← Chapters

မင်းလည်း အချိန်စီမံခန့်ခွဲမှု ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး

Vol. 35 Ch. 519

မင်းလည်း အချိန်စီမံခန့်ခွဲမှု ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး

Vol. 35 Ch. 519

"မပူနဲ့ အဖေ.. မူပိုင်ခွင့်တွေ အကုန်လုံးက ကျွန်တော့်လက်ထဲမှာ ရောက်နေပြီးသား.. သူတို့ သတင်းစာရှင်းလင်းပွဲရဲ့ အဓိက ခေါင်းစဉ်ကို ရောက်တာနဲ့ လုံရှင်း သေချာပေါက် အဆုံးသတ်ပြီပဲ...."

"နောက်ဆုံးတော့ ဒီလိုနေ့မျိုး ရောက်လာပြီပေါ့..."ချောင်ကျားတုံး ပြုံးလိုက်ပြီး "စကားမစပ် လုံရှင်း ကိစ္စပြီးရင် Didi ဘက်က ငွေလွှဲလာလိမ့်မယ်... အဲ့တာကိုလည်း မင်း ကြည့်စီစဉ်လိုက်ကွာ...."

ချောင်ရှန့်ယွီ အပျော်လွန်သွားခဲ့သည်။ Didi မှာ Cisco ၏ ဖောက်သည်ကြီးဖြစ်ပြီး သူ၏ ဖခင်မှ အာဏာကုန် လွှဲအပ်လိုက်သောကြောင့် မည်မျှ ယုံကြည်နေကြောင်း ပေါ်လွင်နေလေသည်။ ယခုမှစ၍ ချောင်မိသားစုရှိ သူ၏ ထိုင်ခုံကို မည်သူမျှ လှုပ်ခါ၍ ရလိမ့်မည်မဟုတ်တော့ချေ။

ကလင် ကလင်....

ထိုအခိုက်အတန့်တွင် ချောင်ကျားတုံး၏ ဖုန်းသံ မြည်လာခဲ့သည်။

ခေါ်ဆိုလာသူ၏ အမည်ကို မြင်တော့ ချောင်ကျားတုံး ထပ်မံ၍ ခြောက်ခြားသွားပြန်သည်။ ဖုန်းပြောဖို့ အဆင်မပြေသော်လည်း မကိုင်မဖြစ်သောကြောင့် ဖုန်းဖြေလိုက်ရ၏။

"ဒါရိုက်တာကျောက်... ဘာကိစ္စရှိလို့ပါလဲ..."

"မင်းအခု ဘယ်မှာလဲ...."

"ကျုပ် ခု လုံရှင်းရဲ့ သတင်းစာ ရှင်းလင်းပွဲမှာလေ.. သူတို့ရဲ့ အခြေအနေကို တစ်ချက်လာကြည့်တာ... အစ်ကိုကျောက်က ညွှန်ကြားချင်တာများ ရှိလို့လား..."

"ခုလေးတင် ငါ့လူတွေ Cisco ရဲ့ ရှယ်ယာကို တစ်ချက်ကြည့်လိုက်တော့ ဈေးနည်းနည်း ကျသွားတယ်... အဲ့တာကို မင်းသိလား..."

"ဈေးနည်းနည်း ကျသွားတယ်..."ချောင်ကျားတုံး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပြီး "မဖြစ်နိုင်ဘူးနော... Cisco ရဲ့ ရှယ်ယာတန်ဖိုးက ဒီရက်တွေထဲမှာ တစ်ဟုန်ထိုး မြင့်တက်နေတာ... ဒီလို ဖြစ်လာစရာ အကြောင်း မရှိဘူး..."

"မင်း ကြည့်ကြည့်ရင် သိလိမ့်မယ်...."

"ဟုတ်ဟုတ် ဒါရိုက်တာကျောက်... ဖုန်းမချလိုက်နဲ့ဦးနော်....ကျုပ် ခုပဲ ကြည့်လိုက်ပါ့မယ်... "

သို့နှင့် ချောင်ကျားတုံး သူ့သားဖုန်းကို ယူ၍ Cisco ၏ စတော့ စာမျက်နှာထဲသို့ ၀င်ရောက်လိုက်သည်။ ရှယ်ယာ တန်ဖိုးမှာ အမှန်ပင် အနည်းငယ် ထိုးကျသွားခဲ့လေသည်။ သိူ့သော်လည်း မကြာမီ အနည်းငယ် ပြန်တက်လာခဲ့၏။

"ဒါရိုက်တာကျောက်... စိတ်ပူစရာ မလိုပါဘူး... ရှယ်ယာတွေ တက်လိုက်ကျလိုက် ဖြစ်တာက ပုံမှန်ပါပဲ... သူတို့က လုံရှင်းကြောင့် ကျုပ်တို့ ရှယ်ယာတွေ ထိုးကျသွားမှာကို စိုးရိမ်နေတာနဲ့တူတယ်... ဒါပေမယ့် ဒီလူတွေ မနက်ဖြန်ကျရင် ကျိန်းသေပေါက် နောင်တရနေလိမ့်မယ်ဆိုတာ ကျုပ် တပ်အပ် ပြောနိုင်တယ်... "

"မင်း သိတာကောင်းတယ်... ဒီလိုမျိုး အရေးကြီးတဲ့ အခြေအနေမှာ မင်းဘက်က ဘာအမှားမှ မလုပ်မိစေနဲ့လို့ပဲ ငါ သတိပေးချင်တယ်...."

"စိတ်ချပါ ဒါရိုက်တာကျောက်... ဘာအမှားမှ မဖြစ်စေရပါဘူး..."

"ကောင်းပြီ.. မင်းအလုပ်ကို မင်းဆက်လုပ်... ငါ တခြားကိစ္စ ကိုင်တွယ်စရာတွေ ရှိသေးတယ်..."

"ဟုတ် ဟုတ် အဲ့တာဆို ဒါရိုက်တာကျောက်ကို မနှောင့်ယှက်တော့ပါဘူး..."

ဖုန်းချပြီးနောက် ချောင်ကျားတုံး စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းကြီးစွာ ချလိုက်ပြီး သူ၏ ခြောက်ခြားမှုများလည်း လွင့်စင်သွားလေသည်။

"အဖေ... ကျွန်တော်တို့ရဲ့ ရှယ်ယာတန်ဖိုးတွေ လျော့ကျကုန်တာလား..."ချောင်ရှန့်ယွီ မေးမြန်းလိုက်၏။

"အင်း... နည်းနည်း ကျသွားတယ်... ဒါပေမယ့် ဒီလိုဖြစ်မယ်လို့လည်း မျှော်လင့်ထားပြီးသားပါကွာ..."ချောင်ကျားတုံး ပြောလိုက်ပြီး "ဒီနေ့က လုံရှင်း သတင်းစာရှင်းလင်းပွဲ ကျင်းပမယ့် နေ့လေ... သေချောပေါက် လုံရှင်းက ချစ်ပ်နယ်ပယ်မှာ မြင့်တက်လာပြီးတော့ ငါတို့အပေါ် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ စိုးရိမ်နေကြတာ... ဒါကြောင့်မို့ သူတို့ရဲ့ ရှယ်ယာတွေကို ခု ပြန်ထုတ်ရောင်းနေကြတာ...."

"လက်စသတ်တော့ အဲ့တာကြောင့်ကိုး... အဲ့ကောင်တွေက ငပိန်းတွေလား... နောက်ဆုံးကျရင် ဘယ်သူက အကောင်ဖြစ်မယ် ဆိုတာ သူတို့ နားမလည်ကြဘူး ထင်တယ်..."ချောင်ရှန့်ယွီ ပြောလိုက်သည်။

"ဒါပေမယ့်လည်း ရှယ်ယာ ကစားပြီး ရင်းနှီးမြုပ်နှံတဲ့သူတွေက အဲ့လိုကောင်တွေဆီကနေပဲ ပိုက်ဆံရနေတာလေ... "ချောင်ကျားတုံး ရယ်မောလျက် ပြောလိုက်၏။

"အမှန်ပဲ... သူတို့သာ မရှိဘူးဆိုရင် ဘယ်သူက ကျွန်တော်တို့ကို ထောက်ပံ့ပေးမှာ..."

လက်တွေ့တွင်တော့ အင်မတန် သေးငယ်သည့် လူအနည်းကသာလျှင် Cisco ၏ ရှယ်ယာများကို ရောင်းချကြသည်။ ထိုသေးငယ်သည့် ပမာဏလေးက ရှယ်ယာတန်ဖိုးကို ကြီးစွာသော အကျိုးသက်ရောက်မှုများကို မပြုလုပ်ပေးနိုင်ချေ။

ထိုထုတ်ရောင်းသူများထဲတွင် ကျီချင်းရန်နှင့် ချင်းဟန်တို့လည်း အပါအ၀င်ဖြစ်၏။

Cisco မှ ချစ်ပ် စတင်ထုတ်လုပ်စဉ်ကတည်းက လင်းရီ ကျီချင်းရန်နှင့် ချင်းဟန်ကို တစ်ရာမီလီယမ်နှင့် တစ်ရာနှစ်ဆယ့်ရှစ် မီလီယမ် အသီးသီး ရင်းနှီး မြုပ်နှံခိုင်းထား၏။ယနေ့တွင်တော့ သူ Cisco ကို အဆုံးသတ်တော့မည် ဖြစ်ရာ ၎င်းတို့ ၀ယ်ယူထားသည့် ရှယ်ယာများကို အကျိုးအမြတ် နှစ်ဆဖြင့် ပြန်လည် ရောင်းချခိုင်းလိုက်သည်။

အခြားတစ်ဖက်တွင်တော့ ကျီချင်းရန်၊ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ အတူထိုင်နေကြ၏။

လင်းရီရောက်လာသည်ကိုမြင်တော့ သုံးယောက်လုံး လင်းရီ အဘယ်ကြောင့် ရောက်လာသလဲဆိုတာ နားမလည်နိုင်ဖြစ်နေကြလေသည်။

လုံရှင်း၏ ချစ်ပ် ၁.၀ မှာ Cisco ၏ ချစ်ပ်နှင့် တူညီသည့် နည်းပညာတစ်ခုတည်းမှ ထုတ်လုပ်ထားခြင်းပင်။ ထို့ကြောင့် မည်သည့် ထိုးဖောက်မှုမျှ မရှိသရွေ့ သူမတို့ ချုပ်ဆိုထားသည့် ယွမ် သုံးဘီလီယမ် စာချုပ်ကို မည်သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်နည်း။

ထို့ပြင် ယခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကလည်း အဘယ်ကြောင့်နည်း။ သူမတို့ လုံရှင်း၏ လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေကြသည်။

ဆယ်မိနစ်မှာ လျှင်မြန်စွာ ကုန်ဆုံးသွားပြီး လုရင်း သူမလက်ထဲတွင် မိုက်ကိုကိုင်၍ စင်ပေါ်သို့ တက်လာခဲ့သည်။ သူမ၏ အပြုအမူမှာ အင်မတန်သိမ်မွေ့လှပြီး ပရော်ဖက်ရှင်နယ်ဆန်နေသည်။ ပွဲမစတင်မီ စင်အပြင်မှ ကြိမ်ဖန်များစွာ လေ့ကျင့်ထားသည့် ပုံပင်။

လုရင်း စင်ပေါ် တက်လာသည့် အချိန်တွင်တော့ ပွဲကျင်းပရာ နေရာတစ်ခုလုံးရှိ မီးများအားလုံး မှိတ်သွားခဲ့ကြ၏။ လုံရှင်းစင်တာ၏ လိုဂိုမှာ စခရင် အကြီးစားပေါ်တွင် ထွက်ပေါ်လာလေသည်။

"ကျွန်မတို့ရဲ့ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲကို ကြွရောက်လာတဲ့ နယ်ပယ်အသီးသီမှ ဆွေမျိုးမိတ်သင်္ဂဟများအားလုံးကို ယနေ့ လုံရှင်းရဲ့ ထုတ်ကုန်အသစ်အကြောင်း မိတ်ဆက်ပေးသွားမယ့် ကျွန်မ လုရင်းက နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်ရှင့်..... "

လုရင်း ထိုသို့ ပြောပြီးနောက် စင်အောက်ရှိ လူတိုင်း လက်ခုပ်တီးလိုက်ကြသည်။ မသိသူတစ်ချို့ကတော့ လုံရှင်း၏ ချစ်ပ် ၁.၀ အကြောင်းကို နားဆင်ရန် အလွန်အမင်း စိတ်အားထက်သန်နေကြသည်။

ယင်းနည်းပညာမှာ နိုင်ငံတကာ စံချိန်စံနှုန်းနှင့် အနည်းငယ် ဝေးကွာနေသော်လည်း ပြည်တွင်း ချစ်ပ်နယ်ပယ်တွင်တော့ ပြင်းစွာသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်သွားစေလိမ့်မည်။

ထိုအတွေးရှိသူများမှာလည်း သေးနုပ်သည့် ဆယ်လီအသေးစားလေးများသာဖြစ်ပြီး သူတို့မှာ နည်းပညာ နယ်ပယ်အကြောင်း ကောင်းမွန်စွာ မသိရှိကြသူများ ဖြစ်လေသည်။

ရှေ့ခုံတန်းတွင် ထိုင်နေကြသည့် ဒိတ်ဒိတ်ကျဲများကတော့ Cisco မှ ထိုချစ်ပ်နည်းပညာကို လုံရှင်းထက် စောလျင်စွာ ထုတ်လုပ်ပြီးကြောင်း သိရှိထားပြီး ဖြစ်၏။ ထို့ကြောင့် သူတို့၏ မျက်လုံးထဲတွင်တော့ ယခုလို တခမ်းတနား စီစဉ်ထားသည့် သတင်းစာ ရှင်းလင်းပွဲကြီးမှာ ရယ်ရွှင်ဖွယ်ရာ ဟာသပွဲကြီး တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

လက်ခုပ်သံများ ရပ်တန့်သွားပြီးနောက် လုရင်း ရီမုကွန်ထိုးဖြင့် စခရင်ပေါ်ရှိ PowerPoint presentation ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲ၏ အဓိက ရည်ရွယ်ချက်ကို ဧည့်ပရိသတ်များထံ စတင်မိတ်ဆက်ပေးလေသည်။

"ဒီကနေ့ ကျွန်မတို့ လုံရှင်းက ထုတ်ကုန် အသစ်တစ်ခုကို မိတ်ဆက်ပေးပါရစေ... ဒီထုတ်ကုန်က ပြည်တွင်း ချစ်ပ်နယ်ပယ်ကို အကြီးအကျယ် တိုးတက်ပြောင်းလဲသွားစေလိမ့်မယ်လို့လည်း ကျွန်မက ယုံကြည်ပါတယ်... နောက်ဆုံးတော့ ကျွန်မတို့နဲ့ နိုင်ငံခြားတိုင်းပြည်တွေ ကြားထဲက ကွာခြားမှုကို တစ်လှမ်းလျှော့နိုင်ခဲ့ပြီး မှတ်ကျောက် အသစ် တင်နိုင်ခဲ့ပါပြီ... ဘာပဲဆိုဆို ဒီချစ်ပ်တွေက ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀မှာ တစ်နည်းမဟုတ် တစ်နည်း အရေးပါနေတယ် မဟုတ်ပါလား...."

လုရင်း၏ စကားလုံးများကို ကြားတော့ ချောင်ရှန့်ယွီ၏ မျက်နှာထက်တွင် လှောင်ပြောင်သည့် အမူအရာတို့ဖြင့် ပြည့်နှက်သွားသည်။

"ခုမှ အစပဲရှိသေးတယ် လုံရှင်းက ပေါက်တတ်ကရတွေ လျှောက်ပြောနေပြီ... ဒီကောင်တွေက တစ်ခုခုတော့ တစ်ခုခုပဲ..."

"မလောစမ်းပါနဲ့... တိရစ္ဆာန်ရုံက မျောက်တွေလည်း အဲ့လိုပဲ မဟုတ်ဘူးလား... "ချောင်ကျားတုံး အပြုံးလေးဖြင့် ပြောလိုက်ပြီး "သူတို့က လူနဲ့ လိုက်တုတိုင်း လူဖြစ်သွားမယ်လို့ ထင်နေကြတာလား မသိဘူး... ဒါပေမယ့် ငါတို့ရဲ့ မျက်လုံးထဲမှာကျတော့ အဲ့ကောင်တွေက အချိန်မရွေး သတ်စားလို့ရတဲ့ သတ္တဝါတွေပဲ..."

"ကောင်းလိုက်တဲ့ ဥပမာ.. ပြီးတော့ ခုဟာက မျောက်မကြီးလေ...ဟားဟား...."

သတင်းစာ ရှင်းလင်းပွဲ၏ ပထမ နာရီ၀က်မှာတော့ လုရင်း ချစ်ပ်အကြောင်း မိတ်ဆက်ပေးရင်းဖြင့် ကုန်ဆုံးသွားခဲ့သည်။

စခရင်ပေါ်တွင် အကြောင်းအရာများ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားပြီး ချစ်ပ်၏ အဓိက လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည် မြင့်မားလာသောကြောင့် ထပ်တိုး ရရှိလာသည့် အကျိုးကျေးဇူးများကို လုရင်း စိတ်၀င်တစား ရှိအောင် ဆွဲဆောင်၍ ရှင်းပြသွားသည်။

သို့သော်လည်း သိရှိပြီးသား လူတို့၏ မျက်လုံးထဲတွင် ထိုစကားလုံးများက အရေးမပါသည့် အကြောင်း အရာများသာ ဖြစ်ပြီး ဗွီဒီယိုတစ်ပုဒ်ဆိုပါက ကျော်ပစ်၍ ရသည့် အပိုင်းများ ဖြစ်လေသည်။

ခေတ္တကြာပြီးနောက် လုရင်း ပြောပြလို့ ပြီးသွားပြီး သတင်းစာ ရှင်းလင်းပွဲ၏ နောက်ဆုံးအဓိက အချိန်အပိုင်းအခြားသို့ ရောက်ရှိလာခဲ့သည်။

"ဒီတစ်ခေါက် ကျွန်မတို့ တီထွင်ထားတဲ့ ချစ်ပ်နည်းပညာဟာဆိုရင် အဆင့်အမြင့်ဆုံး နည်းပညာတွေကိုပဲ အသုံးပြုထားပြီးတော့ အကောင်းဆုံး ပစ္စည်းတွေကိုပဲ အသုံးပြုထားတာပါ... ဒါကြောင့်မို့ ဒီရဲ့ နည်းပညာက နောင်ငါးနှစ်လောက်ထိ ခေတ်ရှေ့ပြေးနေလိမ့်မယ်လို့ ယုံကြည်ပါတယ်... "

"FW , MIPS , Nand gate နဲ့ တခြားသော နည်းပညာ မူပိုင်ခွင့် နှစ်ဆယ်နဲ့အတူ ဒီရဲ့ နည်းပညာက ပြည်တွင်းချစ်ပ်နယ်ပယ်ကို တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်သွားစေလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်... တစ်ချိန်တည်းမှာပဲ ဟွာရှက နိုင်ငံတကာ ချစ်ပ်နယ်ပယ်ရဲ့ စံချိန်စံနှုန်းတွေကို လိုက်မှီဖို့ရာ မဝေးကွာတော့ပါဘူး... ဒီလမ်းကြောင်းက ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်မတို့ နားလည်တယ်... ဒါပေမယ့် လုံရှင်းကတော့ သေချာပေါက် ဇွဲမလျော့ပဲ ဆက်လျှောက်သွားမှာပါပဲ....ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်... "

လုရင်း ပြောကြားပြီးနောက် ကျယ်လောင်သည့် လက်ခုပ်တီးသံများ ပေါ်ထွက်လာလေသည်။

၎င်းတို့အတွက်တော့ နည်းပညာ အသစ်များ ဆန်းသစ် တီထွင်မှုမှာ ခေတ်သစ်တစ်ခုသို့ ရောက်ရှိသွားစေလိမ့်မည်ဟု ယုံကြည်ကြသည်။ သုတေသန နယ်ပယ်တွင် နှစ်ပေါင်းများစွာ ငြိမ်ကုပ်နေခဲ့သည့် လုံရှင်းစင်တာမှာ ယခု တစ်ကြိမ် ခြေလှမ်းကြီးကြီးမားမား လှမ်းပြသွားခဲ့ပြီး တစ်ချီတည်းနှင့် ထိပ်ဆုံးသို့ မြင့်တက်လာခဲ့‌လေသည်။

ဩဘာပေးသံများကို လုရင်း နားအရသာခံနေစဉ် မညီမညာ စည်းဝါးမကျသည့် အသံဆိုးကြီးတစ်သံ ပေါ်ထွက်လာခဲ့၏။

"မစ်လု... ကျွန်တော် မေးခွန်း နည်းနည်းလေး မေးချင်လို့ပါ..."

ချောင်ရှန့်ယွီ၏ စကားလုံးများက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သူက ဘာလို့ ဒီအချိန်ကျမှ မတ်တပ်ရပ်လာရတာလဲ...

ချောင်ရှန့်ယွီ မတ်တပ်ရပ်လိုက်သည်ကို မြင်တော့ လင်းရီ ရေးရေးလေး ပြုံးလိုက်သည်။

"ဒီသောက်ရူးက ဆက်မစောင့်နိုင်တော့ဘူးထင်တယ်.... ပြီးတော့ ပေါ်လာတာလည်း အချိန်ကိုက်ပဲ... ဒီကောင် ဒီလောက်ထိ အချိန်တိကျလိမ့်မယ်လို့တောင် ထင်မထားဘူး…”

All Chapters