြီး "ငါတို့ နေ့လည်ကြ ခွဲစိတ်မှုတစ်ခု လုပ်ရဦးမှာ..."
"အွန်း..."
နှစ်ယောက်သား ဘေးချင်းကပ် လမ်းလျှောက်လာပြီး ဟွာရှန်းဆေးရုံသို့ ဦးတည်လိုက်သည်။
မွန်းလွဲပိုင်း ခွဲစိတ်မှုကိုတော့ တစ်နာရီတွင် စတင်ပြီး လင်းရီကတော့ ခေါင်းဆောင်ခွဲစိတ်သူပင်။
အင်မတန်ခက်ခဲသည့် ခွဲစိတ်မှုတစ်ခု ဖြစ်သော်လည်း လင်းရီလက်ထဲတွင်တော့ လွယ်ကူချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့၏။ ခွဲစိတ်မှု ရလဒ်မှာ လုံး၀ စိတ်ကျေနပ်စရာကြီးပင်။
လင်းရီ၏ ဆေးပညာ အရည်အချင်းတို့မှာ သူမထက် သာလွန်နေသည်ဟု လီချူးဟန် ခံစားနေရပြီး လင်းရီမှာ သူမထက် ဒါရိုက်တာရာထူးနေရာနှင့် ထိုက်တန်လေသည်။
သို့သော်လည်း လင်းရီကတော့ အလွန်အမင်း စိတ်ပျက်နေခဲ့၏။ သူ လူနာများအတွက် အလေးအနက်ထားပြီး ခွဲစိတ်မှုများကို လုပ်ဆောင်နေပါသော်လည်း အဘယ်ကြောင့် လူနာများက သူ့ကို ပိုးထည်တံခွန် တစ်ခုလေးတောင် မပေးနိုင်ကြသနည်း။
ခွဲစိတ်မှုပြီးနောက် လင်းရီ လီချူးဟန်ကို နှုတ်ဆက်ပြီး သုတေသနစင်တာသို့ မောင်းနှင်သွားလိုက်သည်။ ထို့နောက် လုရင်းကို သူ့ရုံးခန်းထဲသို့ ခေါ်လိုက်၏။
"သတင်းစာရှင်းလင်းပွဲ လုပ်ဖို့အတွက် အကုန် ရယ်ဒီပဲလား..."
"အားလုံး အဆင်ပြေပြေပါပဲဘော့စ်... ကျွန်မတို့ မနက်ဖြန် မနက် ကိုးနာရီကျရင် စတင်ကျင်းပမှာပါ...."လုရင်း ပြောလိုက်ပြီး "ဖုန်းလန် မီဒီယာရဲ့ ဥက္ကဌချောင်ကတော့ ကျွန်မကို အစီအစဉ်တင်ဆက်သူ လုပ်ခိုင်းနေတယ်... ဒါပေမယ့် ကျွန်မကတော့ ခြေချော်လက်ချော် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို ဖျက်ဆီးလိုက်သလို ဖြစ်မှာဆိုးလို့ ဥက္ကဌလင်း လုပ်လိုက်ပါလား..."
"မင်းက ငါတို့ သုတေသနစင်တာရဲ့ ပန်းအလှလေးလေ... ဒီတာ၀န်ကို သေချာပေါက် ထမ်းဆောင်ရမှာပေါ့ဟ...."လင်းရီ ပြုံးလိုက်ပြီး "ဆက်ဆီကျကျ ၀တ်ခဲ့... ငါ နောက်ကနေ တိတ်တဆိတ် အားပေးနေမယ်...."
"ဘော့စ်က ကျွန်မ စကတ်တိုနဲ့ စတော်ကင် အနက်ရောင် ၀တ်တာကိုပဲ မြင်ချင်နေတာမလား... "
"အဲ့လိုမပြောပါစမ်းပါနဲ့... နားထောင်ရတာ တစ်မျိုးကြီးပဲ... ငါကပဲ မင်းနဲ့အတူ အိပ်ချင်တဲ့ ပုံစံပေါက်နေပြီ..."
"ဘော့စ်... တကယ်လို့ ဆေးရုံကကော အမျိုးသမီးသုတေသနပညာရှင်တွေနဲ့ ပြည့်နှက်နေမယ်ဆိုရင် ရှင်သူတို့ကိုလည်း စကတ်တိုလေးတွေနဲ့ စတော်ကင် ၀တ်ခိုင်းမှာပဲလား..."
"ဘယ်၀တ်ခိုင်းမှာ...."
"ဟင် ဘာလို့..."
"ဘာလို့လဲဆိုတာတော့ ဟွာရှရဲ့ အခြေအနေကြောင့်လေ... မင်းလိုမျိုး အမျိုးသမီးသုတေသန ပညာရှင်တွေကတော့ အများကြီးရှိတယ်... ဒါပေမယ့် တကယ့်အရည်အချင်း ရှိတဲ့သူတွေကျတာ့ အသက်ကြီးသွားပြီ... ငါက ဘာလို့ အန်တီကြီးတွေ စကတ်တိုနဲ့ အနက်ရောင် စတော်ကင် ၀တ်တာက်ို ကြည့်ချင်ရမှာ... တကယ်လို့များ အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင် သရဲရုပ်ရှင် ကြည့်ရတာထက်တောင် ထိတ်လန့်ဖို့ ကောင်းသွားဦးမယ်... "
"ခစ်ခစ်... အဲ့တာဆိုလည်း ကျွန်မကို ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်နော်..."လုရင်း ပြုံးလိုက်ပြီး "မနက်ဖြန်အတွက် ကျွန်မ ဘာတွေ ပြင်ဆင်ထားရဦးမလဲ ဘော့စ်...."
"ချစ်ပ် 2.0 နည်းပညာရဲ့ အချက်အလက်တွေ အကုန်လုံးကို သေချာလေး ပြင်ဆင်ထားလိုက်... ချစ်ပ် 1.0 ကို ကြေညာမယ်ဆိုတာက ဒီတိုင်း ကာဗာသဘောပဲ... ငါတို့က အဲ့တာကို ငါးစာအနေနဲ့ မျှားပြီး သူတို့ လာဟပ်တဲ့ အချိန်ကျတော့မှ ချစ်ပ် 2.0 ကို ထုတ်ပြလိုက်မှာ...."
"နားလည်ပါပြီ....."
"ခုတော့ ဒီလောက်ပဲ... လောလောဆယ် မင်းအဲ့တာတွေပဲ ပြင်ဆင်ထားလိုက်ဦး...."
"ဟုတ်ကဲ့ပါရှင့်...."
အရာအားလုံး အစီစဉ်တကျ ဖြစ်ပြီးနောက် လင်းရီ အနားယူရန် ဟွာချင်းရေကန်သို့ ထွက်လာခဲ့လေသည်။
လမ်းတွင်တော့ လင်းရီ လုံရှင်းနှင့် Cisco အကြောင်း တွေးတောနေ၏။ Cisco ဘက်မှ ပိရိစွာ လုပ်ဆောင်နိုင်ခဲ့သည်ထဲမှ တစ်ခုကတော့ လျှို့ဝှက်ချက်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်းပင်။
အကယ်၍ သူ၏ ညီကိုကောင်းသာ ကျိုးဟိုင်ကိုအလုပ်ခရီးရောက်မလာပဲ သို့မဟုတ် သူ့ထံမှ ချစ်ပ် 1.0 နည်းပညာကို တိတ်တဆိတ် ထုတ်လုပ်နေပါတယ် ဟူသော သတင်းအပိုင်းအစကိုသာ မရရှိပါက လင်းရီအတွက် အတွင်းသတင်းရရန် လွန်စွာခက်ခဲသွားလိမ့်မည်။ လုံး၀ မရရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လုရင်း ၊ စွန်းဖုယွီနှင့် ကျန်သူများကတော့ သိပ္ပံ သုတေသန နယ်ပယ်တွင်သာ စိတ်နစ်မြုပ်ထားသောကြောင့် ယခုလို သတင်းမျိုးကိုလည်း အာရုံခံမိလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူမည်မျှပင် ၀င့်ကြွားနေစေကာမူ ယခု ကိစ္စတွင် ကျေးဇူးအတင်ထိုက်ဆုံးသူကတော့ သူ၏ ညီကိုကောင်း ကျန်းစုန့်ပင်။
လင်းရီလည်း အလုပ်များနေ၍ ကျန်းစုန့်နှင့် မဆက်သွယ်ဖြစ်သည်မှာ နှစ်လသုံးလခန့် ရှိပြီဖြစ်သည်။ သူ တစ်ကိုယ်တည်းဘ၀မှ လွတ်မြောက်သွားပြီလား ဆိုတာကိုတော့ လင်းရီလည်း မသိရှိပေ။ သို့သော်လည်း ကျန်းစုန့် ထွက်သွားစဉ်အခါက လင်းရီသူ့ကို Xbox နှင့် ပလေးစတေရှင် ဂိမ်းစက်များ ၀ယ်ပေးလိုက်၏။ အဆိုပါပစ္စည်းများနှင့်သာ အချိန်ကုန်နေမည် ဆိုပါက အိမ်တွင်းအောင်း အိုတာခုကြီးမှာ ကောင်မလေးတစ်ယောက်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိရန် အတော်လေး ခက်ခဲသွားနိုင်သည်။
လင်းရီ ဖြည်းညင်းစွာ မောင်းနှင်ရင်း ဟွာချင်းရေကန်သို့ ရောက်ရှိလာခဲ့၏။ သို့သော်လည်း အံအားသင့်ဖို့ ကောင်းစွာဖြင့် ပိတ်ထားပါသည်ဟူသော ဆိုင်းဘုတ်ကို မြင်လိုက်ရလေသည်။
"ဘာတွေဖြစ်နေတုန်းဟ.. ဘာလို့ ပိတ်ထားတာ...."
"မြို့တော်၀န်လျန်က လ၀က်လောက် ပိတ်ထားခိုင်းလို့ပါ သူဌေး..."တာ၀န်ကျ လုံခြုံရေးအစောင့်တစ်ဦးမှ လင်းရီကို ပြောပြလိုက်၏။
"ငါ လရှီးပဲကွာ...."
လင်းရီ စတီယာရင်ကို ရိုက်ရင်း ကျိန်ဆဲပြီး လှည့်ထွက်လာခဲ့လိုက်၏။
ထိုနှလုံးသား မည်းညစ်နေသည့် အမျိုးသမီး လျန်ရူရွှယ်မှာ မဆင်မခြင် နိုင်လွန်းလှသည်။
'သူ ပိုက်ဆံ မလိုချင်တော့လို့လားကွာ....'
"သေးစမ်း... အချိန်ရမှပဲ သူနဲ့ စကားကောင်းကောင်း ပြောရဦးမယ်...."
......
CISCO လီမီတက်၊ စိအီးအို ရုံးခန်း။
ချောင်ကျားတုံးနှင့် ချောင်ရှန့်ယွီတို့ နှစ်ဦးစလုံး ရုံးခန်းထဲ ထိုင်နေကြ၏။ သူတို့နှစ်ဦးစလုံး၏ အမူအရာမှာ အတော်လေး စိတ်အေးလက်သာဖြစ်နေကြပြီး နှစ်သစ်ကူးပွဲတော်ရက်ထက်ပင် ပို၍ ပျော်မြူးနေကြ၏။
"အဖေ.. မနက်ဖြန် လုံရှင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပတော့မှာ ... ကျွန်တော်တို့ ဘာတွေ ပြင်ဆင်ထားရဦးမလဲ..."
"မင်းက ဘာကို ပြင်ဆင်ခြင်နေသေးတာ...."
ပြောရင်း ချောင်ကျားတုံး စီးကရက် တစ်လိပ်ကို ကမ်းပေးလိုက်သည်။
"အဖေ ... ကျွန်တော် ဆေးလိပ်မသောက်တော့ဘူး..."
ဆေးလိပ်သောက်သည်က သုံးစက္ကန့်အမျိုးသား ဖြစ်စေသည်ဟု လင်းရီ ပြောစဉ်ကတည်းကပင် ချောင်ရှန့်ယွီ ဆေးလိပ်သောက်ခြင်းကို အပြီးနားလိုက်လေသည် ။
သူ့အဖေ ဆေးလိပ်ဆက်သောက်နေသည်ကို မြင်တော့ ချောင်ရှန့်ယွီလည်း ဖြောင်းဖြချင်နေခဲ့၏။ သို့သော်လည်း သူ ထိုသို့ မလုပ်သည်က ပိုကောင်းသည်ဟု အတွေးက ရောက်ရှိလာလေသည်။
သူ့အဖေမှာ အသက်ကြီးလှပြီဖြစ်ပြီး ထိုကိစ္စကို ဂရုမစိုက်တော့သည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ စက္ကန့်အနည်းငယ်မျှ ကြာမြင့်သည်က ကိစ္စမရှိတော့ချေ။
"ပြီးတာပဲလေ... အဲ့တာကလည်း ကောင်းတဲ့ အကျင့်မှ မဟုတ်တာ..."ချောင်ကျားတုံး ပြောလိုက်ပြီး "စောနက ခေါင်းစဉ်ကို ပြန်သွားရအောင်... မင်းက ဘာတွေ ပြင်ဆင်ချင်နေတာ..."
"ကျွန်တော်က သတင်းထောက်တွေ ခေါ်လိုက်ရင် ကောင်းမလားလို့လေ..."ချောင်ရှန့်ယွီ သူ့ခြေထောက်ကို စားပွဲပေါ်တင်ရင်း ပြောလိုက်ပြီး "မနက်ဖြန်က Didi ကျွန်တော်တို့ကို ငွေချေမယ့် နေ့ဆိုပေမယ့် လုံရှင်းကို သုတ်သင်ပြီး Ciscoကို အဆင့်တစ်ခုဆီ ခေါ်ဆောင်သွားမယ့် ကိစ္စနဲ့တော့ ယှဉ်လို့ မရသေးဘူး...."
"မပူနဲ့... သတင်းတွေ စကြားကတည်းက ငါ အကုန်လုံး ပြင်ဆင်ပြီးသွားပြီ... "
ချောင်ကျားတုံး ပြောလိုက်ပြီး "နည်းပညာ မီဒီယာတွေ အားလုံးနီးပါး ရှိနေလိမ့်မယ်... တကယ်လို့ လွဲချော်သာတွေ မဖြစ်သွားဘူးဆိုရင် မနက်ဖြန် လုံရှင်းရဲ့ သတင်းစာရှင်းလင်းပွဲက ပွဲကြီးပွဲကောင်း ဖြစ်ပြီပဲ... "
"ဂျင်းဟောင်းလေ ပိုစပ်လေဆိုတာ အမှန်ပါလား... ကျုပ် အဖေ့ဆီကနေ သင်ယူစရာတွေ အများကြီး ရှိနေသေးတာပဲ...."
"အချိန်ပေးပြီး သင်ယူထား... မင်း ဆက်လျှောက်ရမယ့် လမ်းက အဝေးကြီး ကျန်နေသေးတယ်... "ချောင်ကျားတုံး ဆေးလိပ်ကို တစ်ချက်တောက်၍ ဆေးလိပ်ပြာခါရင်း ပြောလိုက်သည်။
"ဒါပေမယ့် လုံရှင်းနဲ့ ငါတို့က နှစ်ပေါင်းများစွာ ပြိုင်ဘက်တွေ ဖြစ်လာခဲ့တာဆိုတော့ မနက်ဖြန် အဆုံးသတ်ပစ်ရမှာတောင် စိတ်မကောင်းလိုက်တာကွာ...."
"ဘာလို့လဲဆိုတော့ လုံရှင်းကကောင်တွေက အရမ်းရိုးအပြီး ချစ်စရာကောင်းနေလို့လေ..ဟုတ်တယ်မလား အဖေ...."ချောင်ရှန့်ယွီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "သူတို့အတွက် ချစ်ပ်1.0 ကို တီထွင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး... ဒါပေမယ့် သူတို့က အချိန်အကြာကြီး ဆွဲထားပြီးတော့မှ အဲ့တာက အကြီးစားခြေလှမ်းဖြစ်မယ်လို့ ထင်နေကြတာ... Cisco က အမှောင်ထဲကနေ ဖြည်းဖြည်းချင်း ရွေ့လျားနေပြီး သူတို့ကို အဆုံးသတ်ဖို့ စီစဉ်နေတယ်ဆိုတာကတော့ မသိကြဘူး...."
"ဘာလို့ ဒီလိုမျိုး ဖြစ်သွားလဲဆိုတာ မင်းသိလား...."
"မသိဘူး...အဖေသိရင် ပြောပြလေ......"
"လူတစ်ယောက်က အလုပ်ကြိုးစားနေရုံနဲ့ မအောင်မြင်နိုင်ဘူးကွ... "ထို့နောက် ချောင်ကျားတုံး သူ၏ ဦးခေါင်းကို ညွှန်ပြလိုက်ပြီး "ငါတို့လို ပရိယာယ်များတဲ့ ကောင်နဲ့ကြုံရင် ဒီကောင်တွေ ဘယ်လိုမှ မရှင်သန်နိုင်ဘူး... သူတို့ကို သေအောင် ဆော့ကစားဖို့က လွယ်လွယ်လေးပဲ မဟုတ်ဘူးလား...."
"ဟားဟား... အဖေပြောတာ သိပ်မှန်တယ်...."ချောင်ရှန့်ယွီ ရယ်မောလိုက်ပြီး "ပြီးတော့ အတုံးအဆုံးကိစ္စက အဲ့ဒီလူတွေ တကယ်ကြီး ကျင်းချိုးရဲ့ ကုမ္ပဏီကိုလာပြီး သတင်းစာရှင်းလင်းပွဲလုပ်ဖို့အတွက်တောင် ပြောနေလိုက်သေးတယ်... ကျွန်တော်တော့ဖြင့် ပြန်တွေးမိတိုင်းကို မရယ်ဘဲ မနေနိုင်ဘူး... ဒီကောင်တွေက သောက်ရမ်း စိတ်၀င်စားဖို့ကောင်းလွန်းတယ်...."
"ဒါလည်း မိုးနတ်မင်းရဲ့ အလိုတော်ပဲ နေမှာပေါ့... ကောင်းကင်ဘုံကပါ လုံရှင်းကို အမှုန့်ချေပစ်ချင်နေပြီနဲ့ တူတယ်...."
"အဖေ... ကျွန်တော်ကတော့ မနက်ဖြန် အဲ့ပွဲကို သွားကြည့်ဖို့ ဆုံးဖြတ်ထားတယ်... အဖေကော လိုက်ခဲ့ဦးမလား..."
"အဲ့တာက အကြံဉာဏ်ကောင်းလို့တော့ ငါမထင်ဘူး... "ချောင်ကျားတုံး အပြုံးလေးဖြင့် ပြောလိုက်ပြီး "ငါက ဘာသွားလုပ်ရမှာ... လုံရှင်းက လူတွေကို ချီးမွမ်းထောပနာစကားတွေ သွားပြောပေးရမှာလား......ဟားဟား......”