လင်းဖန်က Estee Lauder ရဲ့ စီအီးအို
Vol. 20 Ch. 292
ရုံးခန်းထဲကို ဝင်လာတော့ ရှိနေသည့် ရှယ်ယာဝင် အမြောက်အများကို လင်းဖန် ကြည့်လိုက်သည်။
ရှယ်ယာဝင် အများစုက မတ်တပ်ရပ်နေ၏။ တချို့ ရှယ်ယာဝင်တွေကတော့ ထိုင်နေကြပါသည်။
သူ ပထမဆုံး မြင်လိုက်ရတာက ရင်းနှီးနေသည့် မျက်နှာများပင်။
စုမူချင်း ပေးထားသည့် အချက်အလက်ထဲတွင် ဒီကုမ္ပဏီ ရှယ်ယာဝင်တွေရဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါသည်။
ဒုတိယအများဆုံးရှယ်ယာဝင် ဝမ်ချင်းနဲ့ တတိယအများဆုံး ရှယ်ယာဝင် ကလဲရန်။
ကလဲရန်က လင်းဖန်ကို နွေးနွေးထွေထွေး ချဉ်းကပ်ပြီး လေးစားသမှုဖြင့် ဦးညွှတ်ကာ ပြုံးလိုက်ပါသည်။ “Estee Lauder မှ ကြိုဆိုပါတယ် ဘော့စ်ဖေး”
နိုင်ငံခြားသားတစ်ယောက်ဖြစ်သော ကလဲရန်က လင်းဖန်ကို အလွန်နွေးထွေးစွာ ကြိုဆိုပါသည်။
လင်းဖန်ဆီကို လျှောက်လာကြပြီး လက်ဆွဲနှုတ်ဆက်သည့် တခြား နိုင်ငံခြား ရှယ်ယာဝင် တချို့လည်း ရှိပါသည်။
“ဟယ်လို ဘော့စ်လင်း။ ကျွန်တော်က ကုမ္ပဏီ ရှယ်ယာဝင်တစ်ယောက်ပါ။ ကျွန်တော့်နာမည်က စမစ်သ်ပါ။”
“မင်္ဂလာနေ့လည်ခင်းပါ ဘော့စ်လင်း။ ကျွန်တော်လည်း ကုမ္ပဏီရှယ်ယာဝင်တစ်ယောက်ပါပဲ။ ကျွန်တော့် နာမည် တွမ်ပါ။ ခင်ဗျားရိုက်ကူးထားတဲ့ ရုပ်သံစီးရီး ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အရမ်းသဘောကျတယ်”
“ဘော့စ်လင်း ကျွန်တော့်နာမည်က ဂျယ်ရီပါ။ ခင်ဗျားက ကျွန်တော့် အိုင်ဒေါပဲ သိလား။ ခင်ဗျားကို အပြင်မှာ မြင်ရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဒီနေ့ဒီအချိန်မှာ ကုမ္ပဏီရဲ့ ဘော့စ်ကြီး ဖြစ်လာမယ်လို့ ပိုလို့တောင် မတွေးခဲ့မိဘူး”
ရှယ်ယာဝင်များစွာ လင်းဖန်ကို အပြုံးဖြင့် လက်ဆွဲနှုတ်ဆက်ပြီးကြသောအခါ ကုမ္ပဏီ၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဝမ်ချင်းကလည်း လင်းဖန်ဆီကို လျှောက်လာပါသည်။
“ဟယ်လို ဘော့စ်လင်း” ဝမ်ချင်းက ပြုံးကာ နှုတ်ဆက်၏။
“ဟယ်လို ဘော့စ်ဝမ်။ ကျွန်တော် ကုမ္ပဏီအကြောင်းများများစားစား သိပ်မသိသေးဘူးး။ နောက်ပိုင်း ကျွန်တော်တို့ အချင်းချင်း ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လင်းဖန်က ပြုံးကာ ယဉ်ကျေးမှုအရ စကား တချို့ ပြောလိုက်ပါသည်။
လင်းဖန်ရှေ့က ရှယ်ယာဝင်တွေရဲ့ မျက်လုံးထဲမှာ ဘာခံစားချက်မှ မပါကြပေ။
ဒုတိယအများဆုံးရှယ်ယာဝင် ဝမ်ချင်းပဲဖြစ်ဖြစ် တတိယအများဆုံး ရှယ်ယာဝင် ကလဲရန်ပဲဖြစ်ဖြစ် အားလုံးက ဘာမှမဖြစ်ကြသလို ပြုမူကာ လင်းဖန်နဲ့ လက်ချင်းဆွဲကာ နှုတ်ဆက်ကြပါသည်။
သို့သော် လင်းဖန် အံ့သြသွားရသည်က လင်းဖန်စကားပြောပြီးနောက် ဝမ်ချင်းက ပြုံးပြီး ထပ်ပြောလိုက်ပါသည်။
“ဘော့စ်လင်းက ကုမ္ပဏီအကြောင်း ဘာမှ နားမလည်ဘူးဆိုတော့ ခင်ဗျားဘော့စ်ဖြစ်လာရင် ကုမ္ပဏီကို ဦးဆောင်မှု လမ်းချော်သွားတာမျိုး မဖြစ်နိုင်ဘူးလား”
“အမှန်ပဲ ဘော့စ်လင်း။ ခင်ဗျားရဲ့ အစွမ်းအစကိုတော့ လေးစားပါတယ်။ အရင် စီအီးအိုကြီးက ဘာလို့ သူ့ရှယ်ယာတွေကို ခင်ဗျားဆီ လွှဲပေးသွားတာလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဖြစ်လာဖို့အတွက် ခင်ဗျားမှာ အစွမ်းအစကော ရှိပါ့မလား။”
“ဘော့စ်လင်းက သရုပ်ဆောင်ဆို။ ကုမ္ပဏီကိုလည်း တာဝန်ယူ၊ ဒရမ်မာတွေလည်း ရိုက်ရဦးမယ်။ အဲ့လိုလုပ်မယ်ဆို အရမ်းအလုပ်များရမှာ မဟုတ်လား”
“ခင်ဗျားရဲ့ ရှယ်ယာတွေကို ပြန်ရောင်းလိုက်ပါလား။ အလုပ်လုပ်ရတာ အရမ်းစိတ်ဖိစီးရပါတယ်ဗျာ။ ဒီရာထူးကို ခင်ဗျားတာဝန်မယူနိုင်မှာ စိုးရိမ်မိတယ်”
ရှယ်ယာဝင်အမြောက်အများက ပြောဖို့ဆိုဖို့ အခွင့်အရေးရသွားလေပြီ။
လင်းဖန် မျက်မှောင်ကြုတ်သွား၏။
သူ ဝမ်ချင်းကို ပြောခဲ့သည့်စကားက တမင်သက်သက် အားနည်းချက်တစ်ခုကို ဖော်လိုက်ဖို့ဖြစ်ပြီး သူ့ကို ဝမ်ချင်း တိုက်ခိုက်အောင် ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။
ရိုးရှင်းသည့် လှည့်ကွက်တစ်ခုသာ ဖြစ်သော်လည်း ဝမ်ချင်းရဲ့ သရုပ်မှန်ကို ချက်ချင်း ပေါ်သွားစေသည်။
ထင်မထားစွာဖြင့် ဝမ်ချင်းကလည်း လင်းဖန်ကို ပစ်မှတ်ထားထားပါသည်။
ထိုရှယ်ယာဝင်များက တရုတ်လူမျိုးတွေချည်းဖြစ်သည်။
လင်းဖန်ကို ပစ်မှတ်ထားနေသည့် လူတွေက ဝမ်ချင်းဘက်က ဖြစ်ပါသည်။
လင်းဖန်ကို ကြိုဆိုကြသည့် ရှယ်ယာဝင်တွေကတော့ တစ်ဖက်မှာ ရပ်နေပါသည်။
လင်းဖန် တည်ငြိမ်သော မျက်နှာဖြင့် ထိုင်လိုက်၏။
သူ့ပြစ်ချက်များကို တမင်သက်သက် ဖော်ပြနိုင်ပါက ဒီပြဿနာကို ဖြေရှင်းနိုင်ပါသည်။
လင်းဖန်၏ စဦးလှည့်ကွက်က ကိစ္စအမြောက်အများကို ပေါ်လာစေသည်။
လင်းဖန် ထိုင်ချလိုက်ပြီး လက်ကို ရမ်းလိုက်၏။ အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားပါသည်။
“ကျွန်တော်က အခု Estee Lauder ရဲ့ အများဆုံးရှယ်ယာဝင် တစ်ယောက် ဖြစ်သွားပြီ။ ဆိုလိုတာက ကုမ္ပဏီရဲ့ ဘော့စ်ဖြစ်သွားပြီ။ ကျွန်တော် ကုမ္ပဏီရဲ့ အများဆုံးရှယ်ယာဝင်ဖြစ်သွားပြီဆိုတာ သက်သေပြဖို့အတွက် ဒီမှာ အရမ်းရှင်းလင်းတဲ့ ရှယ်ယာစာရွက်စာတမ်းတွေလည်း ရှိတယ်။ ကြည့်ချင်ကြသေးလား” လင်းဖန်က ရှယ်ယာလွှဲပြောင်း စာရွက်စာတမ်းများကို ထုတ်ကာ အားလုံးကို ကြည့်လိုက်ပါသည်။
အားလုံး တိတ်ဆိတ်နေကြ၏။
ကုမ္ပဏီ၏ မူလ ဘော့စ်ကြီးက Estee Lauder ၏ အများဆုံးရှယ်ယာများအား လင်းဖန် ထံသို့ လွှဲပြောင်းပေးသွားကြောင့် အားလုံးသိပြီးသား ဖြစ်သောကြောင့် ဖြစ်ပါသည်။
ငြင်းဆန်လို့ မရသည့် အမှန်တရားတစ်ခုဖြစ်၏။
“အားလုံးမှာ သံသယရှိတာကိုတော့ ကျွန်တော် နားလည်ပေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပဲကို”
“ဒါပေမယ့် စီးပွားရေး ရပ်တည်ချက်ရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ သာမန် ဝန်ထမ်းတချို့ရဲ့ရှေ့မှာ ကျွန်တော့်ကို စော်ကားလို့ရမယ်ဆိုရင် စီအီးအိုဖြစ်ရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
“ဒီရာထူးအတွက် ငါ့ကို အရည်အချင်းမပြည့်မှီဘူးလို့ ငါ့မျက်နှာတည့်တည်ကြည့်ပြီး ပြောသွားတဲ့လူတွေကို မှတ်ထားလား” လင်းဖန်က သူ့ဘေးက မိန်းကလေး စုမူချင်းကို ကြည့်လိုက်ပါသည်။
“ဟုတ်ကဲ့ ဟွမ်ဟောက်၊ ဝမ်ယွန်းထျန်၊ ဝမ်ကျစ်လုံ” စုမူချင်းက ခေါင်းငြိမ့်သည်။
“ကျွန်တော်မှတ်မိတာ မမှားရင် ခင်ဗျားတို့က ကုမ္ပဏီရဲ့ ရှယ်ယာဝင်တွေလည်း မဟုတ်ဘူး။ ဝန်ထမ်းရင်းမြစ် ဌာနကို ဆက်သွယ်လိုက်။ ခင်ဗျားတို့ကို အလုပ်ဖြုတ်လိုက်ပြီ” လင်းဖန်က ဝမ်ချင်းအနောက်ရှိ လူသုံးယောက်ကို ကြည့်ကာ ပြောလိုက်ပါသည်။
ထိုလူသုံးယောက်ကို အလုပ်ဖြုတ်ဖို့ လင်းဖန် ပြောလိုက်တော့ ဟွမ်ဟောက်၊ ဝမ်ယွန်းထျန်၊ ဝမ်ကျစ်လုံတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကြသည်။
လင်းဖန်က ရှယ်ယာဝင်တွေအားလုံးရှေ့မှာ သူတို့ကို အလုပ်ဖြုတ်ရဲတယ်လား။
“အတင့်ရဲလိုက်တာ”
“သူတို့ ၃ ယောက်က ကျုပ်ရဲ့ လက်အောက်ငယ်သားတွေပဲ” ဝမ်ချင်း၏ မျက်လုံးများ သွေးအေးသွားပြီး ပြောလိုက်ပါသည်။
“ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကလည်း ကုမ္ပဏီကပဲ။ ကျုပ်က ဒီကုမ္ပဏီရဲ့ စီအီးအို။ ဘော့စ်ဝမ် ကိုယ့်နေရာကိုယ်သိပါ။ ကျုပ်ကို ဒီလို စကားပြောဖို့ ခင်ဗျားကို အလှည့်ပေးလို့လား” လင်းဖန် လက်ထဲက လက်ဖက်ရည်ခွက်က စားပွဲပေါ်သို့ ခပ်ပြင်းပြင်းအသံဖြင့် ကျသွားသည်။
“အဲ့ဒီသုံးယောက်ကို အလုပ်ဖြုတ်ပစ်လိုက်”
“မူချင်း၊ စီအီးအိုတစ်ယောက်အနေနဲ့ ငါ့မှာ ဒီလောက် လုပ်ပိုင်ခွင့်လေးတော့ ရှိတယ်မလား” လင်းဖန်က မေးလိုက်ပါသည်။
“ဘော့စ်လင်းလုပ်ခဲ့တာ ကျိုးကြောင်း သင့်လျော်မှုရှိပါတယ်” စုမူချင်းက ခေါင်းငြိမ့်လိုက်ပါသည်။
“လင်းဖန် အဲ့တာ ကျိုးကြောင်း သင့်လျော်တာလား။ မင်းရဲ့လုပ်ပိုင်ခွင့်ကို ဆင်ခြင်မဲ့အောင် သုံးပြီး ဝန်ထမ်းတွေကို ဖြုတ်ပစ်ရင် အလုပ်သမား စီမံခန့်ခွဲမှုဆီ တင်ပြခံရမယ်နော်” ဝမ်ချင်းက လင်းဖန်ကို ကြည့်လိုက်သည်။
သူလင်းဖန်၏ လုပ်ပိုင်ခွင့်ကို မတားနိုင်ပါ။ ကုမ္ပဏီထဲမှာ ဝန်ထမ်းတွေအများကြီးရှိပါသည်။ ဘော့စ်တစ်ယောက် အနေဖြင့် လင်းဖန်က သူဆန္ဒရှိသည့်အတိုင်း ဝမ်ချင်းလို အဓိက ရှယ်ယာဝင်တွေကလွဲပြီး လူတိုင်းကို ထုတ်ပစ်နိုင်သည်။
“အလုပ်သမား စီမံခန့်ခွဲရေး ဟုတ်လား”
ထိုအချိန်တွင် စုမူချင်းက အသံသွင်းဖောင်တိန်တစ်ချောင်းကို ကိုင်ကာ ရှေ့ထွက်လာပြီး လင်းဖန်ကို စကားပြောခဲ့သည့် လူသုံးယောက်၏ အသံကို ပြန်ဖွင့်ပြလိုက်ပါသည်။
လင်းဖန်က ပြုံးကာ လက်ကို ဆန့်လိုက်၏။ “ကျုပ်ကို အလုပ်သမားစီမံခန့်ခွဲရေးနဲ့ ကိုင်ပေါက်ချင်လည်း ရတယ်လေ”
ဒီအသံသွင်းထားတာနဲ့သာဆို အလုပ်သမားစီမံခန့်ခွဲရေးကလည်း ဒီလူတွေကို ထောက်ခံမှာ မဟုတ်ပါ။
လင်းဖန် ဒီကုမ္ပဏီကို ရောက်လာခဲ့စဉ်က အားနည်းမနေပါ။
သူပထမဆုံး ဝင်လာကတည်းက အလွန်ကြီးစိုးနေပါပြီ။
သူ့ကိုသတ်ဖို့ကြိုးစားသူက ဝမ်ချင်း မဟုတ်ရင်တောင် ဝမ်ချင်းကို ဒီကုမ္ပဏီထဲက ပျောက်ကွယ်သွားအောင် ကန်ထုတ်မည်ဟု ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်။
သူက Estee Lauder ၏ စီအီးအိုရာထူးကို လက်ခံလိုက်ခြင်းမှာ ကုမ္ပဏီအတွက် ငွေရှာပေးဖို့ ဖြစ်၏။
ဒီလို ကုမ္ပဏီရေးရာ ကစားပွဲတွေ ကစားဖို့ မဟုတ်ပေ။
သို့သော်လည်း တစ်ယောက်ယောက်က လာကစားချင်နေသဖြင့် လင်းဖန် ကစားပါမည်။
“ကျွန်တော်က ကုမ္ပဏီမှာ လူသစ်ပါ။ ကျွန်တော် နားမလည်တာတွေ အများကြီးရှိတယ်။”
“အခုကုမ္ပဏီရဲ့ ဗျူဟာကို ကျွန်တော် ကြေညာပေးမယ်။ လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ မူလ ဗျူဟာအတိုင်းပဲ ဆက်ပြီး ဆောင်ရွက်ထားပေးပါ။” လင်းဖန်က ပြောလိုက်ပါသည်။
“နောက်တစ်ခု… ဒီအခန်းထဲမှာ ကျွန်တော့်ကို ကန့်ကွက်ချင်တဲ့လူရှိရင် ထုတ်ပြောလို့ရပါတယ်”
ထင်ထားသည့်အတိုင်း ဝမ်ချင်း စကားထပ်ပြောပြန်ပါသည်။
ဝမ်မိသားစုဝင်တစ်ယောက်ဖြစ်သည့် ဝမ်ချင်းကလည်း သာမန်လူ မဟုတ်ပါ။
ဝမ်ချင်းက လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။ “ဘော့စ်လင်း မင်းပြောတာ တစ်ခုတော့ မှန်တယ်။ လူတစ်ယောက် ကုမ္ပဏီကို ဦးဆောင်နိုင် မနိုင်က ကိုယ့်ရဲ့ အစွမ်းအစပေါ်မှာ မူတည်တယ်။”
“အခု ကုမ္ပဏီက ထောက်ပံ့ငွေတချို့ လိုနေတယ်။ ၁ ဘီလီယံ ယွမ်လောက် ကုန်ကျလိမ့်မယ်။ အဲ့ဒီ ၁ ဘီလီယံယွမ်ကို ၃ ရက်အတွင်း မင်းရှာနိုင်ပါ့မလား။ မင်းရှာနိုင်မယ်ဆိုရင် မင်းရဲ့ အစွမ်းအစကို ငါတို့ သံသယမဝင်တော့ဘူး”
ဝမ်ချင်း၏ စကားလုံးများက လင်းဖန်ကို ပြုံးသွားစေသည်။ ကျိုးယုက ကျူးကော်လျန်ကို မြှား ၁၀၀,၀၀၀ စုဆောင်းခိုင်းခဲ့ရာ ကျူးကော်လျန်က ရန်သူထံမှ သက်ကယ်လှေများဖြင့် မြှား ၁၀၀,၀၀၀ သွားယူလာသည့် အဖြစ်အပျက်ကို ပြန်သတိရစေပါသည်။
သို့သော်လည်း ယခု လင်းဖန်က ကျူးကော်လျန် မဟုတ်ပါ။
ကျူးကော်လျန်ရဲ့ အောင်မြင်မှုတွေနဲ့ မယှဥ်နိုင်သော်လည်း သာမန်လူတွေက လင်းဖန်ရဲ့ ပိုင်ဆိုင်မှု၊ စင်မြင့်တွေကို ယှဥ်နိုင်မှာ မဟုတ်ပါ။
ဝမ်ချင်းက လင်းဖန်အတွက် ခက်ခဲအောင် လုပ်နေခြင်း ဖြစ်၏။
Estee Lauder ကဲ့သို့ ၁၀၀ ဘီလီယံတန် ကော်ပိုရေးရှင်းကြီး တစ်ခုကတောင် ၁ ဘီလီယံယွမ်ကို ချက်ချင်း ရရှိဖို့ဆိုတာ အချိန်လိုအပ်ပြီး ခက်ခဲနိုင်ပါသည်။
Ofo ကိုသာ ငွေကြေးထောက်ပံ့သည့် ကုမ္ပဏီမျိုးကို ကြားဖူးသည်။ Estee Lauder ကို ဘယ်လိုကုမ္ပဏီက ငွေကြေးထောက်ပံ့မည်နည်း။
Estee Lauder အတွင်း ၁ ဘီလီယံယွမ်လောက် ရင်းနှီးမြှုပ်နှံပေးလိုက်ရင်တောင် သူတို့ ရှယ်ယာအများကြီး ရမှာမဟုတ်ပါ။
ဥပမာအားဖြင့် Alibaba တို့ Tencent တို့လို ကုမ္ပဏီကြီးတွေက တခြား ကုမ္ပဏီတွေကို ယွမ် သန်းရာဂဏန်းလောက် ထောက်ပံ့ခိုင်းဖို့ လိုမှာလား။
ထို့ကြောင့် ရန်ပုံငွေရရှိဖို့ အများကြီး ပိုခက်ခဲသွားနိုင်သည်။
လင်းဖန်က ဒီတာဝန်ကို လုံးဝ အောင်မြင်နိုင်မှာ မဟုတ်ဘူးဟု ဝမ်ချင်း ခံစားမိလိုက်ခြင်း ဖြစ်သည်။
ဒီကို ရောက်လာပြီး လင်းဖန်ကို ပစ်မှတ်ထားခြင်းက ပထမအဆင့်သာရှိသေးသည်။
အစီအစဉ်၏ ဒုတိယအဆင့်က လင်းဖန်ကို ခက်ခဲသည့် တာဝန်တစ်ခုပေးကာ အတင်းအကျပ် လက်ခံခိုင်းဖို့ ဖြစ်ပါသည်။ လင်းဖန် တာဝန်ကို မအောင်မြင်သည့်အခါ ရှယ်ယာဝင်တွေရဲ့ အမြင်မှာ ရှက်စရာ ဖြစ်သွားနိုင်ပါသည်။
ထိုအခါ ကုမ္ပဏီကို သူ ထိန်းချုပ်နိုင်ဖို့ မဝေးတော့ပါ။
“ဘော့စ်ဝမ် ခင်ဗျားရဲ့ မစ်ရှင်က ခက်လွန်းတယ်”
“ဘော့စ်လင်းက ကျုပ်တို့ ကုမ္ပဏီကို လွှဲပြောင်းယူထားတာ မကြာသေးဘူး။ ကုမ္ပဏီရဲ့ လုပ်ငန်းတွေနဲ့တောင် အကျွမ်းတဝင်မရှိသေးဘူး။ ဒါတောင် သူ့ကို ၁ ဘီလီယံယွမ် ရှာခိုင်းနေတာလား”
“ဘော့စ်လင်းအတွက် အခက်တွေ့အောင် မင်းလုပ်နေတာပဲ။ အဲ့ဒီအခြေအနေကို ကျုပ်တို့ လက်မခံနိုင်ဘူး”
ကလဲရန်က ဘော့စ်ဝမ်၏ အကြံပြုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါသည်။
သူတို့သိထားသလောက်ဆို ဒါမျိုးက မဖြစ်နိုင်သည့် တာဝန်ကြီး တစ်ခုဖြစ်သည်။
ဝမ်ချင်း ထိုစကားကို ကြားသည့်အခါ ပို၍ပင် ဝမ်းသာသွားသေးသည်။ “ဘော့စ်လင်းရဲ့ အစွမ်းအစကို သက်သေပြဖို့ နည်းနည်းလေး ခက်တဲ့ တာဝန်ပေးမှ ဖြစ်မှာပေါ့။ ဘော့စ်လင်းသာ ကျုပ်တို့ရဲ့ ဘီလီယံယွမ် ရာချီတန်ဖိုးရှိတဲ့ ကုမ္ပဏီကို စီမံနိုင်မယ်ဆိုရင် သူ ငြင်းမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား”
လင်းဖန်က လက်ဖက်ရည်သောက်ကာ ဖုန်းထုတ်လိုက်ပြီး မက်ဆေ့တစ်စောင်ပို့လိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်၏။ “ကျွန်တော် သဘောတူတယ်”
လင်းဖန် သဘောတူလိုက်တာကို ကြားသောအခါ ဝမ်ချင်း၏ မျက်နှာပေါ်က အပြုံးကာ ပိုမိုသိသာထင်ရှားလာပါသည်။
လင်းဖန် နောက်ဆုတ်သွားလိမ့်မည်ဟု ထင်ထားသော်လည်း တကယ် လက်ခံလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒါ ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ မဟုတ်လား။
ဒီတာဝန်ကို ရှယ်ယာဝင်များစွာ ရှေ့မှာ လက်ခံခဲ့သည်။ သူသာ မအောင်မြင်ပါက ရှက်ဖို့ကောင်းပါလိမ့်မည်။
စုမူချင်းတောင် တုန်လှုပ်သွားရပါသည်။
သူမ လင်းဖန်ကို အများကြီး လေးစားသွားသည်။
ယခင် ကုမ္ပဏီ၏ စီအီးအိုကလည်း လင်းဖန်ကို မညံ့ဘူးဟု ထင်ခဲ့တာ ဖြစ်သည်။
ထို့ကြောင့် ယခင်စီအီးအိုက ရှယ်ယာများကို လင်းဖန်ထံသို့ လွှဲပေးခဲ့စဉ်က စုမိသားစု၏ ဒုတိယသမီးကို လင်းဖန်၏ လက်ထောက်ဖြစ်လာအောင် ကိုယ်တိုင် ဆောင်ရွက်ပေးခဲ့၏။၊
စုမူချင်း သတင်းကြားသည်အခါ သူမ ချက်ချင်းရောက်လာခဲ့၏။။
သူမက စုမိသားစု၏ ဒုတိယသမီးဖြစ်ကာ အလွန်ထက်မြက်သည်။
ကုမ္ပဏီ၏ အချက်အလက်များကို စစ်ဆေးကြည့်ပြီးနောက် တစ်ခုခုလွဲနေမှန်း ချက်ချင်း သတိထားမိသွားပါသည်။
စုမူချင်းအတွက် လင်းဖန်က အလွန်ဆင်ခြင်တုံတရားရှိသော လူမျိုးဖြစ်၏။ ဘာကြောင့် ဒီလို တောင်းဆို ချက်မျိုးကို လက်ခံလိုက်ရတာလဲ။
သူမရဲ့ စုမိသားစုဆိုရင်တောင် ငွေသား ၁ ဘီလီယံလောက်ကို ချက်ချင်း ထုတ်မပေးနိုင်လောက်ပါ။
“ဘော့စ်လင်း…” စုမူချင်းက လင်းဖန်ကို ဖြောင်းဖြချင်၏။
စုမူချင်း၏ မျက်လုံးများကို ကြည့်ပြီး လင်းဖန် ပြုံးလိုက်သည်။ သူ့ရှေ့က မိန်းကလေးက သူ့ကို သတ်ဖို့ ကြိုးစားသည့် ကိစ္စနဲ့ မဆိုင်လောက်ပါ။
မျက်လုံးတွေက မညာနိုင်ပေ။
တစ်ခါတစ်လေ အကြည့်တစ်ခုတည်းနဲ့ လင်းဖန်၏ ယုံကြည်မှု တစ်ဝက်ကို ရနိုင်သည်။
“ဘော့စ်လင်း ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းတော့မှာလား”
“ဘောစ်လင်းသာ လူတွေအများကြီး ရှေ့မှာ ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းရင် ရှက်စရာကြီးနော်” ဝမ်ချင်းက ရယ်မောလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
“နေပါဦး ၃ စက္ကန့်ပဲစောင့်”
“၃…၂…၁…”
“ရပြီ” လင်းဖန် သက်တောင့်သက်သာဖြင့် ပြောလိုက်သည်။
အားလုံး ကြောင်တောင်တောင် ဖြစ်သွား၏။
ထိုအချိန်တွင် ဘဏ္ဍာရေးဌာန မန်နေဂျာထံသို့ မက်ဆေ့တစ်စောင်ဝင်လာသည်။
“ဘုရားရေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာ…”
“ဘော့စ်လင်းက တော်လိုက်တာ”
“၃ စက္ကန့်တည်းနဲ့ ငါတို့ ကုမ္ပဏီ တကယ်ကြီး ၁ ဘီလီယံယွမ် ရသွားတယ်” ဘဏ္ဍာရေးဌာန မန်နေဂျာက လင်းဖန်ကို လေးစားစွာ ကြည့်ကာ ပြောလိုက်ပါသည်။
၁ ဘီလီယံ ယွမ်က Estee Lauder အတွက် အများကြီး မဟုတ်သော်လည်း ၃ ရက်အတွင်း ၁ ဘီလီယံယွမ် ရဖို့ဆိုတာ အလွန်ခက်ခဲပါသည်။
သို့သော်လည်း လင်းဖန်ကတော့ မဖြစ်နိုင်သည့် မစ်ရှင်တစ်ခုကို အောင်မြင်ဖို့ ၃ စက္ကန့်သာ ကြာခဲ့ပါသည်။
ထိုအချိန်တွင် အားလုံးရဲ့ မျက်လုံးတွေလည်း သေလူလို ငြိမ်သက်သွားကြတော့သည်။