← Chapters

နဂါး နတ်မိမယ်

Vol. 52 Ch. 716

နဂါး နတ်မိမယ်

Vol. 52 Ch. 716

“ငါ... ငါ တို့ အညံ့ခံတယ်... ရပ်လိုက်... ရပ်လိုက်တော့...”

ပြင်းထန်သည့် နှလုံးကွဲ မတတ် အော်ဟစ်သံ တစ်ခုမှာ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလျှက် ထွက်ပေါ်လာ၏။ အသံပိုင်ရှင်က အသက်လတ် မိန်းမ တစ်ဦး ဖြစ်ကာ သူမ၏ ဘယ်ဘက်လက်မှာ လုံးဝ ပြတ်ထွက် သွားခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တည်း၌... သူမ၏ နဖူးမှာ သန့်စင်သည့် သစ်သားစွမ်းအင် အစိမ်းရောင် သွေးများဖြင့် လွှမ်းနေကာ အစိမ်းရင့်ရောင် မျက်လုံးများမှာ သွေးကြောများ ပေါ်လွင်သည် အထိ ဖောင်းကြွနေ၏။

တည်နေရာကား ဆောင်းဦး ဟု ခေါ်သည့် ဂြိုဟ်ငယ်လေး တစ်ခု၏ ကောင်းကင်တွင် ဖြစ်သည်။ ၎င်း၏ လေထုအလွှာမှာ ပုစွန်ဆီရောင် ဖျော့ဖျော့ သမ်းနေကာ လှပသည့် အရောင်အသွေး တစ်မျိုးကို ဖန်တီးနေ၏။ ဆောင်းဦးဂြိုဟ်မှာ ရွှေရောင် အသက်နန်းတော် အုပ်စိုးသည့် အကြွင်းမဲ့ စည်းစိမ်နယ်မြေ၏ အစွန်အဖျား တစ်နေရာတွင် တည်ရှိနေပေသည်။ ဂြိုဟ်က ဂြိုဟ်ငယ်လေး တစ်ခုသာ ဖြစ်သည့်တိုင် အတွင်းပိုင်းတွင်တော့ မရေမတွက်နိုင်သည့် လောကနယ်မြေ များစွာ ရှိကာ ကိုယ်ပိုင် ဂြိုဟ်တစ်ခု မတည်ဆောက်နိုင်သည့် အင်အားစုများစွာ မှီတင်း နေထိုင်ရာ နေရာလည်း ဖြစ်သည်။

အသက်လတ် မိန်းမကြီးမှာ ထိုဂြိုဟ်၏ အရှင်သခင်ပင် ဖြစ်ကာ သူမ၏ ကျင့်ကြံခြင်း အခြေခံက ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ်တာရာ သခင် တစ်ပါး ဖြစ်သည်။ သူမက သစ်သား အခြေခံပြု ကျင့်စဥ်များကို ကျင့်ကြံကာ အလွန် ထူးချွန်သည့် သက်တမ်းရင့် ပညာရှင် တစ်ပါးလည်း ဖြစ်၏။ သို့သော်လည်း... ဤအခိုက် အတန့်တွင်တော့ သူမမှာ ကြောက်မက်ဖွယ် အကောင်းဆုံး အိပ်မက်ဆိုးနှင့် ကြုံတွေ့နေရဟန် ရသည်။

ဂါး... ဝရား...

ဂီး... ရွှီး... ရဟူး...

ဟီး... ဟီး... ဟီး...

သူမ၏ အရှေ့ရှိ မြင်ကွင်း တစ်ခုလုံးမှာ သားရဲကြီးများ၊ ဝင်္ကပါများ၊ ကြမ်းတမ်း ခက်ထန်ကာ ကြောက်မက်ဖွယ် ကောင်းသည့် အကြေးခွံပါ သတ္တဝါများနှင့် ပြည့်နှက် နေ၏။

ကောင်းကင် အလွှာထက်နှင့် မြေပြင်တွင်တော့ သူမ၏ လက်အောက်ငယ်သားများစွာမှာ ဒဏ်ရာ အနာတရ များစွာဖြင့် လှဲလျောင်း နေကြပြီ ဖြစ်သည်။ အချို့ဆိုလျှင် သားရဲများ၏ အစွယ်များနှင့် လက်သည်းများ ကြားတွင် ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနှင့် အသက်ထွက် သွားကြပြီ ဖြစ်သည်။

ဆောင်းဦး ဧကရီ၏ အစိမ်းရောင် မျက်လုံးများမှာ အဇူရာ အကြေးခွံပါ နဂါးကြီး ထက်တွင် ရပ်နေသည့် ပုံရိပ်တစ်ခုကို လှမ်းကြည့်နေခဲ့၏။ အလွန့်အလွန် ခြားနားလှသည့် အကွာအဝေး တစ်ခု ဖြစ်သည့်တိုင် အမျိုးသမီးမှာ ထိုပုံရိပ်ကို ရှင်းလင်းစွာပင် မြင်နိုင်ပေသည်။

သူမက ဘုံကြိုးပြတ် နတ်မိမယ် တစ်ပါးလို အလွန် လှပသည့် ရုပ်ရည်နှင့် နဂါးဝတ်စုံဝတ် မိန်းကလေး တစ်ယောက်ပင်။ ကြောက်မက်ဖွယ် ဖိအားများမှာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေကာ... အထူးသဖြင့် ဟေဇယ် မျက်ဝန်းများမှာ သားရဲများကို ထိန်းချုပ်ထားသည့် အရောင်အဝါ တစ်မျိုးနှင့် တဖျပ်ဖျပ် တောက်ပနေ၏။

“အညံ့ခံတာလား...”

မိန်းကလေးထံမှ လှောင်ပြောင်မှုများ ဖြည့်စွက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက ထိုမိန်းကလေးမှာ သူ၏ ကိုယ်လုပ်တော် ရွှယ်ရီဖေး ဖြစ်ကြောင်း တန်းကာ သိရှိလိမ့်မည် ဖြစ်ပေသည်။

“နဂါး နတ်မိမယ်... နင် သိပ်လွန်မလာနဲ့”

ဆောင်းဦး ဧကရီက ဒေါသ အငွေ့အသက်များ လွှမ်းခြုံနေသည့် အသံဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း... ကောင်းကင်တစ်ခုလုံးကို ပြည့်လျှံနေသည့် ထူးဆန်းသော သတ္တဝါကြီးများ၏ မြင်ကွင်းကြောင့် သူမ၏ အသံက ခွန်အား ကင်းမဲ့နေသည်။

ရွှယ်ရီဖေးမှာ တည်ငြိမ်နေ၏။ သူမ၏ မျက်ဝန်းများ အတွင်းတွင်တော့ အေးစက်စက် အလင်းရောင် တစ်ခု တောက်ပနေသည်။

“လွန်တယ် ဟုတ်လား... ရှင် ကျွန်မရဲ့ နဂါးတွေကို စားတုန်းကရော လွန်တယ် မထင်ဘူးလား... ရှင့် မိသားစု ဒီသားရဲတွေကို ကျွန်ပြုဖို့ ကြိုးစားခဲ့တာကရော မလွန်ဘူးလား”

သူမ၏ အသံက တိမ်များကိုပင် လွင့်စင်စေကာ တစ်လောကလုံးကို ဖြန့်ကျက် ရိုက်ခတ်သွား၏။ သူမ၏ နောက်မှ နေ၍ မရေမတွက်နိုင်သည့် အသံများကလည်း တစ်ပြိုင်နက်တည်း တွန်ကြူး လိုက်သည်။

ဆောင်းဦး ဧကရီ၏ မျက်နှာက ဖြူရော် သွားသည်။ သို့သော်လည်း ကံမကောင်းစွာပင်... ပြန်လည် ချေဖျက်ရန် စကားလုံးကို ရှာမတွေ့ခဲ့ချေ။

အန်နုက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ နဂါးဖိအားက ထွက်ပေါ်လာကာ တစ်လောကလုံးကို အမြင့်မားဆုံးသော နှုန်းဖြင့် လွှမ်းခြုံသွားသည်။ ချက်ချင်းပင်... သားရဲများမှာ သွေးများ ပွက်ပွက်ဆူလာ သလို ခံစားလိုက်ရ၏။ သူတို့က ပိုမို ရက်စက် ကြမ်းကြုတ်စွာပင် ပြုမူ လာကြကာ ဆောင်းဦး ဧကရီနှင့် နောက်လိုက်များထံ တိုးဝင် သွားကြတော့၏။ ချက်ချင်းပင် သွေးနှင့် နာကျင်မှုများက တစ်လောကလုံးကို လွှမ်းခြုံ သွားခဲ့တော့သည်။

တိုက်ပွဲ၏ တစ်နေရာတွင်တော့ အနက်ရောင် လျှပ်စီးတန်းများများမှာ ဆည်းဆာဂြိုဟ်၏ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်လိုက်၏။ ပေါက်ကွဲမှု တစ်ခု ထွက်ပေါ်လာကာ အသက်တစ်သက် အဆုံးသတ်သွားသည်။ အနက်ရောင် အစင်းကြောင်းများနှင့် နတ်မြင်းပျံ သတ္တဝါ တစ်ကောင်မှာ ဖုန်မှုန့် တိမ်တိုက်များ အကြားမှ တိုးထွက် ပျံသန်းလာ၏။

“နင်တို့...”

ဆောင်းဦး ဧကရီမှာ အလွန်အမင်း ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်း၌ ကူရာကယ်ရာမဲ့မှုကို သူမ ခံစားနေရ၏။ ရွှယ်ရီဖေး၏ ကျင့်ကြံခြင်း အခြေခံက သူမထက် များစွာ ပိုနိမ့်သည့်တိုင် အဇူရာ အကြေးခွံနှင့် နဂါးကြီးက သူမကို ကာကွယ်ထားသည်။ သူမ အံကို တင်းတင်းကြိတ် လိုက်မိ၏။

“ခွေးမ... နင် နောင်တရစေရမယ်... ငါနင့်ကို ကတိပေးတယ်”

ထို့နောက် သူမက လက်ကျန် ခွန်အားများကို သုံးကာ ကောင်းကင်သို့ ပျံတက်လိုက်၏။ ချက်ချင်းပင် သူမမှာ လေထုအကန့်အသတ်ကို ကျော်လွန်ကာ အမှောင်ဟင်းလင်းပြင်ထဲ လွတ်မြောက် သွားသည်။

ဝှစ်... ဝှစ်...

ဆောင်းဦး ဧကရီက သူမ ခန္ဓာကိုယ်ကို ဟင်းလင်းပြင် အင်အားဖြင့် ဝန်းရံလိုက်၏။ ထို့နောက် အနီးစပ်ဆုံး မဟာမိတ်များ ရှိရာ နေရာကို အမြန်ဆန်ဆုံးသော နည်းလမ်းများ သုံးကာ ပျံသန်းဖို့ ပြင်လိုက်သည်။

နောက်လိုက်နောက်ပါ သန်းပေါင်းများစွာကို စွန့်ပစ်ကာ ကိုယ်လွတ်ရုန်း ပြေးသွားသည့် ဆောင်းဦး ဧကရီကို ကြည့်ရင်း ရွှယ်ရီဖေးက အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ ထိုကဲ့သို့ ကပ်ဘေး မျိုးစေ့ တစ်ခုကို လွှတ်ပေးလိုက်ရအောင် သူမက ထိုမျှ ကြင်နာတတ်သူ တစ်ယောက် မဟုတ်ပါချေ။ သူမက သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ တော်ဝင် မင်းသမီး ဖြစ်ကာ အသက်နှင့် သွေးများ အကြားမှ ကစားပွဲများကို ကောင်းစွာ ကျွမ်းကျင်သူ ဖြစ်သည်။

အတိတ်နေ့ရက်များမှာတုန်းက ယွမ်လုံရှီမှာ ရန်သူများထံမှ မကြာခဏ ဆိုသလို အထင်အမြင်သေးကာ လွှတ်ပေးခြင်းကို ခံခဲ့ရလေ့ ရှိသည်။ ထိုအရာက သူ့အတွက် ရှင်သန် ကြီးထွားရန် အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်ခဲ့ကာ အဆုံးသတ်တွင်တော့ အားလုံးကို ကျူပင်ခုတ် ကျူငုတ်မကျန် ပြန်လည် သတ်ဖြတ် နိုင်ခဲ့သည်။

ရွှယ်ရီဖေး အန်နုကို စကားပြောစရာပင် မလိုခဲ့ချေ။ အဇူရာ အကြေးခွံနှင့် သတ္တဝါကြီးမှာ အလိုအလျောက်ပင် စတင်ကာ လှုပ်ရှား လာခဲ့ပြီ ဖြစ်သည်။ ၎င်းက သူ၏ တိုက်တန် သဖွယ် ကြီးမားလှသော ခေါင်းကြီးကို မော့ကာ မေးရိုးများကို ဖွင့်ဟလိုက်၏။ သူ၏ လည်ချောင်းအရင်းမှ နေ၍ ငွေရောင် အလင်းတန်း တစ်ခု စတင်ကာ လင်းလက် ထွက်ပေါ်လာသည်။

ဆောင်းဦး ဧကရီမှာ ဟင်းလင်းပြင် စွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို ရစ်ပတ်ကာ အလျှင်မြန်ဆုံးသော လှုပ်ရှားမှုကို စတင်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း... ထိုအခိုက်အတန့်ကလေးတွင်ပင် သူမ၏ ခန္ဓာကိုယ်က စတင်၍ မတည်မငြိမ် ဖြစ်လာကာ လှုပ်ရှားမှု ကျင့်စဥ်မှာ ပျောက်ကွယ်သွား၏။ ဆောင်းဦး ဧကရီ၏ မျက်လုံးများမှာ အံ့သြထိတ်လန့်မှုများနှင့် ပြူးကျယ်သွားသည်။ ထို့နောက်... တစ်စုံတစ်ရာ မတုန့်ပြန်နိုင်သေးခင်မှာပင် ငွေရောင် အလင်းတန်း တစ်ခု တိုးဝင်လာသည်ကို သူမ ခံစားလိုက်ရတော့သည်။

ဝှစ်...

အလင်းတန်းမှာ အမှောင်ဟင်း လင်းပြင်ကို မိုင်ရာပေါင်း များစွာ အထိ ဖြတ်သန်းကာ ပျောက်ကွယ်သွား၏။ ကြောက်မက်ဖွယ်ရာ အာကာသလှိုင်းများက နေရာအနှံ့ ပြန့်ကျဲ၍ ကျန်ရစ်ခဲ့သည်။ ဆောင်းဦး ဧကရီ၏ ခန္ဓာကိုယ်ကတော့ ခြေရာလက်ရာမျှ မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အဝတ်အစား အချို့နှင့် သွေးကွက် အချို့သာလျှင် သူမ ရပ်တန့်ခဲ့သည့် နေရာတွင် ကျန်ရစ်ခဲ့၏။

ရွှယ်ရီဖေးမှာ ဆောင်းဦး ကောင်းကင်တွင် ဖြစ်ပေါ်နေသည့် အပေါက်ကြီးကို မော့ကြည့်လိုက်၏။ သူမ၏ မျက်လုံးများ အတွင်းရှိ အေးစက်မှုက တဖြည်းဖြည်း မှေးမှိန်လာကာ ပြန်လည် ပျောက်ကွယ်သွားသည်။ ထို့နောက် သူမက လူသားနှင့် သားရဲ စစ်မြေပြင်ဆီ ပြန်ကြည့်လိုက်သည်။

အဆုံးမဲ့သော တိုက်ခိုက်မှုများက လွှမ်းခြုံကာ သတ်ဖြတ်မှုများက နေရာအနှံ့ ပြန့်ကျဲနေဆဲ ဖြစ်ပေသည်။ သားရဲများမှာ အဖက်ဖက်မှ အသာစီး ရနေကာ နာကျင်စွာ မြည်တမ်းသံများ၊ ဆဲဆို ကြိမ်းမောင်းသံများမှာ နေရာအနှံ့ ပြည့်နှက်နေ၏။

အမှောင် ဟင်းလင်းပြင်ထဲသို့ ပျံသန်းထွက်ပြေးရန် ကြိုးပမ်းသူများ ပင်လျှင် အတောင်ပံပါ နဂါးများနှင့် အနက်ရောင် လျှပ်စီးတန်း၏ ဆက်တိုက် အမဲလိုက်မှုကို ခံနေရ၏။

နာရီပေါင်းများစွာ ကုန်ဆုံးပြီးနောက် ဆည်းဆာဂြိုဟ်ထက်ရှိ သေခြင်းရှင်ခြင်း တိုက်ပွဲမှာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ များစွာသော နဂါးများနှင့် သားရဲများမှာ လေးစားမှု ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ရွှယ်ရီဖေး၏ ပတ်လည်တွင် စုစည်း နေကြ၏။ ထိုအထဲ၌ ထာဝရ ကြယ်တာရာ နယ်မြေမှ သားရဲများသာ မက၊ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ သားရဲများစွာပင် ပါဝင်နေကြပေသည်။

ကမ္ဘာဦး အစကတည်းက သားရဲများမှာ ထိုအစွမ်းထက် ကျင့်ကြံသူများ၏ စားစရာ ဖြစ်ခဲ့သည်။ ဝိညာဥ်များကို တံဆိပ်နှိပ်ကာ ကျေးကျွန် အဖြစ် အလုပ်အကျွေး ပြုခဲ့ရသည်။ သူတို့၏ သေခြင်းရှင်ခြင်းက ကျင့်ကြံသူတို့၏ နှုတ်မိန့်တစ်ခုတွင်သာ တည်ခဲ့သည်။ သူတို့ထဲမှ အများစုက ထိုဘဝနှင့် နေသားကျနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... သူတို့က သာလွန် အသိဉာဏ်နိမ့် တိရစ္ဆာန်များ မဟုတ်ချေ။ ကျင့်ကြံသူ သားရဲများ ဖြစ်ကြပေသည်။ သူတို့တွင် လူသားများနှင့် မကွာခြားသည့် ဉာဏ်ရည်များ ရှိသည်။ သူတို့ စဥ်းစားတတ်သည်။ တွေးခေါ်တတ်သည်။ သူတို့က လူသားများနှင့် တန်းတူ ဆက်ဆံ ခံရသင့်သည်။ ဝိညာဥ် တံဆိပ်ခပ်နှိပ်၍ အတင်းအကြပ် ခိုင်းစေခံရမှုက လွတ်မြောက်သင့်သည်။ အနည်းဆုံး အရသာခံကာ စားစရာ တစ်ခုတော့ မဖြစ်သင့်ချေ။

သူတို့တွင် မျှော်လင့်ချက်များ ရှိသည်။ လွတ်လပ်မှုကို တောင့်တမိသည်။ မည်သည့် နေရာကို မဆို လွတ်လပ်စွာ ပျံသန်း သွားလာချင်သည်။ သို့သော်လည်း သမိုင်းကြောင်း တစ်လျှောက်လုံးတွင် သူတို့၏ အခွင့်အရေး အတွက် မည်သူက တိုက်ခိုက်ပေးခဲ့လို့နည်း။

ယခုတွင်တော့ နဂါး နတ်မိမယ် ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။ ထိုမိန်းကလေးမှာ သူတို့ အတွက်တော့ ရောင်နီဦး ဖြစ်သည်။ မီးရှူးတန်ဆောင် တစ်ခု ဖြစ်သည်။ သူမနောက်ကို လိုက်ကာ လွတ်လပ်ခွင့် အတွက် တိုက်ခိုက်ရန် သူတို့ အလွန်ပင် စိတ်အားထက်သန် နေကြပြီ ဖြစ်လေသည်။

ရွှယ်ရီဖေးက အမှောင် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်လိုက်၏။ အကြွင်းမဲ့ စည်းစိမ် နယ်မြေ အတွင်း၌ ကြယ်တာရာများက တဖျပ်ဖျပ် တောက်ပနေကာ ရောင်စုံဂြိုဟ်များက သူ့ပတ်လမ်း အတိုင်း စနစ်တကျ ရွေ့လျား နေကြပေသည်။ သို့သော်လည်း သူမ၏ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းသာ ရှိပေသည်။

“လျူကလန်...”

All Chapters