ကြီးမားသောတာဝန်
Vol. 87 Ch. 1210
ရှန်းဟိုင်လေဆိပ်။
ကိုယ်ပိုင်ဂျက်လေယာဉ်က မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ထန်ရှုက လက်နောက်ပစ်လျက် အခန်းမှ ထွက်လာသည်။ များမကြာမီ ထန်ဂိုဏ်းမှ ကျွမ်းကျင်သူဆယ်ယောက်ကျော်က ထွက်လာပြီး ထန်ရှုနောက်တွင် ရပ်၏။ လှေကားအနီးနားတွင် အနက်ရောင်အော်ဒီဆီဒန်ကားဆယ်စီးက စီတန်းရပ်ထားပြီး ကားအသီးသီးတွင် အနက်ဝတ်တောင့်တင်းသန်မာသောလူများက ထိုင်နေကြ၏။
သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် ခန်းရှက ရှေ့တက်လာ၏။ သူမက ထန်ရှုအား ပွေ့ဖက်ကာ ပြုံးလျက် ပြောလိုက်သည် “လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှန်းဟိုင်မှာ ရှင်က ကမောက်ကမအခြေအနေအချို့နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ကျွန်မ ကြားတယ်”
ထန်ရှုက ခဏမှင်တက်သွားပြီး နားမလည်နိုင်သောမျက်နှာနှင့် မေးလိုက်သည် “ဟမ်။ ဘာကမောက်ကမလဲ”
“အန်ဒီက ကျွန်မကို အရာအားလုံးပြောပြခဲ့တယ်၊ အနီးနားမှာ မီးတွေ့တဲ့ အိမ်တစ်ခုလိုပေါ့”ခန်းရှက ရယ်လိုက်၏။
ထန်ရှု၏အမူအရာက ချက်ချင်း အနေရခက်သွားလျက် သံပြတ်နှင့် ပြောလိုက်၏ “မင်းက လူတွေရဲ့အရှိုက်ကို ထိအောင် လုပ်ရတာ တကယ်ကြိုက်တာပဲ။ အဲကိစ္စကို ခဝါချထားလိုက်ပါတော့”
ခပ်ဖျော့ဖျော့ပြုံးပြလိုက်ပြီးနောက် ကားပေါ်တက်ရန် ထန်ဂိုဏ်းကျွမ်းကျင်သူများအား ခန်းရှက လက်ဝှေ့ယမ်းပြလိုက်၏။ သူတို့က ထွက်ခွာသွားပြီးနောက် အခြားကိုယ်ပိုင်ဂျက်လေယာဉ်ဘေးနားတွင် အနက်ရောင်အော်ဒီကားသုံးစီးက ရပ်လာသည်။ ကားဟွန်းသံမြည်သွားပြီးနောက် ချမ်းသာကြွယ်ဝသူများ၏မျိုးဆက်များလို အသက်ဆယ့်ရှစ်ကျော်ယောကျ်ားလေးနှင့်မိန်းကလေးများက လေယာဉ်ပေါ်မှ ဆင်းကာ ကားပေါ်တက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွား၏။
မူလပထမလေလံအိမ်တွင်။
ထန်ရှုနှင့်ခန်းရှတို့က ရောက်ရှိလာပြီးနောက် ထန်ဂိုဏ်းမှ ကျွမ်းကျင်သူများက လေလံအိမ်၏လုံခြုံရေးအား စတင်စစ်ဆေးလိုက်သည်။ မကြာမီ ငွေဝဲကတော့တစ်ခုဖြစ်လာမည်ဖြစ်သည့်အတွက် လုံခြုံရေးက ဤနေရာအတွက် ထိပ်တန်းဉီးစားပေးဖြစ်သည်။ ထို့ကြောင့် မည်သူမှ ခိုးမဝင်နိုင်သည့် ခံတပ်တစ်ခုအလား လေလံအိမ်အား ပြုလုပ်ထားရမည်ဟု ထန်ရှု၏အမိန့်အား သူတို့က လက်ခံရရှိထားသည်။
ထို့ပြင် လေလံအိမ်မှ နှစ်ကီလိုမီတာအကွာအတွင်း ဧရိယာအား တင်းကြပ်စွာ စောင့်ကြပ်ထားပြီး ဆိုးဝါးသောရည်ရွယ်ချက်ရှိသည့်မည်သူ့ကိုမဆို ချက်ချင်း ဖမ်းဆီးရမည်။ ခုခံသည့်သူများအား ဖယ်ရှားရန်လည်း သူတို့အား ခွင့်ပြုထားသည်။ သို့သော် မူလပထမလေလံအိမ်သို့ ထန်ရှုရောက်လာပြီး နှစ်နာရီအတွင်း အထူးစွမ်းရည်ဗျူရိုမှ စွမ်းရည်အသုံးပြုသူဆယ်ယောက်ကျော်က အသွင်ပြောင်းရဲတပ်သားများနှင့်အတူ လေလံအိမ်၏နယ်နိမိတ်၂-၅ကီလိုမီတာအတွင်း၌ ထွက်ပေါ်လာ၏။
အဆောက်အဉီး၏စတုတ္ထထပ်တွင် အလယ်ခန်းမအပြင် ခန်းမစုစုပေါင်းလေးခုရှိပြီး တစ်ခုစီက အလွန်ကျယ်ကာ အဖိုးတန်ပစ္စည်းအမြောက်အများအား သိမ်းဆည်းထားသည်။
“ဟောင်လဲ့၊ ဒီဆေးလုံးတွေကို စင်ပေါ်မှာ မင်းကိုယ်တိုင်ထားလိုက်။ ငယ်ရွယ်နုပျိုဆေးဆယ်လုံး၊ အသက်ရှည်ဆေးဆယ်လုံး၊ အဆိပ်ဖြေဆေးဆယ်လုံး၊ ခန္ဓာကိုယ်သန့်စင်ဆေးဆယ်ပုလင်းနဲ့ အဆီအနှစ်စုဆောင်းဆေးအလုံးနှစ်ဆယ်။ ဒီပစ္စည်းတစ်ခုစီအတွက် ကြမ်းခင်ဈေးကို အမေရိကန်ဒေါ်လာသန်းတစ်ရာလို့ သတ်မှတ်ထားတယ်”
ဟောင်လဲ့က အတော်လေးထိတ်လန့်တုန်လှုပ်သွားသည်။ လေလံပွဲတွင် ထန်ရှုက ဒီလောက်များသောကျင့်ကြံခြင်းအရင်းအမြစ်များအား ရောင်းချလိမ့်မည်ဟု သူမက မမျှော်လင့်ထားပေ။
“ဒါ မများလွန်းဘူးလား၊ သူဌေး”ခန်းရှက အံ့အားသင့်သောအမူအရာနှင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မဟုတ်ဘူး။ ဒါက အပိုင်းတစ်ခုမျှပဲ၊ နောက်ထပ် ဒီပစ္စည်းတွေရဲ့အထုပ်လိုက်လဲ ရှိတယ်” ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “အထုပ်တစ်ခုမှာ ငယ်ရွယ်နုပျိုးဆေးတစ်လုံး၊ အသက်ရှည်ဆေးတစ်လုံး၊ အဆိပ်ဖြေဆေးတစ်လုံး၊ ခန္ဓာကိုယ်သန့်စင်ဆေးရည်တစ်ပုလင်းနဲ့ အဆီအနှစ်စုဆောင်းဆေးတစ်လုံး ပါတယ်၊ ကြမ်းခင်းဈေးက အထုပ်တစ်ခုအတွက် အမေရိကန်ဒေါ်လာသန်းခြောက်ရာ”
ထန်ရှုပြောသမျှအရာအားလုံးအား ဟောင်လဲ့က မှတ်ထားပြီး ဆေးလုံးများပါသည့်ကျောက်စိမ်းပုလင်းများအား စင်ပေါ်သို့ တင်လိုက်၏။
များမကြာမီ ထန်ရှုက သိုလှောင်လက်စွပ်မှ အစီအရင်ချပ်ပြားနှစ်စုံယူထုတ်ကာ ဟောင်လံထံ ကမ်းပေးလိုက်သည် “ဒီအစီအရင်ချပ်ပြားနှစ်စုံရဲ့ကြမ်းခင်းဈေးက ဒေါ်လာတစ်သန်းဖြစ်ပြီး နှစ်စုံလုံးမှာ အစွမ်းမှုနှစ်ခုရှိတယ်၊ အဓိကအားဖြင့် ခုခံမှုနဲ့ချုပ်နှောင်ခြင်းတို့ပဲ။ သူတို့က ပိတ်မိသွားတာနဲ့ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတွေက ဒီအစီအရင်ကို ဖျက်ဆီးဖို့ အိပ်မက်ပဲ မက်နေရမယ်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်မှသာ သူတို့က ချိုးဖြတ်နိုင်လိမ့်မယ်”
ဟောင်လဲ့က အနည်းငယ်ထူးဆန်းသောအမူအရာနှင့် ပြောလိုက်၏ “ဒါပေမယ့် ဂိုဏ်းချုပ်၊ ဒီအစီအရင်ချပ်ပြားနှစ်စုံကို ဝယ်ယူခဲ့တဲ့သူက ကျွန်မတို့ရဲ့ရန်သူတွေဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့က ကျွန်မတို့အတွက် ခြိမ်းခြောက်မှုတစ်ခုမဖြစ်လာဘူးလား။ အနာဂတ်ကျရင် အဲဒီပြည်ပရန်သူအဖွဲ့တွေကို အမြတ်ဖြုတ်ဖို့ ဂိုဏ်းချုပ်က ရည်ရွယ်ထားတယ်ဆိုတာ ကျွန်မ သိပါတယ်”
ထန်ရှုက အနည်းငယ်ပြုံးကာ ပြောလိုက်သည် “သူတို့ကို ရောင်းချပြီးရင် ဒီအစီအရင်ချပ်ပြားနှစ်စုံကို ဖျက်ဆီးတဲ့ နည်းလမ်းတွေကို ဂိုဏ်းသားတွေကို ငါ သင်ကြားပေးမယ်။ အနာဂတ်မှာ ငါတို့က သူတို့နဲ့ ရင်ဆိုင်တွေ့ရင်တောင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာမဟုတ်ဘူး။ ငါတို့ကို ရင်ဆိုင်ဖို့ ဒီအစီအရင်ချပ်ပြားတွေကို အသုံးပြုတဲ့ရန်သူက ကိုယ့်ရှုးကိုယ်ပတ်တာပဲ ဖြစ်လိမ့်မယ်”
“ဂိုဏ်းချုပ်က တကယ်ဉာဏ်ကောင်းတယ်”ဟောင်လဲ့က ချီးကျူးလိုက်သည်။
အနည်းငယ်ပြုံးလျက် ထန်ရှုက အဆောင်ဆယ်ခု ယူထုတ်ကာ ပြောလိုက်၏ “ဒီအဆောင်တွေကို တစ်ထုပ်မှာ အခုနှစ်ဆယ်နဲ့ အထုပ်ငါးထုပ်ခွဲလိုက်ပါ၊ တစ်ထုပ်ရဲ့ကြမ်းခင်းဈေးက အမေရိကန်ဒေါ်လာသန်းနှစ်ရာပဲ”
“နားလည်ပါပြီ…”ဟောင်လဲ့က လက်ခံလိုက်သည်။
ထို့နောက် ထန်ရှုက မှော်ဓားနှစ်လက်၊ မှောင်လှံနှစ်ချောင်း၊ မှော်ပုဆိန်နှစ်လက်နှင့် မှော်ဓားမော့နှစ်လက်ကို ယူထုတ်ကာ ဆက်ပြော၏ “ဒီမှော်လက်နက်တစ်ခုစီရဲ့ကြမ်းခင်းဈေးက အမေရိကန်ဒေါ်လာသန်းငါးရာနဲ့ တစ်ခုစီကို ခွဲပြီး လေလံတင်ပါ”
ဟောင်လဲ့က သူတို့အား ယူကာ သိမ်းပြီးနောက် မေးလိုက်သည် “နောက်ထပ်တစ်ခုခုရှိလား”
နောက်ဆုံးတွင် ထန်ရှုက ရတနာတစ်စုံယူထုတ်ကာ ပြုံးလျက် ပြော၏ “ဒီရတနာတစ်စုံကိုလဲ ငါ လုပ်ထားတယ်။ ၎င်းရဲ့လုပ်ဆောင်ချက်က ခံစစ်တစ်ခုအတွက်ပဲ။ ဒီရတနာကို ဝတ်ဆင်ထားတဲ့သူက အခြေတည်စိတ်ဝိညာဉ်ကျွမ်းကျင်သူတစ်ယောက်ရဲ့ခွန်အားပြည့်တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် သက်ရောက်မှုက သုံးကြိမ်ပဲ ရမယ်၊ သုံးကြိမ်ပြီးရင် အသုံးမဝင်တော့ဘူး။ ဒါကြောင့် ဒီရတနာပိုင်ဆိုင်ခြင်းက အသက်သုံးကြိမ်ရှိတာနဲ့ ညီမျှပြီး ကြမ်းခင်းဈေးက အမေရိကန်ဒေါ်လာတစ်ဘီလီယံပဲ”
ဟောင်လဲ့က ရတနာအား ကြည့်ကာ ပင့်သက်ရှိုက်လိုက်သည်။ သူမက ရတနာ၏ဒီရှိုင်းသာမက ၎င်း၏အစွမ်းကိုလည်း သဘောကျသည်။ ခဏတုံ့ဆိုင်းပြီးနောက် သူမက မေးလိုက်၏ “သူဌေး၊ ငါတို့ဂိုဏ်းမှာ ရောင်းဖို့အတွက် ဒါမျိုးနောက်ထပ်ရှိသေးလား။ ငါလဲ…တစ်စုံလိုချင်တယ်”
ထန်ရှုက ပြုံးဖြဲဖြဲလုပ်ကာ ပြော၏ “ကောင်းပြီလေ၊ နှစ်နှစ်အတွင်းမှာ ထန်ဂိုဏ်းရဲ့ပင်မတပည့်တွေက ဒီရတနာတစ်စုံလိုမျိုးဒါမှမဟုတ်အခြားခံစစ်လက်နက်တွေကို ရရှိဖို့ မင်း မျှော်လင့်ထားနိုင်တယ်”
ဤသည်ကို ကြားပြီးနောက် ဟောင်လဲ့က စိတ်လှုပ်ရှားသွားကာ ခေါင်းညိတ်လိုက်၏ “ဒါနဲ့ လေလံပွဲကျင်းပချိန်ရောက်ဖို့ ရက်အနည်းငယ်ကျန်သေးတယ်၊ ဂိုဏ်းချုပ်၊ ဧည့်သည်၆၈၅ယောက်က တက်ရောက်ဖို့ အတည်ပြုပြီးပြီ။ ဒါပေမယ့် ငါတို့က ဒီရတနာတွေကို ကြေညာလိုက်ရင် အရေအတွက်က နှစ်ဆဖြစ်လာဖို့များတယ်”
“အရေအတွက်အတိအကျကို မကြေညာနဲ့အုံး၊ အမျိုးအစားနဲ့သူတို့ရဲ့အစွမ်းလောက်ပဲ ကြေညာပါ”ထန်ရှုက ပြောလိုက်သည် “ပြီးတော့ သုံးရက်အတွင်း လေလံပွဲကို တက်ရောက်ဖို့ အတည်မပြုတဲ့သူတွေက လေလံပွဲတက်ရောင်ခွင့်ကို ဆုံးရှုံးရလိမ့်မယ်လို့ အများသိအောင် ကြေညာလိုက်ပါ”
“နားလည်ပါပြီ”ဟောင်လဲ့က ရိုသေလေးစားစွာ ပြန်ပြောသည်။
နေဝင်ရီတရောအချိန်တွင် ထန်ရှုနှင့်ခန်းရှတို့က အတူတူညစာစားနေကြ၏၊ ထိုစဉ် မုဝမ်ရင်က အလျင်စလို ရောက်လာပြီး သူ့ထံ သတင်းတစ်ခု သယ်လာသည်၊ ဟူရှောက်ခန်းဟုခေါ်သောလူတစ်ယောက်က သူ့အား ရှာနေပြီး ထိုလူအား ကြည့်ရသည်မှာ အလွန်စိုးရိမ်သောကနေသည်ဟူ၍ပင်။
ဟူရှောက်ခန်း၏နာမည်ကို ကြားပြီး ထန်ရှုက နောက်ကိစ္စတစ်ခုအား အမှတ်ရလိုက်သည်၊ ကျင်းမန်ကျွန်းတွင် ရှိစဉ်တုန်းက လီချိုက်က သူ့ထံ ဖုန်းခေါ်လာသည်။ သူမနှင့် ကြယ်တာရာမြို့တွင် တွေ့ဆုံရန် သူက အချိန်သတ်မှတ်ထားပြီးဖြစ်သော်လည်း လီချိုက်က မရောက်လာခဲ့ပေ။
“သူ ဘယ်မှာလဲ”ထန်ရှုက မေးလိုက်သည်။
မုဝမ်ရင်က ခန်းရှအား အရင်တစ်ချက်ကြည့်ပြီးနောက် ပြန်ပြော၏ “သူက လုလုရဲ့သုခဘုံစံအိမ်မှာ ရှိတယ်။ ရှင့်ကို ဖုန်း အရင်ခေါ်ပေမယ့် ရှင်က ဖုန်းပိတ်ထားတယ်၊ ဒါကြောင့် ကျွန်မ ဒီကို လာရတာ”
ထန်ရှုက ခေါင်းညိတ်ပြကာ မေးလိုက်သည် “မင်း ညစာမစားရသေးဘူးမလား”
“ကျွန်မ ညစာစားတော့မလို့၊ ဒါပေမယ့် ကိစ္စက အရေးကြီးပြီး သူက မင်းကို အလောတကြီးတွေ့ဖို့ လိုတယ်လို့ ဟူရှောက်ခန်းက ပြောတယ်”မုဝမ်ရင်က ခေါင်းခါယမ်းကာ ပြော၏ “ရှင်က ဒီနေရာမှာဆိုတာ ကျွန်မ မသိဘူး၊ ဒါကြောင့် ကျွန်မ ဟောင်လဲ့ကို ဆက်သွယ်ခဲ့ပြီး ရှင်က ဒီနေရာမှာဆိုတာ သိလိုက်ရတယ်။ ရှင်က ဒီနေရာမှာ ရှိတယ်ဆိုတာကိုလဲ ကျွန်မက သူ့ကို အသိပေးခဲ့တယ်”
ထန်ရှုက ဟောင်လဲ့ဘက်သို့ လှည့်ကာ မေးလိုက်၏ “ဟူရှောက်ခန်းလို့ခေါ်တဲ့လူတစ်ယောက်ရောက်လာရင် ငါ့ဆီ တိုက်ရိုက်ဆက်သွယ်လာဖို့ အမိန့်ထုတ်ပြန်လိုက်ပါ”
“နားလည်ပါပြီ…”ဟောင်လဲ့က ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။
ထန်ရှုက မုဝမ်ရင်အတွက် ကုလားထိုင်တစ်လုံး ဆွဲယူပေးလိုက်သည်။ ထို့နောက် သူက ပြော၏ “မင်းလဲ ခန်းရှကို သိမှာပါ၊ ဒါကြောင့် ငါ မိတ်ဆက်ကို ကျော်လိုက်မယ်။ မင်းတို့နှစ်ယောက် အရင်စားလိုက်အုံး။ ငါ အောက်ထပ်ကို တစ်ချက်သွားကြည့်မယ်”
မုဝမ်ရင်က တုံ့ဆိုင်းသွားသော်ငြား ထိုင်ခုံတွင် ထိုင်ကာ မေးလိုက်၏ “ငါတို့ ဝိုင်သောက်ကြမလား၊ ခန်းရှ”
“ငါ အဆင်ပြေပါတယ်”ခန်းရှက ရယ်၏။
နာရီဝက်ကြာပြီးနောက်။
ထန်ရှုက လေလံအိမ်၏ဝင်ပေါက်တွင် ဆေးလိပ်သောက်နေစဉ် ထန်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ယောက်၏လမ်းညွှန်မှုနှင့်အတူ ဟူရှောက်ခန်းက သူ့ထံ ပြေးလာနေသည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာက ချွေးများနှင့် ပြည့််နေပြီး မျက်လုံးက ဂနာမငြိမ်မှုအပြည့်နှင့်ပင်။
“ထန်ရှု၊ ကျေးဇူးပြုပြီး လီချိုက်ကို ကယ်ဆယ်ပေးပါ…”
ထန်ရှုအရှေ့သို့ ရောက်လာပြီးနောက် ဟူရှောက်ခန်က ကမန်းကတန်း အော်ပြောလိုက်သည်။
ထန်ရှု၏အမူအရာက ပြောင်းလဲသွားကာ မေးလိုက်၏ “သူမက ဘာဖြစ်လို့လဲ”
“အသေးစိတ်တော့ ငါ မသိဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့တစ်လက မင်းနဲ့ တွေ့ဖို့ သူမက ကြယ်တာရာမြို့ကို လာဖို့ ရည်ရွယ်နေချိန်မှာ လီချိုက်က ရုတ်တရက် ဖျားနာပြီး ကိုမာဖြစ်သွားတယ်” ဟူရှောက်ခန်းက ရှင်းပြ၏ “ငါ မင်းကို ရှာတဲ့အချိန်မှာ သူမက မင်းကို တားခဲ့တယ်။ မင်းကို ပြဿနာပေးတာ များလွန်းနေပြီလို့ သူမက ပြောတယ်၊ မင်းကို ဆက်သွယ်ဖို့ ခွင့်မပြုဘူး။ ဒါပေမယ့် သူမက သုံးရက်တိတိ ကိုမာဖြစ်နေပြီး သူမရဲ့ခန္ဓာကိုယ်အပူချိန်က လေးဆယ့်ငါးဒီဂရီကို ကျော်လွန်လာတယ်၊ ငါလဲ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သာမန်လူတစ်ယောက်ဆိုရင် သေသွားလောက်နေပြီ”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြော၏ “သူမက ကြယ်ပြာအိမ်ရာမှာ ရှိနေတုန်းပဲလား။ ငါ့ကို အဲကို ခေါ်သွားပါ”
ဟူရှောက်ခန်းက ထန်ရှုနှင့်အတူ သူ့ကားရှိရာသို့ လျှောက်သွား၏။ ကားစတင်ထွက်လာပြီးနောက် သူက နောက်ခန်းရှိ ထန်ရှုအား တစ်ချက်ကြည့်ကာ ပြောလိုက်၏ “သူမ ဘာဖြစ်သွားသလဲဆိုတာ မင်း သိလား၊ ထန်ရှု။ ပြီးတော့ အန်တီကျန်းက အခုနိုးလာပြီ၊ သူမက စိတ်အားပြည့်ဝနေပြီး အနည်းငယ်ပဲ အားနည်းတော့တယ်။ သူမက ကောင်းကောင်းအနားယူနေမယ်ဆိုရင် ဆယ်ရက်-ဆယ့်ငါးရက်အတွင်းမှာ ပြန်ကောင်းလာမယ်လို့ ခန့်မှန်းထားတယ်”
ထန်ရှုက တစ်ခဏအတွေးနက်သွားပြီးနောက် ချက်ချင်း ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည် “ငါ အကြောင်းပြချက်ကို သိလောက်တယ်”
“အကြောင်းရင်းက ဘာလဲ”ဟူရှောက်ခန်းက နားမလည်နိုင်သောမျက်နှာနှင့် မေးလိုက်သည်။
“လီချိုက်ရဲ့လက်ကောက်ဝတ်မှာ အမာရွတ်တစ်ခုခုရှိလား”ထန်ရှုက မေးလိုက်၏ “အသည်းကွဲနေတဲ့မိန်းကလေးတစ်ယောက်က သူတို့ရဲ့လက်ကောက်ဝတ်ကို လှီးဖြတ်ပြီး သတ်သေဖို့ ကြိုးစားခဲ့သလိုမျိုးလေ”
“ဟုတ်တယ်။ သူမရဲ့လက်ကောက်ဝတ်က ဒဏ်ရာရနေတာကို မြင်တော့ ငါလဲ တုန်လှုပ်ပြီး ဘာဖြစ်လဲဆိုတာ မေးလိုက်တယ်”ဟူရှောက်ခန်းက တုံ့ဆိုင်းခြင်းမရှိ ပြော၏ “သူမရဲ့လက်ကောက်ဝတ်ကို မတော်တဆဖြတ်ခဲ့မိတယ်လို့ သူမက ပြောတယ်”