ငါတို့ပြန်တွေ့ကြပြန်ပြီပဲ
Vol. 22 Ch. 430
မဟာမိတ်မြို့တော်နှင့်မတူညီစွာပင် ခြင်္သေ့လင်းယုန်သည် မြို့အဝင် ပေါက်နှင့် ၅ ကီလိုမီတာအကွာတွင်ရပ်လေသည်။ အဓိကအကြောင်းအရင်းမှာ ရှန်းယန်မြို့၏ ၅ ကီလိုမီတာအတွင်းတွင် အမျိုးအမည်မသိသောအရာများကို ပျံသန်းခွင့်မပြုသောကြောင့်ဖြစ်သည်။
ရှန်းယန်မြို့အပြင်ဘက်ရှိ ခြင်္သေ့လင်းယုန်နားစခန်းသည် လူသူအထူထပ် ဆုံးနေရာဖြစ်သည်။ ၎င်းသည် တိုက်ကြီး၏ အချက်အချာနေရာဖြစ်ပြီး ဝင်ထွက်သွားလာနေသောလူများ အဆက်မပြတ်ရှိသည်။
မနက်ခင်းအလင်းရောင် တောက်ပလာသည်။ ကောင်းကင်သည်ပြာလဲ့ နေပြီး အရှေ့ဘက်မှ အနီရောင်နေမင်းကြီးထွက်လာသည်။
ခရီးသွားရန်အချိန်ကောင်းပင်။ များစွာသောလူများသည် မြို့ဆီမှ ထွက်ခွာလာကြသည်။ သူတို့သည် ရထားလုံးများမှဆင်းကာ ခြင်္သေ့လင်းယုန် စီးပြီး ဦးတည်သည့်အရပ်သို့သွားရန် တန်းစီစောင့်ဆိုင်းနေကြသည်။
ပေထင်းဟွမ်သည် ခြင်္သေ့လင်းယုန်ပေါ်မှဆင်းကာ မြို့အဝင်ပေါက်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ သူမသည် စောင့်ဆိုင်းနေရင်းနှင့် ရှန်းယန်မြို့အကြောင်းဆွေးနွေးနေကြသည်ကို နားဆွင့်နေသည်။ သူမ ရှန်းယန်မြို့သို့လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်က သူမ၏မှတ်ဉာဏ်ထဲမှ ဤမြို့အကြောင်းမှာ မေ့လုနီးပါးပင်။ သိပ်အသုံးမဝင် သည့် ထင်မြင်ချက်မျှသာရှိခဲ့သည်။
“ကြည့်လိုက် နန်ကုန်းမိသားစုကလူက ဒီရောက်နေတယ်”
လူအုပ်ထဲမှတစ်ယောက်မှ အော်လေသည်။ လူများသည် မြို့တံခါးပေါက် ရှိရာဘက်သို့ ကြည့်ကြလေသည်။ ထင်ထားသည့်အတိုင်းပင် ဦးချိုမြင်းများဆွဲ လာသည့် ဇိမ်ခံရထားလုံးများသည် ရှန်းယန်မြို့၏ ကျယ်ပြန့်သော ကျောက်စိမ်းလမ်းမှ ထွက်လာသည်။
အရေအတွက်မှာမများလှပေ။ ရထားလုံးလေးငါးစင်းမျှရှိသည်။ သို့သော် ရထားလုံးပေါ်မှ နီနီရဲရဲငှက်တံဆိပ်သည် မြင့်မြတ်ပြီးအဆင့်အတန်းမြင့်မှုကို ပြသနေသည်။ ၎င်းသည် သာမန်လူများကို မောက်မာစွာဖြင့် အထင်သေးနေ သလိုပင်။ ဝိညာဉ်သခင်မိသားစုကြီးလေးခု၏ သာလွန်ကောင်းမွန်မှုသည် ဤနီရဲသောအမှတ်တံဆိပ်ဖြစ်ကြောင်းမှာ ပြောဖို့ရန်မလိုပေ။
“လှလိုက်တဲ့ရထားလုံးပါလား.. မိသားစုကြီးလေးခုရဲ့ခေါင်းဆောင် နန်ကုန်းမိသားစုပီသပါပေတယ်…”
အားလုံးသည် ရုတ်ရုတ်သဲသဲဆွေးနွေးကြသည်။ ထိုနီရဲသောအမှတ်တံဆိပ်ကို လူတိုင်းရနိုင်သည်မဟုတ်ပေ။
ရထားလုံးထဲတွင် မည်ကဲ့သို့လူမျိုး ထိုင်နေသည်ကို သူတို့မသိပေ။ ရထားလုံးနီးကပ်လာသောအခါ ရထားမောင်းနှင်သူသည် နန်ကုန်းမိသားစု၏ ဝိညာဉ်သခင်ဝတ်ရုံအနီကိုဝတ်ဆင်ထားသည်ကို မြင်ရသည်။ သူ၏ရင်ဘတ် တံဆိပ်သည် သူ၏အဆင့်ကိုဖော်ပြနေသည်။ သူတို့အားလုံးသည် အဆင့်မြင့် ဝိညာဉ်သခင်များဖြစ်ကြသည်။ ရထားလုံးထဲမှ ခုန်ထွက်လာသောလူ တစ်ယောက်သည် စီမံအုပ်ချုပ်သူနှင့်တူသည်။ သူသည် အဆင့်မြင့်ကြယ် ဝိညာဉ်သခင်ဖြစ်သည်။
ထို့ကြောင့်ပင် အသုံးမကျသော နဝမမြောက်သခင်လေးမှလွဲပြီး ဝိညာဉ် သခင်မိသားစုလေးခုတွင် အသုံးမကျသူမရှိဟု ဤတိုက်ကြီးမှလူတိုင်းက ပြောကြခြင်းပင်။
“မိုးနတ်မင်းရေ ဝိညာဉ်ဆရာက ရထားလုံမောင်းလာတာလား.. လာနောက်နေတာလား”
“ဝိညာဉ်သခင်မိသားစုတွေပီသပါပေတယ်.. သူတို့တွေက တကယ် သန်မာကြတာပဲ.. ငါတို့လိုလူတွေက တခြားမိသားစုအတွက် ရထားလုံးမောင်းပေးဖို့ပဲ တန်တာ.. အားကျလိုက်တာ”
ပေထင်းဟွမ်သည် ဘေးသို့ရှောင်ပေးလိုက်သည်။ သူမသည် အနက်ရောင် ဝတ်စုံဝတ်ထားကာ ခေါင်းမှခြေအဆုံး ခပ်ကြပ်ကြပ်လေး ဝတ်ဆင်ကာ သူမ၏ပိန်ပါးသောပုံရိပ်ကို ထုတ်ဖော်ပြသထားသည်။ ထိုလူများ လမ်းအလယ်တွင် ရထားလုံးများရပ်လိုက်သည်ကို သူမ အေးစက်စွာကြည့်နေခဲ့ သည်။ ထို့နောက် သူမသည် အင်္ကျီလကကိုမ,တင်ကာ စတင်စောင့်ဆိုင်းတော့ သည်။
ခြင်္သေ့လင်းယုန် နောက်တစ်ကောင် ဆင်းသက်လေသည်။ ၎င်းသည် မရပ်ခင်တွင် ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာသည် “အမေ နန်ကုန်းမိသားစုပဲ.. ဘိုးဘိုးက ကျွန်မတို့ကို လာကြိုဖို့လူလွှတ်လိုက်တာပဲ”
ပေထင်းဟွမ်သည် လှည့်ပြီးနောက် နှာမှုတ်လိုက်သည်။ အမှန်တကယ် ပင်.. ရေစက်ပါလွန်းသည်။ နှစ်တစ်ဝက်မျှ လည်ပတ်ပြီးနောက် သူတို့သည် လျင်မြန်စွာ ပြန်တွေ့ဆုံသည်။
လူတစ်စုသည် ခြင်္သေ့လင်းယုန်ဆီမှ လျှောက်လာကြသည်။ အရှေ့မှ ပြေးလာသောလူသည် လော့ပေမြို့မှမြို့ဝန်ဖြစ်သည်။ လွန်ခဲ့သည့်လအနည်း ငယ်က ပေထင်းဟွမ်ဆီမှ ဝိညာဉ်ဆေးနက်အဆိပ်မိခဲ့သည့် မုဝမ်ယွဲ့သည် နန်ကုန်းမိသားစုဆီသို့ပြေးပြီး ထောင်လွှားသောမျက်နှာကို မော့လိုက်သည် “ဘိုးဘိုး လာကြိုခိုင်းလိုက်တာလား”
သူမကိုနှစ်တစ်ဝက်မျှမတွေ့ရပြီးနောက် ထိုမိန်းကလေးသည် အနည်းငယ် အရပ်မြင့်လာကာ သူမ၏ကိုယ်လုံးကိုယ်ထည်မှာလည်း ဖွံ့ဖြိုးလာ သည်။ သူမသည် ကြယ် ၁ ပွင့်ဝိညာဉ်သခင်ဖြစ်နေပြီဖြစ်သည်။ သူမသည် နီရဲ သောမဝတ်စုံကိုဝတ်ဆင်ထားရာ အနည်းငယ် ဆွဲမက်စရာကောင်းနေသည်။
ဤတိုက်ကြီးတွင် ယန်ယဲ့မှလွဲပြီး ဝိညာဉ်ဆေးနက်ကို အဆိပ်ဖြေနိုင်သူ နောက်တစ်ယောက်ရှိလိမ့်မည်ဟု ထင်မထားပေ။ မုဝမ်ယွဲ့ အဆိပ်ကိုဖြေပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိရန်အတွက် မြို့တန်သည် အကုန်ရင်းကာ မုဝမ်ယွဲ့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်နက်ဆေးကို အဆိပ်ဖြေဖို့ အတွက် အဆင့်တူသောအဆိပ်ဖြေဆေးကို ဝယ်ခဲ့ပုံများကို ပေထင်းဟွမ်မသိခဲ့ ပေ။