ဟင်းလင်းပြင် ဂိတ်တံခါး
Vol. 52 Ch. 726
“ဆရာ...”
တိုက်တန် မိန်းကလေး၏ ခေါ်သံက ဝေ့ဝူယင်ကို အတွေးများထဲမှ ပြန်လည် နိုးထလာစေခဲ့၏။ ထိုအခိုက်၌ သူ၏ မိုးကောင်းကင်က ယခင်ကထက် အဆများစွာ ပိုမို ကျယ်ပြန့်လာသလို ခံစားလိုက်ရသည်။ ဤခမ်းနားသည့် ကျင့်ကြံခြင်း ကမ္ဘာတွင် စစ်ဝိညာဥ်များကို စုဆောင်းရင်း တတ်နိုင်သမျှ ကျင့်ကြံခြင်း အချက်အလက်များကို ဆည်းပူးရန် သူ စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
“ကျုပ်ကို ဉာဏ်အလင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျုပ်က ခင်ဗျား ပြောသလို ဝိညာဥ်သခင်တော့ မဟုတ်ဘူး”
ဝေ့ဝူယင်က ရိုးရိုးသားသားပင် ဝန်ခံလိုက်၏။ သို့သော်လည်း အခြားလူများကတော့ မိန်းကလေးကို လှည့်စားရန် ဝေ့ဝူယင် ညာပြောခြင်းဟု ယူဆ နေကြဆဲ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူက မျက်လုံးများကို မှိတ်ထားကာ ဝိညာဥ် အာရုံကို မီတာ ရာဂဏန်းတိုင်အောင် အချိန်တိုင်း ထုတ်လွှတ်နေခဲ့ခြင်း ဖြစ်သည်။ ခန္ဓာကိုယ် ပတ်လည်၌ ရစ်ဝဲနေသည့် စွမ်းအားကို သူတို့ ခံစားနိုင်ပေသည်။ ဝိညာဥ်သခင်များမှ လွဲ၍ မည်သူက ထိုကဲ့သို့ ပြင်းထန်သည့် စွမ်းအားကို ထုတ်လွှတ်နိုင်ပါမည်နည်း။
သူတို့ တွေးနေစဥ်မှာပင် ဟင်းလင်းပြင် ဂိတ်တံခါးမှာ ယန္တရား လည်ပတ်သံများနှင့် အတူ စတင်ကာ အသက်ဝင်လာခဲ့ပြီ ဖြစ်လေသည်။
“စစ်သည် အားလုံး... အသင့်ပြင်ကြ...”
ကျွင်းတိုဂျားက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။ တဒင်္ဂမျှ ငြိမ်သက်နေသည့် တိုက်တန် အားလုံး၏ ခန္ဓာကိုယ်များက တောင့်တင်းသွားသည်။ သူတို့က စစ်မြေပြင်ဆီ ဦးတည်နေသည့် အနက်ရောင် ဝင်ပေါက်ဆီ လှမ်းကာ ကြည့်လိုက်မိကြ၏။
စောစောပိုင်းက ကျွင်းတိုဂျား၏ မိန့်ခွန်းများကြောင့် အတန်အသင့် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည့်တိုင် ယခုတွင်တော့ ထိုသတ္တိများက ပြ်လည် ပျောက်ကွယ်သွားကြပြန်ပြီ ဖြစ်လေသည်။ အချို့က တုန်ရီနေကြကာ အချို့ကတော့ လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြ၏။ တစ်ချိန်တည်း၌ အချို့ကတော့ အသက်ရှူရန်ပင် မေ့လျော့နေကြသည်။ ထိုတပ်ပေါင်းစုကြီး တစ်ခုလုံး၌ တစ်ခုတည်းသော ချွင်းချက်ကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။
အနန္တ ဧကရာဇ်ဂိုဏ်းသို့ ရောက်သည့် အချိန်က စ၍ သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းက အတော်လေး ချောမွေ့ခဲ့ကာ ချမ်းသာ ကြွယ်ဝမှု၊ လွှမ်းမိုးနိုင်မှုနှင့် မြင့်မားသော အဆင့်အတန်းတို့ကို အလွယ်တူပင် ရယူ ပိုင်ဆိုင် နိုင်ခဲ့သည်။ ယခုတွင်တော့ ကောင်းကင်တာအိုက သူ့ကို ဝံပုလွေများနှင့် ပြည့်နှက်နေသည့် စစ်မြေပြင် တစ်ခုပေါ်သို့ ပစ်ချခဲ့ပြီ ဖြစ်သည်။ ထိုနေရာ၌ အဆင့်အနိမ့်ဆုံး စစ်သည်များ ပင်လျှင် ကြယ်တာရာ သခင်များ ဖြစ်ကြပေသည်။
ပိတ်ထားသည့် မျက်ခွံများ နောက်၌ ဆေဘာအလင်းက စူးရဲစွာ တောက်ပလာကာ သူ့ခန္ဓာကိုယ်မှ နဂါးဟိန်းသံ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာ၏။ ခရာတိုနှင့် ဘုရင်တို့မှာ ပျော်မြူး နေကြပြီ ဖြစ်သည်။ နောက်ဆုံး၌ ခွန်အား အပြည့် သုံးလို့ ရနိုင်မည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ မဟုတ်ပါလား။
“အနိမ့်ဆုံး စစ်သည်ကတောင် ကြယ်တာရာ သခင် အဆင့်...”
ဝေ့ဝူယင်ကတော့ အနည်းငယ် အတွေးနက် နေခဲ့၏။ အကယ်၍ ကောင်းကင်တာအိုက သူ၏ အစစ်အမှန် ခွန်အားကို မခန့်မှန်းနိုင်လျှင်ပင် ထိုမျှ ကျင့်ကြံခြင်း အခြေခံ မြင့်မားသူများနှင့် တိုက်ခိုက်ခိုင်းစရာ အကြောင်း မရှိချေ။ ထိုအရာက လုံးဝ အဓိပ္ပာယ် မရှိချေ။ တစ်ခုခုတော့ မှားယွင်းနေပြီ ဖြစ်သည်။
လောလောဆယ် ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာများကို ပြန်လည် တွေးတောရင်း တစ်စုံတစ်ရာက ကြားထဲတွင် လစ်ဟာနေသလို သူ ခံစားလိုက်ရ၏။ အခွင့်အရေး တစ်ခုလော။ သူက ကမ္မ အခွင့်အရေးကို လွဲချော် ခဲ့သလော။ ထိုအရာက ကပ္ပတိန်ကျွင်းလော။ တပ်ရင်း ကွန်မန်ဒါ ဘောရက်လော။ သို့မဟုတ် ၎င်းက အခြေစိုက် စခန်းတွင် ရှိနေသလော။
ဝေ့ဝူယင် နောက်သို့ ပြန်ဆုတ်ရန် ပြင်လိုက်၏။ သို့သော်လည်း ထိုအခိုက်အတန့် ကလေးတွင်ပင် ဟင်းလင်းပြင် ဂိတ်တံခါးက အပြည့်အဝ အသက်ဝင်ကာ သူ၏ ခန္ဓာကိုယ်မှာ မြေပြင်မှ ကြွတက်လာခဲ့ပြီ ဖြစ်လေသည်။ ထို့နောက် တစ်စုံတစ်ရာ တုန့်ပြန်ရန် အချိန်မရခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင် ဂိတ်တံခါး အတွင်း ပြေးဝင် သွားခဲ့ပြီ ဖြစ်လေတော့သည်။ ဝေ့ဝူယင် စိတ်ထဲမှ ခရာတိုနှင့် ဘုရင်တို့၏ အောင်ပွဲခံသံကို ကြားလိုက်ရ၏။
ဟူး... ဟူး...
ဟင်းလင်းပြင် ဂိတ်တံခါး အတွင်း ရောက်ရှိသည်နှင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ကြမ်းတမ်း ခက်ထန်သည့် လှိုင်းများ အကြား ကျရောက်သွားသလို ခံစားလိုက်ရသည်။ သူ၏ နားများက အူနေကာ လေပြင်းမုန်တိုင်း တိုက်ခတ်သံ လိုလို၊ ရေလှိုင်းခတ်သံများ လိုလို ကြားနေရ၏။ ထိုအရာက သူ တစ်ခါမှ မတွေ့ကြုံဖူးသည့် အတွေ့အကြုံမျိုး ဖြစ်သည်။ ယခင်က ဂိတ်တံခါးများမှ သွားလာဖူးသည့်တိုင် ယခုလောက် ပရမ်းပတာ နိုင်သည့် ဂိတ်တံခါးမျိုး တစ်ခါမှ မကြုံဖူးချေ။ သူ၏ ဝိညာဥ်အာရုံ ပင်လျှင် အသုံးဝင်ခြင်း မရှိတော့ချေ။
ထိုအခိုက်၌ သူ ခံစားနိုင်သမျှက တဝှီးဝှီး လည်ပတ်နေသည့် ခန္ဓာကိုယ် သာလျှင် ဖြစ်သည်။ ဝေ့ဝူယင် မျက်လုံးကို ဖွင့်ကြည့်ရန် လိုအပ်သည်ဟုပင် ခံစားလိုက်မိ၏။ သို့သော်လည်း ဖွင့်လိုက်သည်နှင့် ဝိညာဥ် အလင်းတန်းများ ထွက်ပေါ်လာကာ နာကျင်စူးရှလာသလို ခံစားလိုက်ရသည်။ ဝေ့ဝူယင် ချက်ချင်းပင် မျက်လုံးများကို ပြန်ပိတ်ရင်း ခန္ဓာကိုယ်ကိုသာ ကြိုးစား ထိန်းချုပ်ရန် ပြင်လိုက်၏။
“ဆရာ...”
ဝေ့ဝူယင် အသံ တစ်ခုကို ကြားလိုက်ရ၏။ သို့သော်လည်း... ထိုအသံက တည်ငြိမ်ခြင်း မရှိလှပဲ ဖရိုဖရဲဖြင့် နီးလိုက်ဝေးလိုက် ဖြစ်နေရာ သူ၏ ခန္ဓာကိုယ်က အရှိန်ဖြင့် လှည်ပတ်နေကြောင်း ပို၍ သိသာစေခဲ့သည်။ ဝေ့ဝူယင် စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း နားစွင့်ရန် ကြိုးစားလိုက်၏။
“ဆရာ...”
အသံကို နောက်တစ်ကြိမ် ထပ်ကြားလိုက်ရသည်။ သို့သော်လည်း ၎င်းက ပထမ တစ်ကြိမ်ကထက် စာလျှင် အားနည်းလှ၏။ ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင် ၎င်း၏ တည်ရှိနေရာကို အကြမ်းဖျဥ်း ခန့်မှန်းလိုက်နိုင်သည်။ အသံထွက်ပေါ်လာသည့် နေရာသို့ တဖြည်းဖြည်း တိုးကပ်ရန် သူ ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော ခံစားချက် တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။
"ဆရာ... ဆရာ...”
ထိုအသံများက တစ်ခုတည်း မဟုတ်ချေ။
“သောက်ချီး...”
“သတိထား... သတိထား... သတိထား...”
“ငါလူး...”
ဘုန်း...
ဝေ့ဝူယင်မှာ အလွန် မာကြောသည့် မြေပြင် တစ်ခုပေါ်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က ထိုမြေပြင်အထဲသို့ ချိုင့်ဝင်ကာ နစ်မြုပ်သွားကာ အရပ် ရှစ်မျက်နှာ တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။
“ငါ ပြုတ်ကျသွားတာလား...”
ဝေ့ဝူယင် တစ်ကိုယ်လုံး နာကျင်နေသလို ခံစားလိုက်ရ၏။ ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ကြိုးစားလိုက်ရင်း မည်သည့် အရာများ ဖြစ်ပျက်သွားသည်ကို ပြန်လည် ဆန်းစစ်လိုက်သည်။
သေချာတာ တစ်ခုက သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သည့် အရှိန်အဟုန်နှင့် အတူ မာကြောသည့် မြေပြင် တစ်ခုပေါ် ပြုတ်ကျခဲ့သည်။ ထို့နောက် မြေကြီးထဲ အထိ နက်ရှိုင်းစွာ နစ်ဝင်သွားကာ ကိုယ့်အရှိန်နှင့်ကိုယ် မြေမြုပ် သင်္ဂြိုဟ်မိသလို ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
မြေကြီးအတွင်း ဘယ်အတိုင်းအတာ အထိ နစ်မြုပ်နေမှန်း မခန့်မှန်းနိုင်ရာ ဝေ့ဝူယင် ဝိညာဥ် အာရုံကို ဆန့်ထုတ်လိုက်၏။ သူ သတိထားမိသည့် ပထမဆုံး အရာက သူဝင်တိုက်မိဟန် ရသည့် အောက်ရှိ ပြားချပ်နေသော အသားနှင့် သွေးများပင် ဖြစ်သည်။ ဝေ့ဝူယင်၏ အမူအရာက တမုဟုတ်ချင်း ပြောင်းလဲ သွား၏။
၎င်းတို့က တိုက်တန်မျိုးနွယ်ဝင်များနှင့် မသက်ဆိုင်ကြောင်း သတိထားမိသော အခါတွင်မှ ဝေ့ဝူယင်မှာ သက်ပြင်းချလိုက်နိုင်သည်။ သို့သော်လည်း သူ အနည်းငယ် လှုပ်ရှားကြည့်ရန် ကြိုးပမ်းလိုက်သည်နှင့် သူ၏ လက်က ဦးခေါင်းခွံ တစ်ခုကို ချေမွှမိကာ ဦးနှောက်အရည်များ ပင်လျှင် ခန္ဓာကိုယ်ကို ပေကျံသွားသည်။
ဝေ့ဝူယင် ဘေးဘက်သို့ အနည်းငယ် စောင်းလိုက်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းရန် နောက်တစ်ကြိမ် ကြိုးစားလိုက်၏။ ချက်ချင်းပင် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ ခံစားနေရသည့် ဝိညာဥ် ဖိအားက အပြင်ကထက် နောက်ထပ် အဆတစ်သောင်း ပိုမို တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။ သာမန် စံနှုန်းများနှင့် ယှဥ်လျှင် ၎င်းက အဆ တစ်သန်းလောက် ဖြစ်ကာ လက်တစ်ချောင်း လှုပ်ဖို့ပင် ခက်ခဲလွန်းသည့် ပမာဏ ဖြစ်သည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“အဲဒါကြောင့် တိုက်တန် မိန်းကလေး အပြင်လောကထက် စစ်မြေပြင်က ပိုပြီး ကြောက်ဖို့ ကောင်းတယ် ဆိုတဲ့ သဘောမျိုး ပြောခဲ့တာပဲ... ဒါပေမဲ့ ဒီလောက်ကြီးကျတော့...”
ကြယ်တာရာ အမြုတေများ အတွင်းရှိ စွမ်းအင်များကို ပမာဏ မြောက်များစွာ အသုံးပြုပြီးနောက်မှ ဝေ့ဝူယင် ဝိညာဥ်အာရုံကို မီတာ ငါးဆယ်ခန့် ရောက်သည် အထိ ဆန့်ထုတ် လိုက်နိုင်၏။ ထိုအခါတွင်မှ သူ၏ ခန္ဓာကိုယ်မှာ များစွာသော အလောင်းများ အကြားတွင် ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။ နောက်ပြီး... ၎င်းတို့ အားလုံးက လူသားများပင်။
မီတာ ငါးဆယ် ဆိုသည့် အတိုင်းအတာ ပမာဏက ဝေ့ဝူယင်၏ ဝိညာဥ်အာရုံကို မြေကြီးကျွင်းထဲမှ လွတ်မြောက်နိုင်အောင် မလုံလောက်သေးချေ။ သူ မြင်နိုင်သမျှ ပတ်ဝန်းကျင် တစ်ခုလုံးက ကျောက်တုံး အပိုင်းအစများ၊ မြေစိုင်မြေခဲများနှင့် အလောင်းများသာ ဖြစ်သည်။ ကြည့်ရသည်က သူ၏ ခန္ဓာကိုယ်မှာ မြေကြီးထဲသို့ အတော်နက်နက် အထိ နစ်ဝင်လာခဲ့သည့်ပုံပင်။
အလောင်းများနှင့် ခန္ဓာကိုယ်များမှာ သူ ပိကျလာခြင်း တစ်ခုတည်းကြောင့် သေဆုံး သွားကြခြင်း မဟုတ်ချေ။ အရှိန်နှင့် အတူ ဖြစ်ပေါ်လာသည့် မြေပြိုကျခြင်းကြောင့်လည်း ပါဝင်ပေလိမ့်သည်။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဆက်လက် ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။ လက်ရှိ သူ ရောက်ရှိနေသည့် နေရာက ဥက္ကာခဲ ပြုတ်ကျထားသကဲ့သို့ တွင်းနက်ကြီး တစ်ခုပင် ဖြစ်ကာ အကျယ်အဝန်းက မီတာတစ်ရာကျော် လောက်ထိ ရှိနေသည်ကို သတိထားမိလိုက်သည်။
ဝေ့ဝူယင် အနည်းငယ် ကျောချမ်း သွားမိ၏။ သူ မည်ကဲ့သို့ အသက်ရှင်ခဲ့သနည်း။ ထိုအခါ သူ့ခန္ဓာကိုယ်ထက်တွင် ဟင်းလင်ပြင် နဂါး အကြေးခွံများ ရှိနေကြောင်း သတိထားမိလိုက်၏။ ပြုတ်မကျခင်က ထူးဆန်းသော ခံစားချက်ကို သူ ပြန်လည် အမှတ်ရလိုက်သည်။ ကြည့်ရသည်က သူ၏ ခန္ဓာကိုယ်က အန္တရာယ် အငွေ့အသက်ကို ခံစားမိသောကြောင့် အစစ်အမှန် နဂါး အသွင်ကို အလိုအလျောက် အသက်သွင်းလိုက်ခြင်း ဖြစ်ဟန် ရသည်။
ခန္ဓာကိုယ်ကို အနည်းငယ် ထပ်မံ စစ်ဆေးပြီးနောက် ဝေ့ဝူယင် အကြေးခွံ ပြည့်နှက်နေသည့် လက်များနှင့် ချွန်ထက်သည့် လက်များကို သုံးကာ မြေကြီး နံရံများကို ကုတ်ခြစ်ကြည့်လိုက်၏။
“ငါ ဘယ်လောက်နက်တဲ့ အထိ ပြုတ်ကျ သွားတာလဲ...”
ဝေ့ဝူယင် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိ၏။ ပုံမှန်အားဖြင့် ဆိုလျှင် ၎င်းက သာမန် အမြင်အာရုံဖြင့်ပင် ခန့်မှန်းနိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ဝိညာဥ် နတ်ဘုရား ဆေးရည်ကို သောက်သုံးပြီးကတည်းက သူ၏ မျက်လုံးများ ချိပ်ပိတ်ထားရသည်မှာ တကယ်ပင် စိတ်ပျက်စရာ ကောင်းလှသည်။ ထို့ကြောင့် အသံကိုသာ သုံးကာ ၎င်းက မည်မျှ နက်ကြောင်း ခန့်မှန်းကြည့်လိုက်သည်။
ဝေ့ဝူယင်၏ အမူအရာက ညတစ်ခု ပြိုဆင်းလာသလို မှောင်မည်းသွား၏။ ၎င်းက မီတာ အနည်းငယ်မျှသာ နိမ့်ဆင်းသွားခြင်း မဟုတ်ချေ။ အကြမ်းဖျဥ်း နှစ်ကီလိုမီတာလောက် အထိကို နိမ့်ကျသွားခဲ့ခြင်း ဖြစ်သည်။ ဘယ်လောက်တောင် မြင့်မားသည့် အရှိန်နှုန်းဖြင့် သူ ကျဆင်းသွားခဲ့ သနည်း။
“ငါ့မှာသာ သန်မာတဲ့ ခန္ဓာကိုယ် မရှိရင် တက်ထိုင်မိတဲ့ ကိတ်မုန့်တစ်တုံးလို ပြားချပ်သွားမှာ သေချာတယ်...”
အကယ်၍ သူသာ သာမန် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ဆိုပါက မည်သည့် နည်းလမ်းနှင့် အသက်ထွက်မှန်း မသိခင် သေဆုံးသွားလိမ့်မှာ သေချာပေသည်။ ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်ရင်း ဝိညာဥ်အာရုံကို ပတ်လည် မီတာ ငါးဆယ်ခန့် အထိကို ပြန်လည် ဖြန့်ကျက်လိုက်၏။
ထို့နောက် အချိန်ကိုက်ပင် တစ်စုံတစ်ရာက ကောင်းကင်မှ နေ၍ အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသည်ကို သူ တွေ့မြင်လိုက်ရတော့သည်။
“အား...”
စူးစူးရှရှ မိန်းကလေး အော်သံကို ကြားလိုက်ရသော အခိုက်၌ ထိုပုံရိပ်က မည်သူ ဖြစ်မှန်း ဝေ့ဝူယင် သိရှိလိုက်၏။ သူမက တပ်စိတ် ၄၉ တွင် ဝိညာဥ်သခင် အကြောင်း သူ့ကို ရှင်းပြခဲ့သည့် တိုက်တန် မိန်းကလေးပင်။