ကြီးမားသောအစီအစဉ်
Vol. 87 Ch. 1217
သွမ်မုလင်က လိုက်ပို့ပြီးလျှင်တောင်မှ ထန်ယွင်ဖမ်းက စိတ်လှုပ်ရှားနေသေးသည်၊ သို့သော် နောက်ထပ်အရေးကြီးသောကိစ္စတစ်ခုနှင့် ပတ်သက်၍ သူ မမေ့ပေ။ သူက ထန်ရှု၏နံပါတ်အား ချက်ချင်း ခေါ်ကာ နက်ရှိုင်းသောလေသံနှင့် ပြောလိုက်၏ “အိမ်ကို ချက်ချင်းလာ။ ငါ မင်းကို ပြောစရာတစ်ခုရှိတယ်”
“နာရီဝက်ပဲစောင့်”ထန်ရှုက ပြန်ဖြေ၏။
နောက်နာရီဝက်လောက်တွင် ထန်ရှုက ရောက်လာသည်။ ထန်ယွင်ဖမ်းကို မြင်ပြီးနောက် သူက ပြုံးကာ ပြောလိုက်၏ “သွမ်မုလင် လာသွားတယ်လို့ ကျွန်တော် ကြားတယ်၊ ဟုတ်လား”
ထန်ယွင်ဖမ်းက စိတ်လှုပ်ရှားစွာ မေးလိုက်၏ “ရှုအာ၊ မင်း ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ငါ့ကို သေချာပြောပါ။ သူက…သူက အရင်ကနဲ့ နည်းနည်းမတူတော့ဘူး”
“ဒါ ဘာမှ ကြီးကျယ်တာ မဟုတ်ပါဘူး”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုရဲ့ဒါရိုက်တာဖြစ်ပြီး ငါတို့ဘက်မှာ သူရှိတာက ငါတို့မိသားစုအတွက် အရမ်းအကျိုးရှိတယ်လို့ ငါ ထင်တယ်၊ ဒါကြောင့် ငါ သူ့ကို ကျင့်ကြံခြင်းပညာရပ်တစ်ခု သင်ကြားပေးပြီး ဆေးလုံးအချို့ ပေးခဲ့တာ။ ပြီးတော့ ဆယ်စုနှစ်အနည်းငယ်ကြာပြီးရင် သူက ထန်ဂိုဏ်းကို ပူးပေါင်းပြီး အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ငါ သူ့ကို ကတိပေးခဲ့တယ်၊ ပြီးတော့ သူ့ကို ငါတို့နဲ့အတူ ထွက်သွားခွင့်ပြုမယ်ဆိုတာရောပေါ့”
“ထွက်သွားမှာလား။ ဘယ်နေရာကိုလဲ”ထန်ယွင်ဖမ်းက ကမန်းကတန်း မေး၏။
“အင်မော်တယ်ကမ္ဘာ”ထန်ရှုက အလေးအနက်ထားလျက် ပြန်ဖြေသည်။
ထန်ယွင်ဖမ်းက ရုတ်တရက် ထိတ်လန့်သွားကာ မေးလိုက်၏ “အင်မော်တယ်ကမ္ဘာလား။ ကျင့်ကြံသူတွေအားလုံးရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့နေရာလား…”
“မှန်တယ်…”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
ထန်ယွင်ဖမ်းက အချိန်အတန်ကြာ နှုတ်ဆိတ်သွားပြီးနောက် အလေးအနက်ထားမေးလိုက်၏ “ရှုအာ၊ ဒီအင်မော်တယ်ကမ္ဘာက ဘယ်နေရာမှာလဲ။ အဲဒါက ဒဏ္ဍာရီမှာ ပြောနေကျလို သုခဘုံတစ်ခုလို…ကောင်းကင်ဘုံတစ်ခုလိုလား…”
“အင်မော်တယ်ကမ္ဘာက မြင်ကွင်းက သုခဘုံနဲ့တူတာ တကယ်ပဲ၊ ပြီးတော့ ကမ္ဘာမြေပေါ်မှာ ရှာတွေ့ဖို့ ခက်ခဲတဲ့ အရာတွေလဲ တည်ရှိတယ်။ ဒါပေမယ့် အဲနေရာက ကောင်းကင်ဘုံမဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “အပွင့်လင်းဆုံးဖော်ပြရရင် အဲနေရာက ကမ္ဘာမြေနဲ့ နှိုင်းယှဉ်ရင် ငရဲနဲ့ တူတယ်”
“မင်း…”ထန်ယွင်ဖမ်းက ပါးစပ်ဟသွားသည်၊ သို့သော် သူ့ခံစားချက်အား ဘယ်လိုဖော်ပြရမလဲ သူ မသိပေ။
“ပထမဉီးလေး၊ ဘယ်ကမ္ဘာမှာမဆို လိုက်လျောညီထွေအရှိဆုံးသူတွေကပဲ အသက်ရှင်နိုင်လိမ့်မယ်”ထန်ရှုက ပြော၏ “ငါ့လေသံက အနည်းငယ်အစွန်းရောက်ပေမယ့် အဲဒါက အကျိုးအကြောင်းမညီညွတ်တာတော့ မဟုတ်ဘူး။ အင်မော်တယ်ကမ္ဘာက သုခဘုံတစ်ခုဖြစ်တာကို ခံစားချင်ရင် ဉီးလေးမှာ ပြောင်မြောက်တဲ့ခွန်အားကို ပိုင်ဆိုင်ရမယ်၊ အားနည်းတဲ့လူတွေအတွက်ကတော့ အဲနေရာမှာ ခွေးတွေဝက်တွေလိုပဲ နေရမယ်။ ၎င်းက ဉပဒေတွေ၊ စစ်မှန်တဲ့ငြိမ်းချမ်းမှုတွေ ဘယ်တော့မှ မရှိတဲ့ နေရာတစ်ခုပဲ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးက နဂါးငွေ့တန်းတစ်ခုလုံးထက် ပိုကြီးတယ်။ မျိုးနွယ်စုအသင်္ချေနဲ့မရေမတွက်နိုင်တဲ့ကျွမ်းကျင်သူတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ အင်မော်တယ်တွေက အားကောင်းတဲ့သက်ရှိတွေလို့ ဉီးလေး ထင်ထားတာမလား။ ငါ ဉီးလေးကို ပြောပြမယ်၊ အင်မော်တယ်ထောင်ချီက နေ့တိုင်း သေကြေပျက်ဆီးရတယ်ဆိုတာပဲ”
ထန်ရှုက ရှင်းပြတာ ရပ်လိုက်သည်ကို မြင်ပြီးနောက် ထန်ယွင်ဖမ်းက ရေရွတ်လိုက်သည် “ဒါပေမယ့် မင်းက ငါတို့မိသားစုကို ခေါ်သွားချင်သေး…”
ထန်ရှုက လက်မြှောက်ကာ သူ့အား တားလိုက်ပြီးနောက် ဆက်ပြော၏ “ပထမဉီးလေး၊ ဉီးလေးက ပိုသန်မာပြီး အသက်ပိုရှည်ရှည်နေချင်ရင် အင်မော်တယ်ကမ္ဘာက ဉီးလေးသွားရမယ့်နေရာပဲ။ ထိုနေရာမှာ အင်မော်တယ်ဆေးလုံးတွေ၊ အင်မော်တယ်နတ်သုဒ္ဓတွေရှိပြီး ပိုအားကောင်းအောင် လေ့ကျင့်လို့ရတယ်။ ဉီးလေးက နှစ်ထောင်ချီ၊ နှစ်သောင်းချီ အသက်မရှည်ချင်ဘူးလား။ ဂြိုလ်တစ်ခုလုံးကို လက်တစ်ချောင်းနဲ့၊ နဂါးငွေ့တန်းတစ်ခုကို လက်သီးတစ်ချက်နဲ့ မဖျက်ဆီးချင်ဘူးလား”
သူ့သွေးများ ဆူပွက်လာသလို ထန်ယွင်ဖမ်းက ခံစားရသည်၊ ယခင်က သူ မခံစားဖူးသော ဆန္ဒတစ်ခုက လိမ့်တက်လာ၏။
အင်မော်တယ်ကမ္ဘာနဲ့ ပြောင်မြောက်တဲ့စွမ်းအားကို ပိုင်ဆိုင်ခြင်းလား။
ထို့နောက် သူက ထန်ရှုက သေချာစိုက်ကြည့်ကာ မေးလိုက်၏ “မင်း ဒါတွေအားလုံးကို ဘယ်လိုလုပ်သိတာလဲ၊ ရှုအာ”
သက်ပြင်းတစ်ချက်ချကာ ခေါင်းခါယမ်းပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ဉီးလေး၊ လောလောဆယ် အဲဒါနဲ့ ပတ်သက်ပြီး ဉီးလေးကို ငါ မပြောပြနိုင်ဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ထပ်မမေးနဲ့တော့။ အင်မော်တယ်ကမ္ဘာကို ငါတို့တွေ ခြေချတဲ့နေ့ကျရင် ငါ ဉီးလေးကို အားလုံးရှင်းပြမယ်။ အခု ဉီးလေးလုပ်ရမှာက အစွမ်းကုန်ကျင့်ကြံဖို့ပဲ။ နောက်ဆယ်စုနှစ်အနည်းငယ်ကျရင် ဉီးလေးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေဖို့ ငါ မျှော်လင့်တယ်။ ကောင်းပြီလေ၊ အခု ငါ ပြောခဲ့တာတွေကို ခေါင်းထဲ သိပ်ထည့်မနေနဲ့၊ ငါ ဉီးလေးကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ အရင် သင်ကြားပေးမယ်”
ထန်ယွင်ဖမ်းက ခေါင်းညိတ်လိုက်သည်။
ညနက်တွင်။
ထန်ရှုက အခန်းမှ ထွက်ကာ အနားယူရန် သူ့အခန်းသို့ ထွက်မည့်ဆဲဆဲတွင် ထန်ယွင်ဖမ်း၏အသံက အနောက်မှ ထွက်လာ၏ “ရှုအာ၊ ဒီနေ့ သွမ်မုလင်က ငါ့ကို တစ်ခု ပြောခဲ့တယ်။ မကြာခင် ငါက ပြောင်းရွှေ့ခံရပြီး ငါ့ရဲ့နောက်နေရာက ရှန်းဟိုင်ဖြစ်မယ်လို့ သူ ပြောတယ်”
ထန်ရှုက ခြေလှမ်းရပ်ကာ ပြုံးလျက် ပြန်ပြော၏ “ကောင်းပါပြီ၊ ဉီးလေးက ရှန်းဟိုင်မှာ ရှိတဲ့အခါ ငါတို့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဉီးလေးရဲ့ဂရုစိုက်မှုကို လိုအပ်ပါသေးတယ်”
“မစိုးရိမ်ပါနဲ့”
နောက်သုံးရက်တွင် ထန်ရှုက အထူးစွမ်းရည်ဗျူရိုဌာနချုပ်သို့ သွားကာ သွမ်မုလင်နှင့် သောက်ရင်း ကိစ္စအချို့ ဆွေးနွေးခဲ့သည်၊ ထို့နောက် သူက ထိုလူအား ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ပေးပြီးမှ ထွက်ခွာလာ၏။ ထို့နောက် သူက ထန်မိသားစုအိမ်ရာတွင် နေကာ ထန်ယွင်ဖမ်းအား ကျင့်ကြံခြင်းပညာရပ်သင်ကြားပေးပြီး သူ့ကျင့်ကြံခြင်းအား ကူညီပေးခဲ့သည်။
သုံးရက်ကြာပြီးနောက် ထန်ယွင်ဖမ်းက သူ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲရှိ စွမ်းအင်လှည့်ပတ်မှုအား အာရုံခံနိုင်လာခဲ့သည်။
****
ဒီဇင်ဘာ၁၅တွင်။
မနက်စောစောတွင် ကြီးမားသောနှင်းပွင့်များက သတိပေးခြင်းမရှိဘဲ ကျဆင်းလာသည်။ ယနေ့နှင်းကျမည်ဟု မိုးလေဝါသဌာနမှ ကြေငြာခြင်း မရှိပေ။ ထန်ရှုက ပေကျင်းမှ ရှန်းဟိုင်သို့ သွားမည့်ပြင်စဉ် ပုထောင်က သူ့အား ဖုန်းခေါ်လာသည်။
“ထန်ရှု၊ ချင်ရှောက်ယန်နဲ့ငါက ဧကရာဇ်ကလပ်မှာ ရှိတယ်။ ငါတို့ တွေ့လို့ရမလား”
“ရတယ်။ ငါ အဲကို အခုပဲ လာခဲ့မယ်”
ထန်ရှုက ဖုန်းချလိုက်သည်။ မထွက်ခွာခင် သူက ပုထောင်နှင့်ချင်ရှောက်ယန်တို့အား တွေ့ချင်သည်။ ပေကျင်းတွင် သူတို့နှစ်ယောက်ကလွဲပြီး သူ့တွင် သူငယ်ချင်းမရှိပေ။
ထို့နောက် သူက အိမ်မှ ထွက်ကာ လမ်းကြားမှ ထွက်လာ၏။ လမ်းပေါ်တွင် တက္ကစီငှားလိုက်ပြီး ဒရိုက်ဘာအား ဧကရာဇ်ကလပ်သို့ မောင်းရန် ပြော၏၊ ထို့နောက် သူက ရှန်းဟိုင်ရှိ မိုရီထံ ဖုန်းခေါ်လိုက်သည်။
“တစ်ခုခုရှိလို့လား၊ ထန်ရှု”မိုရီ၏အသံက ဖုန်းမှ ထွက်လာသည်။
“ပါမောက္ခမို၊ ခင်ဗျားရဲ့လက်ရှိအလုပ်ကို ချထားလို့ရမလား။ ငါ ဒီည ရှန်းဟိုင်မှာ ရှိနေမယ်၊ ငါ ခင်ဗျားနဲ့ ပြောစရာတစ်ခုခုရှိတယ်”ထန်ရှုက ပြော၏။
“မင်းစိတ်ထဲမှာ အခြားအစီအစဉ်ကြီးတွေ ရှိလို့လား၊ ထန်ရှု”မိုရီက မေး၏ “လက်ရှိသုတေသနပရောဂျက်က အရေးကြီးတဲ့အဆင့်မှာ ရှိတယ်။ နှစ်လခန့်ကြာရင် ငါတို့က ရလဒ်ကောင်းတစ်ခုထွက်လာမယ်လို့ မျှော်လင့်ထားတယ်”
“နောက်အစီအစဉ်က အရမ်းအရေးကြီးတယ်။ ငါတို့အတွက်သာမကဘူး၊ အဲဒါက လူသားမျိုးနွယ်တစ်ခုလုံးအတွက်ပါ အဆုံးမရှိတဲ့အကျိုးအမြတ်တွေကို ယူလာလိမ့်မယ်”ထန်ရှုက ပြော၏ “ကောင်းပြီလေ၊ ဒါကို နောက်မှ ပြောကြတာပေါ့။ ကျုပ်ကို…သုခဘုံစံအိမ်မှာ စောင့်နေ”
“ဒါဆို ကောင်းပါပြီ…”
ထန်ရှုက ဘယ်တော့မှ စကားကြီးစကားကျယ်မပြောသည်ကို မိုရီက သိ၏။ အရေးတကြီးပြောစရာတစ်ခုရှိသည်ဟု သူ ပြောသောကြောင့် ၎င်းက အလွန်အရေးကြီးရမည်။
ထန်ရှုက ဖုန်းချကာ သွမ်မုလင်အား ခေါ်မည်ပြင်စဉ် ဒရိုက်ဘာက ပြုံးကာ ရုတ်တရက် ပြောလိုက်သည် “လူငယ်လေး၊ လူသားမျိုးနွယ်တစ်ခုလုံးကို အကြီးအကျယ်အကျိုးရှိစေနိုင်တဲ့အစီအစဉ်တစ်ခုလို့ မင်း ပြောခဲ့တယ်မလား။ အဲဒါ ဘာလဲဆိုတာ မင်း ငါ့ကို မျှဝေနိုင်မလား”
ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ကောင်းပါပြီ၊ အစီအစဉ်က အရမ်းရိုးရှင်းပါတယ်။ နဂါးငွေ့တန်းမှာ လူသားတွေနေထိုင်ဖို့အတွက် နေရာအနည်းငယ်ကို ကျုပ်က တည်ဆောက်မလို့။ ပြီးတော့ ကျုပ်တို့လူသားမျိုးနွယ်က ကမ္ဘာမြေပေါ်မှာ အခြေချနေတာ ကြာလွန်းပြီးလေ၊ ဒါကြောင့် စကြာဝဠာကို အုပ်ချုပ်ဖို့ ခရီးကို ကျုပ်တို့တွေ စတင်သင့်တယ်။ ဒါကြောင့် ကျုပ်တို့က နဂါးငွေ့တန်းတစ်ခုလုံးမှာ လူနေဖို့ကို စတင်ရတာပဲ”
“ဝူး၊ ဟားဟားဟား…”
ဒရိုင်ဘာက မနေနိုင်ဘဲ ရယ်လိုက်သည်။ သူက စတီယာဘီးအား ပုတ်ကာ ပြုံးဖြဲဖြဲနှင့် ပြော၏ “ကောင်းပြီလေ၊ မင်းက တကယ်…အံအားသင့်စရာကောင်းတာပဲ…ညီလေး။ လူကြွားတွေများစွာကို ငါ မြင်ဖူးပါတယ်၊ ဒါပေမယ့် တစ်ယောက်မှ မင်းလောက် အံ့အားသင့်စရာမကောင်းဘူး”
ထန်ရှုက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်၊ သူက ပြန်မငြင်းခဲ့ပေ။
ဒီဒရိုက်ဘာက သူ့အစီအစဉ်ကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။
ဧကရာဇ်ကလပ်တွင်။
စီးကရက်တစ်လိပ် နှုတ်ခမ်းကြား ညှပ်လျက် ချန်ဟောင်ရန်က အလှလေးနှစ်ယောက်အား ပွေ့ဖက်ထားရင်း ချင်ရှောက်ယန်အား ရန်လိုစွာ စိုက်ကြည့်လိုက်သည်။ သူ့ဘေးနားတွင် လက်နက်များနှင့် လူငယ်ငါးယောက်ရှိ၏။
“ငါ မင်းကို နှစ်ပတ်အချိန်ပေးမယ်၊ ချင်မျိုးရိုး။ အဲအခါကျရင် မင်းက ဒီစာချုပ်ကို ချုပ်ဆိုဖို့ ငြင်းပယ်မယ်ဆိုရင် မင်းနဲ့မင်းရဲ့အဖိုးကြီးက ပေကျင်းကို ဘယ်တော့မှ ထပ်ခြေမချစေရတော့ဘူးလို့ ငါ ပြောတယ်။ မင်း ငါ့ကို မယုံကြည်ရင် စောင့်နေပေါ့…”ချန်ဟောင်ရန်က ပြုံးကာ ပြောလိုက်၏။
“ငါက မင်းကို ကြောက်မယ်လို့ မင်း တကယ်ထင်တာလား၊ ချန်ဟောင်ရန်”ချင်ရှောက်ယန်က စိတ်မဝင်စားစွာ ပြန်ပြော၏ “မင်းက ငါ့ကို တိုက်ခိုက်ချင်နေတာလား။ ငါက အချိန်မရွေးပဲ။ ချင်တွေက သေးငယ်တဲ့မိသားစုတစ်ခုဖြစ်ပေမယ့် ငါတို့က အရာအားလုံးကို မစွန့်စားရဲဘူးလို့ မင်း မထင်နဲ့။ တိုက်ခိုက်ပြီးရင် မင်းရဲ့ချန်မိသားစုက ပေကျင်းမှာ ခြေချဖို့ နေရာတစ်ခုရှိအုံးမယ်လို့ ငါ မထင်ဘူး”
ချန်ဟောင်ရန်၏အမူအရာက ပြောင်းလဲသွားပြီး သူက ပြင်းထန်စွာ ပြော၏ “ဟမ့်၊ အရင်က မင်းဘေးမှာ ချူရီနဲ့ထန်ဝေ့ရှိပါတယ်၊ ပြီးတော့ ထန်အိမ်ရောပေါ့။ ဒါပေမယ့် အခု ထန်တွေက ပြီးဆုံးသွားပြီ။ သူတို့က ဘယ်လိုအားကောင်းတဲ့ပုဂ္ဂိုလ်ကို ရန်စခဲ့သလဲ ငါ မသိဘူး၊ ဒါပေမယ့် သူတို့အားလုံး ပျောက်နေတယ်။ အခု မင်းက ဘယ်သူ့ကို မှီခိုမှာလဲ။ ဘယ်သူက မင်းကို ထောက်ပံ့ပေးမှာလဲ”
“ငါ…”
ပုထောင်က အဝေးမှ လျှောက်လာသည်။ သူက ချန်ဟောင်ရန်နှင့်လူငါးယောက်အား တစ်ချက်ကြည့်သည်။ ထို့နောက် သူက စိတ်မဝင်စားစွာ ပြောလိုက်၏ “ထန်မိသားစုက ပြီးသွားပြီလို့ ငါ မထင်ဘူး။ အဲလိုဆိုရင်တောင် ငါ့ရဲ့ပုမိသားစုရှိသေးတယ်။ ချန်ဟောင်ရန်နဲ့မင်းတို့ကျန်တဲ့ကောင်တွေ၊ ရှောက်ယန်က ငါ့သူငယ်ချင်းပဲ။ မင်းတို့က သူ့ကို ရန်စရဲရင် ငါ့ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့”
ချန်ဟောင်ရန်က ပုထောင်အား စိုက်ကြည့်လိုက်သည်။ သူက ခဏလောက်နှုတ်ဆိတ်သွားပြီးနောက် ပြော၏ “ပုထောင်၊ မင်းရဲ့မိသားစုက ငါတို့မိသားစုခြောက်ခုကို ယှဉ်ပြိုင်နိုင်မယ်ဆိုတာ သေချာလား”
“ငါ့တစ်ယောက်တည်းနဲ့တင် မင်းတို့မိသားစုခြောက်ခုစလုံးကို ဖျက်ဆီးနိုင်တယ်”
ထန်ရှုက ထွက်လာသည်။ သူ့မျက်လုံးများက ချန်ဟောင်ရန်အပေါ် ကျရောက်သွားကာ သူက ပြော၏ “မင်းရဲ့မိသားစုက ဘာလဲဆိုတာ ငါ့ကို ပြောရဲလား။ ဒီညကျော်ရင် မင်းရဲ့မိသားစုက မြို့တော်ကနေ ပျောက်သွားဖို့ ငါ အာမခံတယ်။ မင်း ဒါကို ယုံလားမယုံဘူးလား”
“ထန်…ထန်ရှုလား”
မယုံကြည်နိုင်သောမျက်နှာနှင့်အတူ ချန်ဟောင်ရန်၏မျက်ခုံးများက ကျုံ့သွား၏။ ထန်ယွင်ဖမ်းက လွဲပြီး ထန်မိသားစုဝင်တိုင်းက ပျောက်ကွယ်နေသည်ကို လူတိုင်း သိသည်၊ သို့သော် ဤနေရာတွင် ထန်ရှုအား မြင်တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထန်အိမ်က လူသားများစွာ၏နှလုံးသားအား ဖိနှိပ်နေသောတည်ရှိမှုတစ်ခုဖြစ်သည်။ ဘယ်မိသားစုကမှ သူတို့၏ရန်သူ မဖြစ်ရဲပေ၊ ထန်ရှုကိုယ်တိုင်က ထန်အိမ်ခေါင်းဆောင်၏ရတနာမေးဖြစ်ပြီး တိုင်းပြည်အတွက် အရေးပါသောအရာအမြောက်အများ လုပ်ပေးခဲ့သူဖြစ်သည်။ သူ့တွင် သတ္တိရှိလျှင်ပင် ချန်ဟောင်ရန်က ထန်ရှုကို ပြဿနာမရှာရဲပေ။
“ထန်ရှုက ဘာကောင်လဲ။ ထန်အိမ်ရဲ့အဖွဲ့ဝင်တွေအားလုံးက အစိုးရရာထူးမှ နှုတ်ထွက်ခဲ့ပြီး အားလုံးက ပျောက်နေကြတယ်။ သူတို့ရဲ့စီးပွားရေးလုပ်ငန်းကတောင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပေါင်းစည်းထားတယ်။ မင်းက ဘာကြောက်နေတာလဲ” ထန်ရှု၏မှတ်ချက်ကြောင့် နောက်ထပ်လူငယ်တစ်ယောက်က ဒေါသထွက်သွားပြီး အထင်သေးစွာ ပြောလိုက်၏။