ဆိတ်သုဥ်းခြင်း သင်္ကေတ
Vol. 52 Ch. 718
“ငါ စစ်ပွဲထဲကို ဝင်ရတော့မှာလား...”
ထူးဆန်းသော အတွေးကြောင့် ဝေ့ဝူယင် တစ်ယောက်တည်း ရယ်မောလိုက်မိ၏။ ထို့အပြင် သူက စစ်သည် တစ်ဦးမျှသာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက နေသွေးနီနီဂိုဏ်း အပြင်စည်း တပည့် နေ့ရက်များကိုပင် ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်၏။ ထိုစဥ် အခါကလည်း တိုက်ပွဲများတွင် သာမန် စစ်သည်တော် တစ်ယောက် အနေဖြင့် အဓိက တပည့် မေ့မေ့၏ အမိန့်အတိုင်း သူ လိုက်နာ ဆောင်ရွက်ခဲ့ဖူးပေသည်။
“ထင်... ထင်...”
ဘုရင်ထံမှ ဓားသွေး သကဲ့သို့ သံများ ထွက်ပေါ်လာ၏။ စစ်ခေါ်သံ... ဝေ့ဝူယင် ထိုကြယ်တာရာ ဝိညာဥ် ကြုံတွေ့နေရသည့် လှုံ့ဆော်မှုများကို ခံစားမိပေသည်။ ၎င်းက “စစ်” ဆိုသည့် သင်္ကေတမှ တိုက်ရိုက် ဆင်းသက် လာကာ ဘုရင်၏ ဆေဘာ ရည်ရွယ်ချက်ကို တိုက်ရိုက် လွှမ်းခြုံရန် ကြိုးပမ်းနေ၏။
“ဘုရင်...”
ဝေ့ဝူယင်ထံမှ ဝိညာဥ်အာရုံက ဖြည်းညင်းစွာ စီးဝင်လာရာ ဆေဘာမှာ အနည်းငယ် တုန်ရီသွား၏။ ဓားသွေးသံများက တဖြည်းဖြည်း တိုးလျလာကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။
ရွှမ်း...
ဆေဘာတွန်သံ တစ်ခု ပေါ်ထွက်လာသည်။ ဘုရင်မှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုကို ပြန်လည် ရရှိသွားကာ စစ်ပွဲ၏ လွှမ်းမိုးမှုကို တွန်းလှန်လိုက်၏။
ဆေဘာမှာ အသက်၊ သေခြင်း၊ ဟင်းလင်းပြင်၊ အချိန်နှင့် စစ်ပွဲတို့ အားလုံး အတွက် အဆုံးသတ်ကို အသွားထက်တွင် ယူဆောင်လာသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်က တိုက်ခိုက်ရန် မဟုတ်သလို သတ်ဖြတ်ရန်လည်း မဟုတ်ချေ။ အဆုံးသတ်ရန်သာ ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ ဘုရင်၏ ခိုင်မာသော ဆေဘာ ရည်ရွယ်ချက်ကို ခံစားလိုက်ရ၏။ သူ ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက ဝိညာဥ်အာရုံကို စစ် ဆိုသည့် သင်္ကေတထံ ပို့လွှတ်လိုက်၏။ ၎င်းက အမျိုးမျိုးသော ရည်ရွယ်ချက် အော်ရာများကို ရောနှော ထုတ်လွှတ်နေကြောင်း သူ သတိထားမိလိုက်သည်။ ဆေဘာရည်ရွယ်ချက်ကိုပင် သူ ခံစားနိုင်ပေသည်။
ကြည့်ရသည်က သင်္ကေတ အတွင်းရှိ အော်ရာများမှာ ဘုရင်ကို သက်ရောက်ခဲ့ကာ ၎င်း၏ ကိုယ်ပိုင် ဆန္ဒကို အတွင်းပိုင်းသို့ ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပုံ ပေါ်သည်။ ထိုအတွင်း၌ ကျူးဟိုင်နှင့် လုံချန်တို့ နားလည်ထားသည့် စစ်ပွဲနှင့် သတ်ဖြတ်ခြင်း အော်ရာများမှာလည်း ပါဝင်နေပေသည်။ သို့သော်လည်း ဘုရင်မှာ ထိုရည်ရွယ်ချက်များကို မည်သည့် နည်းလမ်းနှင့်မှ ဖွဲ့စည်းထားခဲ့ခြင်း မရှိခဲ့ချေ။
ဆေဘာက သတ်ဖြတ်ရန် မဟုတ်ချေ။ စစ်ပွဲ အတွက်လည်း မဟုတ်ချေ။ ပြဿနာများကို အဆုံးသတ်ရန်သာ ဖြစ်သည်။ သူ၏ စိတ်အတွင်း ဖွဲ့စည်းနေသည့် ဆေဘာ မျိုးစေ့၊ ကိုယ်ပိုင် ဆေဘာ ဆန္ဒမှာ ဘုရင့်ထံတွင် နက်ရှိုင်းစွာ ရောင်ပြန်ဟပ် နေပေသည်။ ခြေလှမ်း မည်မျှ လှမ်းလှမ်း သူ၏ အခြေခံကတော့ ထိုအရာသာ ဖြစ်ပေသည်။
ထိုအယူအဆ ကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင် သတ်ဖြတ်ခြင်းနှင့် စစ်ပွဲ ရည်ရွယ်ချက်တို့ကို ဟိုးယခင် ကတည်းက နားလည်လောက်ပြီး ဖြစ်သည်။ အကယ်၍ သူသာ အလိုရှိပါက လွယ်ကူစွာ ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုကဲ့သို့ ပြုလုပ်ရန် မလိုဟု ခံစားရသည်။ ဆေဘာ ရည်ရွယ်ချက်က ကိုယ်ပိုင် လမ်းကြောင်း ပေါ်တွင်သာ တည်သင့်သည်။ သူက ကျူးဟိုင် မဟုတ်သလို၊ လုံချန်လည်း မဟုတ်ချေ။
ရွှမ်း...
ဆေဘာတွန်သံက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာ၏။ ကြယ်တာရာ ဝိညာဥ် သုံးခုကို ဖုံးလွှမ်းနေသည့် အော်ရာများက ပျောက်ကွယ်သွားကာ သူတို့၏ စွမ်းအင်များမှာ ဘုရင်နှင့် ပုံစံတူ အဖြစ် တဖြည်းဖြည်း ပြောင်းလဲ သွားကြသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ စစ် ဆိုသည့် သင်္ကေတကို ကြည့်လိုက်၏။ သူက တစ်စုံတစ်ရာ ပြောဟန် ပြင်လိုက်သော်လည်း ဆုံးဖြတ်ချက် ပြောင်းသွားဟန်ဖြင့် ပြန်လည် တိတ်ဆိတ်သွားသည်။ အကယ်၍ သူတို့ လုပ်ဆောင်ချင်လျှင် ခွင့်ပြုလိုက်ရုံသာ ရှိပေသည်။
ထို့အပြင်... အမှတ်အသားက ဘုရင်၏ အမတေကို ပြောင်းလဲဖို့ ကြိုးစားခဲ့လေရာ တည်ရှိနေဖို့ မလိုအပ်တော့ချေ။ အကယ်၍ ထိုအကြောင်းရင်းကြောင့် သူ့ကို ဝန်းရံထားသည့် ဟင်းလင်းပြင် စွမ်းအင်များ ပျောက်ကွယ်သွားတော့ရော ဘာအရေးနည်း။ ထိုကမ္မ အခွင့်အရေးထဲတွင် ပါဝင်ခွင့် ဆုံးရှုံးသွားတော့ရော ဘာအရေးနည်း။
ထျန်းတျန်၊ အသိစိတ် ပင်လယ်နှင့် နှလုံးသားတို့မှ နေ၍ ပင်လယ် တစ်ခုစာမျှ ဝိညာဥ်စွမ်းအင်များမှာ ဆန်းကြယ် ဆေဘာဝိညာဥ်ထံ ဦးတည် စီးဝင်နေ၏။ အချိန်နှင့် အမျှ ဘုရင်၏ ဆေဘာအလင်းက တဖြည်းဖြည်း ထူထပ်လာနေကာ သူ့ခန္ဓာကိုယ်ကိုပင် စတင် တောက်ပလာစေသည်။
ဆေဘာတွန်သံများမှာ အဆုံးမဲ့စွာ ထွက်ပေါ်နေ၏။ ဝေ့ဝူယင်မှာ ခန္ဓာကိုယ် အတွင်းပိုင်းမှ ထက်ရှမှုနှင့် နက်ရှိုင်းသော နာကျင်မှုများကို ခံစားလာရသည်။ သို့သော်လည်း သူက လုံးဝ တည်ငြိမ်နေဆဲ ဖြစ်ပေသည်။ အကန့်အသတ်မဲ့လှသော ဆဘာအလင်းများမှာ သူ့ထျန်းတျန်မှ ထွက်ပေါ်လာကာ ညာဘက်လက်ဆီ အရှိန်အဟုန်နှင့် တိုးဝင် သွား၏။
ခြိမ်းခြောက်မှု တစ်ခု တိုးဝင်လာသည့် အလား စစ် အမှတ်အသားက ပြင်းထန်စွာ တုန်ရီလာသည်။ သို့သော်လည်း... ၎င်းမှာ အားနည်းသည့် အလင်းတန်း တစ်ချို့ကို ထုတ်လွှတ် ခုခံရုံမှ တစ်ပါး ဘာမှ လုပ်ဆောင်နိုင်စွမ်း မရှိပါချေ။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဆေဘာအလင်းတန်းမှာ လက်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ရွှီး...
စွမ်းအင် ရင်းမြစ်တစ်ခု သေဆုံးသွား သကဲ့သို့ ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ဝေ့ဝူယင်၏ လက်တစ်ခုလုံးမှာ သွေးများနှင့် ပေကျံသွားကာ ဟင်းလင်းပြင် နံရံများကိုပါ အရှိန်အဟုန်ဖြင့် လွင့်စဥ် စွန်းထင်သွား၏။
ဝှစ်... ဝှစ်...
ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် လက်ဝါးထက်ရှိ စစ် အမှတ်အသားမှာ စတင်ကာ ပြောင်းလဲ လာခဲ့၏။ ဆန်းကြယ်သည့် ရောင်ဝါ တစ်ခုက တောက်လောင်လာကာ အားလုံးကို သိမ်းပိုက် လွှမ်းခြုံသွားသည်။ ထို့နောက်... စစ် ဆိုသည့် သင်္ကေတမှာ ထူးဆန်းစွာပင် အခြား ပုံစံ တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့လေ၏။
ဆိတ်သုဥ်းခြင်း...
ဝေ့ဝူယင်မှာ အံ့အားသင့် သွားခဲ့၏။ အစက ထိုနေရာတွင် ဆေဘာ ဟူသော ဝေါဟာရ အစားထိုးသွားလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကို သူ စဥ်းစားနေစဥ်မှာပင် ဧဒင် အမှတ်အသားမှ အသက်အင်အားများမှာ သူ့ လက်ဆီသို့ စီးဆင်းလာကာ ဒဏ်ရာ အားလုံးကို ကုသပေးလိုက်၏။ ထို့နောက် ထူးဆန်းသည့် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင်ပင် သူ၏ ပတ်လည်ရှိ ဟင်းလင်းပြင် အင်အားများမှာ တိုက်ရိုက် တွန့်ကွေးသွားသလို ခံစားလိုက်ရတော့၏။
...
ဟူး... ဟူး... ဟူး...
ကျယ်လောင် နက်ရှိုင်းသည့် တော်လဲသံများနှင့် အတူ မီးခိုးရောင် အလင်းတန်း တစ်ခုမှာ ကောင်းကင်မှ နေ၍ ဘဲဥ ပုံသဏ္ဌာန် ကျောက်ဖြာကြီး တစ်ခုထံသို့ ကျဆင်း လာခဲ့၏။ ကျောက်ဖြာမှာ ဖန်သားကဲ့သို့ ကြည်လင်ကာ အကြမ်းဖျဥ်း မီတာ သုံးဆယ်ခန့် အရွယ်အစား ရှိသည်။
ဘုန်း...
မီးခိုးရောင် အလင်းတန်းမှာ ကျောက်ဖြာနှင့် ထိတွေ့သွားကာ ပြင်းထန်သော လေစီးကြောင်းများ ဖြာထွက် လာ၏။
“အားယိုး... နောက်ထပ် တစ်ဖွဲ့ပါလား...”
စိတ်လှုပ်ရှားနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက စင်မြင့်၏ ဘေးနားတွင် ရပ်နေသည့် ပုံရိပ် တစ်ခုထံမှ ဖြစ်ကာ သူက ဘယ်ဘက်လက်တွင် အလင်း မျက်နှာပြင်လို ပစ္စည်း တစ်ခုကို ကိုင်ဆောင် ထားသည်။ တစ်ချိန်တည်း၌ သူက ညာဘက် လက်ချောင်းများဖြင့် ထိုအလင်း မျက်နှာပြင်ကို ထိတွေ့ကာ တစ်စုံတစ်ခုကို ရှာဖွေနေဟန် ရ၏။
“အိုး... မဟာစက်ဝန်း ကြယ်ကွင်းပြင်ကပါလား... ဒီကို သူတို့ ရောက်မလာတာ နှစ်တွေ တော်တော် ကြာခဲ့ပေါ့...”
ပုံရိပ်က အနည်းငယ် စိတ်ဝင်စားဟန်ဖြင့် ရေရွတ်လိုက်သည်။
“မဟာစက်ဝန်း ကြယ်ကွင်းပြင်ကလား... ဘယ်လိုဖြစ်တာပါလိမ့်”
နောက်ထပ် ပိုမို အရပ် ရှည်လျားသည့် ပုံရိပ် တစ်ခု ပေါ်လာကာ တည်ငြိမ်သော ခြေလှမ်းများနှင့် ထိုအနားသို့ ရောက်ရှိလာခဲ့၏။
ပထမလူက လက်ထဲရှိ အလင်း မျက်နှာပြင်ကို ထိတွေ့ကာ ထပ်မံ ရှာဖွေဟန် ပြုလိုက်သည်။ ထို့နောက် သူက မီးခိုးရောင် အလင်းများကို နောက်တစ်ဖန် ပြန်ကြည့်လိုက်သည်။
“ကြယ်တာရာ ပို့ဆောင်ခြင်း အလင်းက ဘာလို့ မီးခိုးရောင် ဖြစ်နေတာလဲ... အသုံးမပြုတာ ကြာလို့ အစီအရင်တွေ ချို့ယွင်း နေတာများလား... ဒါမှမဟုတ် နောက်ကျနေလို့လား”
“...”
အရပ်ရှည်ရှည် ပုံရိပ်ကတော့ နှုတ်ဆိတ်နေ၏။ သူတို့ စကားပြော နေကြချိန်မှာပင် မီးခိုးရောင် အလင်းများမှာ လုံးဝ ပျောက်ကွယ်သွားကာ အနက်ရောင် ဝတ်ထားသည့် ပုံရိပ်မှာ ထင်ထင်ရှားရှား ပေါ်လာခဲ့တော့သည်။