← Chapters

ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်

Vol. 42 Ch. 571

ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်

Vol. 42 Ch. 571

အစစ်အမှန်နဂါးသိုက်ထဲတွင် ...

အကြီးအကဲချင်းဟွမ်၏ သင်ပြပေးမှုကြောင့် ချင်မူ နဂါးစာလုံးတစ်လုံးစီတိုင်းကို သဘော‌ပေါက်နားလည်သွားသည်။

အကြီးအကဲချင်းဟွမ်သည် နတ်နဂါးမင်းတစ်ပါး ဖြစ်သည့်အလျောက် နဂါးဘာသာစကားကို ခရေစေ့တွင်းကျ သိရှိ၏။ သူ၏အစွမ်းအစများကလည်း မည်သည့်အဆင့်မှန်း ခန့်မှန်းမရလောက်အောင် အတိုင်းထက်အလွန် မြင့်မားလေသည်။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ မဟာနတ်နန်းဆောင်လေးခုအနက်မှ နဂါးစိမ်းနန်းတော်၏ အရှင်သခင် ဖြစ်လာသူပီပီ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ယမမင်းထက်ပင် သန်မာအားကောင်းလောက်၏။

ကောင်းကင်နတ်ဘုံဆိုသည်မှာ ကြယ်တာရာများ ပေါင်းစုထားသော အစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ ကြယ်တာရာအစုအဝေးက ကောင်းကင်နတ်ဘုံအဖြစ် အသိများပါသော်လည်း သီးခြားစီဆိုလျှင် မဟာနတ်နန်း‌တော်ငါးခုအဖြစ် ကျော်ကြား၏။

နဂါးစိမ်းနတ်နန်းတော်က အရှေ့ကောင်းကင်ဘုံ၏ ခြောက်ဆယ်သော ကြယ်တာရာများကို အုပ်စိုးပြီး ကျားဖြူနတ်နန်းတော်က အနောက်ကောင်းကင်ဘုံ၏ နှစ်ဆယ့်ခုနစ်စင်း‌သော ကြယ်တာရာများကို အုပ်ချုပ်၏။ မီးငှက်နတ်နန်းတော်ကမူ တောင်ကောင်းကင်ဘုံ၏ သုံးဆယ့်ကိုးစင်းသော ကြယ်တာရာများကို စိုးမိုးကာ လိပ်နက်နတ်နန်း‌တော်က မြောက်ကောင်းကင်ဘုံ၏ လေးဆယ်သော ကြယ်တာရာများကို ကြီးမှူးချေသည်။

အားလုံး၏အလယ်တွင်တော့ ကောင်းကင်ဧကရာဇ်ကြယ်တာရာများအား အုပ်ချုပ်သော ကောင်းကင်ဧကရာဇ်နတ်နန်းတော် တည်ရှိသည်။

နဂါးစိမ်းနန်းတော်သည် ကျန်နန်းတော်လေးခုအနက် ခေါင်းဆောင်ဖြစ်ချေရာ အကြီးအကဲချင်းဟွမ် မည်မျှအင်အားကြီးမားကြောင်း ကောင်းကောင်းစိတ်ကူးကြည့်နိုင်ပေ၏။

သူက အစစ်အမှန်နဂါးမင်းကျင့်စဉ်ကို နဂါးလေးကျန်းမြောင်ကဲ့သို့ တစ်လုံးချင်း အသံထွက်မဖတ်ပြပေ။ စာသားအားလုံးကို ကျင့်စဉ်သိုင်းကွက်များအဖြစ် တိုက်ရိုက်ပြောင်းလဲကာ အလွယ်ဆုံးမှ အခက်ဆုံးသို့ သင်ကြားပေးနေ၏။

ပင်မကျင့်စဉ်က ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ဟု ခေါ်ပြီး နဂါးအလင်္ကာစာသားများကို အသုံးချကာ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ထဲတွင် နဂါးတွန်သံများ ပဲ့တင်ထပ်စေခြင်း ဖြစ်သည်။ ချီစွမ်းအင်လှည့်ပတ်နည်း၊ ကောင်းကင်နတ်သိုင်းထုတ်ဖော်နည်းနှင့် ခန္ဓာကိုယ်သန့်စင်နည်းတို့အားလုံး အလင်္ကာစာသားများ၌ ကိန်းဝပ်နေချေသည်။

ဤကျင့်စဉ်သည် ကျင့်ကြံသူတစ်ယောက်၏ မည်သည့်အစိတ်အပိုင်းကိုမဆို အဆင့်မြှင့်တင်ပေးနိုင်၏။ လမ်းစဉ်အဆင့် ထိပ်တန်းကျင့်စဉ် ဖြစ်သောကြောင့် ချီစွမ်းအင်၏ အား‌ကောင်းသိပ်သည်းမှု၊ ကောင်းကင်နတ်သိုင်းများ၏ လှပသေသပ်မှု၊ ရုပ်ခန္ဓာ၏ ခွန်အား ... မည်သည့်နေရာတွင်မဆို ပြစ်ချက်မရှိပေ။

ချင်မူသာ ဤကျင့်စဉ်ကို အပြည့်အဝ သဘောပေါက်နားလည်သွားပါက ကျင့်စဉ်အရာ၌ လမ်းစဉ်အဆင့်တက်ရန် ခက်ခဲတော့မည်မဟုတ်ပေ။

ဤမျှအဆင့်မြင့်၍ ပြီးပြည့်စုံသော ကျင့်စဉ်တစ်ခုကို ချင်မူ ပထမဆုံး တွေ့ဖူးခြင်းဖြစ်၏။

တာအိုဓားဆယ့်လေးခန်းမှာ ‌ကောင်းကင်ယံရှိ ကြယ်အတုများကြောင့် ဟာကွက် ရှိနေသည်။ ဆယ့်လေးခန်းမြောက် ဓားကွက်အား မည်မျှကြိုးစားအားထုတ်စေကာမူ နားမလည်နိုင်သောကြောင့် ဆယ့်လေးခန်းမြောက် ဓားကွက်မှာ လမ်းစဉ်အဆင့်သို့ မတက်ရောက်နိုင်ပေ။

မဟာမိုးခြိမ်းသံကျောင်းတော်မှ တထာဂတ၏ မဟာယနသုတ္တန်ကလည်း စိတ်အခြေအနေကိုသာ လမ်းစဉ်အဆင့်သို့ ဝင်ရောက်စေနိုင်၏။ သိုင်းအဆင့်မှာမူ အထပ်နှစ်ဆယ်မြောက် ကောင်းကင်ဘုံအထိသာ ကျင့်ကြံနိုင်သည်။ ဗြဟ္မာဘုံသို့ ရောက်သွားသည်နှင့် ရှေ့ဆက်ကျင့်စရာ ကျင့်စဉ်မရှိပေ။

ကျောက်စိမ်းမြို့တော်ငယ်၏ ကျင့်စဉ်ကလည်း နတ်ဘုရားစစ်စစ်မဟုတ်သော နတ်ဝိဇ္ဇာအဆင့်အထိသာ ရောက်ရှိစေနိုင်သည်။

ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ မဟာဉာဏ်အလင်းပွင့်ကျမ်းစာမှာမူ ကောင်းကင်နတ်သိုင်းအရာ၌ အလွန်တရာ ကျယ်ပြန့်ပါသော်လည်း နတ်ဘုရားအဆင့်နောက်ပိုင်းအတွက် ကျင့်စဉ်များ ကင်းမဲ့နေ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သိုင်းအမွေမှာ ကြားတွင် ကွာဟမှုကြီး ရှိခဲ့သောကြောင့် အားနည်းချက်များ ပြည့်နေသည်။ အထွတ်အမြတ်မြေတိုင်း၏ ကျင့်စဉ်များမှာ မပြည့်စုံကြပေ။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံကမူ စုံလင်သောသိုင်းအမွေကြောင့် နတ်ဘုရားများစွာ မွေးထုတ်ပေးနိုင်ခဲ့ကောင်း မွေးထုတ်ပေးနိုင်ခဲ့မည်။ သို့သော် လူတစ်ယောက်အား လမ်းစဉ်အဆင့်သို့ တိုက်ရိုက်တက်သွားစေနိုင်သော ကျင့်စဉ်တစ်ခုမှ ချင်မူ မမြင်ဖူးပေ။ ကြားလည်း မကြားဖူးခဲ့။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အစစ်အမှန်နတ်ဘုရားများပင် နယ်ပယ်တစ်ခုတွင်သာ လမ်းစဉ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်၏။ မည်သည့်နယ်ပယ်တွင်မဆို လမ်းစဉ်အဆင့်သို့ တက်လှမ်းလိုပါက ထပ်ခါတလဲလဲ တွေးတောသုံးသပ်ကာ လေ့ကျင့်နေရန် လိုအပ်သည်။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကျင့်စဉ်များက မည်သူ့ကိုမှ လမ်းစဉ်အဆင့်ရောက်အောင် တွန်းပို့မပေးနိုင်ပေ။

ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကတော့ လမ်းစဉ်အဆင့် တန်းရောက်စေမည့် တစ်ခုတည်းသော ကျင့်စဉ် ဖြစ်၏။ ဤကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် လူတစ်ယောက်သည် ရှေးဟောင်းနဂါးမူလဝိညာဉ်ကို ဖွဲ့တည်နိုင်ပြီး နဂါးကောင်းကင်နတ်သိုင်းများအပေါ် သိမြင်နားလည်နိုင်စွမ်းကိုလည်း မြှင့်တင်နိုင်မည်။ ရုပ်ခန္ဓာသိုင်းများအပေါ် သိမြင်နားလည်နိုင်စွမ်းကိုလည်း တိုးတက်လာစေနိုင်လိမ့်မည်။

ဤရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်မှာ ကောင်းကင်ဘုံကို အာခံဖီဆန်‌နေသော ကျင့်စဉ်တစ်ခုပင် ဖြစ်၏။

‘ငါ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ထက်တောင် သာနေသေးတယ်’ ချင်မူ သက်ပြင်းချလိုက်မိသည်။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ကျဲ့ဟွလီကို နှုတ်ဆက်ခဲ့တုန်းက ချင်မူသည် ကျင့်စဉ်မှ လမ်းစဉ်အဆင့်သို့ တက်လှမ်းနေသော အခြေအနေသို့ ဝင်ရောက်သွားခဲ့၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ပြန်လည်သုံးသပ်ကာ အပြည့်စုံဆုံးဖြစ်အောင် ရှင်းလင်းနိုင်ခဲ့၏။ သို့သော် မျက်လုံးများကို သုံးသပ်ဆင်ခြင်နေစဉ် ကောင်းကင်နတ်ဆိုးတစ်အုပ်၏ ဝင်ရောက်နှောင့်ယှက်ခံခဲ့ရရာ နှမြောစရာကောင်းပေသည်။

သို့တိုင်အောင် သူကား ကျင့်စဉ်မှ လမ်းစဉ်အဆင့်သို့ ခြေတစ်လှမ်းစာ လှမ်းခဲ့ပြီးပြီဖြစ်၏။

သို့သော် ကျင့်စဉ်မှ လမ်းစဉ်အဆင့်သို့ တက်လှမ်းခြင်းက လမ်းစဉ်အဆင့် ကျင့်စဉ်နှင့် မတူညီပေ။ ကျင့်စဉ်မှ လမ်းစဉ်အဆင့်သို့ တက်လှမ်းသွားခြင်းသည် လူတစ်ယောက်၏ ကောင်းကင်နတ်သိုင်းများ၊ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို အစစ်အမှန်နတ်ဘုရားငယ်အဆင့်သို့သာ တွန်းပို့ပေးနိုင်၏။

လမ်းစဉ်အဆင့်ကျင့်စဉ်ကမူ အဆင့်တစ်ဆင့် မြင့်၍ လူတစ်ယောက်၏ ကောင်းကင်နတ်သိုင်းများ၊ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို လမ်းစဉ်အဆင့်သို့ ရောက်ရှိစေနိုင်သည်။ ထို့အပြင် နတ်ဘုရားဖြစ်လာပြီးနောက် ကျင့်ကြံရသော ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။

‘ဒီကျင့်စဉ်က ကောင်းပေမယ့် နဂါးတွေ ကျင့်ကြံဖို့ ပိုသင့်တော်တယ်... ငါ ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကို ကျင့်လိုက်ရင် ကျန်းမြောင်ထက် သေချာပေါက် နိမ့်ကျဦးမှာပဲ... ငါနဲ့ အသင့်တော်ဆုံး ကျင့်စဉ်ကမှ ငါ့အတွက် အကောင်းဆုံးကျင့်စဉ် ဖြစ်မယ်’

ချင်မူ သူ့ပခုံးပေါ်ရှိ ဝန်ထုပ်များကို ပစ်ချလိုက်သည်။ ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်သည် ကောင်းမွန်ပါသော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုသာ သူ ရွေးချယ်မိ၏။

သို့ရာတွင် ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်မှာ သူ့အတွက် လွန်စွာအသုံးဝင်သေးချေသည်။ ၎င်းကို အသုံးချခြင်းဖြင့် သူ၏ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် ကောင်းကင်နတ်သိုင်းများကို အဆင့်မြှင့်နိုင်သည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုလည်း ရှင်းလင်းသန့်စင်နိုင်၏။

သန့်စင်နည်းက ရှေးဟောင်းနဂါး(အ)သံရှစ်ချက် ဟုခေါ်ပြီး အလွန်အားကောင်းပြင်းထန်၏။ ကုပ်တွယ်သံ၊ သတ်ဖြတ်သံ၊ ဖမ်းဆုပ်သံ၊ ဆွဲယူသံ၊ လမ်းညွှန်သံ၊ လှည့်လည်သံ၊ ထုရိုက်သံနှင့် ရှင်းလင်းသံ ဟူ၍ ရှစ်သံကွဲသည်။

ချင်မူ တမုဟုတ်ချင်း စမ်းကြည့်လိုက်သည့်အခါ သူ၏ချီစွမ်းအင်လှည့်ပတ်မှုက ထူးဆန်းသော စည်းချက်သံဖြင့် တုန်ခါလာသည်။ ကုပ်တွယ်သံက ဟိန်းထွက်လာပြီး ချီစွမ်းအင်မှာ အလွန်မြင့်မားသည့် ကြိမ်နှုန်းဖြင့် တုန်ခါရင်း နှေးကွေးလေးပင်သွား၏။ ထိုတခဏတွင် ရုပ်ခန္ဓာအတွင်းရှိ အံ့ဩဖွယ်ရာပြောင်းလဲမှုကို ချင်မူ ခံစားလိုက်ရသည်။

သူ့သွေးများ စေးပျစ်လာပြီး လှည့်ပတ်လိုက်သည့်အချိန်တိုင်း ဘုန်းခနဲ ဘုန်းခနဲ မြည်သံများ ထွက်လာတတ်၏။

ချီနှင့်သွေးလှည့်ပတ်မှုက နှင်းတောင်တန်းပေါ်မှ ဆီးနှင်းထုများ လိမ့်ဆင်းလာသကဲ့သို့ အဆုံးအစမဲ့လာသည်။ ချီနှင့်သွေးတို့ လက်ဝါးဆီသို့ လှည့်ပတ်လာသည့်အချိန်တွင် သူ့လက်ဝါးမှာ နှီးယပ်တောင်တမျှ ကြီးမားလာ၏။ လက်ဝါးထဲ၌ ချီစွမ်းအင်စီးဆင်းနေမှုက မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသံများ ထုတ်လွှတ်နေသည်။

ကုပ်တွယ်သံက သူ၏သွေးကြောများကို သန့်ရှင်းပေးလိုက်၍ ချီစွမ်းအင်ကို တစ်ကြော့လှည့်လည်ပြီးနောက် ချင်မူမှာ များစွာလန်းဆန်းသွား၏။

ထို့နောက် သတ်ဖြတ်သံကို ထုတ်လွှတ်ကြည့်သည်။ သတ်ဖြတ်သံက သူ၏အသိစိတ်အလျဉ်ကို တုန်ခါလာစေပြီး ကြည်လင်တက်ကြွလာစေသည်။

ဖမ်းဆုပ်သံက ယန်ဝိညာဉ်သုံးခုကိုလည်းကောင်း၊ ဆွဲယူသံက ယင်ဝိညာဉ်ခုနစ်ခုကိုလည်းကောင်း၊ လမ်းညွှန်သံက နှလုံးသားကိုလည်းကောင်း၊ လှည့်လည်သံက မူလဝိညာဉ်ကိုလည်းကောင်း၊ ရှင်းလင်းသံက တာအိုနှလုံးသားကိုလည်း‌ကောင်း အသီးသီး သန့်စင်ပေးလိုက်၏။

ချင်မူမှာ တစ်ခုပြီးတစ်ခု သန့်စင်ရင်း ရှေးဟောင်းနဂါးသံရှစ်ချက်ကို တစတစ နားလည်လာသည်။ ထို့နောက် သူက စိတ်အားတက်ကြွစွာဖြင့် ချီစွမ်းအင်ကို ဖြန့်ကျက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်၏ စွမ်းအင်လှည့်ပတ်ပုံလမ်းကြောင်းကို ဖွဲ့တည်လိုက်၏။

သူ၏ဒုတိယခြေလှမ်းကား သင်ယူခဲ့ရသော ကျင့်စဉ်ကို သူ၏ကိုယ်ပိုင်ကျင့်စဉ်နှင့် ပေါင်းစည်းရန် ဖြစ်ချေသည်။

သူ့အရှေ့တွင် ချီစွမ်းအင်မှ ဖွဲ့တည်ထားသော စွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းများသည် လူ့ခန္ဓာကောက်ကြောင်းအသွင် ရှိနေသော်လည်း အသေးစိတ်ကြည့်လိုက်ပါက ရှုပ်ယှက်ခတ်သော ဖွဲ့စည်းပုံတစ်ခုကို မြင်ရနိုင်၏။

ဖွဲ့စည်းပုံက ချင်မူ၏ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာတို့ကို ဆက်သွယ်နေသည်။ ဤကောင်းကင်ရတနာများထဲ၌ ချီစွမ်းအင် လှည့်ပတ်သွားသည့်အခါ သပွတ်အူလို ရှုပ်ထွေးနေသည့် လမ်းကြောင်းများ ဖွဲ့တည်လာ၏။ ကောင်းကင်ရတနာတစ်ခုချင်းစီ၏ အတွင်းထဲရှိ ချီစွမ်းအင်လမ်းကြောင်းများကား မတူညီပေ။

ထိုမျှသာမက သူ၏ကိုယ်တွင်းအင်္ဂါတစ်ခုချင်းစီကို ကြည့်လျှင်လည်း... နှလုံးသားထဲရှိ ချီစွမ်းအင်လှည့်ပတ်မှုသည် ကျောက်ကပ်ထဲရှိ လှည့်ပတ်မှုနှင့် မတူပေ။ ခြေထောက်ထဲရှိ လမ်းကြောင်းများကလည်း အတွင်းကလီစာများနှင့် ကွဲပြားနေ၏။

သူက ရှေးဟောင်းနဂါးသံရှစ်ချက်ကို ချီစွမ်းအင်လှည့်ပတ်မှုနှင့်အတူ ထုတ်လွှတ်ကြည့်လိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထွေထွေထူးထူး ပြောင်းလဲစရာမရှိပေ။

လမ်းညွှန်သံဖြင့် ချီစွမ်းအင်ကို နှလုံးသားထဲသို့လည်းကောင်း၊ ကုပ်တွယ်သံဖြင့် သွေးကြောများထဲသို့လည်းကောင်း၊ လှည့်လည်သံဖြင့် ဝိညာဉ်သန္ဓေသားဆီသို့လည်းကောင်း ပို့လွှတ်လိုက်ရုံသာ လိုအပ်သည်။ ထိုမျှရိုးရှင်း၏။

ချင်မူမှာ အစစ်အမှန်နဂါးမင်းကျင့်စဉ်ကို ပြောင်းလဲရင်း ပတ်ဝန်းကျင်အပေါ် အာရုံမရှိတော့ပေ။ အကြီးအကဲချင်းဟွမ်နှင့် ကျန်းမြောင်လည်း သူ့ကို သတိထားမိသွား၍ သူ့အရှေ့ရှိ စွမ်းအင်လှည့်ပတ်ပုံကို ကြည့်လိုက်မိကြသည်။

“မကြည့်နဲ့တော့” အကြီးအကဲချင်းဟုန်က ကျန်းမြောင်အား ခေါင်းယမ်းပြသည်။ “မင်း လေ့လာလို့မရဘူး... ဒီကောင်လေးက သိပ်တော်တယ်... မကောင်းဆိုးဝါး ကျနေတာပဲ... သူ့အခြေခံနဲ့ ဉာဏ်ပညာက မင်း ဘယ်တော့မှ မရောက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ... ငါ မင်းကို ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ရဲ့ သဘောတရားတွေ ဆက်ပြောပြပေးမယ်... မင်းမှာ မေးစရာ ရှိသေးရင်လည်း မေးပေါ့”

“မာ ဟာ” ကျန်းမြောင်က ခပ်တိုးတိုး ပြန်ဖြေ၏။

အကြီးအကဲချင်းဟွမ်က သူ့အား ပြုံးပြလိုက်သည်။ “ငါ့ကို ကြောက်စရာမလိုပါဘူး”

ကျန်းမြောင်မှာ သတ္တိမွေးကာ လူအသွင် ပြောင်းလိုက်၏။ သူက ဘေးတွင် ရိုရိုကျိုးကျိုး ရပ်နေချေသည်။

အကြီးအကဲချင်းဟွမ်က ကျန်းမြောင် နားမလည်မည်စိုး၍ ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်အား အရိုးရှင်းဆုံး ဆက်လက်ရှင်းပြနေ၏။

လေး၊ ငါးရက်မျှ သင်ကြားပို့ချပေးပြီးနောက် ချင်မူ ရှေးဟောင်းနဂါးသံရှစ်ချက်ကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ပေါင်းစည်းပြီးသွားသည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ ရှေးဟောင်းနဂါးသံရှစ်ချက် ထွက်ပေါ်လာပြီး သူ၏ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ ချီစွမ်းအင်နှင့် တာအိုနှလုံးသားကို သန့်စင်ပေးလိမ့်မည်။

ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်သည့်အချိန်တွင်ပင် ရှေးဟောင်းနဂါးသံရှစ်ချက်က  သူ၏သိုင်းကွက်များကိုလည်း သန့်စင်ပေးနေ၏။

ချင်မူက ကောင်းကင်နတ်သိုင်း တစ်ကွက်ပြီးတစ်ကွက် ထုတ်‌လွှတ်ရင်း နဂါးတစ်ကောင်လို အစစ်အမှန်နဂါးသိုက်ထဲ၌ ရွေ့လျားနေသည်။ နဂါးတွန်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သိုင်းကွက်တိုင်းက ပိုမို၍ အားကောင်းပြင်းထန်လာ၏။ သူ့မှာ မဝမ်းသာမိဘဲ မနေတော့ပေ။

ထန်း...

ချင်မူ ဝက်ခုတ်ဓားမနှစ်လက် ဆွဲထုတ်ပြီး လွှဲယမ်းလိုက်၏။

မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ

သို့သော် ဓားခုတ်သံတစ်ချက်နှင့်တင် သူ့လက်ထဲရှိ ဓားမနှစ်လက်လုံး တုန်ခါမှုများကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။

ချင်မူ မှင်သက်သွားပြီး ထောင်ကျယ်အိတ်ထဲမှ ဝါးတောင်ဝှေးထုတ်ကာ ထိုးစိုက်လိုက်သည်။ ဝါးတောင်ဝှေးမှာ မှုန့်မှုန့်ညက်ညက် ကြေသွား၏။

‘ရှေးဟောင်းနဂါးသံ အားလှိုင်းက သိပ်ပြင်းလွန်းတယ်... တွေ့ကရာ ဝိညာဉ်လက်နက်နဲ့ တွဲသုံးလို့ မရဘူး’

သူ ဓားစက်လုံးထုတ်လိုက်သည့်အခါ ဓားပျံများက စီးဆင်းနေသော ရေအလျဉ်ပမာ ဖြာဆင်းသွားပြီး ဓားမရှည်တစ်လက် ဖွဲ့တည်လိုက်၏။ ချင်မူက ဓားမကို ဆုပ်ကိုင်ကာ ဘေးနှစ်ဖက်သို့ ဆွဲခွဲလိုက်သည်။ ဓားမရှည်မှာ နှစ်ခြမ်းကွဲသွားပြီး သူက တိမ်တိုက်အားလုံးတွင် ငွေရောင်အနားသတ်ရှိသည်ကို ထုတ်ဖော်လိုက်၏။

အလျားလိုက်ဓားမရောင်နှင့် ဒေါင်လိုက်ဓားမရောင် ကန့်လန့်ဖြတ် လင်းလက်သွားကာ ဓားမအားလှိုင်းက ပို၍ပင် အားကောင်းလာသည်။ ဓားကွက်က အစစ်အမှန်နဂါးသိုက်၏ တိုင်လုံးများကို တိတိရိရိ ပိုင်းဖြတ်လိုက်၍ ချင်မူမှာ နဂါးသိုက်ကို မဖျက်စီးမိခင် ဓားကွက်အား အလျင်အမြန် ရုတ်သိမ်းလိုက်ရသည်။

သူက ဓားမရှည်နှစ်လက်ကို သေသေချာချာ ကြည့်၍ ကောင်းကင်ယံသို့ ပစ်တင်လိုက်၏။ ဓားမရှည်နှစ်လက်က ဓားပျံများအဖြစ် ပြိုကွဲကာ သူ့ကို ဝန်းရံလည်ပတ်နေသည်။

ချင်မူမှာ ဓားပျံများကို အသေးစိတ် ကြည့်ပြီး ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ဓားပျံတွေကို ကောင်းကောင်း သွန်းလုပ်ထားလို့ တော်သေးတာပေါ့... မဟုတ်ရင် သုံးစရာ ဝိညာဉ်လက်နက်တစ်ခုမှ ရှိမှာမဟုတ်ဘူး”

ချင်မူ အတွေးထဲ နစ်မျောသွားပြန်သည်။ ရှေးဟောင်းနဂါးသံရှစ်ချက်အပြင် ‌ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်၌ တခြားကောင်းကင်နတ်သိုင်းများလည်း ရှိသေး၏။

ကောင်းကင်နတ်သိုင်းတိုင်းက ခန့်မှန်းမရအောင် ပြောင်းလဲနိုင်သည်။ ဗုဒ္ဓသိုင်းကွက်များအဖြစ် အသုံးချနိုင်သလို ၊ တာအိုဂိုဏ်း၏ ကောင်းကင်နတ်သိုင်းများအဖြစ် သို့မဟုတ် မိစ္ဆာလမ်းစဉ်၏ ကောင်းကင်နတ်သိုင်းများအဖြစ်ပင် ထုတ်လွှတ်နိုင်၏။

ဤကောင်းကင်နတ်သိုင်းများအား ဓားကွက်များအနေဖြင့်လည်း အသုံးပြုနိုင်သည်ဟု ချင်မူ ခံစားမိသည်။ ဓားမသိုင်း ကစားရာတွင်လည်း ကြောက်မက်ဖွယ်ရာ ဓားစွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်။

ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ထဲရှိ ရုပ်ခန္ဓာအသားပေး ကောင်းကင်နတ်သိုင်းများနှင့် မျက်လုံးကောင်းကင်နတ်သိုင်းများကလည်း အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။

ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာလေလေ၊ မည်မျှအဆင့်မြင့်မားကြောင်း နားလည်လာလေလေ ဖြစ်၏။ သူ့မှာ နဂါးတစ်‌ကောင် မဟုတ်၍ ဤကျင့်စဉ်၏ ကောင်းကင်နတ်သိုင်းများအား အဆန်းတကြယ်စွမ်းအားအထိ မထုတ်ဖော်နိုင်သည်ကိုပင် မုန်းတီးသွားမိသည်။

သူ စိတ်နှင့်ကိုယ် ပြန်ကပ်သည့်အချိန်တွင် အကြီးအကဲချင်းဟွမ်နှင့် ကျန်းမြောင်တို့နှစ်ယောက်လုံး အစစ်အမှန်နဂါးသိုက်ထဲ၌ မရှိတော့ပေ။ နဂါးသိုက်အပြင် အလျင်အမြန် ပြန်ထွက်လိုက်သည့်အခါ ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် ကျင့်နေသော ကျန်းမြောင်အား တွေ့လိုက်ရသည်။

လူငယ်လေးက စိမ်းပြာရောင်နဂါးတစ်ကောင်အသွင်ဖြင့် သိုင်းကွက်များ ကစားနေ၏။ ရှေး‌ဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်မှ တိုက်ခိုက်ရေးစွမ်းရည်များကို အသုံးချနေပြီး ရက်ပိုင်းလေးအတွင်း သူ၏အစွမ်းအစများက ကြောက်ခမန်းလိလိ တိုးတက်သွားခဲ့ချေပြီ။

ချင်မူ မချိတင်ကဲ သက်ပြင်းချမိ၏။

ရွာထဲရှိ လူငယ်များနှင့် မိန်းကလေးများက ကျန်းမြောင် လေ့ကျင့်နေသည်ကို ကြည့်ရင်း အားပေးကြွေးကြော်နေကြသည်။ ချင်မူ သူနှင့် သက်တူရွယ်တူ မိန်းကလေးတစ်ယောက်ဆီ လျှောက်သွားလိုက်သည်။ မိန်းကလေးက သူ့အောက် တစ်နှစ်၊ နှစ်နှစ်ခန့်သာ ငယ်မည့်ပုံရ၏။ သူက ပြုံးလျက် သူမကို မေးလိုက်သည်။ “ဒီက ညီမလေးကို ဘယ်လိုခေါ်ရမလဲမသိဘူး”

မိန်းကလေးမှာ တမုဟုတ်ချင်း မျက်နှာလေး ရဲသွားပြီး ပြောလိုက်၏။ “ငါ့နာမည်က ချင်းရ... ငါ့ကို ညီမလေးလို့ မခေါ်နဲ့ ... ငါ့အသက်က နှစ်သုံးရာ ရှိနေပြီ ... နင်ကရော ဘယ်နှနှစ်လဲ”

ချင်မူ ရှက်သွားပြီး ဘေးရှိ ရွယ်တူထင်ရသော ကောင်လေးဆီသို့ ကြည့်လိုက်သည်။ သူက သွေးတိုးစမ်းကြည့်လိုက်၏။ “ဒီနောင်တော်က...”

“ငါက ခြောက်ရာ့သုံးဆယ်ခုနစ်နှစ် ရှိပြီ” လူငယ်က ပြောသည်။

ချင်မူ အင့်ခနဲ ဖြစ်သွား၏။ ဤရွာရှိ လူငယ်‌များ၊ မိန်းကလေးများ၏ အသက်ကား ကြောက်စရာကောင်းလှပေသည်။

သက်လတ်ပိုင်းလူတစ်ယောက်က ပြုံးရယ်လျက် ပြောလာသည်။ “ငါကတော့ နှစ်ထောင့်ရှစ်ရာနှစ် ရှိပြီ”

ချင်မူ မည်သူ့ကိုမှ အသက်မမေးဖြစ်တော့ပေ။

ရုတ်တရက် သူ စိတ်အားတက်လာပြီး ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။ “နောင်ကြီးတို့၊ မမကြီးတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ဖူးလား... ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ပါ... လူအင်အား လိုအပ်နေတာနဲ့ ဟိုလေ...”

ထိုစဉ် အကြီးအကဲချင်းဟွမ်က ငါးဖမ်းပိုက်ကွန်ကို ဆွဲလျက် သုန်သုန်မှုန်မှုန်ဖြင့် လျှောက်လာသည်။ “ငါ့ရွာကို စိတ်တောင်မကူးနဲ့နော်.... မင်းကို ကျင့်စဉ် သင်ပေးပြီးပြီ... ပြန်တော့”

“အဘိုးချင်းကလည်း... အခု ထိုက်ဧကရာဇ်ကောင်းကင်ဘုံက အသက်ရှင်ဖို့ ရုန်းကန်နေရတာ.. ကျွန်တော့်ဆရာတောင် သွားကူနေပြီ...” ချင်မူ ကပျာကယာ ပြောလိုက်သည်။

“ချင်းရ... ဧည်သည့်တွေကို ပြန်ပို့ပေးလိုက်” အကြီးအကဲချင်းဟွမ်က အမိန့်ပေးလိုက်သည်။

ချင်းရဆိုသည့် မိန်းကလေးက ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်ကို ထုတ်လွှတ်ပြီး ချင်မူ့ကို မလှုပ်နိုင်အောင် ချုပ်လိုက်သည်။

ချင်းရက ကျန်တစ်ဖက်ဖြင့် ကျန်းမြောင်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ “နှစ်ယောက်လုံး မလှုပ်နဲ့နော်... ငါ နင်တို့ကို မိုင်တစ်ထောင်အကွာဆီ ပို့ပေးမလို့” သူမက ပြောပြီးနောက် လေမှုတ်ထုတ်လိုက်ရာ ကောင်းကင်ယံတွင် တိမ်တိုက်များ ပြည့်နှက်သွား၏။ တိမ်တိုက်များက ကောင်လေးနှစ်ယောက်အား အဝေးသို့ သယ်ဆောင်ပေးသွားသည်။

“ကြောက်ဖို့ကောင်းလိုက်တဲ့ ကျင့်စဉ်စွမ်းအင်” ချင်မူ တအံ့တဩ လှမ်းအော်လိုက်သည်။ “အဘိုးချင်း ကျွန်တော် ပြောချင်တာတွေ ရှိသေးတယ်...”

ရုတ်တရက် တိမ်တိုက်များ လွင့်စင်သွား၍ သူတို့နှစ်ယောက် တောင်တစ်လုံးပေါ် ဆင်းသက်သွားကြ၏။ ချင်မူမှာ မှင်သက်သွားသည်။ စောစောက တောင်ပေါ်ရွာလေးအား အရိပ်အယောင်ပင် မမြင်ရတော့ပေ။

စကားပင် မဆုံးသေးခင် သူနှင့် ရွယ်တူထင်ရသော မိန်းကလေးကြောင့် မိုင်တစ်ထောင်အကွာသို့ ရောက်လာခဲ့ချေပြီ။

“မာ ဟာ” ကျန်းမြောင်၏မျက်နှာပေါ်တွင် မနာလိုမှုတို့ ထင်ဟပ်နေသည်။

“မင်းလည်း အင်အားကြီးလာမှာပါ”

ချင်မူ သက်ပြင်းချလိုက်မိ၏။ ထိုစဉ် အစစ်အမှန်နဂါးသိုက်က သူ့အရှေ့တည့်တည့်၌ ဘွားခနဲ ပျံသန်းလာ၍ ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ အစစ်အမှန်နဂါးသိုက်သည် အလွန်အမင်းလေးလံသဖြင့် သူ အလျင်အမြန် ရှောင်လိုက်‌သော်လည်း နဂါးသိုက်က တောင်ပေါ်သို့ ညင်ညင်သာသာ ကျဆင်းလာသည်။ ချင်မူမှာ အံ့ဩမှင်သက်စွာ သက်ပြင်းချလိုက်မိသည်။

‘အစစ်အမှန်နဂါးသိုက်ကိုလည်း ချင်းရ မှုတ်ထုတ်လိုက်တာပဲလား... သူ့မှော်စွမ်းအင်က အင်အားကြီးလွန်းမနေဘူးလား... ငါဆို ပေါင်နှစ်ရာသုံးရာလောက် လေးတဲ့ ဓားပျံတွေကို မိုင်နှစ်ရာထက်ပိုပြီး မစေစားနိုင်ဘူး... သူက အစစ်အမှန်နဂါးသိုက်ကို မိုင်တစ်‌ထောင်အကွာအထိ ပို့လွှတ်နိုင်တယ်တဲ့လား...’

“မာ ဟာ” ကျန်းမြောင်က မနာလိုစွာ အော်သည်။

ချင်မူမှာ သူ့ဘက် လှည့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်မိ၏။ “မိတ်ဆွေလေးကျန်း၊ မင်း အခု လူစကား ပြောလို့ရပြီနော်... ထူးဆန်းတယ်၊ ငါက ဗြဟ္မာကြီးဦးခေါင်းလည်း မဟုတ်ပါဘူး... အဘိုးချင်းဟွမ်က ငါ့ကို ဘာလို့ နေခွင့်မပြုတာပါလိမ့်”

All Chapters