ဝိညာဥ်သခင်
Vol. 52 Ch. 725
ကျွင်းတိုဂျားက ကျိထူကို ကြောက်မက်ဖွယ် မျက်လုံးများနှင့် စိုက်ကြည့်လိုက်၏။ ထိုတိုက်တန်ကို နောက်တစ်ကြိမ် ထပ်မံ လွင့်စဥ်သွားအောင် စိတ်ရှိလက်ရှိ ရိုက်ပစ်ချင်သည့်တိုင် အဆုံးသတ်တွင်တော့ သူ စိတ်လျှော့လိုက်သည်။ မည်သို့ပင် ဆိုစေ... ဒဏ်ရာ အပြင်းအထန် ရရှိထားသည့် စစ်သားများကို စစ်မြေပြင်သို့ ဝင်ရောက်ခွင့် မပြုရန် စည်းမျဥ်းများ ရှိသည် မဟုတ်ပါလား။ သို့သော်လည်း မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည် ဆိုသည့် အချက်ကတော့ လိမ်နေတာ လုံးဝ အသိသာကြီး ဖြစ်ပေသည်။
“ကဲ... ကဲကွာ... သွားတော့...”
ကျွင်းတိုဂျားမှာ ထိုအရှက်မရှိသည့် တိုက်တန်ကို ဆက်လက် မြင်လိုစိတ် မရှိတော့ချေ။ ထို့အပြင် စစ်တပ် စည်းကမ်းများကို ဆန့်ကျင် လုပ်ရန်လည်း မဖြစ်နိုင်ပြန်ချေ။ သကောင့်သားကို နောက်မှ ဆုံးမရန် သူ တေးထားလိုက်၏။
ထို့နောက် သူက ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းက သူ့ကို ဒဏ်ရာ ရအောင် လုပ်တဲ့လူ ဆိုတော့ တပ်စိတ် ခေါင်းဆောင် ရာထူးကို မင်းယူလိုက်”
“ဒါပေမဲ့ ဒုတိယ ဗိုလ်မှူးကြီး...”
တပ်စိတ် ၄၉ မှ တိုက်တန် တစ်ယောက်က မနာခံလိုဟန်ဖြင့် ကြားဖြတ် ပြောရန် ကြိုးပမ်း လိုက်၏။ သို့သော်လည်း စကား မဆုံးခင်မှာပင် ကျွင်းတိုဂျား၏ စူးစူးရဲရဲ အကြည့်ကို လက်ခံ ရရှိလိုက်ရာ စကားလုံးများက လည်ချောင်းထဲတွင်ပင် ပျောက်ရှသွားသည်။
“ငါ ညှိနှိုင်းနေတာ မဟုတ်ဘူး... အမိန့်ပေးနေတာ... ကန့်ကွက်စရာ ရှိလား”
ကျွင်းတိုဂျားက အေးစက်စက်ဖြင့် အားလုံးကို ဝှေ့ကြည့်ရင်း မေးလိုက်၏။ သူ၏ အမူအရာက ကြောက်မက်ဖွယ် ကောင်းနေကာ အားလုံးကို စိုက်ကြည့်နေသည်။
ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံး၌ ငြင်းဆိုခြင်း မပြုခဲ့ချေ။ ထိုအရာကို မျှော်လင့် မထားသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ်... လက်ခံရမည့် ကြိုဆိုမှု တစ်ခုဟု တွေးလိုက်မိသည်။
တစ်ခဏ ကြာပြီးနောက် ကျိထူမှာ စစ်စခန်းသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ တပ်စိတ် ခေါင်းဆောင်များ အတွက် အထူး ဒီဇိုင်း ရေးဆွဲ ဖန်တီးထားသည့် သံချပ်ကာမျိုး လက်ခံ မရခဲ့သည့်တိုင် ဝေ့ဝူယင်၏ ကိုယ်ရေး မှတ်ပုံတင် ကတော့ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုဖြင့် တောက်ပနေသည်။ ၎င်း၏ အနက်ရောင် နောက်ခံတွင် အဖြူရောင် စာတန်း တစ်ခု ပါရှိကာ ထိုအရာက သူ၏ တရားဝင် အဆင့်အတန်းကို ဖော်ညွှန်းနေ၏။ သို့သော်လည်း ဝေ့ဝူယင် ထိုသင်္ကေတများကို နားမလည်နိုင်ချေ။ လျှို့ဝှက်စာ ဟု ခေါ်သည့် ထိုဘာသာစကားအား မဖတ်နိုင်သည်မှာ အတော်လေး စိတ်ပျက်ဖွယ်ရာ ကောင်းလှသည်။
၁၂၅ ယောက်သော တပ်စု အဖွဲ့ဝင်များမှာ ဆက်လက် ချီတက်လာခဲ့ကာ မကြာခင် စစ်မြေပြင်သို့ ဦးတည်နေသည့် ဂိတ်တံခါးကြီးထံ ရောက်ရှိလာခဲ့ကြ၏။ ဝေ့ဝူယင်မှာ တပ်စိတ် ၄၉ ခေါင်းဆောင် နေရာကို ရယူထားကာ ကျွင်းတိုဂျားကတော့ လက်ချောင်းများကို အသုံးပြုကာ ဝိညာဥ်အလင်းများကို ထုတ်လွှတ်၍ ဟင်းလင်းပြင် တံခါးပေါ်ရှိ ခလုတ်များကို နှိပ်နေခဲ့သည်။
ဤနေရာရှိ သိပ္ပံ နည်းပညာက ထာဝရ ကြယ်တာရာ နယ်မြေနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တို့ထက် ပိုမို တိုးတက်သည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။
“ဟဲ့... ကောင်လေး... မှား... မှားလို့... ဆရာ...”
တိုက်တန် မိန်းကလေးက နောက်တစ်ကြိမ် ထပ်ခေါ်လိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်က ရုတ်တရက် တပ်စိတ် ၄၉ ခေါင်းဆောင် ဖြစ်သွားသည်ကို သတိရသွားသော အခိုက်၌ သူမက အသုံးအနှုန်းကို ချက်ချင်းပင် ပြင်လိုက်သည်။
ဝေ့ဝူယင်က နောက်သို့ လှည့်ကာ မိန်းကလေးကို ကြည့်လိုက်၏။ ကြားထဲ၌ များစွာသော အဖြစ်အပျက်များ ဖြစ်ပျက်သွားခဲ့ရာ ထိုမိန်းကလေးကိုပင် သူ မေ့လုလု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ဘာပြဿနာ ရှိလို့လဲဗျ...”
ဝေ့ဝူယင်က မေးလိုက်၏။ မိန်းကလေးက မျက်လုံးများ မှိတ်ထားသည့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူတို့နှင့် ယှဥ်ပါက အရပ်က အတော်လေး ပုသည့်တိုင် ထိုလူသားမှာ အတော်ချောသည်ဟု သူမ တွေးလိုက်မိ၏။ အတော်မှ အတော်လေးကို ချောခြင်း ဖြစ်သည်။
မိန်းကလေးမှာ အနည်းငယ် ရှက်သွားခဲ့၏။ သို့သော်လည်း သူမက ချက်ချင်းပင် စိတ်ကို တည်ငြိမ်ချင်ယောင် ဆောင်ကာ မေးလိုက်သည်။
“ဆရာက ဝိညာဥ်သခင် တစ်ယောက်လား...”
ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ စိတ်ဝင်စားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ ထိုစကားလုံးကို သူ ကြားဖူးသလို ခံစားရသည့်တိုင် ခံစားချက်ကတော့ မတူချေ။ ဝေ့ဝူယင် မသိလိုက်သည့် အချက်က ထိုစကားလုံးကို လွန်ခဲ့သည့် မိနစ်ပိုင်းကပင် တပ်ရင်း ကွန်မန်ဒါ ဘောရက်က လျှို့ဝှက်ဘာသာစကားဖြင့် ပြောကြာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ ရင်းနှီးသလို၊ မရင်းနှီးသလို ခံစား နေရခြင်း ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်သာ ဝေ့ဝူယင် ထိုကဲ့သို့ ခံစားနေရသည်ကို သိပါက အလွန် အံ့သြ သွားလိမ့်မည် ဖြစ်သည်။ ကျင့်ကြံခြင်း လောက၌ လျှို့ဝှက်အဆင့်နှင့် ချိတ်ဆက်ထားနိုင်သည့် ကျင့်ကြံသူများသာ ထိုကဲ့သို့ အတွေ့အကြုံမျိုး ရရှိခံနိုင်ပေသည်။ တစ်နည်း ဆိုရသော်... ကြယ်တာရာ အမြုတေ အဆင့်တွင် သေမျိုး အကန့်အသတ်ကို ရောက်ရှိပြီး ဖြစ်သည့် ကြယ်တာရာ သခင်များသာ ထိုကဲ့သို့ အရည်အချင်းကို ပိုင်ဆိုင်ထားကြပေသည်။
“မင်းက ဘာလို့ အဲဒီလို ထင်ရတာလဲ...”
ဝေ့ဝူယင်မှာ သူ မသိနားမလည်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်မပြောချေ။ စောစောက တိုက်တန်များမှာ သွေးမကြောင်ကြောင်း၊ ကလေးများ မဟုတ်ကြောင်း သူ ဖောလျှောလုပ်ထားရာ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသည့် ထိုပုံရိပ်ကို သူ မဆုံးရှုံးလိုချေ။ အထူးသဖြင့် တပ်စိတ် ခေါင်းဆောင် တစ်ယောက် အနေဖြင့် သူ ပို၍ သတိရှိရမည် ဖြစ်သည်။
တိုက်တန် မိန်းကလေးမှာ တန်ပြန် မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့် သွားဟန် ရသည်။
“ဝိညာဥ်သခင်တွေက ဘာလဲ ဆိုတာ ရှင်မသိဘူးလား”
ဝေ့ဝူယင်၏ အမူအရာက မှောင်မည်းသွား၏။ သူ၏ မေးခွန်းက မိန်းကလေး အဘယ်ကြောင့် ထိုကဲ့သို့ ထင်ရသည်ကို ရှင်းပြစေလိုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မိန်းကလေးက တိုက်ရိုက်ပင် သူ၏ အာနည်းချက်ကို သိမြင်ခဲ့သည်။ တပ်စိတ် ၄၉ အဖွဲ့ဝင် အချို့မှာ သူ့ကိုပင် လှမ်း၍ ကြည့်နေခဲ့ကြပြီ ဖြစ်သည်။ မိန်းကလေးများမှာ ကြောက်မက်ဖွယ် ကောင်းသည့် ဗီဇကို ပိုင်ဆိုင်ထားကြကာ သူတို့၏ စကားလုံးများက အန္တရာယ် များလွန်းလှသည်။
ဝေ့ဝူယင်က ထိုအခြေအနေကို အခွင့်ကောင်း တစ်ခု အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။ သူက မျက်မှောင် ကြုတ်လိုက်ကာ သူမကို မော့ကြည့်လိုက်သည်။
“ဟုတ်တယ်... ငါ မသိဘူး... နင် ငါကို ဘာလို့ ရှင်းမပြတာလဲ...”
သူ၏ အမူအရာက မိန်းကလေး၏ မေးခွန်းကို ပြန်လည် အရွဲ့တိုက် လိုက်သည့် ပုံစံပင်။ တိုက်တန် မိန်းကလေးမှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။ သူမ စိတ်ထဲမှ ကိုယ့်ကိုယ်ကို ကြိတ်ကာ ကျိန်ဆဲ လိုက်မိသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ရူးကြောင်ကြောင် မေးခွန်းမျိုး မေးမိသနည်း။ သူ့လို လူတစ်ယောက်က ဝိညာဥ်သခင်ကို မသိတာ လုံးဝ မဖြစ်နိုင်ချေ။ သူ ကိုယ်တိုင်က ထိုအထဲမှ တစ်ယောက်ပင် ဖြစ်ကောင်း ဖြစ်နေနိုင်သေးသည်။
သူက ခေါင်းကို အနည်းငယ် ငုံ့ရင်း ပြန်ဖြေလိုက်၏။
“ဝိညာဥ်သခင် ဆိုတာက ကျင့်ကြံခြင်း ဝိညာဥ်ကို အသိစိတ် ပင်လယ်၊ ရုပ်ခန္ဓာတို့နဲ့ ချိတ်ဆက်ထားတဲ့ ကျင့်ကြံသူတွေကို ခေါ်တာပါ... သူတို့က ရုပ်နဲ့ စိတ် စွမ်းအင်တွေ နေရာမှာ ဝိညာဥ် စွမ်းအင်ကို အစားထိုး ကျင့်ကြံကြပါတယ်... သူတို့ကို ဝိညာဥ်သခင်လို့ ခေါ်သလို ဝိညာဥ်သက်ရှိတွေလို့လည်း ရည်ညွှန်းကြပါတယ်”
“...”
ဝေ့ဝူယင်၏ အတွင်းစိတ်မှာ အေးခဲသွား၏။ တစ်ချိန်တည်း၌ သူ၏ မိုးကောင်းကင်က ပိုမို ကျယ်ပြန့်လာသလို ခံစားလိုက်ရသည်။
အတိအကျ မသိရသေးသည့်တိုင် ဝိညာဥ်သခင် ဆိုသော အယူအဆ၏ အခြေခံ စည်းမျဥ်း အချို့ကိုတော့ သူ နားလည်ခဲ့ပြီ ဖြစ်သည်။ သူတို့က ချီနှင့် ကြယ်တာရာ အင်အားတို့ကို ဝိညာဥ်ချီ၊ ဝိညာဥ် အင်အားတို့ဖြင့် တိုက်ရိုက် အစားထိုးကာ ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံကြသူများ ဖြစ်သည်။
အကယ်၍ ကျင့်ကြံသူ တစ်ယောက်မှာ စိတ်၊ ရုပ်၊ အမတေ၊ ဝိညာဥ် ဟူသော မျှချေကို ဖျက်ဆီးကာ ဝိညာဥ်စွမ်းအင် တစ်ခုတည်းကိုသာ ကျင့်ကြံပါက သူ ပိုင်ဆိုင်နိုင်သည့် ဝိညာဥ်အင်အားက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းမှာ သေချာပေသည်။
ဝိညာဥ်သခင်... ဝိညာဥ်သက်ရှိ
ကျင့်ကြံခြင်း လောကက တကယ် အံ့အားသင့်ဖို့ ကောင်းလှပေသည်။ စက္ကန့်အနည်းငယ်ခန့် စဥ်းစားခန်း ထုတ်ပြီးနောက် သူက မိန်းကလေးကို နောက်တစ်ကြိမ် ကြည့်လိုက်၏။
“ငါက ဝိညာဥ်သခင်လို့ နင်ဘာလို့ ထင်တာလဲ...”
“...”
တပ်စိတ် ၄၉ ရှိ အခြား တိုက်တန်များမှာ ငြိမ်သက်စွာပင် သူတို့ကို ကြည့်နေကြ၏။ သူတို့၏ အမြင်အရ ဝေ့ဝူယင်မှာ မိန်းကလေးကို ပညာစမ်းနေခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဝိညာဥ်သခင် ဆိုသည့် အယူအဆမှာ နက်ရှိုင်းကာ စစ်မြေပြင်သို့ ရောက်ရှိလာသည့် တော်ရုံတန်ရုံ လူတိုင်း မသိရှိထားသည့် နယ်ပယ်တစ်ခုလည်း ဖြစ်သည်။
မိန်းကလေးမှာလည်း အခြားလူများနှင့် တူညီစွာပင် တွေးနေမိ၏။ သူမက သိထားသမျှ ဗဟုသုတများကို စုစည်းကာ အကောင်းဆုံး အဖြေတစ်ခုကို ကြိုးစားပေးလိုက်သည်။
“ဒီနေရာက စစ်မြေပြင် မဟုတ်သေးဘူး ဆိုပေမဲ့ ဝိညာဥ်ရေး ကန့်သတ်မှုက အရမ်းကို မြင့်မားတယ်... ပုံမှန် ဝိညာဥ်အာရုံ ဆန့်ထုတ်ဖို့တောင် ပြင်ပ ကမ္ဘာထက် အဆ တစ်သောင်းလောက် ပိုအားစိုက်ထုတ်ရတယ်... ဒါပေမဲ့ ဆရာက ဝိညာဥ်အာရုံကို ဖြန့်ကျက်နိုင်တယ် ဆိုတော့...”
နောက်ဆုံး၌ ဝေ့ဝူယင် အားလုံးကို ရှင်းသွားခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က သူ၏ မြင့်မားလှသည့် ဝိညာဥ်အင်အားကြောင့် သူတို့က အထင်မှားခဲ့ကြခြင်း ဖြစ်ပုံ ပေါ်သည်။
ကျင့်ကြံခြင်း အခြေခံထက် စာလျှင် ဝေ့ဝူယင်မှာ အဆများစွာ သာလွန်သည့် ဝိညာဥ်အင်အားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ထိုအရာက ကြယ်တာရာ ဝိညာဥ် လေးခု၏ ဝိညာဥ် အင်အားများကို ပေါင်းစပ်ထားခြင်းကြောင့်သာ ဖြစ်သည်။ ဧဒင်၊ အိုရီ၊ ခရာတိုနှင့် ဘုရင်တို့ သီးခြားစီ ပိုင်ဆိုင်ထားသည့် ဝိညာဥ်အင်အား သီးသန့်မှာ ကြယ်တာရာ အမြုတေများ၏ အရွယ်အစားနှင့် ယှဥ်လျှင် သိပ်မထူးချွန်လှဟုပင် သူ ယူဆမိသည်။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို အခြားလူများထက် အချိန် ကြာမြင့်စွာ ဖြန့်ကျက်နိုင်သည့် အကြောင်းရင်းမှာ နောက်ကွယ်မှ ပံ့ပိုးပေးထားသည့် ကြယ်တာရာ အမြုတေ အရွယ်အစားကြောင့်ပင် ဖြစ်သည်။ ကျင့်ကြံခြင်း လောက၌ တိုက်ခိုက်ရေး နည်းလမ်း တစ်ခုဖြစ်စေ၊ ဝိညာဥ် အစီအရင် တစ်ခု ဖြစ်စေ... အသုံးပြုနိုင်စွမ်းတွင် နောက်ကွယ်ရှိ ပံ့ပိုးပေးနိုင်သည့် အင်အားက အလွန် အရေးပါသည်။
ဥပမာ... ဝေ့ဝူယင်နှင့် ထိုတိုက်တန် မိန်းကလေးတို့ နှစ်ယောက်စလုံးမှာ ဝိညာဥ် အမှတ် တစ်ရာစီကို ပိုင်ဆိုင်ထားသည် ဆိုပါစို့။ သူမက ထိုစွမ်းအားဖြင့် ဝိညာဥ်အာရုံကို အချိန်တစ်မိနစ် အထိ ဖြန့်ကျက်ထားနိုင်သည် ဆိုလျှင် ဝေ့ဝူယင်တော့ နှစ်ဆယ့် လေးနာရီ ပတ်လုံး ဖြန့်ကျက်ထားနိုင်လိမ့်မည် ဖြစ်သည်။
ကြည့်ရသည်က မိန်းကလေးမှာ ထိုအချက် တစ်ခုတည်းကို ကြည့်ကာ သူ့တွင် အလွန် အစွမ်းထက်သည့် ဝိညာဥ်အင်အားများ ရှိသည်ဟု အထင်မှားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်က သူ ပိုင်ဆိုင်ထားသည့် ဝိညာဥ်အင်အားမှာ ထိုကြယ်တာရာ သခင် တိုက်တန်များထက် မကျော်လွန်နိုင်ဟု ကိုယ့်ကိုယ်ကို ယူဆ နေဆဲ ဖြစ်သည်။ မည်သည့် နယ်ပယ်တွင် မဆို ကျင့်ကြံခြင်း အခြေခံ အနိမ့်အမြင့်မှာ အလွန်ပင် အရေးပါလှသည်။ မည်သို့ပင် ဆိုစေ သူက ယခုမှ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် နယ်မြေမျိုးစေ့ကိုပင် မဖန်တီးရသေးချေ။ လောကသခင် အဆင့်ကို မတက်လှမ်းခင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သာလွန်ခြင်း အဆင့် အရည်အသွေးထိ ဖော်စပ်သင့်ကြောင်း ဝေ့ဝူယင် တွေးလိုက်မိ၏။
အထွတ်အထိပ် အဆင့် အရည်အသွေး ပင်လျှင် အစစ်အမှန် နယ်မြေ မျိုးစေ့ တစ်ခုကို ပေးစွမ်းနိုင်စွမ်း ရှိသည် ဆိုလျှင် သာလွန်ခြင်း အဆင့် အရည်အသွေးက လုံးဝ သာမန် မဟုတ်မှာတော့ သေချာပေသည်။ ၎င်းက ဝိညာဥ် နတ်ဘုရား ဆေးရည်နှင့် လောက ရေလွှမ်းခြင်း ဆေးရည်တို့လို အံ့အားသင့်ဖွယ် အရာ တစ်ခုကို ဖန်တီးနိုင်မလား ဝေ့ဝူယင် သိချင်နေမိပြီ ဖြစ်လေသည်။