လုံရှင်းရဲ့ တာ၀န်ရှိသူကို ဖိတ်ခေါ်လိုက်ရအောင်
Vol. 35 Ch. 520
ချောင်ရှန့်ယွီ မတ်တပ်ရပ်လိုက်သည်ကို မြင်တော့ အဓိက လူတော်တော်များ သူ့ကို မှတ်မိသွားကြသည်။
ချောင်ရှန့်ယွီ။
Cisco ၏ အနာဂတ် ဆက်ခံသူများထဲမှ လျာထားခြင်းခံရသူ။
ချောင်ရှန့်ယွီ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေလဲဆိုတာကို လူတိုင်း နားလည်ပေး၍ ရသည်။ မည်သို့ပင်ဆိုစေ ယခု သတင်းစာရှင်းလင်းပွဲက ၎င်းတို့၏ ပြိုင်ဘက်ဟောင်းကြီး ကျင်းပသည့် ပွဲပင် မဟုတ်ပါလော။ ထို့ကြောင့် တက်ရောက်လာသည်မှာ သဘာ၀ပင်။
ချောင်ရှန့်ယွီကို မှတ်မိသူများထဲမှ တစ်ချို့တစ်လေ ရင်းနှီးသူများကတော့ ချောင်ရှန့်ယွီကို ပြုံးစစ ကြည့်လိုက်ကြသည်။
အချို့အတွင်းသတင်းများကြောင့် Cisco မှ ချစ်ပ်ဗားရှင်း 1.0 ကို လုံရှင်းထက် စောလျှင်စွာ ထုတ်လုပ်ပြီး ဖြစ်ကြောင်း သူတို့ သိထားကြလေသည်။
ထုတ်ကုန်အရည်အသွေးချင်း နှိုင်းယှဉ်မည်ဆိုပါလျှင်တော့ Cisco ၏ ထုတ်ကုန်များ၌ Bug error များ ရှိနေမည် မှာ မလွဲမသွေဖြစ်ပြီး လုံရှင်း၏ ချစ်ပ်ပး ဗာရှင်းလောက်တော့ ပြီးပြည့်စုံလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယင်းက အန္တရာယ်ကင်းသည့် ပြဿနာ များဖြစ်၏။
အပြင်လူများ၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက ကုမ္ပဏီနှစ်ခုမှာ တူညီသည့် နည်းပညာ တစ်ခုကို ထုတ်လုပ်ထားကြသည်။ သို့သော်လည်း ယခုနေရာတွင် နည်းပညာ မူပိုင်ခွင့်က စကားပြောလာလေသည်။ ထိုအခြေအနေကို ကောင်းမွန်စွာ နားလည်သည့် Cisco ကတော့ ခြေတစ်လှမ်းစောစွာ နည်းပညာ မူပိုင်ခွင့်ကို တင်ထားခဲ့သည်။
ယခု လုံရှင်းမှ သတင်းစာ ရှင်းလင်းပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပပြီး ချစ်ပ်အသစ်ကို မိတ်ဆက်ပေးနေချိန်တွင် Cisco ဘက်မှ ဘာမျှ မလုပ်ပဲထိုင်နေရန် မည်သိူ့မျှ မဖြစ်နိုင်ချေ။သူတို့ သေချာပေါက် လာကို လာရမည်။
ယင်းကလည်း စီးပွားရေးလုပ်ရာတွင် ပြိုင်ဘက်အချင်းချင်းက အနိုင်မခံ အရှုံးမပေး အမြဲယှဉ်ပြိုင်နေကြခြင်းကြောင့်ပင်။
ရန်သူကို အပြီးတိုင် အဆုံးသတ်ခြင်းက ၎င်းဆို့၏ အန္တိမ ရည်မှန်းချက်ကြီးဖြစ်၏။
ချောင်ရှန့်ယွီ၏ တိုင်မင်မှာ အံကိုက်ဟု ပြော၍ရသည်။ ကျန်သည်ကတော့ လုံရှင်းဘက်မှ မည်သို့ ကိုင်တွယ်မလဲဆိုတာ မူတည်နေလေသည်။
သို့မဟုတ် မည်သို့သော နည်းလမ်းဖြင့် ကျရှုံးရန် ရွေးချယ်မလဲ ဆိုတာကိုပင်။
မကြင်နာစတမ်း ဆိုရလျှင်တော့ ဖြေရှင်းသည့် နည်းလမ်းကသာ ကွဲပြားသွားပြီး နောက်ဆုံးရလဒ်ကတော့ လုံရှင်း အဆုံး သတ်ကိုသတ်ရမည်။
စင်နောက်တွင် မတ်တပ်ရပ်နေရင်း ချောင်ကျင်းချိုး၏ လက်ဖဝါးမှာ စိတ်လှုပ်ရှားလွန်း၍ ချွေးတို့ဖြင့် စို့နေလေသည်။ Cisco နှင့် လုံရှင်းတို့၏ နှစ်ပေါင်းရှည်ကြာ တိုက်ပွဲကြီးမှာ ယခုအခါ အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေလေပြီ။ လက်ရှိ အခြေအနေအရ ခန့်မှန်းရလျှင် လုံရှင်းဘက်မှ ခုခံရန် နည်းလမ်းမရှိတော့ချေ။ အသာလက်မြှောက်၍ အရှုံးပေးလိုက်သည်က အကောင်းဆုံး ရွေးချယ်မှုဖြစ်၏။
"ကျွန်မတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာချောင်... ကျွန်မတို့ဘက်က မစ္စတာချောင်ရဲ့ အဖိုးတန်တဲ့ အကြံပြုချက်ကို နားစွင့်နေပါတယ်...."
"ကျုပ်က အဲ့လို အမွှမ်းတင်ခံရဖို့ မထိုက်တန်ပါဘူး... ဒီတိုင်း လုံရှင်းရဲ့ နည်းပညာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး မေးခွန်းထုတ်စရာ ရှိနေလို့ပါ...."
"ကောင်းပါပြီ... မစ္စတာချောင် ကျေးဇူးပြုပြီးပြောပါ...."
"ခုလေးတင် မိတ်ဆက်သွားတဲ့ထဲမှာ အရေးပါတဲ့ နည်းပညာတစ်ချို့ကို ခင်များတို့ အသင်းကပဲ တီထွင်ထားတယ်ဆိုတာ အမှန်ပဲလား... "
"အမှန်ပါပဲရှင့်..."လုရင်း ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။
"ဒါပေမယ့် ကျုပ်ပြောချင်တာက ကျုပ်တို့ Ciscoဘက်ကလည်း လွန်ခဲ့တဲ့ သုံးလေးလကတည်းကရင် အဲ့ဒီ နည်းပညာ မူပိုင်ခွင့်တွေကို တင်ထားပြီးသွားပြီ... လုံရှင်းရဲ့ ချစ်ပ် ၁.၀ က Ciscoရဲ့ နည်းပညာမူပိုင်ခွင့်ကို ခိုးယူပြီးတော့ ထုတ်လုပ်ထားပါတယ်လို့ ပြောရင် ပိုမမှန်ဘူးလား...."
"ခိုးယူထားတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ချစ်ပ်ကို ဒီလိုမျိုး ခမ်းခမ်းနားနား သတင်းစာ ရှင်းလင်းပွဲတွေလုပ်ပြီး ကြေညာနေတယ်ဆိုတော့ နည်းနည်းလေး ရယ်စရာ ကောင်းလွန်း မနေဘူးလား..."
ဟစ်......
ထိုစကားလုံးများ ချောင်ရှန့်ယွီ၏ နှုတ်မှ ထွက်လာပြီးနောက် လူတိုင်း အဆုတ်ထဲသို့လေအေးများ ပင့်ရှိုက်လိုက်ကြရသည်။ မူလက တိတ်ဆိတ်နေသည့် မြင်ကွင်းမှာ ချက်ချင်းလက်ငင်း ဆွေးနွေးသံများဖြင့် ဆူညံလာခဲ့တော့၏။
"လုံရှင်းက နည်းပညာ နယ်ပယ်မှာ အမြဲ ဂုဏ်သတင်း ကောင်းတဲ့ ကုမ္ပဏီပါဟ.. ဒါပေမယ့် သူများရဲ့ နည်းပညာကို ခိုးယူထားလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး..."
"ချောင်ရှန့်ယွီ ပြောသလိုမျိုးပဲ... သူတို့က ခိုးယူထားတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ချစ်ပ်တွေကို ဂုဏ်ယူပြီး သတင်းစာရှင်းလင်းပွဲတောင် လုပ်လိုက်သေးတယ်တဲ့လား... ဒါကြီးက မျက်နှာပြောင် တိုက်လွန်း မနေဘူးလားဟ... "
"ဒါ သတင်းကြီးပဲ.. သတင်းအကြီးစားကြီးပဲ .. မြန်မြန်လေး ရေးမှတ်ကြစမ်းဟေ့....လုံရှင်းလို နာမည်ကြီး ကုမ္ပဏီက သူများ နည်းပညာကို ခိုးယူထားတယ်ဆိုပဲ...."
သတင်းထောက်များလည်း လက်တော့ကိုယ်စီကိုင်၍ လက်တွင် စက်တပ်ထားသည့်အလား စာရိုက်လိုက်ကြသည်။
စင်၏ ထောင့်တစ်နေရာတွင် ရပ်နေသည့် ချောင်ကျင်းချိုးကတော့ လုရင်းကို သနားသည့် မျက်၀န်းတို့ဖြင့် ကြည့်နေလေသည်။
ရက်အနည်းငယ်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက် သူမ ထိုအမျိုးသမီးအကြောင်း ကောင်းစွာ နားလည်ထား၏။
သူမမှာ စင်ဟွာ တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံတွင် PhD ဘွဲ့ရထားပြီး အင်မတန် အရည်အချင်း ပြည့်၀သည့် မိန်းမသား တစ်ယောက်ပင်။ သို့သော်လည်း ယခုလို PR ကိစ္စနှင့် ဆက်စပ်သည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့ရာတော့ သူမ စွမ်းသာလိမ့်မည် မဟုတ်ချေ။
သူမတို့၏ ဒါရိုက်တာ စွန်းဖုယွီလည်း ထိုနည်းလည်းကောင်းပင်။ ခိုးယူထားပါသည်ဟူသော အမှန်တရားကို လက်ခံရုံမှတစ်ပါး ကျန်သည့် ရွေးချယ်စရာ လမ်းမမြင်ချေ။
သို့သော်လည်း လုရင်းမှာ အတော်လေး တည်ငြိမ်နေခဲ့၏။
ယခုလို အခြေအနေမျိုးနှင့် ရင်ဆိုင်နေရချိန်တွင်တောင်မှ သူမ မျက်မှာ တစ်ချက် ပျက်မသွားပေ။ သာမန်လူဆိုလျှင်တော့ ယခုလိုအခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ဆိုပါက အထိတ်ထိတ် အလန့်လန့် ဖြစ်သွားမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
"ကျွန်မ တကယ့်ကို အားနာပါတယ် မစ္စတာချောင်..... စိတ်တော့ မရှိပါတဲ့.....ကျွန်မ ဒီမေးခွန်းကို မဖြေဆိုနိုင်ပါဘူး.."
လူတိုင်း၏ အကြည့်မှာ လုရင်းထံ ကျရောက်သွားခဲ့၏။
သူမမှာ လုံရှင်း၏ ကိုယ်စားပြုပင်။ ယခု ထိုသို့ ပြောဆိုလိုက်သည်က လုံရှင်းမှ ရှုံးနိမ့်ကြောင်း ၀န်ခံလိုက်သည်နှင့် အတူတူပဲ မဟုတ်ပါလော။ ထိုသို့ဆိုလျှင် လုံရှင်းမှာ မကြာမီ အတိတ်ရှိ သမိုင်းမှတ်တမ်းများထဲတွင်သာ ကျန်ရစ်ခဲ့ပေတော့မည်။
ချောင်ရှန့်ယွီ ပခုံးတွန့်လိုက်ပြီး "မစ်လုက ကျုပ်မေးခွန်းကို မဖြေနိုင်ဘူးဆိုရင် ဖြေနိုင်မယ့်သူ တစ်ယောက်ယောက်ကို ခေါ်လိုက်လေ... တကယ်လို့ ဒီ နည်းပညာ ခိုးယူထားတဲ့ ကိစ္စကို ဖြေရှင်းချက် ကောင်းကောင်း မပေးနိုင်ဘူးဆိုရင်တော့ အကျိုးဆက်ကို လက်ခံဖို့ အသင့်ပြင်ထားတာ ကောင်းမယ်နော...."
"မပူပါနဲ့... ကျွန်မတို့ဘက်က လက်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်ကို ထုတ်ပြန်ပေးသွားမှာပါ...."
လုရင်း ပြောပြီးနောက် မိုက်ကို ကိုင်ကာ " ခု မစ္စတာချောင်ရဲ့ မေးခွန်းကို ဖြေဆိုပေးဖို့အတွက် လုံရှင်းရဲ့ ဥက္ကဌကို စင်ပေါ် ကြွပေးဖို့ ဖိတ်ခေါ်ပါရစေ.... "
ထိုအခိုက်အတန့်တွင် လုရင်း၏ အမူအရာထဲ၌ တုန်လှုပ်ခြင်း မျှင်းမျှင်းကလေးမျှ ရှိမနေချေ။ ထိုအစား လင်းရီအပေါ် လေးစားမှုတို့သာ တရိပ်ရိပ် တိုးပွားလာခဲ့ရ၏။
သူမရှေ့ရှိ ဖြစ်ပျက်နေသမျှမှာ လင်းရီ ခန့်မှန်းထားသည့်အတိုင်း ဆံချည်တစ်မျှင်စာမျှ လွဲချော်ခြင်း မရှိပေ။ ချောင်ရှန့်ယွီ၏ မသတီစရာ မျက်နှာ အမူအရာကိုပင် သူမတို့၏ ဥက္ကဌမှ တိကျမှန်ကန်စွာ ခန့်မှန်းပြသွားခဲ့လေသည်။
သူမ သူဌေးက နတ်ဘုရား ၀င်စီးထားသလားပဲ...
ထိုအချိန်တွင်တော့ လူတိုင်း၏ အကြည့်မှာ စွန်းဖုယွီထံသို့ စုပြုံသွားခဲ့ကြသည်။ လုံရှင်း သုတေသန စင်တာ၏ ဒါရိုက်တာဖြစ်သောကြောင့် သူ စင်ပေါ်တက်ရမည့် အလှည့်ပင်။
သို့သော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် စွန်းဖုယွီမှာ သူ၏ ထိုင်ခုံပေါ်တွင်သာ မြဲမြံစွာ ထိုင်နေပြီး စင်ပေါ်သို့ တက်ရန် ရည်ရွယ်ချက်မရှိကြောင်း လူတိုင်း သတိထားမိသွားကြ၏။
ယင်းက ရောက်ရှိနေကြသည့် လူတိုင်းကို ပဟေဠိ ဖြစ်သွားစေသည်။
ခုက စင်ပေါ်တက်ပြီး ငြင်းခုန်ရမယ့် အချိန်မဟုတ်ဘူးလား... ဘာလို့ ထိုင်ခုံမှာ မိန့်မိန့်ကြီး ထိုင်နေတာလဲတဲ့...
လူတိုင်း ရှုပ်ထွေးနေစဉ် လူငယ်တစ်ယောက် သူ၏ ထိုင်ခုံမှ ထလာခဲ့သည်။
အစကတော့ တစ်ယောက်ယောက်မှ အပေါ့အလေး သွားရန် သို့မဟုတ် ဖုန်းဖြေရန် ထလိုက်သည်ဟု ယူဆလိုက်ကြရင်း များစွာ အာရုံထားမနေကြချေ။
သို့သော်လည်း အားလုံးကို အံ့အားသင့်သွားစေသည်က ထိုလူငယ်မှာ မတ်တပ်ရပ်ပြီးနောက် စင်ဘက်သို့ ဦးတည်လိုက်လေသည်။ ပို၍ အံ့အားသင့်ဖို့ကောင်းသည်က သူ့ထံတွင် စင်ပေါ်သို့ တက်ရန် ရည်ရွယ်ချက် ရှိနေခြင်းပင်။
ကျီချင်းရန်နှင့် ကျန်သူများကတော့ လင်းရီ၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည့် အတွက် အံ့အားသင့်သွားကြသည်။
"ဘာတွေဖြစ်နေတာလဲ... ဘာလို့ လင်းရီက စင်ပေါ်တက်သွားရတာလဲ..."
ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့လည်း ထပ်တူညီစွာ ရှုပ်ထွေးသွားခဲ့ကြသည်။
ဒီကိစ္စက သူမတို့ ဘော့စ်နဲ့ တစ်ခုခု ဆက်စပ်နေတာများလား...
'အဲ့လိုတော့ မဟုတ်လောက်ပါဘူးနော...'
"ဘာဖြစ်နေလဲဆိုတာ မသိပေမယ့် ဘော့စ်တစ်ခုခု လုပ်တော့မယ်ဆိုတာတော့ သေချာတယ်..."
ကျီချင်းရန်နှင့် ချီရှန်းကျောက်တို့ ထပ်ခါတလဲလဲ ခေါင်းညမ့်လိုက်ကြသည်။ လင်းရီ၏ အမူအကျင့်အရ သူ တစ်ခုခု နည်းလမ်းမကျ တစ်ခုခုလုပ်ပြီဆိုပါက တစ်စုံတစ်ဦးတော့ ခံစားသွားရစမြဲပင်။
ယခုတစ်ခေါက် ခံရမည့် သူကိုတော့ နှစ်ခါတွေးတောနေစရာ မလိုပေ။ ယင်းကတော့ Cisco အလှည့်ဖြစ်၏။
ချောင်ရှန့်ယွီနှင့် ချောင်ကျင်းချိုးတို့လည်း ရှော့ခ်ရသွားခဲ့ကြသည်။ စင်ပေါ်တွင် လင်းရီ၏ ပုံရိပ် ပေါ်လာသည်က သူမတို့၏ ခေါင်းများကို မူးနောက်သွားကြလေသည်။ မကောင်းသည့် ခံစားချက်တို့က သူတို့ ရင်ဘက်ထဲ ပေါက်ဖွားလာခဲ့ကြ၏။
"အဲ့ကောင်က ဘာလို့ စင်ပေါ် ရောက်နေရတာလဲဟ...."
"မင်းတို့ နှစ်ယောက်က အချင်းချင်း သိကြတယ်လား...."ချောင်ကျားတုံး အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလိုက်သည်။
"အဖေ... Sci-tech က စက်ရုံဒါရိုက်တာဆိုတာ သူပဲလေ... ကျွန်တော် သူ့ဆီကနေပဲ Sci-tech ကို တစ်ဖဲ့ချင်း ဖဲ့ယူထားတာ.... "
"သူက Sci-techစက်ရုံ ဒါရိုက်တာဆို ငါ လခွမ်းမို့လို့ စင်ပေါ် ရောက်နေတာလားကွ... လုံရှင်းနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေလို့ပဲလေ..."
"မဖြစ်နိုင်ဘူး အဖေ... လုံး၀ လုံး၀ မဖြစ်နိုင်ဘူး... သူက လောင်းကစားလုပ်ဖို့လောက် သိတဲ့ အရူးတစ်ယောက်... ဘယ်လိုလုပ်ပြီး လုံရှင်းသုတေသန စင်တာရဲ့ ခေါင်းဆောင် ဖြစ်နိုင်မှာ...."
ထိုသို့ ပြောလိုက်သော်လည်း လင်းရီ အဘယ်ကြောင့် စင်ပေါ်ရောက်နေလဲဆိုတာ ချောင်ရှန့်ယွီ ကိုယ်တိုင်လည်း မသိချေ။
ယင်းက လက်ရှိ လူတိုင်း စဉ်းစားနေကြသည့် မေးခွန်းတစ်ခု ဖြစ်၏။
သူတို့အားလုံး စွန်းဖုယွီက ဒါရိုက်တာဖြစ်တယ်ဆိုတာ သိကြလေသည်။
ဒါဆို ဒီကောင်က ဘာလားဟ...
လင်းရီ သူမဘေးနား ရောက်ရှိလာသည်ကို မြင်တော့ လုရင်း ပြုံးလျက် မိတ်ဆက်ပေးလိုက်၏။ "ဧည့်ပရိတ်သတ် အပေါင်းတို့ကို မိတ်ဆက်ပေးပါရစေ.....အခု ကျွန်မဘေးမှာ ရပ်နေတဲ့သူကတော့ လုံရှင်း သုတေသန စင်တာနဲ့ ဥက္ကဌ လင်းရီပဲ ဖြစ်ပါတယ်ရှင်... သူကပဲ မစ္စတာချောင်ရဲ့ မေးခွန်းကို ဖြေကြားပေးသွားမှာပါ... “