← Chapters

လေလံပွဲစတင်ခြင်း

Vol. 87 Ch. 1214

လေလံပွဲစတင်ခြင်း

Vol. 87 Ch. 1214

အလှလေးက မှင်တက်သွားပြီး သူမ၏အမူအရာက အံ့အားသင့်ဖွယ်ရာအဖြစ်‌ ပြောင်းလဲသွား၏။ ထန်ရှုက အများဆုံး မူလပထမလေလံအိမ်၏လုံခြုံရေးအစောင့်တစ်ယောက်ဟုသာ သူမက တွေးထားခဲ့သည်။ သူက ပိုင်ရှင်ဖြစ်မည်ဟု ဘယ်တော့မှ မထင်ထားပေ။

သူက သာမန်မဟုတ်ဘူးပဲ။

အတွေးက သူမစိတ်ထဲ၌ လက်သွားပြီး သူမက ချက်ချင်းပြောလိုက်သည် “မစ္စတာထန်ကိုယ်တိုင်ပါဝင်လာမှတော့ ဒီဝံပုလွေပေါက်စကို ငါ ဂရုမစိုက်တော့ပါဘူး။ ဒါနဲ့ ညစာစားဖို့အတွက် ငါ မင်းကို ဖိတ်ခေါ်လို့ရမလား၊ မစ္စတာထန်”

အလှလေးဘေးနားရှိ အန်ခီအန်ယူ၏အမူအရာက ပြောင်းလဲသွားပြီး သူက အနည်းငယ်အရှက်ရသွား၏။ သူက တိုးတိုးလေး အော်ပြောလိုက်၏ “ရှာနီရာ…”

အလှလေးက သူ့အား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ကာ ပြောလိုက်၏ “မစ္စတာထန်နဲ့ ညစာစားတာက အတော်လေးဂုဏ်ယူစရာတစ်ခုပဲ၊ ဒါပေမယ့် ရှင် မကြိုက်ရင် ထွက်သွားလို့ရတယ်”

“မင်း ဒါဘာဆိုလိုတာလဲ”အန်ဒီအန်ယူက အော်လိုက်သည်။

ထန်ရှုက တိတ်တဆိတ်ခေါင်းခါယမ်းကာ လက်မြှောက်လိုက်သည် “မင်းတို့နှစ်ယောက်လုံးတော်တော့။ ဒီညနေ့ ငါ့မှာ လုပ်စရာရှိတယ်၊ ဒါကြောင့် ငါ မင်းနဲ့ ညစာစားလို့ရမှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက်စာရင်းသွင်းပြီးရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

ထိုသို့ပြောပြီးနောက် သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့နှင့် ပြည့်သွားလျက် သူက လေးလံသောအသံနှင့် ပြောလိုက်၏ “ဒီနေရာမှာ ဘယ်သူမှ တိုက်ခိုက်ခွင့်မရှိဘူးဆိုတာက မူလပထမလေလံအိမ်ရဲ့စည်းမျဉ်းပဲ။ ဒါကို စမ်းကြည့်ချင်တဲ့သူတွေကတော့ အကျိုးဆက်ကို ခံယူကြပေါ့”

ထန်ရှုက သူ့ခွန်အားကို ထုတ်ပြပြီးနောက် မုန်တိုင်းငယ်က ပြီးဆုံးသွားခဲ့သည်၊ သို့သော် သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး နာရီအနည်းငယ်အတွင်း တိုင်းပြည်အမျိုးမျိုးမှ ထိုသူဌေးများက သိသွားခဲ့ကြသည်။ ထို့နောက် အများစုက စုံစမ်းရန် သူတို့၏လူများအား စတင်စေလွှတ်ခဲ့ကြသည်၊ နောက်ဆုံးတွင် မူလပထမလေလံအိမ်ပိုင်ရှင်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုပိုင်ရှင်ထန်ရှုဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်။

ထို့ပြင် ထန်ရှုက ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟူသောသတင်းများပင် ထိုးတက်လာခဲ့သည်။ ထို့နောက် ချက်ချင်းလျှင်ပင် ထိုချမ်းသာကြွယ်ဝကြသူများက ထန်ရှုအား ဖိတ်ခေါ်လာကြသည်၊ သူတို့အား သူ့အား ညစာစားရန် ဖိတ်ခေါ်နိုင်မည်ဟု မျှော်လင့်နေကြ၏။ ထိုဖိတ်ခေါ်မှုများ၏အဓိကရည်ရွယ်ချက်က ထန်ရှုနှင့် ဆက်ဆံရေးကောင်းရှိရန် ကြိုးပမ်းခြင်းက လွဲပြီး အခြားမဟုတ်ပေ၊ သို့မှသာ လေလံပွဲတွင် သူတို့က အကျိုးအမြတ်များ ပိုရနိုင်ပေမည်။

သူတို့အားလုံးကို ငြင်းပယ်ပြီးနောက် ထန်ရှုက ကြယ်ပြာအိမ်ရာသို့ မပြန်တော့ဘဲ မူလပထမလေလံအိမ်တွင်သာ ဆက်နေခဲ့သည်။ နောက်ဆုံးရက်အနည်းငယ်ကို ကျင့်ကြံခြင်းတွင် အသုံးချခြင်းက လွဲပြီး သူက ပစ္စည်းကိရိယာများကိုလည်း သန့်စင်ခဲ့သည်၊ အများစုက ကျင့်ကြံသူများ၏ခွန်အားကို တိုးစေနိုင်သော လုပ်ဆောင်ချက်တစ်ခုမှ မရှိပေ၊ တစ်ခုတည်းသောလုပ်ဆောင်ချက်က ခံစစ်အတွက်သာ ဖြစ်၏။

ဒီဇင်ဘာတစ်ရက်နေ့တွင်။

မနက်ခြောက်နာရီတွင် ထန်ရှုက ကျီချီးမိန်နှင့်အတူ ခေါင်မိုးထိပ်၌ ထွက်ပေါ်လာ၏၊ သူတို့က တိတ်တဆိတ် ရပ်နေရင်း ဝင်ပေါက်ရှိ လူစီးကြောင်းအား ကြည့်ရှုနေလေသည်။

လေလံပွဲကို တက်ရောက်မည့်အရေအတွက်က လူ၂၄၀၀ကျော်သည်။

စာရင်းပေးထားသူတစ်ယောက်စီက နောက်လိုက်တစ်ယောက်သာ ခေါ်လာနိုင်သည်၊ လေလံပွဲကို တက်ရောက်လာသည့်အရေအတွက်က ၄၈၀၀ကျော်သည်ဟု ဆိုလို၏။

“ဝင်ပေါက်ကို ဖွင့်ဖို့ အချိန်ကျပြီလား၊ ငါ့အရှင်”ကျီချီးမိန်က ပြန်လှည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် ဒီလေလံပွဲက အရမ်းအရေးကြီးတယ်၊ ဒါကြောင့် သူတို့က လက်နက်တစ်ခုခုယူလားသလားဆိုတာကို မင်းရဲ့စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး စစ်ဆေးလိုက်ပါ”

“ဒီလူတွေကို စိတ်ဝိညာဉ်အာရုံနဲ့ စစ်ဆေးပြီးပါပြီ၊ သူတို့အားလုံးနီးပါးက လက်နက်တွေ သယ်ဆောင်လာတယ်၊ အချို့ဆိုရင် မှော်လက်နက်တွေတောင် သယ်ဆောင်လာတယ်”ကျီချီးမိန်က ပြန်ဖြေသည် “လေလံခန်းမကို လက်နက်တွေ ယူလာဖို့ တားမြစ်မယ်ဆိုရင် အတော်လေးဒုက္ခများမယ်လို့ ငါ ထင်တယ်”

ထန်ရှုက ခဏစဉ်းစားလိုက်ပြီးနောက် ချက်ချင်း အားတင်းပြုံးလိုက်သည် “သူတို့ကို မတားမြစ်နိုင်မှတော့ ထားလိုက်ပါတော့။ ဒါပေမယ့် တစ်ယောက်ယောက်က လေလံပွဲမှာ ပြဿနာရှာရဲရင် သူတို့ကို တိုက်ရိုက်သတ်ပစ်ပါ”

ထို့နောက် သူက ဖုန်းထုတ်ကာ ဟောင်လဲ့၏နံပါတ်အား ခေါ်ကာ ပြောလိုက်သည် “ဝင်ပေါက်ဖွင့်ပြီး တက်ရောက်လာသူတွေရဲ့အထောက်အထားတွေကို စစ်ကြည့်ပါ။ သူတို့ရဲ့နံပါတ်ပြားအတိုင်း သူတို့ကို လေလံခန်းမထဲကို ဝင်ခွင့်ပြုလိုက်ပါ။ ပြီးတော့ သူတို့ရဲ့နံပါတ်ပြားအတိုင်း ထိုင်ခုံမယူတဲ့သူတွေကို ရှာဖွေတွေ့ရှိတာနဲ့ လေလံအိမ်မှ ဖယ်ထုတ်မယ်လို့ သူတို့ကို အလေးအနက်သတိပေးလိုက်ပါ”

“နားလည်ပါပြီ…”

ဟောင်လဲ့က ပြန်ဖြေသည်။ ဖုန်းချပြီးနောက် သူမက လေလံအိမ်ဝင်ပေါက်တွင် ထွက်ပေါ်လာ၏။ ထို့နောက် တောင့်တင်းသန်မာသောလူဆယ်ယောက်ကျော်က အခြေအနေအား ထိန်းချုပ်ရန် လှုပ်ရှားခဲ့သည်၊ ပြီးနောက် ဟောင်လဲ့က နက်ရှိုင်းသောအသံနှင့် စတင်ပြော၏ “ဂုဏ်သရေရှိလူကြီးလူကောင်းတို့ခင်ဗျား၊ အခု ကျွန်မတို့က ရှင်တို့ကို ပေးထားတဲ့ နံပါတ်ပြားတွေကို စစ်ဆေးပါ့မယ်။ စစ်ဆေးပြီးရင် ရှင်တို့တွေ လေလံခန်းမထဲကို ဝင်နိုင်ပါပြီ။ ပြီးတော့ ကျွန်မက ရှင်တို့ကို တစ်ခုသတိပေးစရာရှိတယ်။ ကျေးဇူးပြုပြီး ရှင်တို့ရဲ့နံပါတ်ပြားအတိုင်း ထိုင်ခုံမှာ နေရာယူကြပါ။ တစ်ယောက်ယောက်က အခြားတစ်ယောက်ရဲ့ခုံကို ယူထားတာကို ကျွန်မတို့ရဲ့ဝန်ထမ်းတွေက ရှာတွေ့ခဲ့ရင် သူတို့က ရှင်တို့ကို လေလံခန်းမမှ ဖယ်ထုတ်လိမ့်မယ်”

နောက်နှစ်နာရီအတွင်း လူ၄၈၀၀ကျော်က လေလံခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ လေလံစင်မြင့်က အတွင်းဘက်အကျဆုံးတွင် တည်ရှိကာ နှစ်မီတာမြင့်ပြီး အရွယ်အစားအားဖြင့် စတုရန်းမီတာတစ်ရာကျော်သည်၊ ကြီးမားသော ပရိုဂျက်တာများက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနှင့်ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းတို့၏ထုတ်ကုန်ကြော်ငြာများအား ပြသနေခဲ့၏။

ရှစ်နာရီအတိတွင်။

ပင့်ကူနီလေလံအိမ်မှ ဟောင်လဲ့နှင့်အိုးရန်လုလုတို့ ဖိတ်ခေါ်ထားသည့် အစီအစဉ်မှူးဟစ်ဂတ်က လေလံစင်မြင့်ပေါ်တွင် ထွက်ပေါ်လာသည်။ သူ၏အညိုရောင်ဆံပင်နှင့်အပြာရောင်မျက်လုံး၊ သူ့အရပ်အမောင်းနှင့် လိုက်ဖက်သော ဝတ်စုံတို့က ဤလူအား ဆွဲဆောင်သောအသွင်ဖြစ်ပေါ်နေစေသည်။

“ဂုဏ်သရေရှိလူကြီးလူကောင်းတို့ရေ၊ ဒီဆန်းကြယ်လှပသောတရုတ်နိုင်ငံကနေ ကြိုဆိုပါတယ်။ ပြီးတော့ အရှေ့ပိုင်းရဲ့ပုလဲလုံးဖြစ်တဲ့ရှန်းဟိုင်ကနေ ကြိုဆိုပါတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ လူတိုင်းကို ကျုပ်တို့ရဲ့မူလပထမလေလံအိမ်ကနေ ကြိုဆိုပါတယ်၊ ကျုပ်တို့ရဲ့ပထမဆုံးလေလံပွဲမှာ ပါဝင်တဲ့အတွက် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ကျုပ်နာမည်က မူလပထမလေလံအိမ်နဲ့ဒီလေလံပွဲရဲ့အစီအစဉ်မှူးဟစ်ဂတ်ပါ”

“ဒီလိုခမ်းနားသောလေလံပွဲတစ်ခုကို ဘယ်တော့မှ မတင်ဆက်ဖူးတာကြောင့် လက်ရှိအချိန်မှာ ကျုပ်က အရမ်းစိတ်လှုပ်ရှားမိတယ်၊ ကမ္ဘာတစ်ဝှမ်းက ဒီလောက်များပြားတဲ့သူဌေးသူကြွယ်တွေရဲ့အာရုံစိုက်မှုကို ဘယ်တော့မှ မရရှိခဲ့တာကြောင့်လဲ ပါတယ်။ ကံကောင်းစွာနဲ့ ကျုပ်တို့ရဲ့မူလပထမလေလံအိမ်က လေလံတင်မယ့်ပစ္စည်းတွေက ကျုပ်ကို ယုံကြည်မှုနဲ့စွမ်းအင်ပေးခဲ့တယ်။ မဟုတ်ရင် ခင်ဗျားတို့လို သူဌေးကြီးတွေရဲ့အရှေ့မှာ စကားပြောဖို့ ကျုပ်ခေါင်းကို ငုံ့မိနေပါလိမ့်မယ်”

ယခုလို ရိုးရှင်းသောအဖွင့်က လူများစွာ၏အထင်အမြင်ကောင်းအား ရရှိခဲ့သည်။ ထို့နောက် ချက်ချင်းလျှင်ပင် လေလံပွဲစတင်ပြီဖြစ်ကြောင်း ဟစ်ဂတ်က ကြေညာ၏။

“ကောင်းပါပြီ။ ပထမဆုံးလေလံတင်မည့်ပစ္စည်းက တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်စုံပဲ။ လှပတာအပြင် ဒီရတနာမှာ နောက်ထပ်အစွမ်းတစ်ခုရှိတယ်၊ ကျုပ်တောင် ဒီ‘ခံစစ်’ဆိုတဲ့စကားလုံးနဲ့ မရင်းနှီးဘူး။ ဒါပေမယ့် ကျုပ်တို့ရဲ့တာဝန်ရှိသူအရဆိုရင် ဒီရတနာကို ဝတ်ဆင်တဲ့ဘယ်ဧည့်သည်မဆို အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့အားကုန်တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီအစွမ်းက အဲဒီအဆင့်တိုက်ခိုက်မှုရဲ့သုံးကြိမ်တိတိကိုပဲ ခံနိုင်မှာ။ အခြားစကားဖြင့်ပြောရလျှင် ဒီရတနာတစ်စုံရှိတာက အသက်သုံးသက်အပိုရှိတာနဲ့ ညီမျှတယ်။ ဒီပစ္စည်းအတွက် ကြမ်းခင်းစျေးက အမေရိကန်ဒေါ်လာတစ်ဘီလီယံပဲ၊ တစ်ခါတိုးရင် အနည်းဆုံးဒေါ်လာသန်းငါးဆယ်ပါ။ ကဲ၊ အခုပဲ လေလံစတင်ကြပါစို့”

ထို့နောက် ဟစ်ဂတ်က သူ့ဘေးနားရှိ လှပသောဝန်ထမ်းဘက်သို့ လှည့်လိုက်သည်။ သူက လင်ဗန်းအဖုံးကို မလိုက်၏၊ ရတနာတစ်စုံက ပရိုဂျက်တာစခရင်ပေါ်တွင် ထွက်ပေါ်လာ၏။

“ဝိုး…”

အနည်းဆုံး လေလံခန်းမတစ်ခုလုံးရှိ ဧည့်သည်သုံးပုံတစ်ပုံက အုတ်သော်သောင်းတင်းဖြစ်သွားသည်။ မူလပထမလေလံအိမ်၏ပထမဆုံးလေလံပစ္စည်းက ကျင့်ကြံသူများအတွက် ထုတ်လုပ်ထားသော မှော်ပစ္စည်းတစ်ခုဖြစ်လိမ့်မည်ဟု သူတို့က မထင်ထားပေ။

ထို့ပြင် ၎င်းက ခံစစ်အမျိုးအစားပစ္စည်းတစ်ခု၊ ရတနာပုံစုံဖြင့် မှော်ပစ္စည်းတစ်ခုဖြစ်သည်။

ဧည့်သည်များ၏တုံ့ပြန်ချက်က ဟစ်ဂတ်အား စိတ်လှုပ်ရှားသွားစေသည်။ ရတနာ၏တန်ဖိုးအား မြှင့်တင်ရန် အလို့ငှာ သူက ထပ်လောင်းပြောလိုက်၏ “ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား၊ ခင်ဗျားတို့က ဒါကို မလိုအပ်ရင်တောင် ဒီရတနာကို ခင်ဗျားတို့ရဲ့ကလေးဒါမှမဟုတ်ဇနီးဖြစ်ဖြစ်၊ ခင်ဗျားတို့ဂရုအစိုက်ဆုံးလူကို ပေးလို့ရပါတယ်။ ယနေ့ခေတ်ကျုပ်တို့ရဲ့လူ့အဖွဲ့အစည်းက အန္တရယ်တွေနဲ့ ရှုပ်ထွေးနေပြီး ခင်ဗျားတို့အားလုံးလဲ Final Destination movie ကို ကြည့်ဖူးကြမှာ သေချာတယ်။ အန္တရာယ်တွေနဲ့သေဆုံးမှုတွေက ကျုပ်တို့ပတ်လည်မှာ တစ်ချိန်လုံးရှိနေတယ်၊ ဒါကြောင့် ဒီအန္တရာယ်တွေကို ရှောင်ရှားပြီး ခင်ဗျားတို့ရဲ့အသက်ကို ကာကွယ်ချင်တယ်ဆိုရင် စတင်လေလံဆွဲကြပါ။ ပြီးတော့ အရင်ပြောခဲ့သလိုပဲ၊ လေလံတစ်ခါတိုးတိုင်း အနည်းဆုံးဒေါ်လာသန်းငါးဆယ်ပါနော်”

“၂ဘီလီယံ…”

ဉရောပနွယ်ဖွားလူတစ်ယောက်က လော်စပီကာကို ကိုင်ကာ အော်လိုက်သည်။ သူ့မျက်လုံးများက အခြားသူတွေလို ဟစ်ဂတ်ကို ကြည့်မနေဘဲ ပရိုဂျက်တာစခရင်ပေါ်ရှိ ရတနာပေါ်တွင် စူးစိုက်ထားလျက်ရှိ၏။

“၂.၁ဘီလီယံ…”

“၂.၂ဘီလီယံ…”

ဥရောပနွယ်ဖွားလူက တန်ဖိုးအား နှစ်ဆတင်ခဲ့သော်လည်း လေလံဈေးတိုးပေးလာမှုအား မရပ်တန့်နိုင်ခဲ့ပေ။ ဟစ်ဂတ်ပြောခဲ့သလို ဤရတနာကို ပိုင်ဆိုင်ခြင်းက အသက်သုံးသက်အပိုရှိခြင်းနှင့် ညီမျှသည်မှာ မှန်ကန်ကြောင်း လူတိုင်းက သိသောကြောင့်ပင်။

တန်ဖိုးက တရစပ်တိုးလာသောကြောင့် ဟစ်ဂတ်ပင် အလွန်အံ့အားသင့်နေရသည်။

“ဒေါ်လာလေးဘီလီယံ…”

ကျယ်လောင်သောအသံတစ်ခုက ပရိသတ်ထဲမှ ထွက်လာသည်၊ လမ်းလျှောက်တုတ်တစ်ချောင်းနှင့် ဆံဖြူလူအိုကြီးတစ်ယောက်က လေလံပေးလိုက်ခြင်းပင်။

သူ့ဉီးရေပြားပင် ထုံသလို ဟစ်ဂတ်က ခံစားလိုက်ရသည်။ သူက လေလံပွဲရာချီတွင် အစီအစဉ်မှူးလုပ်ခဲ့ပြီး တစ်ခါတစ်ရံတွင် လေလံပွဲအဆုံး၌ ရရှိသော ပိုက်ဆံပမာဏက ဒေါ်လာလေးဘီလီယံကို ကျော်သည်။ သို့သော် အရေအတွက်က လေလံပွဲတစ်ခုလုံး၏စုစုပေါင်းပမာဏပင်။ အခု ဒေါ်လာလေးဘီလီယံကရော ဘာလဲ။ ၎င်းက ပထမဆုံးလေလံပစ္စည်းပဲ မဟုတ်လား။

ဆံဖြူလူက ထရပ်ကာ သူ့အခြားလက်တစ်ဖက်က လော်စပီကာအား ကိုင်လျက် မေးလိုက်သည် “မစ္စတာ၊ တစ်ယောက်မှ လေလံထပ်တိုးမပေးမှတော့ ဒီရတနာက ကျုပ်ဟာဆိုတာကို ဘာလို့ မကြေညာရတာလဲ”

အိပ်မက်မှ နိုးထလာသည့်ပမာ ဟစ်ဂတ်က ကမန်းကတန်း ပြောလိုက်သည် “ဂုဏ်ယူရပါသောမစ္စတာ၊ ကျုပ်ကို မရယ်ပါနဲ့။ ခင်ဗျားရဲ့လေလံဈေးက ကျုပ်ကို တကယ်ထိတ်လန့်သွားစေခဲ့လို့ပါ။ ဒီလောက်များတဲ့ပိုက်ဆံကို ဘယ်တော့မှ မမြင်ဖူးတဲ့ ကျုပ်ကို မရယ်ဖို့ ကျုပ် မျှော်လင့်တယ်။ ကောင်းပါပြီ၊ ဒီရတနာကို ဒီလူကြီးမင်းက ဒေါ်လာလေးဘီလီယံနဲ့ ပိုင်ဆိုင်သွားပြီးဆိုတာ ဒီနေရာကနေ ကျုပ် အခုပဲ ကြေညာပါတယ်။ ကျေးဇူးပြုပြီး လုပ်ငန်းစဉ်ကို အဆုံးသတ်ဖို့ တစ်ယောက်ယောက်ကို စင်အနောက်ကို လွှတ်လိုက်ပါ၊ မစ္စတာ”

လူအိုကြီးက အနည်းငယ် ပြုံးလိုက်သည်၊ ထိုင်ချပြီးနောက် သူ့ဘေးနားရှိလူတစ်ယောက်အား ခေါင်းညိတ်ပြလိုက်၏။

အရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် ဟစ်ဂတ်က ဆက်ပြောသည် “ဒုတိယမြောက်လေလံတင်မယ့်ပစ္စည်းက မှော်လက်နက်တစ်ခုပဲ။ ဒီမှော်လက်နက်ကို သားရဲရိုင်းတွေကို ခုတ်ပိုင်းဖို့နဲ့ မီတာရာအနည်းငယ်မြင့်တဲ့တောင်တစ်လုံးကို ခုတ်ဖြတ်ဖို့ အသုံးပြုနိုင်တယ်လို့ ပြောတယ်။ ကောင်းပါပြီ၊ ကျုပ်ကိုပေးခဲ့တဲ့ဇာတ်ညွှန်းက အတော်လေးလွန်ကဲတယ်လို့ ထင်ပေမယ့်လဲ ဒီနေရာက လူတိုင်းကို အဲအတိုင်းပဲ ကျုပ် ပြောရမှာပဲ။ ဒီပစ္စည်းအတွက် ကြမ်းခင်းဈေးက ဒေါ်လာသန်းငါးရာပါခင်ဗျာ”

All Chapters