တပ်ဖြန့်ခြင်း
Vol. 52 Ch. 723
“ငါတို့ ဒီမှာ လေ့ကျင့်နေတာ နှစ်နှစ်လောက် ရှိပြီ... ဒီနေ့ တပ်ဖြန့်ခံရမယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး”
တပ်စိတ် ၄၉ ထဲရှိ တိုက်တန် မျိုးနွယ်ဝင် တစ်ယောက်က တပ်ရင်းခေါင်းဆောင်၏ သိမ်းငှက်လိုမျိုး စူးရှသည့် အကြည့်များကို ရှောင်လွှဲရင်း ဝိညာဥ်အာရုံဖြင့် ခိုးပြောလိုက်၏။ ၎င်း၏ အသံက အနည်းငယ် တုန်ရီနေကာ တုန်လှုပ် ချောက်ချားခြင်းများနှင့် ပြည့်နှက်နေ၏။
ထိုတိုက်တန်မျိုးနွယ်ဝင်က အမ တစ်ယောက် ဖြစ်ကာ အရပ် လေးမီတာအောက် နိမ့်ပေသည်။ သူမ၏ ခန္ဓာကိုယ်က အတော်အတန် သေးသွယ်ကာ ရှည်လျားသော လှံတံနှင့် ခပ်ဝိုင်းဝိုင်း ဒိုင်းကာ တစ်ခုကို ကိုင်ဆောင်ထားသည်။
“ဟုတ်တယ်...”
လက်မ အနည်းငယ် ပိုမို အရပ်ရှည်သည့် အခြား တိုက်တန် တစ်ယောက်က ထောက်ခံဟန်နှင့် ပြောလိုက်၏။ သူ၏ အသံကလည်း မိန်းကလေး ကဲ့သို့ပင် စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ ဤကြမ်းတမ်းသည့် လောကနယ်မြေတွင် သူတို့ နှစ်နှစ်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သည်။ ထိုအတောအတွင်း သက်တောင့်သက်သာမှု သိပ်မရှိသည်မှ လွဲ၍ သူတို့ ဘဝများက အဆင်ပြေခဲ့ပေသည်။ သို့သော်လည်း... နေ့စဥ်နေ့တိုင်း စစ်မြေပြင်သို့ ဝင်ရောက်သွားသည့် တပ်စိတ်များ သုတ်သင်ခံနေရသည့် သတင်းကို သူတို့ မကြားချင်မှ အဆုံး ကြားသိနေရသည်။
အေးစက် ထိတ်လန့်သည့် ခံစားချက် တစ်ခုနှင့် အတူ စစ်ပွဲ၏ ပြင်းထန်သော အနိဌာရုံများက သူတို့ နှလုံးသားများကို လွှမ်းခြုံထား၏။ သူတို့ ထိုအခွင့်အရေး အတွက် တိုက်ခိုက်ခဲ့ရသည်။ သူတို့၏ မိသားစု၊ ကလန် များစွာမှာ အလွန် တန်ဖိုး မြင့်မားသည့် လက်ဆောင်များကို ပြင်ဆင်ခဲ့ရသည်။ သို့သော်လည်း လက်တွေ့ ရင်ဆိုင်ရတော့ သေခြင်းတရား ဆိုသော အတွေးက လေးပင်လွန်းလှသည်။ မဟာမိတ် အဖွဲ့ကို သူတို့ ဖွဲ့စည်းခဲ့သည့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အသက် မည်မျှ ပြန်လာနိုင်ခဲ့လို့နည်း။
“အိမ်ပြန်ချင်လိုက်တယ်...”
အချို့မှာစတင်၍ပင် တွေးမိလာကြ၏။ သူတို့၏ ခြေတစ်လှမ်းချင်းစီက တပ်ဖြန့်ရာ နေရာနှင့် ပိုမို၍ နီးကပ် လာနေခဲ့ပြီ ဖြစ်သည်။ များစွာသော အသက်များ ဆုံးရှုံးခဲ့ရာ စစ်မြေပြင်နှင့် ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ အဝေးရှိ ဟင်းလင်းပြင် ဂိတ်တံခါးကို လှမ်းတွေ့လိုက်ရတော့ သူတို့ ခံစားနေရသည့် အေးစက်မှုများက ပိုမို၍ တိုးလာခဲ့၏။
၎င်းက ကြီးမားသော စက်ဝိုင်းကြီး တစ်ခု ဖြစ်ကာ မီတာရာပေါင်းများစွာကို ဖြန့်ကျက်ထား၏။ လောလောဆယ်ကမှ အသက်သွင်းထားသည့် အနက်ရောင်နှင့် ရောင်စုံ အလင်းတန်းများက တဖျပ်ဖျပ် တောက်ပနေ၏။
၁၂၅ ယောက်သော တိုက်တန် စစ်သည်များမှာ ထိုဟင်းလင်းပြင် တံခါးကို လှမ်းကြည့်ရင်း သေမင်းတံခါးဝ တစ်ခုသဖွယ် ခံစားလိုက်ရ၏။ သို့သော်လည်း သူတို့ အားလုံးက အားနည်းကြသူများ မဟုတ်ကြချေ။ ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ်အမြုတေ အဆင့်၌ ရှိနေသည့် ကျင့်ကြံသူများပင် ဖြစ်သည်။ တစ်နည်း ဆိုရသော် သူတို့က အစစ်အမှန် ကြယ်သခင်များပင်။
စုပေါင်းတပ်ဖွဲ့ ခေါင်းဆောင်၏ အငွေ့အသက်များက သာမန် မဟုတ်ချေ။ သူက ရှေ့ဆုံးမှ ဦးတည်၍ ချီတက်လာကာ စစ်သည်တော်များ စိတ်ခွန်အားနှင့် ယုံကြည်မှုတို့ တိုးတက် လာစေရန် အတွက် တက်ကြွသည့် အော်ရာ အချို့ကို ထုတ်လွှတ်ထား၏။ ခေါင်းဆောင်မှာ လျှို့ဝှက် အာဏာရှင် အဆင့်နှစ် လျှို့ဝှက်ဝိညာဥ် တစ်ယောက် ဖြစ်ကြောင်း လူတိုင်း မြင်နိုင်ကြပေသည်။
အချို့မှာ သေမျိုးအကန့်အသတ်ကို ကျော်လွန်နေသည့် အော်ရာကို ခံစားလိုက်ရသောကြောင့် အတန်အသင့် ပြန်လည် တည်ငြိမ်လာကြ၏။ သို့သော်လည်း ထိုအရာက အများစု အတွက် လုံလောက်ခြင်း မရှိပါချေ။ အေးစက်သော ချွေးများက သံချပ်ကာ အောက်တွင် စိုရွှဲနေကာ ကိုယ့်နှလုံးခုန်သံကို ကိုယ်တိုင် ပြန်ကြားနေရဆဲ ဖြစ်သည်။ သူတို့ ချက်ချင်းပင် ပြန်ဆုတ်ကာ အိမ်ပြန်ချင်သည်။
သူတို့က ကြယ်တာရာ အမြုတေ အထွတ်အထိပ် အဆင့် ကျင့်ကြံသူများ ဖြစ်သည်။ သူတို့က ဆုလာဒ်များ အတွက် တိုက်ခိုက်စရာ မလိုချေ။ သူတို့ အိမ်များတွင် သက်တောင့်သက်သာ ကျင့်ကြံနိုင်သည်။ ခွဲတမ်း ရရှိသည့် ရင်းမြစစ်များဖြင့် ဖူလုံသည်။ မြင့်မားသော ကျင့်ကြံခြင်း အဆင့်များကို မရောက်တော့ရော ဘာအရေးနည်း။ နောက်ထပ် ရက်အနည်းငယ် အတွင်း သေဆုံးရခြင်းနှင့် ယှဥ်လျှင် အသက် တစ်ထောင်ကျော် နေရခြင်းက ပိုမို၍ ကောင်းမွန်သည် မဟုတ်ပါလား။
အချို့က ချီတုံချတုံဖြင့် ခြေလှမ်းများကိုပင် ရုတ်ချည်း ရပ်တန့်လိုက်၏။
ဘုန်း... ဘုန်း... ခွမ်း...
သံချပ်ကာချင်း ဝင်တိုက်သည့် အသံများ ထွက်ပေါ်လာကာ ၁၂၅ စုပေါင်း တပ်ဖွဲ့ဝင် များစွာမှာ မြေပြင်ပေါ် ပိုးလိုးပက်လက် လဲကျသွားကြ၏။ အချို့ကတော့ အယောင်ယောင် အမှားမှားဖြင့် လက်နက်များကို ဆွဲထုတ် လိုက်ကာ တိုက်ခိုက်ရန်ပင် ပြင်လိုက်ကြ၏။ အခြေအနေက အတော်လေး ပရမ်းပတာ နိုင်ကာ အချို့မှာ စစ်မြေပြင်သို့ မရောက်ခင် ဒဏ်ရာ အသေးအမွှားများ ရသွားကြပြီ ဖြစ်လေသည်။
“ရပ်စမ်း... ရပ်စမ်း... ခုချက်ချင်း...”
တပ်ဖွဲ့ ခေါင်းဆောင်က ဒေါသတကြီးဖြင့် အော်ဟစ် အမိန့်ပေးလိုက်၏။ သူ၏ အော်ရာက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ အားလုံးကို လွှမ်းခြုံသွားသည်။
ပရမ်းပတာ အခြေအနေက အနည်းငယ် ပြန်လည် ငြိမ်သက်သွား၏။ သံချပ်ကာ၏ ဖုံးကွယ်မှု နောက်မှ ခေါင်းဆောင်၏ အမူအရာက အလွန်ပင် ဆိုးရွားနေသည်။
“အား...”
ရုတ်တရက် တိုက်တန်မျိုးနွယ် တစ်ယောက်မှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ကာ မီတာ ထောင်ဂဏန်း အထိကို လွင့်ပျံသွား၏။ ထို့နောက် အရှိန်အဟုန်နှင့် အောက်သို့ ပြန်ပြုတ်ကျကာ မြေပြင်းနှင့် ပြင်းထန်စွာ ရိုက်ခတ်၍ သတိလစ် သွားသည်။
“...”
စုပေါင်း တပ်ဖွဲ့ တစ်ခုလုံးမှာ တိတ်ဆိတ်သွားကာ တရားခံကို လှည့်ကြည့်လိုက်ကြ၏။ ၎င်းက လူသား တစ်ယောက်။ အရပ် အရပ် နှစ်မီတာအောက် နိမ့်ပါးကာ သူ ဘာမှ လုပ်မထားသည့် အလား အပြစ်ကင်းစင်သည့် အမူအရာနှင့် ရပ်နေသည့် လူသား တစ်ယောက်ပင်။
တိုက်တန် မျိုးနွယ်ဝင်များမှာ ရင်များ တဒိတ်ဒိတ် တုန်သွားကြကာ ထိတ်လန့် ချောက်ချားသွားကြသည်။ လူသား တစ်ယောက်... လူသား တစ်ယောက်က တိုက်တန် စစ်စခန်းကို ဘာလာလုပ်သနည်း။
သူတို့ ကြည့်နေစဥ်မှာပင် ထိုသေးငယ်သည့် ပုံရိပ်ကလေးမှာ ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်ကာ စုပေါင်း တပ်ဖွဲ့ ခေါင်းဆောင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ ထို့နောက် ပုံမှန် အရိုအသေ ပြုမှုမျိုးကိုပင် ဂရုစိုက်ခြင်း မရှိပဲ တိုက်ရိုက် ကြေညာလိုက်လေသည်။
“တပ်စိတ် ၄၉ က ဝေ့ဝူယင် တာဝန် လာရောက် ထမ်းဆောင်ပါတယ်”
"..."
ဝေ့ဝူယင်၏ ကြေညာသံက ပတ်ဝန်းကျင် တစ်ခုလုံးကို အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားစေ၏။ အားလုံးမှာ မကြာခင် ရင်ဆိုင်ရမည့် စစ်မြေပြင်ကိုပင် မေ့လျော့သွားကာ ဝေ့ဝူယင်ကို စိတ်ဝင်တစားဖြင့် ကြည့် နေကြသည်။ ထွက်ပြေးရန် စဥ်းစားထားကြသူများ ပင်လျှင် တစ်ခဏမျှ အစီအစဥ်ကို ဆိုင်းငံ့ထားလိုက်ကြ၏။
“လူသား တစ်ယောက်က ဘာလို့ ဒီနေရာ ရောက်လာတာလဲ...”
“သူက စောနက ကျိထူကို ရိုက်ထုတ်လိုက်တာလား...”
"သူ့ရဲ့ ကျင့်ကြံခြင်းကို အာရုံခံလို့ မရဘူး... လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်များလား... ဒါမှမဟုတ် သူလျှိုများလား”
သူတို့က တစ်ယောက်နှင့် တစ်ယောက် ဝိညာဥ်အာရုံများဖြင့် ဆက်သွယ်ကာ ဆွေးနွေးလိုက်ကြ၏။ သို့သော်လည်း မည်သည့် တိုက်တန်မှ အရေးယူရဲခြင်း မရှိပါချေ။
မှတ်ချက်များနှင့် ထင်ကြေးပေးမှုများကို လက်ခံ ရရှိနေသည့်တိုင် ဝေ့ဝူယင်မှာ မျက်လုံးများကို ဆက်လက် မှိတ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း... ဝိညာဥ်အာရုံဖြင့် အားလုံးကို သူ တွေ့မြင်နေနိုင်ဆဲ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကြယ်တာရာ သခင် အဆင့် ရာကျော်၏ ဝိုင်းကြည့်မှုကို ခံနေရသည့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တစ်ယောက်မှာ လုံးဝ ပြိုလဲသွားလိမ့်မည် ဖြစ်သော်လည်း ဝေ့ဝူယင်ကတော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
စောစောက အဖြစ်အပျက်လား... သူ တမင်သက်သက် ရည်ရွယ်၍ ပြုလုပ်နိုင်ခြင်း မဟုတ်ချေ။ လေပူပေါင်းက ရုတ်ချည်းပင် ပေါက်ကွဲသွားကာ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ခင်မှာပင် ကြီးမားသော ခန္ဓာကိုယ်ကြီး တစ်ခုပေါ်သို့ သူ ပြုတ်ကျ လာခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက် အနေဖြင့် သူ လန့်ဖျန့်၍ ရိုက်မိကာ ခန္ဓာကိုယ်ကြီးမှာ လွင့်စဥ် သွားခဲ့စေခြင်းပင်။
စုပေါင်းတပ်ဖွဲ့ ခေါင်းဆောင်က သတိလစ်နေသည့် တိုက်တန်ကို တစ်ချက် လှမ်းကြည့်ကာ ဝေ့ဝူယင်ဘက်ကို လှည့်လိုက်၏။ ဝေ့ဝူယင် ကောင်းကင်မှ ပြုတ်ကျလာစဥ် အခါက ဝိညာဥ်ကပ္ပတိန် ကျွင်းမာ့ဂျာ၏ အော်ရာကို သူ အာရုံခံစားမိပေသည်။ ထို့ကြောင့်ပင် သူ ချက်ချင်း ဘာမှ မလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်က သူ့ကိုယ်သူ တပ်စိတ် ၄၉ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း ကြေညာခဲ့သည့် အခါတွင်တော့ သူ မထိန်းချုပ်နိုင်အောင် အံ့သြသွားခဲ့တော့သည်။
‘သူက ကျူးကျော်သူများလား... ငါတို့ရဲ့ အခြေစိုက် စခန်း တိုက်ခိုက်ခံနေရတာများလား...’
မရေရာသည့် မေးခွန်းများက ခေါင်းအတွင်း အစီအရီ တိုးဝင်လာ၏။ သူ လက်ထဲရှိ ပုဆိန်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ရင်း ဒူးတစ်ဖက် ထောက်ကာ ထိုင်လိုက်သည်။
“ဒါပေမဲ့ မင်းက လူသားမလား...”
ဝေ့ဝူယင်က တပ်စိတ် ခေါင်းဆောင်ကို မော့ကြည့်လိုက်၏။ ထိုတိုက်တန်မှာ လျှို့ဝှက် ဝိညာဥ်အဆင့် တွင် ရှိနေကာ ခိုင်ခံ့ တည်ငြိမ်သည့် ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။
သူက အခြား တိုက်တန်များထက် အရပ် ပိုမို ရှည်သည့်တိုင် ကပ္ပတိန်ကျွင်းလောက်တော့ မရှည်ချေ။ ကြည့်ရသည်က တိုက်တန်တို့၏ ကြီးထွားနှုန်းမှာ သွေးမျိုးဆက်ကို ရောင်ပြန် ဟပ်နေနိုင်ကြောင်း သူ တွေးလိုက်မိသည်။ သူက အလွန် ထူထဲသော သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်လုံး အပေါက်များကိုပင် ကျဥ်းမြောင်းစွာ ဖုံးကွယ်ထား၏။
ထိုတိုက်တန်၏ အမူအရာအရ သူက ကြာကြာ စိတ်ရှည်လိမ့်မယ် မဟုတ်ကြောင်း ဝေ့ဝူယင် ခန့်မှန်းမိပေသည်။ သို့ဖြစ်လေရာ သူက ဘာစကားမှ ပြန်မပြောတော့ပဲ သက်သေခိုင်မာသည့် ကိုယ်ရေး မှတ်ပုံတင် ဆိုသည့် အရာကိုသာ ကမ်းပေးလိုက်၏။
တပ်စိတ် ခေါင်းဆောင် လက်တစ်ဖက်ကို ဖြန့်ကာ ထိုအရာကို လက်ခံလိုက်သည်။ မိနစ်ပိုင်းမျှ သေသေချာချာ စစ်ဆေးပြီးနောက် သူ၏ အမူအရာက ပြောင်းလဲလာ၏။ သူက မသေချာ မရေရာဟန်ဖြင့် ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ ထိုလူသား၏ ကိုယ်ရေး အချက်အလက်များထဲ၌ မယုံကြည်နိုင်ဆုံး အရာက မဟာစက်ဝန်း ကြယ်ကွင်းပြင် ဆိုသည့် မူလဇစ်မြစ်ပင် ဖြစ်လေသည်။
“ဒါပေမဲ့ အဲဒီ ကြယ်ကွင်းပြင်က...”
သူ သိရှိထားသလောက် ဆိုလျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်သောင်းခန့်က တိုက်တန်များ အုပ်စိုးခဲ့သည့် နေရာတစ်ခု ဖြစ်သည်။ ၎င်းကို သမိုင်း စာအုပ်များထဲတွင် တိုက်တန်များ အတွက် အရေးပါသော နယ်မြေတစ်ခု အဖြစ် သင်ကြားဖူးသည်။
သူ့အား သင်ကြားပေးခဲ့သည့် သမိုင်းဆရာ၏ အဆိုအရ ဆိုလျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို မဟာစက်ဝန်း တိုက်တန် အင်ပါယာဟု ခေါ်သည့် တိုက်တန် လောကရှန့်ထို တစ်ပါးက အုပ်စိုးခဲ့သည်ဟု ဆိုသည်။ သူက အလွန် ပါရမီ မြင့်မားကာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သော်လည်း ကြယ်တာရာ ဝါးမြိုသူ တစ်ကောင်၏ လက်တွင် အဆုံးသတ် ခဲ့ရသည်။ ကောင်းကင်ရှန့်ထို ဖြစ်ရန် အခွင့်အရေး အမြင့်မားဆုံး လူတစ်ယောက်မှာ အချိန်မတန်ခင် ကြွေလွင့်ခဲ့ရပေသည်။
မည်မျှ ကံမကောင်းလိုက်သနည်း။
ထိုအဖြစ်အပျက် ပြီးနောက်တွင် မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ အဇူရာမူလ ကြယ်စင်စုမှ ခွဲထွက်သွားကာ ကိုယ်ပိုင် လျှို့ဝှက် အာဏာရှင်များနှင့် သီးခြား ရပ်တည်ခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်း... ထိုနေရာကို လူသားများ သိမ်းပိုက် စိုးမိုးသွားသည် ဆိုသည့် ကောလဟလများမှ အပ မည်သည့် တိတိကျကျ သတင်းကိုမှ သူတို့ မရတော့ချေ။
“ဒါဆို ကောလဟလတွေက အမှန်ပေါ့...”
သူက ကပ္ပတိန်ကျွင်းလိုပင် လေးလံ ထိုင်းမှိုင်းသည့် လေသံဖြင့် ရေရွတ်လိုက်၏။ တစ်မိနစ်ခန့်မျှ ကြာအောင် အတွေးအတွင်း နစ်မြုပ်နေပြီးနောက် ခေါင်းဆောင်က သူက သက်ပြင်းတစ်ချက် ချလိုက်၏။
တပ်ရင်း ကွန်မန်ဒါ ဘောရက်မှာ ထိုလူသားကို တပ်စိတ် ၄၉ အဖွဲ့ဝင် တစ်ယောက် အဖြစ် တာဝန်ပေးခဲ့ပြီး ဖြစ်သည်။ လူသား တစ်ယောက်ကို လက်မခံချင်သည့်တိုင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် တစ်ယောက်သာ ဖြစ်ကြောင်း သိရှိရပြီးနောက် စစ်မြေပြင်တွင် မြန်မြန် သေသွားလိမ့်မည်ဟုသာ သူ ဖြည့်တွေး လိုက်သည်။
“နေဦး... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်... မဖြစ်နိုင်တာ”
တပ်စိတ် ခေါင်းဆောင်မှာ ရုတ်ချည်းပင် မျက်လုံးများ ပြူးကျယ်သွားကာ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် လူသား တစ်ယောက်က ကြယ်တာရာ သခင် တစ်ယောက်ကို မီတာ ထောင်ချီ လွင့်စဥ်အောင် မည်ကဲ့သို့ ထိုးနှက်လိုက်သနည်း။ ထိုအရာက မဖြစ်နိုင်ချေ။
သူ ဝေ့ဝူယင်ကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ကြည့်လိုက်၏။ ဒုတိယ တစ်ကြိမ်တွင်မှ သူက မျက်လုံးများကို မှိတ်ထားကြောင်း သတိထားမိလိုက်သည်။ ထို့အပြင်... သူ့ထံမှ ပြင်းထန်သည့် ဝိညာဥ်အင်အား ရောင်ဝါများ ထွက်ပေါ်နေကာ ဝိညာဥ်အာရုံမှာ ပတ်ဝန်းကျင် မီတာ ငါးရာခန့်ကိုပင် ဖုံးအုပ်ထားသည်။
“သူက ဝိညာဥ်သခင် တစ်ယောက်ပေါ့...”
အချိန် အတန်ကြာ ဆက်လက် တွေးတောပြီးနောက် ရှုပ်ထွေးသည့် အဖြေတစ်ခုကို ရှာတွေ့လိုက်ရသည့် အလား စုပေါင်း တပ်ဖွဲ့ ခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။
“အဲဒီလိုပဲ ဖြစ်မယ်”
ကြည့်ရသည်က ထိုလူသားမှာ မသန့်စင်ရသည့် စစ်မျိုးစေ့ တစ်ခုနှင့် အတူ ဤနေရာကို မထင်မှတ်ပဲ ရောက်ရှိ လာခဲ့ဟန် ရသည်။ ထိုအချင်းအရာကို တပ်ရင်း ကွန်မန်ဒါ ဘောရက်က အခွင့်ကောင်း ယူကာ သိမ်းပိုက်၍ သူ့ကို ဤနေရာသို့ ပို့ဆောင်လိုက်ဟန် ရသည်။
မည်မျှရက်စက်လိုက်သနည်း။ ထိုအရာက သူတို့၏ တပ်ရင်း ကွန်မန်ဒါ မည်မျှ လောဘကြီးကာ အခွင့်အရေး ယူတတ်ကြောင်း ဖော်ပြလိုက်သည့် အချက်တစ်ခုပင် ဖြစ်သည်။ အကယ်၍ ထိုလူငယ်ကိုသာ လူသား စစ်စခန်း တစ်ခုဆီ ပို့လွှတ်လိုက်ပါက စစ်မျိုးစေ့ ကမ်းလှမ်းမှုကြောင့် အပြည့်အဝ အကာအကွယ်ကို ရရှိကာ ပါရမီရှင် တစ်ယောက် အဖြစ်ပင် သတ်မှတ်ခံရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဘောရက်က ဘာကိုမှ ဂရုမစိုက်ပဲ ဤတိုက်တန်များ အကြားကိုသာ ပို့ဆောင်ခဲ့သည်။ သူ ကိုယ်တိုင်ပင်လျှင် အစက ဝေ့ဝူယင်ကို သူလျှို တစ်ယောက်ဟု ထင်မိသေးသည် မဟုတ်ပါလား။
ကပ္ပတိန်ကျွင်း ကဲ့သို့ပင် စုပေါင်း တပ်ဖွဲ့ ခေါင်းဆောင် ကွန်မန်ဒါမှာလည်း ဝေ့ဝူယင် အပေါ် ဂရုဏာ သက်မှုကို ခံစားလိုက်ရလေ၏။