ကျိထူ
Vol. 52 Ch. 724
ဝေ့ဝူယင်မှာ စုပေါင်းတပ်ဖွဲ့ ခေါင်းဆောင်၏ အချိန် ကြာမြင့်စွာ စူးစိုက်ကြည့် ခံနေရမှုကြောင့် အနည်းငယ် သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရ၏။
“ဆရာ... ကျုပ်ရဲ့ ကိုယ်ရေး မှတ်ပုံတင်မှာ တစ်ခုခု ပြဿနာ ရှိနေလို့လား...”
တပ်ရင်း ခေါင်းဆောင်က ပင့်သက် တစ်ချက် ရှိုက်ရင်း ခေါင်းခါလိုက်၏။ ထို့နောက် သူက ကိုယ်ရေး မှတ်ပုံတင်ကို ပြန်ပေးလိုက်သည်။
“ဘာပြဿနာမှ မရှိပါဘူး... ငါက ဒုတိယ ဗိုလ်မှူးကြီး တိုဂျူးပဲ... အခုက စပြီး မင်း ငါ့ကို အဲဒီလို ခေါ်လို့ ရတယ်... အခါ မင်းက တပ်စိတ် ၄၉ ရဲ့ ၁၃ ယောက်မြောက် အဖွဲ့ဝင် ဖြစ်သွားပြီ... သွားတော့... မင်းတို့ တပ်စိတ် ခေါင်းဆောင်ကို သွားရှာ”
ထိုကဲ့သို့ ပြောလိုက်ပြီးနောက် ကျွင်းတိုဂျူးက မတ်တပ် ပြန်ရပ်ကာ ပြင်းထန်သည့် အော်ရာ တစ်ခုကို ထုတ်လွှတ် လိုက်၏။ သံချပ်ခေါင်းစွပ် အောက်မှ သူ၏ အကြည့်များက ၁၂၅ ယောက်သော တိုက်တန်များ အပေါ် စူးရဲမစွာ ကျရောက်သွားသည်။
“မင်းတို့အားလုံး နားထောင်ကြစမ်း... မင်းတို့မှာ အရှက်ရှိသေးရဲ့လား... သတ္တိ ဆိုတာကို စာလုံးပေါင်းတတ် သေးရဲ့လား...”
ကျွင်းတိုဂျားက စတင် ကြိမ်းမောင်းကာ ဆက်လက်၍ စိတ်ဓာတ် တက်ကြွစေမည့် မိန့်ခွန်းများ ပြောလိုက်သည်။ ဝေ့ဝူယင်မှာ ယခုမှ ရောက်ရှိလာခြင်း ဖြစ်လေရာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေမိ၏။
ဝေ့ဝူယင် ဖြည်းညင်းစွာ လှုပ်ရှားရင်း တပ်စိတ် ခေါင်းဆောင်ကို ရှာဖို့ ပြင်လိုက်သည်။ ဤနေရာတွင် သူ မသိသည့် အခြေအနေ တစ်ခုခု ရှိနေသလော။
အခြေအနေက သိပ်မူမမှန်ဟု သူ ခံစားရသည်။ ထို့အပြင် ကြယ်တာရာ သခင် တစ်ပါးမှာ သူ့လက်ဝါးချက် တစ်ချက်ဖြင့်ပင် လွင့်စဥ်ကာ မှောက်သွားခဲ့သည်။ မည်မျှပင် ကျင့်ကြံခြင်း အခြေခံ ခိုင်မာသည် ဖြစ်စေ သူက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်သာ ဖြစ်သည်။ လက်ဝါးတစ်ချက်ဖြင့် ထိုမျှ ဆိုးဆိုးရွားရွား ဖြစ်စရာ အကြောင်း မရှိချေ။
သူ့စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေကာ အားလုံးကို အဖွဲ့ခေါင်းဆောင်ထံတွင် အဖြေရှာရပေလိမ့်မည်။ ဝေ့ဝူယင် ကြာကြာ မရှာလိုက်ရချေ။ တစ်မိနစ်မျှ အတွင်းမှာပင် တပ်စိတ် ၄၉ အဖွဲ့ဝင်များထံသို့ သူ ရောက်ရှိလာခဲ့၏။ ထို့နောက် ပထမဆုံး လက်ခံ ရရှိသည့် အရာက ထူးဆန်းသော အကြည့်များပင်။
“ဒါနဲ့ တစ်ဆိတ်လောက်... တပ်စိတ် ခေါင်းဆောင်က ဘယ်သူလဲဗျ”
ဝေ့ဝူယင် အတတ်နိုင်ဆုံး ချိုသာစွာ ပြုံးပြရင်း မေးလိုက်သည်။
“...”
တိုက်တန် နှစ်ယောက်က ထိုနေရာမှ ထွက်ခွာသွားကာ မကြာခင်မှာပင် သတိလစ်နေသည့် တိုက်တန် တစ်ကောင်ကို တရွတ်တိုက်ဆွဲလျှက် ပြန်လည် ရောက်ရှိလာသည်။
ထိုပုံရိပ်ကို မှတ်မိသည်နှင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့တော့၏။ သူက တပ်စိတ် ၄၉ ၏ ခေါင်းဆောင်လော။
အဟွတ်... အဟွတ်...
ကောင်းပြီလေ... အထင်ကြီးအောင် လုပ်တဲ့ နည်းလမ်း တစ်ခုလို့ပဲ ထားလိုက်တာပေါ့....
တပ်စိတ် ၄၉ အတွင်း၌ အခြေအနေက အတော်လေး ပရမ်းပတာ နိုင်လှ၏။ တပ်စိတ် ခေါင်းဆောင်မှာ ပြန်လည် သတိရလာခဲ့ပြီ ဖြစ်သော်လည်း သူ၏ မျက်နှာက နှင်းကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်း ခိုင်မာလှသည့် ကြွက်သားများဖြင့် ပြည့်နှက်နေသည့်တိုင် သူ၏ ခြေထောက်များက အနည်းငယ် ခွေယိုင်နေသည်။ ကျော်ကြားသည့် ကြယ်တာရာ သခင် ကျိထူ တစ်ဖြစ်လည်း တပ်စိတ် ၄၉ ၏ ရဲရဲတောက် ခေါင်းဆောင်မှာ ခြေထောက်ပေါ် မားမားမတ်မတ် ရပ်တည်ရန်ပင် လက်ထောက် စစ်သည် နှစ်ယောက်၏ အကူအညီကို ရယူနေရသည်။
ဝေ့ဝူယင်ကတော့ တိုက်တန်များ အကြားတွင် လူပုလေး တစ်ယောက်လို ရပ်နေခဲ့၏။ ပတ်လည်ရှိ သတ္တဝါကြီးများ ထံမှ အကြည့် စူးစူးရဲရဲများကို လက်ခံ ရရှိနေသည့်တိုင် ဝေ့ဝူယင်ကတော့ သူတို့ မရှိသလိုပင် လျစ်လျူထားသည်။ တပ်စိတ် ခေါင်းဆောင် ဒဏ်ရာ ရရှိသွားခြင်းက သူ့ အပြစ် မဟုတ်ချေ။ သတိမထားသည့် ကျိထူ၏ အပြစ်သာ ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင် ထိုအတွေးများကို ထုတ်မပြဝံ့ပါချေ။ သူက လောလောဆယ်တွင် မျိုးနွယ်ခြားများ၏ ဝန်းရံမှု အလယ်တွင် ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် အားလုံးက ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ်တာရာ သခင်များ ဖြစ်ကြပေသည်။ သူတို့ကို ပေါ်တင် ဆန့်ကျင်ရလောက်အောင် သူ သတ္တိ မကောင်းသေးချေ။
မကြာခင်မှာပင် ကျွင်းတိုဂျူးမှာ သူ၏ ရှည်လျားသော စိတ်ခွန်အားဖြည့် မိန့်ခွန်းကြီးကို အဆုံးသတ် လိုက်၏။ ထို့နောက် သူက တပ်စိတ် ၄၀ မှ ၅၀ အထိ ပါဝင်နေသည့် အဖွဲ့ဝင်များကို ပြန်လည် စီစစ် လိုက်သည်။ ဝေ့ဝူယင်မှာ နေရထိုင်ရတာ အနည်းငယ် အသားမကျ ဖြစ်နေခဲ့၏။ လူသားမျိုးနွယ်တွင် ဆိုလျှင် သူက အများစုကို အထက်စီးမှ ကြည့်ခဲ့သည်ချည်းသာ ဖြစ်သည်။
“ဟဲ့...”
ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာ၏။ နူးညံ့ ပျော့ပျောင်းသည့် မိန်းမသံ တစ်ခုပင်။
“ဟဲ့... နင့်ကို ပြောတာ...”
ထိုအခါတွင်မှ ဝေ့ဝူယင်မှာ သူ့ကို ခေါ်နေကြောင်း သတိထားမိသွားသည်။ သူက လှည့်ကာ အသံ လာရာကို ကြည့်လိုက်၏။ သူ၏ ဝိညာဥ်အာရုံက ဖြန့်ကျက်သွားကာ သူမ၏ ပုံပန်း သွင်ပြင်ကို ကြည့်လိုက်သည်။
ထိုတိုက်တန် မိန်းကလေးမှာ အတော်လေး ပိန်သွယ်သည့်တိုင် တောင့်တင်းသည့် ကြွက်သားများကို ပိုင်ဆိုင်ထားပေသည်။ ဝေ့ဝူယင် တရှန်းကိုပင် ပြန်လည် သတိရလိုက်မိ၏။ သို့သော်လည်း တရှန်း၏ ရင်သားနှင့် တင်ပါးများက သူမထက် အနည်းငယ် ပိုမို ထွားကြိုင်းပေသည်။ အိပ်ရာထက်မှ အမှတ်တရများကို ပြန်လည် သတိရမိသော အခိုက်၌ ဝေ့ဝူယင်မှာ ပေါင်ကြားတွင် အနည်းငယ် ပူလောင်လာသလို ခံစားလိုက်ရ၏။ နောက်ဆုံး တွေ့ဆုံခဲ့ချိန်မှ စတင် ရေတွက်ရလျှင် အချိန် ခုနစ်နှစ် နီးပါး ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
မကြာခင် စစ်ပွဲတစ်ခု အတွင်း ဝင်ရောက်ရဖို့ ရှိသည့်တိုင် အိမ်ကို ပြန်နိုင်လိမ့်မည်ဟု သူ ခိုင်မာစွာ ယုံကြည်နေဆဲ ဖြစ်သည်။ စစ်သည်တော် တစ်ယောက်မှာ အချိန်မရွေး သေဖို့ ပြင်ဆင်ထားသင့်သော်လည်း ဘယ်တော့မှ သေဖို့ မျှော်လင့် မထားသင့်ချေ။ ဝေ့ဝူယင် ထိုသင်ခန်းစာကို ဒုတိယ ကပ်ဘေးနှင့် မရင်ဆိုင်ခင် ကတည်းက ကောင်းစွာ သင်ကြားပြီး ဖြစ်ကာ အောင်မြင်ခဲ့ခြင်းက ၎င်းကို ထပ်မံ အတည်ပြုပေးခဲ့သည်။
ဝေ့ဝူယင်က တိုက်တန် မိန်းကလေးဘက်သို့ လှည့်ကာ သူမကို သတိပြုမိကြောင်း ခေါင်းညိတ် ပြလိုက်၏။ ဝေ့ဝူယင်၏ အာရုံ စူးစိုက်မှုကို ရရှိသွားပြီးနောက် မိန်းကလေးက ဘေးနားရှိ တိုက်တန်များကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။ သူတို့က သူမကို ထူးဆန်းစွာဖြင့် ဝိုင်း၍ ကြည့်နေကြ၏။
ထိုတိုက်တန်များ၏ မျက်လုံးများက မျိုးနွယ်ခြား လူသား တစ်ယောက်နှင့် မဆက်ဆံရန် ဆုံးဖြတ်ထားကြသည့် ပုံပင်။ အထူးသဖြင့် သူတို့၏ တပ်စိတ် ခေါင်းဆောင် ကျိထူ ပင်လျှင် ထိုလူသား၏ လက်ချက်ဖြင့် ဒဏ်ရာ ရရှိထားရာ သူတို့ ပိုမို ဆင်ခြင်သင့်ပေသည်။
မိန်းကလေးမှာ အနည်းငယ် နောက်တွန့်သွား၏။ အပေါင်းအပါများ၏ အကြည့်များက သူမ၏ မူလ ရည်ရွယ်ချက်ကို မှေးမှိန်သွားစေသည်။
ဝေ့ဝူယင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ထိုအသံက ဝိညဥ်လှိုင်းများ အဖြစ် ပေါက်ကွဲထွက်ပေါ်လာကာ အားလုံး၏ စိတ်များထံ တိုက်ရိုက် တိုးဝင်သွားသည်။ သူတို့မှာ အနီးကပ် ခေါင်းလောင်းထိုးသံကို ကြားလိုက်ရ သကဲ့သို့ ခံစားလိုက်ရကာ အချို့ဆိုလျှင် ခန္ဓာကိုယ်များပင် နောက်သို့ ယိမ်းယိုင် သွားကြ၏။
မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
များစွာသော အကြည့်များက ဝေ့ဝူယင် အပေါ်သို့ နောက်တစ်ဖန် ကျရောက်လာသည်။ ကျွင်းတိုဂျား ပင်လျှင် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ စုပေါင်း တပ်ဖွဲ့၏ ချီတက်မှုက တစ်ခဏတာမျှ ဆိုင်းငံ့သွားပြန်သည်။
ဝေ့ဝူယင်က အေးစက်စွာဖြင့် အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်၏။
“မင်းတို့တွေက ကျင့်ကြံသူတွေ မဟုတ်ကြဘူးလား... နောက်ပြီး ငါတို့က စစ်ပွဲတစ်ခုကို အတူ တိုက်မှာ မဟုတ်ဘူးလား... ဟမ့်... ခရုပတ် တိုက်တန် တပ်ရင်းမှာ ဒီလို ကလေးတွေနဲ့ အမြင်ကျဥ်းတဲ့ လူတွေ ရှိလိမ့်မယ်ဆိုတာ ငါ မသိခဲ့ဘူး...”
“...”
တိုက်တန် မျိုးနွယ်ဝင်များမှာ အနည်းငယ် ရှက်ရွံ့သွားကြ၏။ ဝေ့ဝူယင်မှာ မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည့်တိုင် သူတို့ကို တည့်တည့်ကြီး ကြည့်၍ ပြောနေသလို ခံစားလိုက်ရသည်။
“ပြောတာ ကောင်းတယ်... ငါတို့ ခရုပတ် တပ်ရင်း စစ်သည်တော်တွေက ကလေးတွေ မဟုတ်သလို အမြင်ကျဥ်းတဲ့ လူတွေလည်း မဖြစ်သင့်ဘူး... ငါတို့က စစ်ပွဲ တစ်ခုကို တိုက်မယ့် စစ်သည်တွေ... ဒီမယ် ကောင်လေး... မင်းက တပ်စိတ် ၄၉ အဖွဲ့ဝင် တစ်ယေက် ဆိုမှတော့ ငါတို့နဲ့ ဘာမှ မကွဲတော့ဘူး... လူသား တိုက်တန်... အဲဒါတွေက ဘာအရေးပါလို့လဲ”
အံ့အားသင့်ဖို့ ကောင်းစွာပင် ပြောလိုက်သူက ကျိထူပင် ဖြစ်သည်။ ထိုအခိုက်၌ သူ၏ မျက်လုံးများက ရဲရဲတောက် နေကာ စစ်သွေးစစ်မာန်များဖြင့် တက်ကြွနေ၏။
လျှင်မြန်သော အပြောင်းအလဲကြောင့် ဝေ့ဝူယင် ကျိထူကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်မိသည်။ တစ်ခုခု လွဲချော်နေသလို ခံစားနေရသည့်တိုင် ကျိထူ၏ စကားလုံးများကို သူ စိတ်ထဲမှ ကျိတ်ကာ ချီးကျူး လိုက်မိ၏။ နောက်ဆုံးတော့ သူနှင့် အယူအဆချင်း တူသူ တွေ့ရပြီ ဖြစ်လေသည်။
ကျိထူက ဘေးမှ တွဲထားသည့် လူတစ်ယောက်ကို တွန်းဖယ်လိုက်ရင်း မားမားမတ်မတ် ရပ်ရန် ကြိုးပမ်း လိုက်၏။ ခြေလှမ်းများက အနည်းငယ် ယိမ်းယိုင်နေသည့်တိုင် သူက ရင်ဘတ်ကို ကော့ထားသည်။
“ကျုပ်တို့ အားလုံး ဒီကို ရောက်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ... တိုက်ပွဲတွေ တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့ပဲ... ရန်သူတွေကို ချေမှုန်းဖို့ပဲ... ဟူး... စိတ်မကောင်းစရာ တစ်ခုက ကျုပ် မရည်ရွယ်ပဲ ဒဏ်ရာ ရသွားခဲ့တာပဲ... နောက်ပြီး ဒဏ်ရာတွေက တော်တော်လေး ပြင်းထန်တယ်... ဒီတပ်စိတ်ကို ဆက်ဦးဆောင်ဖို့ အဆင်မပြေတော့ဘူး... ဒုတိယ ဗိုလ်မှူးကြီး... ကျုပ်ကို ဒဏ်ရာ ကုသဖို့ စခန်းဆီ ပြန်ပို့ပေးဖို့ တောင်းဆိုပါတယ်... ကျုပ်ရဲ့ အတ္တ၊ ကျုပ်ရဲ့ မာနကြောင့် အခြားလူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး...”
စကားအဆုံးသတ်၌ ကျိထူက ချောင်းအဆက်မပြတ် ဆိုးလိုက်ကာ မြေပြင်ပေါ်သို့ လဲကျ လုလုပင် ဖြစ်သွားခဲ့၏။ သူက အမှန်တကယ် ပြင်းထန်သော ဝေဒနာကို ခံစားနေရသည့် ပုံပင်။
ဝေ့ဝူယင် ထိုကျိထူကို ကြည့်လိုက်၏။
“သူက ဒီအကြံနဲ့ကိုး...”
အစောကြီးတည်းက လက်ဝါးချက်က သိပ်မပြင်းထန်ကြောင်း သူ သံသယ ရှိနေခဲ့ခြင်း ဖြစ်သည်။ အရှက်မရှိသူများမှာ မည်သည့် နေရာ၊ မည်သည့် မျိုးနွယ်တွင် မဆို ရှိတတ်ကြောင်း နောက်ဆုံး၌ သူ သဘောပေါက်ခဲ့ပြီ ဖြစ်သည်။