ကျွန်မ လင်းကျင်ကျန့်နဲ့ ထမင်း အတူစားခဲ့ဖူးတယ်
Vol. 35 Ch. 517
အဆိုပါ သတင်းကိုလည်း ကြားရော လျန်မိသားစုတစ်ခုလုံး၏ အကြည့်များမှာ ရှန်းရှူးရီအပေါ်တွင် စုပြုံသွားကြသည်။
"မင်းလည်း အဲ့လို ထင်တယ်လား... အဲ့ဒီ လင်းရီက လင်းကျင်ကျန့်နဲ့ အတော်လေး ဆင်တူတယ်..."လျန်ရှန့်ဟော် ပြောလိုက်၏။
"ထင်သလောက် မရိုးရှင်းဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး "ကျွန်မ အမှတ်တမဲ့ သတိထားမိလိုက်တာ သူ့ရဲ့မျက်လုံးတွေက အဲ့ဒီအမျိုးသမီးနဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် သွားတူနေတယ်... အဘိုးရန် ပြောသလိုမျိုး မဟုတ်ဘူး... သူ့မှာ လင်းကျင်ကျန့်ရဲ့ ဇွတ်တရွတ်နိုင်မှုတဲ့ ဗီဇလည်း အပြည့်ပါတယ်... ဒါပေမယ့် ကိုးဆယ်ရာခိုင်နှုန်းလောက် ညင်သာမှုတွေကတော့ အဲ့ဒီအမျိုးသမီးဆီက လာတာပဲ... ဒါကြောင့်မို့ လင်းရီက သူတို့နှစ်ယောက်ရဲ့ ကလေးဆိုတာ ကျွန်မ အရမ်းသေချာနေတာ...."
ထိုအကြောင်းပြောသည့် အချိန်တွင်တော့ အခန်းထဲရှိလေထုအခြေအနေမှာ အုံ့ဆိုင်းလာလေသည်။ ထိုနေ့ညက အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်မိတိုင်း လျန်ရှန့်ဟော်နှင့် လျန်ချွင်းရှောင်တို့ ခိုက်ခိုက်တုန်သွားကြ၏။
"တကယ်လို့ လင်းရီက သူ့သားဆိုလို့ကတော့ သူ့စရိုက်ကို ထွေထူး စစ်ဆေးနေစရာမလိုဘူး... လင်းကျင်းကျန့်က ဘယ်လိုလူမျိုးလဲဆိုတာ ငါတို့အကုန် သိနေကြတာပဲ မဟုတ်ဘူးလား...."
"လင်းမိသားစုကကော ဘာဖြစ်နေလို့လဲ..."ရန်ယွီ့ဟွာ စောဒက တက်လိုက်ပြီး "သမီးတွေက ဖအေနဲ့ တူပြီးတော့ သားတွေက မအေနဲ့တယ်လို့တောင် ဆိုရိုး ရှိကြတယ် မဟုတ်ဘူးလား... ဘာလို့ သူက လင်းကျင်ကျန့် လမ်းစဉ်လိုက်မယ်လို့ အဲ့လောက်တောင် သေချာနေကြတာလဲ... တကယ်တည်း...."
ရှန်းရှူးရီ မနေနိုင်ပဲ ရယ်မောလိုက်၏။ အကယ်၍ လင်းရီ၏ စရိုက်သာ သူ့အမေနှင့် ဆင်တူလိမ့်မည် ဆိုပါက သူမသမီးနှင့် မဆိုင်းမတွ သဘောတူလိုက်ပေမည်။
ကံမကောင်းစွာဖြင့် ကံတရားက အခွင့်မပေးခဲ့ပေ။ သူမ လင်းရီထံမှ ထိုလူကြီး၏ ကြီးဆိုးခြယ်လှယ်သည့် အရှိန်အဝါကို ခံစားနေရသည်။ ခန့်မှန်းရသလောက်တော့ အင်မတန် နူးညံ့သိမ်မွေ့သည့် အမျိုးသမီးကသာလျှင် ထိုသူမျိုးနှင့် သင့်တော်ပေလိမ့်မည်။
"ကောင်းပြီ... သူ့ရဲ့ နောက်ခံကို သိသွားပြီဆိုမှတော့ ခဏ ဘေးချိတ်ထားကြတာပေါ့.. အရင်စားကြမယ်..."
လျန်ရှန့်ဟော်မှ ၀င်ပြောလိုက်သည်။
"ဘာတွေ အရေးကြီးနေတာ... နင် ထမင်းမစားဖူးဘူးလား... နောက်မှစားမယ်... "ရန်ယွီ့ဟွာ အလျော့ပေးရန် ဆန္ဒမရှိပဲ ပြောလိုက်၏။
"ချွေးမလေး.. နင် ကျိုးဟိုင်သွားတုန်းက သူတို့နှစ်ယောက်ကို ဘယ်လိုထင်လဲ... ခုခေတ် လူငယ်တွေလို မခွဲနိုင်မခွာရက် ဖြစ်နေကြပြီလား..."
"သမီးလည်း သေချာမပြောနိုင်ဘူး.. ဒါပေမယ့် မီလိလေးကတော့ သူ့အပေါ် စည်းခြားထားတာမျိုးလည်း မရှိဘူး... တကယ်လို့ သမီးသာ ဒီတစ်ခေါက် သူတို့နှစ်ယောက်ကို ရုတ်တရက် ဖမ်းမမိလိုက်ဘူးဆိုရင် နည်းနည်းထပ်ကြာတာနဲ့ နှစ်ယောက်က အတူနေကြတဲ့အဆင့်လောက်ထိ ဖြစ်သွားနိုင်တယ်...."
ရန်ယွီ့ဟွာ သက်ပြင်းချလိုက်၏။ သူမမြေးမလေးအတွက် စိတ်မကောင်း ဖြစ်နေလေသည်။
"ကြားရသလောက်ဆို မီလိလေးက အဲ့ကောင်လေးကို စိတ်၀င်စားနေတဲ့ပုံပဲ..."
"သာမန်ပါပဲ... လင်းရီကလည်း အတိတ်တုန်းက လင်းကျင်ကျန့်လို ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်လေ... အရိုးထဲက ထွက်ပေါ်နေတဲ့ မာနက လူတိုင်းကို အထက်စီးကနေ ခြယ်လှယ်မယ့် ယောက်ျားကောင်းတစ်ဦးလိုမျိုးပဲ... ဘယ်မိန်းကလေးက အဲ့လို ကြီးစိုးနိုင်တဲ့ အမျိုးသားကို လွန်ဆန်နိုင်မှာလဲတဲ့...."ရှန်းရှူးရီ အပြုံးလေးဖြင့် ဆိုလိုက်သည်။
"လင်းကျင်ကျန့်တုန်းကလည်း ရန်ကျင်းက ကောင်မလေးတွေအကုန် သူ့ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီးတော့မှ သူနဲ့ အတူနေရဖို့ပဲ စိတ်ကူးယဥ်နေကြတာ မဟုတ်ဘူးလား...."
"အဟွတ် အဟွတ် အဟွတ်...."
လျန်ချွင်းရှောင် သတိပေးသည့် ပုံစံဖြင့် တမင်သပ်သပ် ချောင်းဟန့်လိုက်သည်။
"ဘာလို့ ရှင်က ချောင်းဆိုးနေရတာ..."ရှန်းရှုးရီ၏ ဗာဒံစေ့ကဲ့သို့ မျက်လုံးများ တောက်ပသွားပြီး "ကျွန်မဆို သူနဲ့ ထမင်းတောင် အတူစားခဲ့ဖူးသေးတယ် ... ကလေးတောင် ဒီအရွယ်ရောက်နေပြီကို ရှင်က ဘာလို့ အတိတ်အကြောင်းတွေ ပြန်သတိရနေတာ... "
"အပိုတွေ... ငါ လည်ချောင်းယားလို့ပါကွ... အဲ့တုန်းက ကိစ္စတွေလည်း ငါမပြောဖူးပါဘူး..."
"ရှင်က စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူပဲလေ... "ရှန်းရှူးရီ၏ အမူအရာမှာ ၀င့်ဝါနေပြီး မိန်းမငယ်လေးတစ်ဦးကဲ့သို့ ဖြစ်နေ၏။
"ထပ်ပြောရရင် ကျွန်မလည်း အဲ့တုန်းက စင်ဂယ်လေ... ဒီတော့ တစ်ယောက်ယောက်နဲ့ ထမင်းအတူစားတာက သာမန်ပါပဲ..."
"အပိုတွေ မပြောစမ်းနဲ့ .. အဲ့တုန်းကလည်း ငါမင်းကို ဂီတာတီးပြဖူးသေးတယ်မလား... မင်းတောင် သီချင်းဆိုကောင်းတယ်ဆိုပြီးတော့ ငါ့ကို ချီးကျူးလိုက်သေးတယ်လေ... အဲ့တာတောင်မှ လင်းကျင်ကျန့်နဲ့ ထမင်းအတူစားလိုက်သေးတယ်ဆိုတော့ ဘယ်လိုတောင် အရှက်ကင်းမဲ့လိုက်လဲ.... "
"ကျွန်မလည်း သူများခေါ်လို့ လိုက်သွားတာပါနော်... အတင်းတောင်းဆိုခဲ့တာ မဟုတ်ပါဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး "နောက်ပြီး ကျွန်မရှင့်ကို အမှန်ပြင်ပေးလိုက်မယ်... ရှင့်ရဲ့ ဂီတာတီးတဲ့ စကေးတွေက အဲ့လောက် အထင်ကြီးစရာလည်း မကောင်းဘူး... ပြီးတော့ သီချင်းဆိုတာကလည်း ကောင်းမနေဘူး သိလား... ကျွန်မက ရှင့်ကို မျက်နှာသာပေးပြီးတော့ အကောင်း ပြောလိုက်တာ.... "
"ကဲ ကဲ တော်ကြတော့ .. နင်တို့ နှစ်ယောက်လည်း ဘယ်အရွယ်ရောက်နေပြီလဲ.. ဘာလို့ အသေးမွှားလေးတွေကို လိုက်ပြီး ကပ်တွက်နေကြတာ..."ရန်ယွီ့ဟွာ ပြောလိုက်ပြီး ရှန်းရှူးရီကို ကြည့်ကာ "နင် လင်းရီကို ဘယ်လို ပြောလိုက်တာလဲ... မီလိလေး ကြားသွားသေးလား... ငါ့မြေးမလေး ၀မ်းနည်းသွားသေးလား... "
ရန်ယွီ့ဟွာ လင်းရီကို ငြင်းတာ မငြင်းတာ သူမ ဂရုမစိုက်ပေ။ သူမ၏ အဖိုးတန်မြေးမလေး ၀မ်းနည်းသွားမှာကိုသာ စိုးရွံ့လေသည်။
"ကျွန်မ တိုက်ရိုက်ကြီးတော့ မပြောပါဘူး... မသိမသာလေးပဲ သတိပေးခဲ့လိုက်တယ်..သူက လင်းကျင်ကျန့်ရဲ့ သားဆိုတော့ သေချာပေါက် သဘောပေါက်မှာပါ... "
"ဟုတ်လား....နင် ဘယ်လိုပြောလိုက်တာလဲတဲ့..."ရန်ယွီဟွား သိချင်စိတိ ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
လျန်ရှန့်ဟော်နှင့် လျန်ချွင်းရှောင်တို့လည်း သူတို့၏ နားများကို စွင့်လိုက်ကြသည်။ သူတို့လည်း ယခုကိစ္စ၏ အသေးစိတ်ကို သိချင်နေကြ၏။
"သူ့ရဲ့ လက်အောက်မှာ လင်းယွမ်အုပ်စုလို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခု ရှိတယ်... လင်းယွမ်အုပ်စုရဲ့အောက်မှာလည်း ပရဟိတတွေ အဓိကထားလုပ်တဲ့ လင်းယွမ် ဖောင်ဒေးရှင်းဆိုတာ ရှိတယ်လေ... သူက လတ်တလော ပေချောင်မြို့မှာ လမ်းနဲ့ ကျောင်းတွေ ဆောက်ပေးချင်နေတာ.. အဲ့ပရောဂျက်အတွက် ကုန်ကျစရိတ်က ၁၅ မီလီယမ် ... မီလိလေးက သူ့အတွက် ရန်ပုံငွေ ငါးမီလီယမ် တောင်းပေးပြီးတော့ သမီးက ဆယ်မီလီယမ် ရင်းနှီးမြုပ်နှံပေးလိုက်တယ်... ဒါပေမယ့် ချက်ခ်ထဲမှာ ကုမ္ပဏီရဲ့ သတင်းအချက်အလက်တွေကိုတော့ မဖုံးကွယ်ထားဘူးဆိုတော့ သူ ချက်လက်မှတ်ကို ငွေသားလဲတဲ့ အခါကျရင် သေချာပေါက် မြင်သွားမှာပဲ... ခုဆို သူ သမီး ဘယ်သူလဲဆိုတာ ရိပ်မိနေလောက်ပြီ... "
လျန်ချွင်းရှောင် စီးကရက်ကို မီးညှိလိုက်၏။ ရှန်းရှူးရီမှ ဆေးလိပ်ပြာခွက်ကို ချပေးလိုက်လေသည်။
"မင်းရဲ့ အကွက်က မသိသာဘူးနော်... သူသိလိမ့်မယ်ဆိုတာ မင်း သေချာလို့လား... သူလုံး၀ကို ဂရုမစိုက်တာတောင် ဖြစ်နိုင်တယ်...."
"ကျွန်မတော့ မထင်ပါဘူး..."ရှန်းရှူးရီ ပြုံးလိုက်ပြီး "ကျွန်မ အရင်တုန်းက လင်းကျင်ကျန့်နဲ့ ထမင်းအတူစားခဲ့ဖူးတာကို ရှင်မေ့သွားပြီလား..."
"မင်း... မင်း ဘာလို့ မီးနဲ့ လာကစားနေတာ..."
"ကျွန်မက ဘယ်လိုလုပ်ပြီး မီးနဲ့ကစားတယ် ဖြစ်ရမှာ..."ရှန်းရှူးရီ ပြောလိုက်ပြီး "သူ ဒီလောက်လေးမှ နားမလည်ရင်လည်း လင်းကျင်ကျန့်ရဲ့ သားဖြစ်ဖို့ မထိုက်တန်ဘူးလို့ စောင်းပါးရိပ်ခြေ ပြောပြနေတာ...."
လျန်မိသားစု၀င်များလည်း ဘာမှ၀င်မပြောကြပေ။ အဘယ်ကြောင့်ဆိုသော် အဓိပ္ပာယ်ရှိသောကြောင့်ပင်။
ယင်းကလည်း အတိတ်တွင် လင်းကျင်းကျန့်မှာအတော်လေး ထူးချွန်ပြောင်မြောက်ခဲ့ပြီး လူတိုင်း၏ အထက်တွင် တည်ရှိခဲ့ဖူးသောကြောင့်ဖြစ်၏။ သူသာ ဒုတိယဆိုလျှင် မညိသူမျှ ပထမနေရာ မယူဝံ့ကြချေ။
"ကောင်းပြီ.. ဒီကိစ္စ ဒီမှာတင် အဆုံးသတ်လိုက်တော့.. သူတို့နှစ်ယောက် မပေါင်းဖက်နိုင်တာကိုတော့ ကံကိုပဲ အပြစ်ပုံချခိုင်းကြတာပေါ့ကွယ်..."
ရန်ယွီ့ဟွာ စိတ်ပျက် အားလျော့စွာဖြင့် ပြောလိုက်သည်။ သူမ အတော်လေး မျှော်လင့်ထားခဲ့သော်လည်း အဆုံးတွင် အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
"ချွေးမလေး.. တီဗွီဖွင့်လိုက်.. ခုက သတင်းကြည့်ရမယ့် အချိန်ပဲ..."လျန်ရှန့်ဟော်မှ ပြောလိုက်သည်။
မျိုးဆက်ဟောင်းများအားလုံး သတင်းကြည့်ရခြင်းကို နှစ်သက်ကြလေသည်။သို့သော်လည်း တီဗွီဇာတ်လမ်းတွဲများကတော့ သူတိူ့အတွက် တစ်ကမ္ဘာလောက်ကြာသည်ဟု ထင်ရ၏။
ထို့ပြင် သတင်းမှတစ်ဆင့် ပတ်၀န်းကျင်ရှိ ဖြစ်ပျက်နေစမျှကို ကဏ္ဍစုံလင်စွာဖြင့် တစ်ခါတည်း သိရှိနိုင်သည်။
ရှန်းရှူးရီ တီဗွီကို ဖွင့်လိုက်ပြီး မိသားစုနှင့်အတူ ထိုင်ကာ ကြေညာနေသည့် သတင်းများကို ခံစားနားဆင်နေလေသည်။ သူမတို့ လျန်မိသားစုမှာ မိသားစုကြီး တစ်ခု ဖြစ်သော်လည်း ပတ်၀န်းကျင်ရှိ အကြောင်းအရာများ ဆွေးနွေးပြောဆိုကြခြင်းကို နှစ်သက်ကြ၏။ သာမန်မိသားစုကြီး တစ်ခုနှင့် သိပ်မခြားနားပေ။ တစ်ခါတစ်ရံ ရန်ယွီ့ဟွာရှန်းရှူးရီနှင့်အတူ ဘယ်စူပါမားကတ်က ဒစ်စကောင့် အကြီးစား ပေးနေကြောင်းနှင့် ဘယ်စူပါမားကတ်က ပစ္စည်း အတုများကို ဖမ်းမိသွားပြီ အစရှိသဖြင့် သာမန်မိသားစုများကဲ့သို့ ထွေရာလေးပါး ဆွေးနွေးတတ်ကြ၏။ ထူးခြားတာ ဘာတစ်ခုမျှ မရှိပေ။ အိမ်ဆိုသည်မှတော့ ထိုအတိုင်းပင်။
"လတ်တလော နာမည်ကြီးနေတဲ့ သတင်းတစ်ပုဒ်ကတော့ CITIC အုပ်စုရဲ့ ရန်ပုံငွေနဲ့ ဆောက်လုပ်မယ့် ပေချောင်မြို့က မျှော်လင့်ခြင်းကျောင်းနှင့် လမ်းတံတား စီမံကိန်း ယနေ့ပဲ စတင်ပြီဆိုတဲ့ အကြောင်းပါ... ခု ကျွန်မတို့ သတင်းထောက် သွားရောက် မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်လေးကို ကြည့်လိုက်ရအောင်လားရှင်…”