ပျံထွက်ခြင်း
Vol. 52 Ch. 727
ဟူး...
ဝေ့ဝူယင် ဝိညာဥ်အာရုံကို မီတာ ငါးရာခန့် အထိ ဆန့်ထုတ်လိုက်ကာ ချက်ချင်းပင် လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဆိုစေ... သူမကို သူ ကယ်တင်ရပေမည်။
သို့သော်လည်း စတင် လှုပ်ရှားလိုက်သည်နှင့် ဤနေရာရှိ မြေဆွဲအား စွမ်းအင်မှာလည်း ဝိညာဥ်အာရုံ ကန့်သတ်မှုလိုပင် အလွန် ပြင်းထန်ကြောင်း သူ တွေ့ရှိ လိုက်ရသည်။ ထိုမိန်းကလေး ခြေပစ်လက်ပစ် ပြုတ်ကျလာတာ အံ့သြစရာ မရှိတော့ချေ။ ဤနေရာရှိ မြေဆွဲအားက သာမန်ဂြိုဟ်ထက်ခုထက် အဆ တစ်သန်းခန့် အထိ ပိုမို ပြင်းထန်ပေသည်။
ဝေ့ဝူယင် မြေဆွဲအား ရင်းမြစ် ကပ်ဘေးကိုပင် ပြန်လည် အမှတ်ရလိုက်မိ၏။ ဤနေရာရှိ မြေဆွဲအားများက သူ ရင်ဆိုင်ခဲ့ရသည့် အနက်ရောင် တွင်းပေါက်ကြီးလောက် မပြင်းထန်လှသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် ကြောက်ဖို့ ကောင်းနေဆဲ ဖြစ်သည်။
ဝေ့ဝူယင် မတုန့်မဆိုင်းပင် အသန်မာဆုံးသော ရုပ်ခန္ဓာ စွမ်းအင်ကို ထုတ်သုံးလိုက်ကာ တိုက်တန် မိန်းကလေး ကျဆင်းလာသည့် ဘက်ကို ဦးတည် ပြေးလွှားလိုက်၏။ ထိုတည့်တည့်သို့ ရောက်သည်နှင့် သူက အပေါ်သို့ မော့ကာ လေအင်အားများကို မှုတ်ထုတ်လိုက်သည်။
ဝေ့ဝူယင်က လေးအင်အားများဖြင့် မိန်းကလေး ကျဆင်းလာသည့် အရှိန်ကို နှေးကွေးအောင် လုပ်ဖို့ ရည်ရွယ်လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ သူမသာ လက်ရှိ နှုန်းထားအတိုင်း ဆက်လက် ကျဆင်း လာပါက မြေပြင်နှင့် ရိုက်မိသည်နှင့် အသားပြား ဖြစ်သွားမှာ ကျိန်းသေသည်။
ဟူး... ဟူး...
လေအင်အားများက ရည်ရွယ်ထားသည့် အတိုင်းပင် မိန်းကလေး၏ အရှိန်ကို လျှော့ပေးလိုက်ကာ ဝေ့ဝူယင်က ဝေဟင်သို့ လျှင်မြန်စွာ ခုန်တက်၍ သူမ၏ ခန္ဓာကိုယ်ကို ဖမ်းလိုက်၏။ သူမ၏ ရှည်လျားလှသည့် အရပ်၊ ကြီးမားသည့် ခန္ဓာကိုယ်နှင့် လေးလံသော သံချပ်ကာတို့က ဝေ့ဝူယင်ကို အနည်းငယ် အဆင်မပြေ ဖြစ်စေသည်။ တရှန်းအား ပွေ့ခေါ်ရသည်ပင် ထိုမျှလောက် မခက်ခဲလှချေ။
ဘုန်း...
ဝေ့ဝူယင်၏ ခြေထောက်မှာ မြေကြီးပေါ် လေးပင်စွာ ပြန်လည် ကျလာခဲ့၏။ မိန်းကလေးမှာ သူ့လက်မောင်းများ ကြားတွင် ဘေးကင်း လုံခြုံ သွားခဲ့ပြီ ဖြစ်သည်။
“ရှင်... ရှင် အသက်ရှင်နေသေးတာလား...”
မိန်းကလေးထံမှ ထိတ်လန့်တကြား အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ သူမကို မတုန့်ပြန်အားသေးချေ။ ထိုအခိုက်၌ သူ၏ အာရုံ အလုံးစုံက စောစောက သူ ထုတ်လွှတ်ထားသည့် လေစွမ်းအင်များထံကိုသာ အာရုံရောက်နေ၏။ ထိုစွမ်းအင်များကို လေထုထဲရှိ ထူးဆန်းသော စွမ်းအား တစ်ခုက ကန့်သတ်ထားဟန် ရကာ မယုံကြည်နိုင်လောက်အောင် အားနည်းသွားကြောင်း သူ သတိထားမိလိုက်သည်။ ဝေ့ဝူယင်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။
ထိုအခြေအနေက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှကာ သူ့ ကြယ်တာရာ အင်အားများမှာ မူလ စွမ်းအင်၏ တစ်ရာခိုင်နှုန်း လောက်ပင် မစွမ်းတော့ဟု ဝေ့ဝူယင် ခံစားလိုက်ရသည်။ သာမန်လူများနှင့် ယှဥ်လျှင် သူ၏ ကြယ်တာရာ အင်အားက အစွမ်းထက်နေဆဲ ဖြစ်သည့်တိုင် ချုပ်နှောင်ထားပုံက အလွန်ပင် အံ့အားသင့်စရာ ကောင်းလွန်းလှသည်။
ဝေ့ဝူယင် စစ်အမှတ်အသားကို လက်ခံ ရရှိခဲ့စဥ်က မြင်ကွင်းများကိုပင် ပြန်လည် မြင်ယောင် လာမိခဲ့၏။ ထိုနေရာ၌ များစွာသော သက်ရှိများမှာ တစ်ယောက်ကို တစ်ယောက် ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်နေကြကာ သေမျိုးများကဲ့သို့ပင် အတုံးအရုံး သေဆုံးနေကြသည်။ ပထမ၌ ထိုအရာက သေမျိုးများ၏ တိုက်ပွဲ အဖြစ် ဝေ့ဝူယင် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတွင်တော့ စစ်မြေပြင်ကို သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ ဤကမ္ဘာ၏ ပတ်ဝန်းကျင်က အလွန်ပင် တင်းကြပ်လွန်းလှကာ ကြယ်တာရာ သခင်များ ပင်လျှင် ခက်ခက်ခဲခဲ ရုန်းကန် ရှင်သန် ရလိမ့်မည် ဖြစ်သည်။
အကယ်၍ သူတို့သာ ခန္ဓာကိုယ်များကို ကြယ်တာရာ အမြုတေများနှင့် အမြင့်ဆုံးထိ သန့်စင် မထားပါက အလွန် ပြင်းထန်လှသည့် မြေဆွဲအား စွမ်းအင်များအောက်တွင် တစ်စက္ကန့် မပြည့်ခင် အတွင်း အမှုန့်ကြိတ်ချေ ခံလိုက်ရမှာ သေချာပေသည်။
ဝေ့ဝူယင် မြေပြင်ပေါ်တွင် ခိုင်မာစွာ ရပ်ရင်း ဝိညာဥ်အာရုံ ဖြန့်ကျက်မှုကို ဆက်လက် ထိန်းသိမ်း ထားလိုက်၏။ နောက်ဆုံးတွင်မှ သူ၏ အာရုံက တိုက်တန် မိန်းကလေးဘက်ကို ပြန်လည် ရောက်ရှိလာသည်။
“ကျုပ် ဘာဖြစ်သွားတာလဲ...”
တိုက်တန် မိန်းကလေး၏ အမူအရာက ပြောင်းလဲ သွား၏။ သူမထက် အရပ် ထက်ဝက်ကျော် နိမ့်သည့် တစ်စုံတစ်ယောက်၏ ပွေ့ချီမှုကို ခံထားရခြင်းက နည်းနည်း အဆင်မပြေသလို သူမ ခံစားလိုက်ရသည်။ ဝေ့ဝူယင်၏ လက်မောင်းများက အလွန်ပင် သန်မာလွန်းလှသည့်တိုင် မြေဆွဲအား စွမ်းအင်က ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ပိကျနေရာ ထိုခံစားချက်က သက်တောင့်သက်သာ မရှိလှချေ။ ဝေ့ဝူယင်၏ မေးခွန်းကို ကြားတော့ သူမ၏ မျက်လုံးများက တောက်ပသွားကာ မေးလိုက်၏။
“ရှင် အောက်ကို ပြုတ်ကျ...”
ဟူး... ဝှစ်... ဘုန်း....
စကားအဆုံးသေးခင်မှာပင် လေတိုးသံ၊ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသံ၊ မြေကြီးနှင့် ရိုက်ခတ်သံတို့ကို သူမ တစ်ဆက်တည်း ကြားလိုက်ရ၏။ အသံ လာရာကို လှည့်ကြည့်လိုက်တော့ ကြီးမား ပုံရိပ်ကြီး တစ်ခု သေဆုံး နေသည်ကို တွေ့လိုက်ရသည်။ နဖူးကို ထက်ရှိသော လက်နက် တစ်ခုဖြင့် ခုတ်ပိုင်း ခံထားရသည့် အလား ၎င်း၏
ဦးခေါင်းက ထက်ပိုင်း ပြတ်နေ၏။ တစ်ချိန်တည်း၌ သူ၏ ညာဘက် မျက်လုံးမှာ အပြင်ဘက်သို့ တွဲလောင်းကျ ထွက်နေကာ သွေးနှင့် ဦးနှောက် အရည်များမှာ မြေပြင်တွင် ပြန့်ကျဲနေသည်။
၎င်းက ၄၀-၅၀ တပ်ပေါင်းစုထဲမှ တစ်ယောက် ဖြစ်ကြောင်း သတိထားမိသော အခိုက်၌ မိန်းကလေး၏ အမူအရာက ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားသည်။
“ကျွန်မအောက်ကို ဆင်းလို့ ရမလား...”
တစ်ခဏ ကြာပြီးနောက် သူမက ဝေ့ဝူယင်ထံတွင် ခွင့်တောင်းလိုက်၏။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ သူမကို မြေပြင်ပေါ် ချပေးလိုက်သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ကို ဆုပ်ကိုင်နိုင်စွမ်း မရှိပါချေ။ သူ၏ အမြင်အာရုံက ပျောက်ဆုံးနေကာ ဝိညာဥ်အာရုံမှာလည်း ပြင်းထန်စွာ ကန့်သတ်ခံထားရသည်။ သို့သော်လည်း မိန်းကလေး အပေါ်သို့ မော့ကြည့်နေကြောင်းကိုတော့ သူ သတိထားမိလိုက်၏။
“ကျွန်မတို့ ပြန်သွားရမယ်...”
မိန်းကလေးက ပြောလိုက်ရင်း ဘေးနားရှိ နံရံများဆီသို့ လျှောက်သွားလိုက်၏။ ထို့နောက် သူမက သတ္တု လက်အိတ်များကို သုံးကာ တည်ငြိမ်သည့် အစိတ်အပိုင်းများမှ တစ်ဆင့် အပေါ်သို့ ပြန်တက်ရန် ကြိုးပမ်းလိုက်သည်။ သေလုနီးပါး အတွေ့အကြုံနှင့် ကြုံတွေ့ခဲ့ရဟန် ရသည့်တိုင် သူမမှာ မဟာမိတ်များအား ကူညီဖို့ ပြန်သွားရန် လောနေဆဲ ဖြစ်သည်။ မိန်းကလေး၏ စိတ်ဓာတ်က လေးစားစရာ ကောင်းသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။
ဝေ့ဝူယင် အခြေအနေကို အကျဥ်းချုပ် ကောက်နှုတ်လိုက်၏။ နံရံအား တွယ်တက်နေခြင်းကို ထောက်ရှုရပါက မိန်းကလေးထံ၌ ပျံသန်းနိုင်စွမ်း လုံးဝ မရှိပုံ ရသည်။ ထို့အပြင်... သူမ တက်နေသည့် နှုန်းကလည်း လိပ်တစ်ကောင်လို နှေးကွေးလွန်းလှသည်။
“တကယ် စိတ်ပျက်စရာပဲ...”
ဝေ့ဝူယင်မှာ သာလွန်ခြင်း အဆင့် ဝိညာဥ်နတ်ဘုရား ဆေးရည် သောက်ပြီးနောက်မှ သူ ပို၍ အားနည်းသွားသလို ခံစားလိုက်ရသည်။ အနည်းဆုံး ထိုစဥ်အခါက... သူ ကြယ်တာရာ ဝိညာဥ် သုံးခု၏ ခွန်အားကို ထိန်းချုပ်စရာ မလိုခဲ့ချေ။ ကောင်းကင်ဘုံ နတ်မျက်လုံးများကို ချိပ်ပိတ်ထားစရာ မလိုခဲ့ချေ။ သာလွန်ခြင်း အဆင့် ဆေးရည်မှာ သူ့ကို ထိုမျှ အဓိပ္ပာယ်မဲ့သည့် စွမ်းအား အဆင့်သို့ တွန်းပို့ပေးလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ချေ။ ထို့အပြင် သူ ဤထူးဆန်းသည့် နေရာတွင် မည်သည်က ရန်သူ၊ မည်သည်က စည်းမျဥ်းမှန်းပင် မသိရပဲ လည်ပတ်နေရခြင်း ဖြစ်သည်။
“လာစမ်း...”
ဝေ့ဝူယင် အော်ဟစ် မာန်သွင်းကာ မလိုအပ်သည့် အတွေးများကို ဖယ်ထုတ်လိုက်၏။ ပုံမှန်အားဖြင့် ဆိုလျှင် ဝှက်ဖဲများကို သူ သိမ်းထားလေ့ ရှိသော်လည်း လက်ရှိ အခြေအနေဖြင့် ထိုကဲ့သို့ လုပ်စရာ မလိုဟု သူ တွေးလိုက်မိသည်။ အတွေးတစ်ချက်နှင့် ဝေ့ဝူယင် ခန္ဓာကိုယ် အတွင်းရှိ သွေးမျိုးဆက် စွမ်းအင်များကို အမြင့်ဆုံးထိ မြှင့်တင်လိုက်၏။ ခပ်တိုးတိုး ဟိန်းဟောက်သံ တစ်ခုနှင့် အတူ သူ၏ အစစ်အမှန် နဂါးအသွင်က ပြီးပြည့်စုံစွာ အသက်ဝင်လာသည်။
ဆဋ္ဌဂံ သဏ္ဌာန် မီးခိုးရောင် အကြေးခွံများနှင့် အတူ သူ၏ ခန္ဓာကိုယ်မှာ ကြီးမားသော ကြွက်သားများနှင့် ပြည့်နှက်လာ၏။ သူ၏ ပခုံးများထက်တွင်တော့ အဆုံးမဲ့ ဟင်းဟင်းပြင် အတောင်ပံများက ဆယ်မီတာ ကျော်တိုင်အောင် ဖြန့်ကျက် ဖြစ်ပေါ်လာသည်။
အစစ်အမှန် နဂါး အသွင်ကို အသက်သွင်းပြီးနောက် ဝေ့ဝူယင်က ခရာတိုနှင့် ဘုရင်တို့ထံမှ ဝိညာဥ်အင်အားများကိုပါ ဆက်သွယ်ကာ ဝိညာဥ်အာရုံကို ပတ်ပတ်လည် တစ်ကီလိုမီတာတိုင်အောင် တိုးမြှင့်လိုက်သည်။ သူ၏ အမြင်အာရုံ ကြည်လင် ရှင်းလင်းမှုများ ပင်လျှင် ပိုမို၍ တိုးတက်လာ၏။
တိုက်တန် မိန်းကလေးမှာ သူမ၏ ခန္ဓာကိုယ်ကို ဝိညာဥ်အင်အား တစ်ခု လာရောက် ရိုက်ခတ်သလို ခံစားလိုက်ရ၏။ သူမမှာ အာရုံ အနည်းငယ် ပျံ့လွင့်သွားလေရာ လက်ချော်၍ အောက်သို့ ပြုတ်ကျလုနီးနီးပင် ဖြစ်သွားခဲ့သည်။ သူမ လျှင်မြန်စွာပင် ကျောက်တုံး တစ်ခုကို လှမ်းဆွဲကာ ခန္ဓာကိုယ်ကို မနည်း ထိန်းသိမ်း လိုက်ရ၏။
“ဝိညာဥ်သခင်တစ်ယောက်လား...”
သူမ စိတ်ဝင်တစားဖြင့် ဝိညာဥ်အင်အား လာရောက် ရိုက်ခတ်ရာ ဘက်ကို လှည့်ကြည့်လိုက်၏။ သို့သော်လည်း သူမ မြင်လိုက်ရသည့် အရာက ဝိညာဥ်သခင် တစ်ယောက် မဟုတ်ပါချေ။ ဝေ့ဝူယင်၏ အစစ်အမှန် နဂါး အသွင်ပင် ဖြစ်လေသည်။ သူမ၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်း အံ့သြခြင်းများနှင့် ပြူးကျယ်သွားခဲ့တော့၏။
ဘုန်း...
ဝေ့ဝူယင်မှာ မြေပြင်ကို ခြေထောက်နှင့် ကန်ကာ အရှိန်အဟုန်နှင့် အပေါ်သို့ မြင့်တက်လာ၏။ ဆယ်မီတာကျော် ရှည်လျားသည့် အတောင်ပံများမှာ မြေဆွဲအားကို ဆန့်ကျင်နိုင်အောင် သူ့အား ကျားကန်ပေးထား၏။
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ဝေ့ဝူယင်မှာ မိန်းကလေးထံသို့ ရောက်ရှိလာကာ မျက်လုံးများ ပိတ်ထားလျှက်ကပင် သူမကို ဖမ်းဆုပ်လိုက်သည်။
“ငါတို့ ပြန်ကြမယ်...”
ထို့နောက် သူမကို စကား ပြောရန်ပင် အခွင့်အရေး မပေးတော့ပဲ သံချပ်ကာ ကော်လံကို ဆုပ်ကိုင်လျှက် အပေါ်သို့ ပျံတက်လိုက်တော့၏။