← Chapters

စစ်သည်တော်

Vol. 52 Ch. 715

စစ်သည်တော်

Vol. 52 Ch. 715

“ဂီး...”

ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေ၊ အလင်းပြာဂြိုဟ်၏ လေထုအလွှာ အပြင်ဘက်၌ နှစ်ဆယ့် နှစ်မီတာ အရွယ်အစား ရှိသည့် အဖြူရောင်နှင့် ရွှေရောင်စပ် သတ္တဝါ တစ်ကောင် ပေါ်ထွက်လာခဲ့၏။

“ကျွန်တော်တို့ ရောက်ပြီ...”

ပိုင်လင်၏ ငယ်ရွယ် နုပျိုသည့် စူးရှရှ အသံက ပျံ့လွင့် ထွက်ပေါ်လာကာ သူမ ကျောထက်၌ အိပ်ပျော်နေသည့် ဝေ့ဝူယင်ကို နိုးသွားစေခဲ့သည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ဖြည်းညင်းစွာ ပွင့်ဟလာကာ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ် လိုက်၏။ မကြာခင်မှာပင် သူက ထိုမျက်လုံးများကို ပျင်းရိစွာဖြင့် ပြန်လည် မှိတ်ကာ နောက်တစ်ကြိမ် အနားယူလိုက်သည်။

“ငါ့ကို အဲဒီနေရာဆီ တိုက်ရိုက် ခေါ်သွားပေး...”

ပထမတစ်ကြိမ်ကနှင့် ခြားနားစွာပင် ဝေ့ဝူယင်မှာ အနီးအနားရှိ ဘယ်မြို့၊ ဘယ်ရွာတွင်မှာမှ ဝင်ရောက် တစ်စခန်းချ၍ “စစ်” ဟူသော သင်္ကေတအကြောင်း စုံစမ်းရန် စိတ်မဝင်စားတော့ချေ။ ကောင်းကင်တာအို၏ လွှမ်းမိုးမှုများက သူ့ကို ထိုနေရာဆီ သွားရန် အဆက်မပြတ် ညွှန်ကြားနေလေရာ ထပ်ဆောင်း စဥ်းစားဖို့ သူ့တွင် အချိန်မရှိတော့ချေ။

ဝိညာဥ်နတ်ဘုရား ဆေးရည်အား သူ သောက်သုံးပြီးသည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အခွင့်အရေးအား လွဲချော်ခဲ့ပါက နောက်တစ်ကြိမ် ရဖို့ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့်ပင် သူ ကိုယ်ပျောက်ကြီးမှ စွန့်ခွာကာ ပိုင်လင်နှင့် အတူ ဤနေရာသို့ ရောက်ရန် သုံးပတ် တိုင်တိုင် အပြင်းနှင် လာခဲ့ခြင်း ဖြစ်သည်။ ယောင်ဟုန်ယိပင်လျှင် ကိုယ်ပျောက်ကြီးထက်၌ ကျင့်ကြံ၍ ကျန်ရစ်ခဲ့သည်။

ပထမ၌ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖွင့်ရန်ပင် သူ စဥ်းစားမိသေးသည့်တိုင် အကွာအဝေးနှင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အတားအဆီးများက ကြီးမားလွန်းလှသည်။ သူ၊ ပိုင်လင်နှင့် ယွီစွန်းလီတို့ကို မိုင်တစ်သောင်းခန့် ပို့ဆောင်ခြင်းက ပင်လျှင် ကြယ်တာရာ အင်အား အားလုံးနီးပါးကို ကုန်ဆုံးသည် အထိ ဖြစ်စေခဲ့သည်။ ဤသည်က ထိုထက် အဆပေါင်း များစွာ ပိုမို ကွာဝေးသည့် ခရီးလမ်း ဖြစ်သည်။ ဝေ့ဝူယင် အလောင်းအစား ပြုလုပ်ရန် ဆန္ဒ မရှိပါချေ။

ကိုယ်ပျောက်ကြီးမှ မထွက်ခွာခင် မလိုလားအပ်သော ပဋိပက္ခများကို ရှောင်ရှားရန် အတွက် ဝေ့ဝူယင် သင်္ဘော တစ်ခုလုံးကို ကျင့်ကြံခြင်း တစ်ခုတည်းတွင်သာ အာရုံစိုက်နေရန် အမိန့်ပေးခဲ့သည်။ ထို့အတွက်လည်း တစ်ပတ်ခန့် အချိန်ယူ၍ အဆင့်ငါးနှင့် အဆင့်ခြောက် အဂ္ဂိရတ် ထုတ်ကုန် သန်းချီကို သင်္ဘောသားများ အတွက် သူ ဖော်စပ်ပေးခဲ့ပြီး ဖြစ်သည်။

အဆင့်ကိုး ထုတ်ကုန်များကို အဆက်မပြတ် ဖော်စပ်ပြီး နောက်တွင် ဝေ့ဝူယင် အတွက် အဆင့်ငါးနှင့် အဆင့်ခြောက် ထုတ်ကုန်များ ဖော်စပ်ရသည်မှာ ငှက်ပျောသီး အခွံနွှာသည်ထက်ပင် လွယ်ကူ နေခဲ့ပြီ ဖြစ်သည်။ သူက မှော်ဆေးအိုး ရာချီကို တစ်ပြိုင်နက်တည်း ထိန်းချုက်ကာ ကောင်းကင် သုံးဆယ့် ခြောက်ပါး ဆေးဖော်စပ်ခြင်း နည်းလမ်းကိုပင် အသုံးပြု ဖော်စပ်နိုင်စွမ်း ရှိသည်။ ထို့အပြင် အဆင့်ငါး၊ ခြောက် ဆေးတစ်ဖုံ အတွက် သူဖော်စပ်သည့် ကြာချိန်ကလည်း အများဆုံးမှ စက္ကန့်ပိုင်းလောက်သာ ဖြစ်သည်။

ဆိုလိုသည်က တစ်စက္ကန့်မျှ အချိန် အတွင်းမှာပင် သူ ဆေးအမျိုးအစားပေါင်း တစ်ထောင်ကျော်ကို ဖော်စပ် နိုင်ပေသည်။ သူ့အတွက် တစ်ပတ် အတွင်း သန်းချီသော အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ခြင်းမှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပါချေ။ လိုအပ်သည့် ရင်းမြစ်များလား... အဆင့်ငါးနှင့် အဆင့် ခြောက် ထုတ်ကုန်များ ဖော်စပ်ရန် လိုအပ်သည့် ကုန်ကြမ်းများမှာ နေရာတိုင်းတွင် စျေးပေါပေါနှင့် ရနိုင်သည့် အရာများ ဖြစ်ပေသည်။

ဟူး... ဟူး...

ပိုင်လင်မှာ အလင်းပြာဂြိုဟ်၏ အကာအကွယ်အလွှာကို တိုက်ရိုက်ပင် ချိုးဖျက်ကာ လေထုအလွှာ အတွင်း တိုးဝင်လိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်မှာ မိမိကိုယ်ကို နှိမ့်ချကာ တရားဝင် ဂြိုဟ်ဝင်ပေါက်များမှ ဝင်ကြေးပေး၍ ဝင်ရောက်ရန် ဂရုမစိုက်တော့ချေ။

အလင်းပြာဂြိုဟ်ထက်ရှိ အမျိုးမျိုးသော အင်အားစုများမှာ ချက်ချင်းပင် ကျူးကျော် ဝင်ရောက်မှုကို သတိထားမိ လိုက်ကြ၏။ သို့သော်လည်း... ကျူးကျော်သူက အကာအကွယ် ဝင်္ကပါကိုပင် တိုက်ရိုက် ချိုးဖျက် လာခြင်း ဖြစ်လေရာ မည်သူမှ အဆောတလျင် မလှုပ်ရှား ဝံ့ပါချေ။ ထို့အစား သူတို့က အလင်းပြာ၏ အုပ်စိုးသူ ဖြစ်သည့် ဝိညာဥ်လမ်းလျှောက်သူ ခန်းမနှင့် အနီးအနားရှိ ဂြိုဟ်ရှစ်ခုကိုသာ တိုက်ရိုက် အကြောင်းကြားလိုက်ကြ၏။

လင်းပြာဂြိုဟ်မှာ ရင်းမြစ်နှင့် ကျင့်ကြံခြင်းတို့နှင့် ပေါကြွယ်ဝသည့် နေရာတစ်ခု ဖြစ်သည့် အပြင် မရေမတွက်နိုင်သည့် ခန်းမများ အိမ်ပြု နေထိုင်ရာ နေရာလည်း ဖြစ်သည်။

မကြာခင်မှာပင် ပိုင်လင်၏ ပျံသန်းမှုမှာ သတ်မှတ်ထားသည့် နေရာတစ်ခုဆီသို့ ရောက်ရှိ လာခဲ့သည်။ ၎င်းက မည်သည့် သက်ရှိ အရိပ်အယောင်မှ မရှိသည့် ဒေသ တစ်ခု ဖြစ်၏။ အလွန် ကျယ်ပြန့်သော မြက်ခင်းစိမ်း လွင်ပြင်များ သာလျှင် မိုင်ပေါင်း ရာချီကို ဖြန့်ကျက်လျှက် ရှိသည်။ သို့သော်လည်း... ထူးဆန်းစွာပင် ထိုနေရာ၌ မည်သည့် ရုပ်ဝတ္ထုမှ တည်ရှိမနေပါချေ။ လေထု၏ အခြေအနေသည်ပင် လေးလံ ထိုင်းမှိုင်းနေ၏။

ထိုနေရာကို ရောက်သည်နှင့် ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာပင် ပြန်လည် ပွင့်လာခဲ့၏။ သူက လက်ဝါးကို မျက်နှာထက်၌ ဖြန့်လိုက်ရင်း အနီးကပ် စူးစိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်း၌ အကူအညီ အဖြစ် ဝိညာဥ်အာရုံကိုလည်း အသုံးပြုထား၏။

သူ၏ လက်ဝါးထက်တွင်တော့ “စစ်” ဆိုသော သင်္ကေတမှာ ကြယ်တစ်စင်း ကဲ့သို့ တဖျပ်ဖျပ် တောက်ပသော အရောင်များကို ထုတ်လွှတ်နေသည်။ ၎င်းက ထူးဆန်းသော ရည်ရွယ်ချက် အော်ရာများကို ထုတ်လွှတ်နေကာ ဝေ့ဝူယင်မှာ ထိုအငွေ့အသက်နှင့် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော်လည်း မည်သည့် အချိန်၊ မည်သည့် နေရာတွင် ရင်းနှီးခဲ့ဖူးကိုတော့ ဝေ့ဝူယင် မသိပါချေ။

“ဟုတ်တယ်... ဒီနေရာပဲ...”

ဝေ့ဝူယင်က အတည်ပြုလိုက်၏။ ပိုင်လင်က ခပ်တိုးတိုး အော်မြည်သံ တစ်ချက်ကို ထုတ်လွှတ်လိုက်ရင်း အတောင်ပံ ခပ်အားကို လျှော့ကာ မြေပြင်ပေါ် ဆင်းသက် လိုက်သည်။

ထို့နောက် သူမက လည်ပင်းရှည်ကြီးကို သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်ရင်း ကျယ်ပြန့်သော မြက်ခြင်း ပြင်ကျယ်ကြီးကို အကဲခတ်လိုက်၏။ သို့သော်လည်း မည်သည့် ထူးခြားချက်ကိုမှ မတွေ့ရချေ။ ပထမ၌ ၎င်းက ကြီးကျယ် ခမ်းနားသည့် တည်နေရာ တစ်ခု သို့မဟုတ် နန်းတော်၊ ဂိတ်တံခါး တစ်ခုခု ဖြစ်ရမည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ပိုင်လင်ကို ခန္ဓာကိုယ်ထက်မှ ထထိုင်လိုက်၏။ ထို့နောက် သူက ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ ဗလာနတ္ထိ ဖြစ်နေသည့် မိုင်ရာဂဏန်းခန့် ဧရိယာကြီးကို ဖြန့်ကျက်လိုက်သည်။ သူသည်လည်းပဲ ပိုင်လင် ကဲ့သို့ ဘာမဆို ဘာမှ မတွေ့ရချေ။ သို့သော်လည်း လက်ဝါးထက်ရှိ “စစ်” ဆိုသော သင်္ကေတ၏ တုန့်ပြန်မှုနှင့် ကြယ်တာရာ မြေပုံတို့ကတော့ ဤနေရာက မှန်ကန်ကြောင်း ညွှန်းဆိုနေသည်။

ထို့အပြင်... ဝေ့ဝူယင်မှာ ဖက်တီး ကျင့်ကြံသူ၏ မှတ်ဉာဏ်များထဲမှ တစ်ဆင့် အလင်းပြာဂြိုဟ်နှင့် ပတ်သက်သည့် စိတ်ဝင်စားစရာ အချက်အလက် အချို့ကို ရှာတွေ့ခဲ့သည်။ ထိုမှတ်ဉာဏ်များ အရ ဆိုလျှင်... အလင်းပြာမှာ ရှေးဟောင်းဂြိုဟ်တစ်ခု ဖြစ်သည်။ ၎င်းက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ မစတင်ခင် ကတည်းက သမိုင်းကြောင်း တည်ရှိခဲ့သည့် ဂြိုဟ်အနည်းငယ်ထဲမှ တစ်ခုလည်း ဖြစ်သည်။

ထို့အပြင်... ၎င်း၏ မျက်နှာပြင်နှင့် အမြုတေတို့တွင် အတုပြုလုပ် ဖန်တီးထားသည့် လက္ခဏာများ တစ်စက်မှ မရှိချေ။ ထိုအချက်က... ၎င်းမှာ ကြယ်ကွင်းပြင် မွေးဖွား ပြီးပြီးချင်း သဘာဝ အလျောက် ဖွဲ့စည်းလာသည့် ဂြိုဟ်တစ်ခု ဖြစ်ကြောင်း ညွှန်းဆိုနေသည်။ ပြောရလျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ဂြိုဟ်အားလုံး၏ ကိုးဆယ့်ငါး ရာခိုင်နှုန်းမှာ သဘာဝ အတိုင်း မဟုတ်သည့် လူလုပ်ဂြိုဟ်များသာ ဖြစ်ပေသည်။

ထိုအချက်ကပင် “စစ်” ဆိုသော သင်္ကေတနှင့် ၎င်းနှင့် သက်ဆိုင်နေသည့် ကံကြမ္မာ အခွင့်အရေးတို့ထံတွင် နားမလည်နိုင်သော အကျိုးသက်ရောက်မှုများစွာ ရှိနေကြောင်း ဝေ့ဝူယင်၏ ယုံကြည်ချက်ကို ပိုမို ခိုင်မာစေခဲ့ခြင်း ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာက သူ နားမလည်နိုင်ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းက သူ့ကို ရှာဖွေရသနည်း။

အကယ်၍ ဤကံကြမ္မာ အခွင့်အရေးက ကောင်းကင်တာအို ဖန်တီးသည့် ရလဒ် တစ်ခု ဖြစ်သည် ဆိုလျှင်ပင် သူက တစ်စုံတစ်ရာ၏ ပစ်မှတ်ထားခံရသလို ခံစားရသည်။

“...”

ဝေ့ဝူယင် ပိုင်လင်၏ ခန္ဓာကိုယ်ထက်မှ အောက်သို့ ဆင်းကာ ဟိုဟိုသည်သည် လျှောက်ပတ်ကြည့် လိုက်၏။ ပိုင်လင်က သူ့နံဘေးမှ လိုက်ပါလာသည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ လက်ဝါးထက်ရှိ “စစ်” သင်္ကေတကို ခဏခဏ ငုံ့ကြည့် နေမိ၏။ သူ ထိုသင်္ကေတကို မည်ကဲ့သို့ အသက်သွင်းရမည် ဖြစ်ကြောင်း မသိချေ။ သို့သော်လည်း.. အချိန်နေရာ တိုက်ဆိုင်ပါက ၎င်းက တစ်ခုခု တုန့်ပြန်လာနိုင်သည် မဟုတ်ပါလား။

ဝှီး... ဝှီး... ဝှီး...

ရုတ်ချည်းပင် ပျားများ ပျံသန်းလာသလို အသံများ ထွက်ပေါ်လာကာ ပြင်းထန်သော လေစီးကြောင်းများမှာ အဘက်ဘက်မှ တိုးဝှေ့ တိုက်ခတ်လာ၏။ ဝေ့ဝူယင်၏ ဝတ်ရုံများက တဖျပ်ဖျပ် လွင့်ပျံလာကာ လေဆင်နှာမောင်း ကဲ့သို့ လေဝဲတစ်ခုမှာ သူ့ကို ဝန်းရံ သွားသည်။ ပိုင်လင်က အော်ဟစ်ကာ ဝေ့ဝူယင်ကို ကူညီဖို့ ကြိုးစားလိုက်သော်လည်း ချက်ချင်းပင် လေစီးကြောင်းများ၏ နောက်သို့ ပြန်တွန်းထုတ် ခံလိုက်ရ၏။

ဘုန်း...

ချက်ချင်းပင် ဆိုသလိုပင် ပိုင်လင်၏ ရွှေရောင် မျက်လုံးများမှာ နိဗာန မီးတောက်များဖြင့် စတင် တောက်လောင် လာ၏။ သူမက အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို ထုတ်ဖော်ကာ ဝေ့ဝူယင်ထံ တိုးဝင်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ပိုင်လင်... နောက်ဆုတ်... ငါ ဘာမှ မဖြစ်ဘူး”

ပတ်ဝန်းကျင် အပူချိန်က ရုတ်ချည်း တိုးလာသည်ကို ခံစားလိုက်ရလေရာ ဝေ့ဝူယင်က အော်ဟစ်လိုက်၏။ ဤဘာမှန်းမသိရသည့် အခြေအနေထဲ တိုးဝင်ကာ ပိုင်လင် တစ်ခုခု ဖြစ်သွားမည်ကို သူ မလိုလားပါချေ။

ဂီး...

ပိုင်လင်က ဖျော့တော့သည့် အော်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူမက ချက်ချင်းပင် နောက်သို့ ဆုတ်ကာ ကောင်းကင်ဆီ ပျံတက်လိုက်၏။ သို့သော်လည်း သူမ၏ မျက်လုံးများကတော့ ရွှေရောင် မီးတောက် များနှင့် တဖျပ်ဖျပ် တောက်ပနေဆဲ ဖြစ်ကာ လေဆင်နှာမောင်း၏ အလယ်၌ ရှိနေသည့် ဝေ့ဝူယင်ကို စူးစိုက် ကြည့်နေဆဲ ဖြစ်ပေသည်။

“ဘေးကင်းပါစေ...”

သူမက စိတ်စွမ်းအင်လှိုင်း တစ်ခု ပို့လွှတ်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်ထံသို့ မရောက်ခင်မှာပင် ၎င်းကို လေစီးကြောင်းများက တိုက်ဖျက်သွားသည်။

ပိုင်လင်မှာ နှလုံးသား တစ်ခုလုံး လေးပင်လာသလို ခံစားလိုက်ရ၏။ သို့သော်လည်း ဘာပဲ ဖြစ်ဖြစ် ဝေ့ဝူယင်ကို သူမ ယုံကြည်ပေသည်။ ထို့ကြောင့်ပင် သူ့စကားကို နားထောင်ကာ နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။

ဟူး... ဟူး...

အလွန်ပြင်းထန်သော လေထုများမှာ ဝေ့ဝူယင်ကို ဝန်းရံ တိုက်ခတ်နေ၏။ သို့သော်လည်း ၎င်းတို့က အန္တရာယ် မဖြစ်စေပါချေ။ လက်ဝါးထက်ရှိ သင်္ကေတ ဆီမှ အလင်းတစ်ခု ဖြာထွက်နေကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို သံချပ်ကာ တစ်ခုသဖွယ် ကာရံထား၏။ ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ သို့သော်လည်း သူ့ အာရုံခံစားမှုက ထူးထူးခြားခြား ကောင်းမွန်နေဆဲ ဖြစ်ပေသည်။

ဝှစ်...

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သိုလှောင် လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏ ၎င်းက ချိပ်ပိတ်ထားသည့် သေတ္တာ တစ်ခု ဖြစ်ကာ အဖြူရောင် အလင်းဖြင့် တောက်ပနေပေသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ထိုသေတ္တာလေး၏ မူလက သူ့အာရုံထဲ တိုးဝင်လာခဲ့၏။

“လုံချန်...”

သူ တစ်စုံတစ်ရာကို ရေရွတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အောက်ရှိ မြေပြင်မှာ ရောင်စုံ အလင်းတန်းများနှင့် ထွန်းကာ တောက်ပလာခဲ့၏။ အကယ်၍ သူသာ မျက်လုံးများကို ဖွင့်ထားပါက ၎င်းတို့၏ တောက်ပမှုကြောင့် မျက်ကြည်လွှာပင် ထိခိုက်သွားနိုင်ပေသည်။ အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် ဝေ့ဝူယင်မှာ ခန္ဓာကိုယ် တစ်ခုလုံးကို ဟင်းလင်းပြင် စွမ်းအင်များဖြင့် လွှမ်းခြုံ လာသလို ခံစားလိုက်ရ၏။ ၎င်းက ဟင်းလင်းပြင် နေရာ ကူးပြောင်းခါနီး ဖြစ်ပေါ်လာတတ်သည့် ခံစားချက်နှင့် အတူတူပင် ဖြစ်သည်။

ပိုင်လင်မှာ ထိုမြင်ကွင်းကို ကောင်းကင်မှ ကြည့်နေခဲ့၏။ ဝေ့ဝူယင်၏ အောက်မှ ထွက်ပေါ်နေသည့် အလင်းတန်းများမှာ စကားလုံး ပုံစံ တစ်ခုကို ဖွဲ့စည်းနေကြောင်း သူမ ကောင်းစွာ မြင်နိုင်ပေသည်။ ၎င်းက “စစ်သည်” ဟု အဓိပ္ပာယ် ရ၏။

ဝှစ်...

ရုတ်ချည်းပင် တစ်မိုင်ခန့် အထူရှိသည့် ထုလုံးရှည် သဏ္ဌာန် အလင်းကျောက်တိုင်ကြီး တစ်ခုမှာ မြေပြင်မှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

ဘုန်း...

ပိုင်လင်၏ ခန္ဓာကိုယ်မှာ ၎င်းနှင့် တိုက်မိက နောက်သို့ မိုင်ပေါင်းများစွာ လွင့်စဥ်၍ မြေပြင်ပေါ် အရှိန်အဟုန်နှင့် ပြုတ်ကျ သွား၏။ အကျိုးဆက် အနေဖြင့် အလင်းပြာ ဂြိုဟ်ထက်ရှိ မိုင်ရာပေါင်း များစွာ ဧရိယာမှာ ငလျင် တစ်ခု လှုပ်သလို တုန်ရီသွားခဲ့လေသည်။

ပိုင်လင် ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းလိုက်နိုင်ချိန်၌ အလင်းတိုင်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့နည်းတူစွာပင် မုန်တိုင်းမှာလည်း လွင့်စဥ် သွားချေပြီ။

မြက်ခင်းပြင်ကျယ် တစ်ခုလုံး၌ ဝေ့ဝူယင်၏ အရိပ်အယောင်ကိုမျှပင် သူမ မတွေ့ရတော့ချေ။

All Chapters