ခရုပတ်တပ်ရင်း
Vol. 52 Ch. 720
အရပ်ရှည်ရှည် ဘီလူး၏ မျက်လုံးများက တောက်ပသွား၏။ ဖော်ရွေမှု မရှိသည့် လေထုက ဖြည်းညင်းစွာပင် ကွယ်ပျောက်သွားသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝေ့ဝူယင် လက်ထဲရှိ သေတ္တာက ပျောက်ကွယ်သွားကာ သူ့ဆီတွင် ပြန်လည် ပေါ်လာခဲ့သည်။ အထဲရှိ အရာကို လျှင်မြန်စွာ စစ်ဆေးလိုက်ပြီးနောက် သူက ဝေ့ဝူယင်ကို စစ်တပ် ထိပ်တန်း အရာရှိ တစ်ယောက်လို ခိုင်မာသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ လက်ဆောင်ကို လက်ခံ ရရှိတယ်... အခု မင်းက ခရုပတ်တိုက်တန် တပ်ရင်း၊ အမှတ်စဥ် ၄၉ တပ်ဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီ”
ထိုကဲ့သို့ ပြောပြီးနောက် သူက ခပ်ပုပု ဘီလူးဘက်ကို လှည့်ကာ ထူးဆန်းသော ဘာသာစကားဖြင့် စကားလုံး အချို့ ပြောလိုက်၏။ ပြီးသည်နှင့် နောက်ကိုပင် ပြန်လှည့် မကြည့်ပဲ ထွက်ခွာသွားတော့၏။
“ခရုပတ်တိုက်တန် တပ်ရင်း... တပ်ဖွဲ့ ၄၉... ဘာတွေတုံး”
ဝေ့ဝူယင်ကတော့ မျက်မှောင်ကြုတ်ကာ အတွေးနက်နေဆဲ ဖြစ်သည်။ ဤသည်က မည်ကဲ့သို့သော ကမ္မ အခွင့်အရေးနည်း။ သူ ဘာတစ်ခုမှ သူ နားမလည်နိုင်တော့ချေ။
ဝေ့ဝူယင် စိတ်ထဲမှ ခေါင်းခါလိုက်ရင်း ကျန်ခဲ့သည့် ခပ်ပုပု ဘီလူးကို ကြည့်လိုက်၏။ ထိုဘီလူးမှာ သူ့ကို ကြည့်လိုက် လက်ထဲရှိ အလင်း မျက်နှာပြင်ကို ကြည့်လိုက်၊ တို့ထိလိုက်နှင့် အလုပ်များ နေဟန် ရသည်။ တစ်မိနစ်ခန့်မျှ အထိ ကြာမြင့်ပြီး နောက်မှ သူက ခေါင်းကို မော့ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
“မင်းရဲ့ အတိုင်းအတာ၊ ကျင့်ကြံခြင်း အခြေခံ၊ ရုပ်ပိုင်းဆိုင်ရာ ဖော်ပြချက်နဲ့ ရောက်ရှိလာတဲ့ နေ့စွဲတွေကို မှတ်တမ်းတင်ပြီးပြီ... ဒါပေမဲ့ မင်းရဲ့ လူသစ် လျှောက်လွှာနဲ့ ကိုယ်ရေး မှတ်တမ်းကို ဖြည့်စွက်ဖို့ အတွက်တော့ မေးခွန်း နည်းနည်း ကျန်သေးတယ်”
ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်ကာ ပွင့်ပွင့်လင်းလင်းပဲ ပြောရန် ဆုံးဖြတ်လိုက်သည်။
“ကျုပ် အမှန်အတိုင်းပဲ ပြောတော့မယ်... ဒီနေရာက ဘယ်နေရာလဲ၊ ဘာလို့ ဒီကို ရောက်လာလဲ ဆိုတာ ကျုပ် ဘာဆို ဘာမှကို မသိတာဗျာ... ခင်ဗျား ကျုပ်ကို ရှင်းပြလို့ ရမလား”
“အိုး...”
ဘီလူးမှာ ဝေ့ဝူယင်၏ တုန့်ပြန်မှုကြောင့် မရှုနိုင်မကယ်နိုင် ဖြစ်သွားခဲ့၏။ တစ်ချိန်တည်း၌ သူ အနည်းငယ် အံ့သြ နေခဲ့လေသည်။ သို့သော်လည်း... ဝေ့ဝူယင် ရောက်ရှိလာခဲ့သည့် ကိုးယိုးကားယား ပုံစံကို ပြန်လည် ကြည့်ရပါက ထိုအရာက နားလည်နိုင်ပေသည်။ လူသားမှာ ဤနေရာကို မှားယွင်း၍ ရောက်လာခြင်း ဖြစ်ရမည်။
“ငါ နားလည်ပြီ... ဆိုတော့ အရင်ဆုံး ငါ့ကိုယ်ငါ စပြီး မိတ်ဆက် ရမှာပေါ့... ငါက ခရုပတ်တိုက်တန် တပ်ရင်း၊ တိုင်းနံပတ် ခုနစ် စစ်ဌာနချုပ်ရဲ့ ဝိညာဥ်ကပ္ပတိန် ကျွင်းမာ့ဂျာပဲ... မင်း ငါ့ကို ကပ္ပတိန်ကျွင်းလို့ ခေါ်လို့ရတယ်”
“ကပ္ပတိန်ကျွင်း...”
“ခရုပတ်တိုက်တန် တပ်ရင်း...”
“တိုင်း နံပတ် ခုနစ်...”
ဝေ့ဝူယင်က ဖြူရော်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ဘယ်ဘက်ကပဲ ကြည့်ကြည့် အားလုံးက စစ်တပ်ဆိုင်ရာ အသုံးအနှုန်းများပင်။ ကြည့်ရသည်က သူ ဘုမသိ၊ ဘမသိဖြင့် စစ်တပ် တစ်တပ်ထဲကို ဝင်ရောက်ခဲ့မိသည့်ပုံပင်။
“ဒါနဲ့ ခရုပတ် တိုက်တန်က တိုက်တန်နဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်လားဗျ... တကယ့် တိုက်တန် မျိုးနွယ်ဝင်တွေ လိုမျိုးလေ”
ထာဝရ ကြယ်တာရာ နယ်မြေတွင်လည်း တရှန်း ကဲ့သို့ လူသားနှင့် နတ်ဆိုး အချို့မှာ တိုက်တန် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြောင်း သူ သိထားပေသည်။ ထိုသွေးမျိုးဆက်ကပင် သူတို့၏ ခန္ဓာကိုယ်များကို အကန့်အသတ်ထက် ကျော်လွန်ကာ ကြီးထွားစေခြင်း ဖြစ်သည်။ သို့သော်လည်း... အစစ်အမှန် တိုက်တန် မျိုးနွယ်ဝင်များကိုတော့ သူ တစ်ခါမှ မမြင်ဖူးချေ။
ရုတ်တရက်... ကောင်းကင်က အလွန် ကျယ်ပြန့်လာသလို သူ ခံစားလာရ၏။ ကမ္ဘာများမှာ အဆုံးမဲ့လှသည်။ ပြောရလျှင် သူက ရေပွက်ရာလေး တစ်ခုထဲတွင် နေထိုင်နေခြင်းသာ ဖြစ်သည်။
တစ်ချိန်တစ်ခါက တိုက်တန် မျိုးနွယ်ဝင်များမှာ ထာဝရ ကြယ်တာရာ နယ်မြေကိုပင် ပျံ့နှံ့ခဲ့ပုံ ရသည်။ ထို့ကြောင့်ပင် တရှန်းတို့လို မျိုးဆက်များ ရှိနေခဲ့ခြင်း ဖြစ်သည်။
ကပ္ပတိန်ကျွင်းက ခိုင်မာစွာဖြင့် ခေါင်းညိတ်လိုက်၏။
“ခရုပတ် တိုက်တန် တပ်ရင်းက အများအားဖြင့် ငါတို့ မျိုးနွယ်ဝင်တွေ၊ သွေးစပ်တွေနဲ့ ဖွဲ့စည်းထားတာ... မင်း ဘာလို့ ဒီကို ရောက်လာရတာလဲ၊ ဒီနေရာက ဘယ်နေရာလဲ ဆိုတာတွေ အားလုံး ငါ ရှင်းပြမှာပါ... အခု မင်းမှာ မေးခွန်းတွေ အများကြီး ရှိမယ် ဆိုတာ ငါသိတယ်... ဒါပေမဲ့ အဲဒါတွေကို နောက်အတွက် သိမ်းထားလိုက်... အခု အရင်ဆုံး အချက်အအလက်တွေ ဖြည့်ဖို့ လိုတယ်... ပထမဆုံး... မင်းရဲ့...”
ဝေ့ဝူယင်က ကြားဖြတ် မေးလိုက်၏။
“တကယ်လို့ ကျုပ်က ခရုပတ်တိုက်တန် တပ်ရင်းကို ဝင်ဖို့ ဆန္ဒ မရှိရင် ဘာဖြစ်မှာလဲ...”
မည်သို့ပင် ဆိုစေ... လက်ရှိ၌ သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ကြမ်းတမ်း ခက်ထန်သည့် ကျင့်ကြံခြင်း လောကတွင် သေမျိုး တစ်ယောက် အတွက် အသက်ကို ထိန်းသိမ်း ရသည်က အလွန် ခက်ခဲလှသည်။ ကောင်းကင်တာအိုက မည်ကဲ့သို့ ဇာတ်ညွှန်း ရေးထားကြောင်း မသိရသေးသည့်တိုင် သူ ထိုကံကြမ္မာထဲ ဇွတ်ခြေစုံပစ်၍ မဝင်ရဲချေ။
“...”
ကပ္ပတိန်ကျွင်းမှာ မျက်မှောင်ကြုတ်သွားကာ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။ လေထု၏ အခြေအနေက အနည်းငယ် တင်းမာသွားကာ သူ့ခန္ဓာကိုယ်မှ ဖော်မပြနိုင်သည့် ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သေမျိုး အကန့်အသတ်ကို ကျော်လွန်နေကာ အချိန်သခင်များကိုပင် ဒူးထောက်ကျသွားစေနိုင်သည့် ခွန်အားကို သယ်ဆောင် ထားသည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ မတုန်မလှုပ်ပင် မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်သည်။
ကပ္ပတိန်ကျွင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြသွားခဲ့၏။ သာမန် သေမျိုး တစ်ယောက်က သူ့ဝိညာဥ် အင်အားကို မတုန်မလှုပ် ခုခံနိုင်သည်လား။ ဝေ့ဝူယင်က မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ဟုတ်ရဲ့လားပင် သူ စတင် သံသယ ဝင်လာခဲ့မိ၏။
“သူ့ဆီမှာ လျှို့ဝှက်အဆင့် ခုခံရေး ရတနာ တစ်ခုခု ရှိနေတာများလား”
ထိုအရာက သူ၏ ပထမဆုံး အတွေး ဖြစ်သည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ဖြင့် စစ်မျိုးစေ့ တစ်ခု ပိုင်ဆိုင်ထားခြင်းကို ထောက်ရှုပါက သူက သာမန် မဟုတ်ချေ။
ထို့အပြင် လူငယ်မှာ ယခုအချိန်အထိ မျက်လုံးများကို မှိတ်ထားကြောင်း ကပ္ပတိန်ကျွင်း သတိပြု လိုက်မိ၏။ သူက မျက်ကန်း တစ်ယောက်လော။ သူ၏ ဝိညာဥ်ဖိအားက တဖြည်းဖြည်း ပြန်လည် ပြေလျော့ သွား၏။
ကပ္ပတိန်ကျွင်းက ဝေ့ဝူယင်ကို နောက်ထပ် ထပ်မံ မစမ်းသပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုလူသားမှာ ကံမကောင်း အကြောင်းမလှစွာဖြင့် ဤနေရာကို မှားယွင်း၍ ရောက်လာခဲ့ပြီး ဖြစ်သည်။ သူ့ကို နောက်ထပ် ထိခိုက်အောင် သူ မလုပ်ချင်ပေ။
“မင်းက တပ်ရင်းနဲ့ ပူးပေါင်းဖို့တောင် လက်ဆောင် ပေးခဲ့ပြီးပြီလေ... မင်း ငြင်းချင်တယ် ဆိုရင်တောင် လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး... ဒါပေါ့ မင်းထွက်နိုင်တယ်... ဒါပေမဲ့ အသေထွက်ပဲ ရလိမ့်မယ်”
ဝေ့ဝူယင် စိတ်ထဲမှ ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ ကြည့်ရသည်က ရှောင်လွှဲ၍ မရနိုင်တော့ချေ။ အကောင်းဘက်မှ လှည့်တွေးရလျှင် ဘယ်လိုပဲ ဖြစ်ဖြစ် ဤသည်က ကောင်းကင်တာအို ကိုယ်တိုင် ဖန်တီးသည့် အခွင့်အရေး တစ်ခု ဖြစ်လေရာ သူ့တွင် အားသာချက် များစွာ ရှိနေဆဲ ဖြစ်သည်။ သေချာ သတိထားမည် ဆိုပါက ဆုပ်ကိုင်ကောင်း ဆုပ်ကိုင်နိုင်ပေသည်။
“မင်းကို မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ မွေးတာလား...”
ကပ္ပတိန်ကျွင်းက မေးလိုက်၏။ ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး... နဂါးငွေ့တန်း ကြယ်ကွင်းပြင်မှာပါ”
“အိုး...”
ကပ္ပတိန်ကျွင်းမှာ နောက်တစ်ကြိမ် အံ့အားသင့် သွားပြန်၏။ ထိုလူငယ်လေးက မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ မဟုတ်သည်လား။ သို့သော်လည်း သူ့ကို ထိုနေရာရှိ ကြယ်တာရာ ကူးပြောင်းခြင်း အလင်းတန်းက သယ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။
နဂါးငွေ့တန်း ကြယ်ကွင်းပြင်မှာ သားရဲများ ရှင်သန် နေထိုင်ရန်သာ လုံလောက်သည့် ရေကြမ်းမြေကြမ်း တစ်ခု ဖြစ်သည်။ ထိုနေရာက ကျင့်ကြံဖို့ အတွက် လုံးလုံးလျားလျား မသင့်တော်ချေ။
“မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာတော့ မင်းနေတယ် မလား”
သူက မေးလိုက်၏။ အနည်းငယ် စဥ်းစားပြီးနောက် ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ နဂါးငွေ့တန်း ကြယ်ကွင်းပြင် ဖျက်ဆီးခံရပြီးနောက် သူ၏ လက်ရှိ တည်နေရာကို မဟာ စက်ဝန်း ကြယ်ကွင်းပြင်ဟု ယူဆ၍ ရနိင်ပေသည်။
ကပ္ပတိန်ကျွင်းက ဆက်လက်၍ အသက်၊ ကျားမ၊ နာမည် စသည်တို့ကို ဆက်လက် မေးမြန်း၏။ ဝေ့ဝူယင်ကလည်း အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ ကပ္ပတိန်ကျွင်းက မျက်လုံးကန်းနေသလား ပင် မေးမြန်းခဲ့ပြီး သူက ငြင်းဆိုခဲ့သည်။ ကပ္ပတိန်ကျွင်းမှာ သူ၏ ပိတ်ထားဆဲ ဖြစ်သည့် မျက်လုံးများကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားပုံ ပေါ်သည့်တိုင် နောက်ထပ် ထပ်မမေးတော့ချေ။
မကြာခင်မှာပင် စစ်ဆေးခြင်း ဖြစ်စဥ်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် စင်မြင့်ထက်မှ ဆင်းလာခဲ့ကာ ကပ္ပတိန်ကျွင်း အနားကို လျှောက်လာခဲ့၏။ ဘေးချင်းယှဥ် ရပ်လိုက်တော့ သူတို့၏ အရပ်ချင်း ကွာခြားမှုက ပိုမို၍ပင် သိသာသွားသည်။ သူက ကပ္ပတိန်ကျွင်း၏ ဒူးသာသာလောက်သာ ရှိပေသည်။
ဝေ့ဝူယင် ကပ္ပတိန်ကျွင်း၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ကြည့်ကာ အနည်းငယ် အံ့သြသွားခဲ့၏။ ပထမ၌ တိုက်တန်များမှာ အမြှောင်းလိုက် ကြွက်သားများနှင့် သတ္တဝါကြီးများ ဖြစ်ရလိမ့်မည်ဟု သူ ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အားလုံးက ထိုကဲ့သို့ ဟုတ်ဟန် မရချေ။ ကပ္ပတိန်ကျွင်းမှာ အတော်လေး ပိန်သွယ်ကာ လူသား အကြီးစား တစ်ယောက်နှင့် ပိုမို၍ တူညီပေသည်။
ဝေ့ဝူယင် ကပ္ပတိန်ကျွင်းကို စစ်ဆေး နေသကဲ့သို့ ကပ္ပတိန်ကျွင်းကလည်း သူ့ကို ပြန်လည် စစ်ဆေး နေခဲ့သည်။ ထိုလူ့ဘီလူးကြီး ကိုယ်တိုင်မှာလည်း ဝေ့ဝူယင်ကို ကြည့်က အံ့အားသင့်နေဟန် ရ၏။ ထိုလူသား၏ ခန္ဓာကိုယ်ကို (အရာရာက ထိန်းချုပ်မှု အောက်တွင် ရှိသည့် အလား) ပေါ့ပေါ့ပါးပါး လေထုတစ်ခုက ဝန်းရံထားသည်။ သေမျိုး တစ်ယောက်ကို ထိုပုံစံဖြင့် မြင်ရသည်က အတော်လေး စိတ်ဝင်စားဖွယ်ရာပင်။
ကပ္ပတိန်ကျွင်းက ဆက်လပ်၍ ပြောလိုက်၏။
“ပုံမှန်ဆိုရင် လူသစ်တွေကို ရှင်းပြဖို့ အတွက် အဆင့်နိမ့် စစ်သားတွေကပဲ တာဝန် ယူရတာ... ဒါပေမဲ့ မင်းက တိုက်တန်သွေး မစပ်တဲ့ လူသားမျိုးနွယ် တစ်ယောာက် ဖြစ်နေတော့ ခွဲခြားမှု ဆက်ဆံမှုတွေနဲ့ ဗဟုသုတပိုင်းမှာ ယိုပေါက်တွေ ဦးတည်လာမှာမျိုး မဖြစ်စေချင်ဘူး... နောက်ပြီး တာဝန် ပေါ့လျော့လို့ ဆိုပြီး ငါ့လူတွေကိုလည်း အပြစ်မပေးချင်ဘူး”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ကပ္ပတိန်ကျွင်းမှာ အမြော်အမြင် ရှိသူ တစ်ယောက်ဟု သူ စိတ်ထဲက တွေးလိုက်မိသည်။ သို့သော်လည်း... တစ်ချိန်တည်း၌ ကပ္ပတိန်ကျွင်း၏ စိုးရိမ်မှုများက မြေပြင် အခြေအနေကို ဝေ့ဝူယင်အား သဘောပေါက်စေသည်။ သို့သော်လည်း သူ့အယူအဆ အရဆိုလျှင် လူသား ဖြစ်စေ၊ တိုက်တန် ဖြစ်စေ၊ အယ်ဗန်နှင့် ရှို့ရန်များ ဖြစ်စေ အားလုံးက အတူတူပင် ဖြစ်သည်။
ကပ္ပတိန်ကျွင်းက ကြောက်ရွံ့ ထိတ်လန့်မှု ကင်းမဲ့နေသည့် ၃ဝေ့ဝူယင်ကို ကြည့်ကာ “ထူးဆန်းတဲ့ လူသား” ဟု စိတ်ထဲမှ မှတ်ချက်ချလိုက်မိ၏။
“ငါတို့ စစ်မြေပြင်ကနေ စလိုက်ကြတာပေါ့... ဒါပေမဲ့ စည်းကမ်း တစ်ခု ရှိတယ်... ငါ ရှင်းပြတာ မပြီးမချင်း ဝင် မနှောက်ယှက်ရဘူး... မေးခွန်း မေးချင်ရင် နောက်မှမေး... နားလည်လား”
“ကောင်းပါပြီ ကပ္ပတိန်...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ လက်ရှိ၌ စစ်တပ်တစ်ခု အတွင်း ဝင်ရောက်ခဲ့ပြီး ဖြစ်လေရာ အမိန့်နာခံမှုနှင့် ရာထူးအဆင့်ကို သူ လေးစားရတော့မည် ဖြစ်သည်။
“ကောင်းတယ်...”
ကပ္ပတိန်ကျွင်းက ကျေနပ်ဟန်နှင့် ခေါင်းညိတ်လိုက်၏။ စက္ကန့်ပိုင်းမျှ အချက်အလက်များကို စဥ်းစား လိုက်ပြီးနောက် သူက စတင်ကာ ရှင်းပြလိုက်လေတော့သည်။
“မင်းက အခု စစ်မြေပြင်လို့ ရည်ညွှန်းကြတဲ့ နယ်မြေတစ်ခုကို ရောက်နေတာ... ဒီနေရာက ဘယ် ကြယ်ကွင်းပြင်မှာမှ ရှိနေတာ မဟုတ်ဘူး... အတိအကျ ပြောရရင် ပျက်သုဥ်းခြင်း နယ်မြေ ပေါ့လေ... ဝင်ပေါက်တွေ တစ်ခုထက် ပိုတဲ့ လောကနယ်မြေ အမျိုးအစားပေါ့... ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန် တစ်ခု အတွင်းမှာပဲ ပြိုင်စံရှားအမှတ်အသားနဲ့ ဝင်လို့ရတယ်... ဒီတည်နေရာကို နာမည် သတ်မှတ်ရမယ် ဆိုရင်တော့ ပျက်သုဥ်းခြင်းပေါ့လေ”
“စစ်မြေပြင်က ကျင့်ကြံဖို့ အတွက် နေရာ တစ်ခုတော့ မဟုတ်ဘူး... မင်း မြင်တဲ့ အတိုင်း ဒီနေရာမှာ အမတတွေက အရမ်းကို ပါးတယ်... အသက်ရှင်ဖို့တောင် အန္တရာယ် ရှိတယ်... မင်းကိုယ်တိုင်လည်း ကြောက်ဖို့ကောင်းတဲ့ မြေဆွဲအားနဲ့ ဝိညာဥ်ဖိအားတွေကို ခံစားလို့ ရမှာပါ... နောက်ပြီး ဒီနေရာမှာ မန်နာတွေ ရှိတယ် ဆိုပေမဲ့ ထိန်းချုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပဲ... မင်းတို့လို သေမျိုးတွေ မပြောနဲ့ ငါတို့လို လျှို့ဝှက် အာဏာရှင် အဆင့်တွေတောင် ပျံသန်းဖို့ အရမ်းကို ခက်ခဲတယ်”
"ဒီနေရာက ကျင့်ကြံဖို့ ဖန်တီးထားတာ မဟုတ်တဲ့ အတွက် နေလို့ ကောင်းတဲ့ နယ်မြေတစ်ခုတော့ မဟုတ်ဘူး... ရှင်းရှင်း ပြောရရင် ပျက်သုဥ်းခြင်း ဆိုတာက ရက်စက်ကြမ်းကြုတ်တဲ့ စစ်မြေပြင် တစ်ခု၊ သွေးလွှမ်းတဲ့ ပြိုင်ပွဲ တစ်ခုပဲ... ငါတို့ ကြယ်စင်စုမှာ ရှိတဲ့ ထိပ်တန်း လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်က ဒီနေရာကို ဖန်တီးထားခဲ့တာ... များသောအားဖြင့် လျှို့ဝှက် အာဏရှင် အဆင့်တွေ ကြားထဲက ငြင်းခုန်စရာတွေကို ဒီနေရာမှာဆုံးဖြတ်လေ့ ရှိတယ်”
"...”
ဝေ့ဝူယင်မှာ နားထောင်ရင်း အသက်ရှူသံများပင် မြန်လာခဲ့တော့၏။