← Chapters

မိတ်ဆွေဟောင်းကြီးနှင့် ဆုံတွေ့ခြင်း

Vol. 42 Ch. 572

မိတ်ဆွေဟောင်းကြီးနှင့် ဆုံတွေ့ခြင်း

Vol. 42 Ch. 572

ချင်းရက ချင်မူနှင့် နဂါးလေးကို ရွာအပြင် ပို့ပေးပြီးနောက် ချီစွမ်းအင်ဖြင့် အစစ်အမှန်နဂါးသိုက်အား ကောက်ယူကာ လူငယ်လေး၏ဘေးသို့ စေလွှတ်လိုက်သည်။ ထိုသို့လုပ်ရင်း အကြီးအကဲချင်းဟွမ်ကို မေးနေ၏။ “ဘိုးဘိုး၊ ဘာလို့ မောင်လေးချင်ကို မြန်မြန် ပြန်လွှတ်လိုက်တာလဲ.... သူက ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်မဟုတ်ဘူးလား”

ကျန်ရွာသားများလည်း သိချင်နေကြ၍ အဖြေနားထောင်ရန် ဝိုင်းအုံနေကြသည်။ “ဘိုးဘိုးပဲ ပြောခဲ့တာလေ.... ခိုင်ဧကရာဇ်နဲ့ ဘိုးဘိုးက သေအတူ၊ ရှင်မကွာနေဖို့ သစ္စာဆိုခဲ့ကြတာဆို... မောင်လေးချင်ကို မောင်းထုတ်လိုက်တာကတော့ တကယ် လွန်လွန်းပါတယ်”

အကြီးအကဲချင်းဟွမ်က သူ့ကို စိုက်ကြည့်လိုက်၏။ “ငါက လွန်လွန်းတယ်ဟုတ်လား... ဟိုတုန်းက ခိုင်ဧကရာဇ်နဲ့ ငါ သေအတူ၊ ရှင်မကွာနေဖို့ သစ္စာဆိုခဲ့ကြတာ မှန်တယ် ... ဒါပေမယ့် ဒုက္ခအများဆုံးခံရတာက ငါ... အကျိုးအမြတ်ခံစားရတာက သူပဲ... ခိုင်ဧကရာဇ်က သူ့မိသားစုကို ရွှင်ပျော်ပျော်ကျေးရွာဆီ ခေါ်သွားတယ်... သူ့ရဲ့ အရှုပ်ထုပ်တွေကို ငါတို့ဆီ ပစ်ချပေးခဲ့ပြီး ရွှင်ပျော်ပျော် နေ,နေတယ်လေ... သူ့ချီးထုပ်တွေကို ငါက ရှင်းပေးရမယ်ဟုတ်လား... အိပ်မက်ထဲတောင် မမက်နဲ့”

ချင်းရနှင့် ကျန်ရှိသူများ တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာ ကြည့်လိုက်မိသည်။

အကြီးအကဲချင်းဟွမ်မှာ ပြောရင်းဖြင့် အမျက်တချောင်း‌ချောင်း ထွက်လာ၏။ “ငါ ဆဲတာ တစ်ခါမှ မမြင်ဘူးလို့လား... ငါ ခိုင်ဧကရာဇ်ကောင်းကင်ဘုံမှာ အဆဲအကြမ်းဆုံးကွ... တစ်ခါတုန်းကဆို ကျွဲနတ်မင်းတစ်ပါးကို သေတဲ့အထိ ဆဲခဲ့ဖူးတယ်.... ခိုင်ဧကရာဇ်က ချီးထုပ်တွေ ချန်ခဲ့ရော ဘာလုပ်ရမှာလဲ.... သူ့ကို စောင့်နေတဲ့လူတွေ ရှိတော့ရော ဘာလုပ်ရမှာလဲ”

သူက ငါးဖမ်းပိုက်ကွန်ကို ကျောပေါ် တင်၍ ဗျစ်တောက်တောက် ပြောရင်း ရွာအပြင် ထွက်သွားသည်။ “အခုထက်ထိ မျက်နှာတစ်ချက်တောင် လာမပြသေးဘူး... သွေးအေးသွားတဲ့ ညီနောင်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ... ဒီချင်မူက သူ့ရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက်ဆိုပေမယ့် ဖုန့်ဟွမ်ငှက်တစ်ကောင်ဆီက ကျွတ်ကျလာတဲ့ ငှက်မွှေးတစ်မွှေးဆိုတာ ကြက်နဂါးတစ်ကောင်အောက်တောင် နိမ့်ကျသေးတယ်

“တစ်ရာ့ခုနစ်ဆက်မြောက်မျိုးဆက်တဲ့ အလကား.... နာမည်ပဲ ရှိတယ်... ဧကရာဇ်တစ်ပါးရဲ့ တစ်ရာ့ခုနစ်ဆက်မြောက်မျိုးဆက်က မင်းသားတောင် ဟုတ်သေးလို့လား... အစစ်အမှန်နဂါးမကလို့ ဘာကြီးရဲ့ မျိုးဆက်ပဲ ဖြစ်နေပါစေ အဲဒီလောက် သွေးဝေးနေရင် တီကောင်သာသာပဲ ရှိတယ်... ခိုင်ဧကရာဇ် ငါ့ကို တောင်အောက် ဆင်းလာစေချင်ရင် သူကိုယ်တိုင် ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်လာရမယ်... မဟုတ်လို့ကတော့ အိမ်ရှေ့မင်းသား ရောက်လာတောင် ငါ အဖက်မလုပ်ဘူး”

အားလုံး သူ့နောက်မှ လိုက်လာကြပြီး ရေကန်တစ်ကန်ဆီသို့ ရောက်လာကြသည်။

အကြီးအကဲချင်းဟွမ်က ပိုက်ကွန်ကို ရေထဲ ပစ်ချလိုက်သော်လည်း အတန်ကြာသည်အထိ ပြန်မဆွဲတင်သေးပေ။ “ဒီချင်မူက တော်ရုံတော့ မဟုတ်ပေမယ့် မလုံလောက်သေးဘူး... လုံလောက်ဖို့ အ‌ဝေးကြီး.... သူ ဒီကိုလာခဲ့တဲ့ ရည်ရွယ်ချက်က အမိန့်ပြား ယူဖို့နဲ့ ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် သင်ဖို့ပဲ.... ငါ သူ့ကို နှစ်ခုလုံး ပေးခဲ့ပြီးပြီ... ငါတို့နဂါးစိမ်းမျိုးနွယ်အနေနဲ့ သူ့အပေါ် ဘာအကြွေးမှ မတင်တော့ဘူး.... ချင်မိသားစုအပေါ်လည်း ဘာအကြွေးမှ မရှိတော့ဘူး...”

ချင်းရနှင့် ကျန်ရှိသူများက စကားတစ်ခွန်းမပြောသော်လည်း သက်လတ်ပိုင်းလူတစ်ယောက်က ချောင်းဟန့်လိုက်၏။ “အဘိုး.... ပိုက်ကွန် ဆွဲမတင်ရင် ငါးတွေ လွတ်ကုန်တော့မယ်”

အကြီးအကဲချင်းဟွမ်က ပွစိပွစိ ပြောနေဆဲပင်။ “ဒီချင်မူက ပြသာနာကို မီးထွန်းရှာတတ်တဲ့ ကောင်လေးပဲ... ငါ လူအကဲခတ်တဲ့နေရာမှာ တစ်ခါမှ မမှားဖူးဘူး... သူ့အကျင့်က ခိုင်ဧကရာဇ်နဲ့ တူတယ်... နှစ်ယောက်လုံး ဖင်ပူအောင် မထိုင်နိုင်ဘဲ စပ်စပ်စုစု လျှောက်မွှေရတာ ကြိုက်တဲ့ကောင်တွေ ... မင်းတို့ သူ့နောက်လိုက်ရင်တော့ ဒုက္ခအကြီးကြီး ရောက်မှာပဲ... ငါတို့ ဒီရွာမှာ နေခဲ့တာ နှစ်ပေါင်းနှစ်သောင်း တိုင်ပြီ... ဘဝက ဆားမပါတဲ့ ဟင်းလို ပေါ့ရွှတ်ရွှတ် ဖြစ်နေပေမယ့် အေးအေးချမ်းချမ်းတော့ နေ,နေရတာပဲ...”

“ဘိုးဘိုး ငါးတွေ တကယ် လွတ်ကုန်ပြီနော်” ချင်းရ ကပျာကယာ ပြောလိုက်မိသည်။

“ခိုင်ဧကရာဇ်က အငြိုးကြီးလို့ သူ့အနားမှာ နေတိုင်း ငါ့အသက်ကို ဖက်နဲ့ထုပ်ထားရပေမယ့် အဲဒီအချိန်တွေကို လွမ်းတော့ လွမ်းမိသား... ပြန်တွေးမိတိုင်း ရင်ထဲ နွေးမိတယ်... မျက်ရည်တောင် ဝဲလာသလိုပဲ...”

ချင်းရက ရေကန်ထဲ ဗွမ်းခနဲ ခုန်ဆင်းပြီး တခဏကြာသော် အနီရောင်ငါးကြီးတစ်ကောင်အား ဖမ်းလာသည်။

အကြီးအကဲချင်းဟွမ်မှာ တစ်ယောက်တည်း ပြော၍မပြီးသေးပေ။ “ငါက ဘာလို့ အဲဒီအချိန်တွေကို သတိရနေတာပါလိမ့်... အသက်ကြီးလာလို့များလား... မဖြစ်ဘူး၊ ငါ မင်းတို့တွေကို ရွာအပြင် လွှတ်ပေးလို့ မဖြစ်ဘူး... ဒီချင်မူက ဉာဏ်များမယ့် ကောင်လေး... တစ်ချက်ကြည့်လိုက်တာနဲ့တင် သူ့မှာ ပေါက်ကရအတွေးတွေ ပြည့်နေမှန်း မြင်ခဲ့ရပြီးပြီ...”

နဂါးရွာ၏ ရွာသားများက အကြီးအကဲချင်းဟွမ်ကို ကန်ဘေး၌ တစ်ယောက်တည်း ထားခဲ့ပြီးနောက် ငါးကင်ရန် မီးမွှေးနေကြသည်။ ခပ်ဝေးဝေး ရောက်သည့်အခါ ချင်းရက ပြောလိုက်၏။ “မောင်လေးချင်က ရုပ်ချောချောလေးနဲ့ ကြည့်ကောင်းပါတယ်... သူ့ရဲ့ ဝိုရွှန်းလက်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ ကြည့်ရတာ လူဆိုးနဲ့ မတူပါဘူး...”

“အများကြီးမပြောနဲ့.... အဘိုးက သူ့ကိုယ်သူနဲ့ ပြန်ရန်ဖြစ်နေတာ... ပြီးတော့ အဘိုးဆိုတာ မွေးကတည်းက အပြောပက်စက်တဲ့လူလေ... သူ့ပါးစပ်ကနေ ဘယ်တုန်းက အကောင်းထွက်လာဖူးလို့လဲ” သက်လတ်ပိုင်းလူက ခပ်တိုးတိုး ပြောလိုက်၏။

“လေးလေးယန်၊ ဘိုးဘိုးက ကျွဲနတ်မင်းတစ်ပါးကို သေတဲ့အထိ တကယ် ဆဲခဲ့တာလား” လူငယ်လေးများ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်မိကြသည်။

သက်လတ်ပိုင်းလူ ချင်းယန်မှာ ပြောသင့်မပြောသင့် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ သူက တိုးတိုးလေး ပြောပြနေသည်။ “အဲဒီနတ်မင်းခမျာ သုံးရက်နဲ့ နှစ်ညဆက်တိုက် တကယ် ဆဲခံခဲ့ရတာ.... အဘိုးရဲ့ ပါးစပ်က နားချမ်းသာစရာ စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး... ကျွဲနတ်မင်းမှာ ပြန်လည်း ပြောလို့မရ၊ ရန်လည်း ပြုလို့မရတော့ အဲဒီလို ဒေါသထွက်ပြီး သေသွားတာပဲ... ကောလဟာလတွေအရ သူ အန်ခဲ့တဲ့သွေးတွေက မြစ်တစ်စင်းတောင် ဖြစ်လာတယ်တဲ့... နောက်ဆုံးထွက်သက်မတိုင်ခင် သုံးရက်တိုင်တိုင် ငိုခဲ့ရတယ်တဲ့လေ....”

အားလုံး ထိတ်လန့်သွားကြပြီး ကန်ဘေး၌ ပွစိပွစိပြောနေသော အကြီးအကဲချင်းဟွမ်ဆီသို့ လှမ်းကြည့်မိလိုက်ကြသည်။

“ဒီခွေးကောင်လေးမှာ မိစ္ဆာသဘာဝလည်း ရှိနေတယ်... မြေအောက်ဘုံအရှင်သခင်တောင် ဖိနှိပ်ပေးရလောက်အောင် အားကောင်းပြင်းထန်တဲ့ သဘာဝပဲ ... မြေအောက်ဘုံအရှင်သခင်က ပုံမှန်ဆို မိစ္ဆာနတ်ဆိုးကြီးတွေကိုပဲ ဖိနှိပ်ပေးတာ.... ဒါကြောင့် ဒီကောင်လေးက မကောင်းတဲ့လူဆိုးလေးပဲ ဖြစ်ရမယ်... ဒါပေမဲ့ သူက သင်လွယ်တတ်လွယ်သလို၊ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေလည်း ရှိတယ်... ဒါပေမဲ့ ပြဿနာရှာရတာ ကြိုက်ရင် သေမင်းခံတွင်းဝထဲ ရောက်မှာပဲ....”

နဂါးရွာ၏ လူငယ်လေးများ ငါးကင်စားနေကြစဉ် ချင်းရက ဇဝေဇဝါ မေးလိုက်သည်။ “ဘိုးဘိုးက မောင်လေးချင်ကို ချီးကျူးနေတာလား... ဆူနေတာလား”

အကြီးအကဲချင်းဟွမ်မှာ လွန်ဆွဲနေသေး၏။ “ငါနဲ့အတူ လူငယ်တွေ ဒီရွာမှာပဲ အသက်ကြီးသွားဖို့ မဖြစ်ချေဘူး... သူတို့ကို ရွာပြင်လွှတ်လိုက်တာလည်း မကောင်းတာတော့ မဟုတ်ပါဘူး..”

အားလုံး ငါးကင်စားပြီးသည့်အခါ မြေပြင်ပေါ်တွင် ငါးရိုးများ ပြန့်ကြဲနေသည်။

နောက်ဆုံးတွင်တော့ အကြီးအကဲချင်းဟွမ် ဆုံးဖြတ်နိုင်သွား၍ ပိုက်ကွန်မှ ရေများ ခါထုတ်လိုက်သည်။ သူက ပိုက်ကွန်ကို ဆွဲရင်း ပြုံးလျက် ပြောလိုက်၏။ “ချင်းယန်၊ ငါတို့ ဒီည ငါးကင်စားမယ်.... စားပြီးရင် မင်းတို့ မဟာမြို့ပျက်မှာ လျှောက်သွားကြည့်ကြ”

ချင်းရနှင့် လူငယ်များမှာ ဝမ်းသာအားရ ကြွေးကြော်ကာ တမုဟုတ်ချင်း ထွက်သွားကြတော့သည်။

အကြီးအကဲချင်းဟွမ်မှာ တစ်ယောက်တည်း ကြောင်စီစီ ကျန်ခဲ့ပြီးနောက် ခေါင်းယမ်းလိုက်မိ၏။

...

ကျန်းမြောင်က ချင်ယွီနှင့် အနည်းငယ်ဆင်သော လူငယ်လေးအသွင် ပြောင်းလိုက်သည်။ သူက ချင်မူ့နောက်မှ လိုက်ရင်း ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်အား ကျင့်ကြံနေပြီး သိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် လေ့ကျင့်ပေးနေသည်။

ကျန်းမြောင်မှာ အလွန်ကြိုးစားသော နဂါးလေး ဖြစ်ချေသည်။

ချင်မူလည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နေပြီး တစ်ချက်လှည့်ပတ်လိုက်တိုင်း ရှေးဟောင်းနဂါးသံရှစ်ချက် မြည်ဟည်းတတ်သည်။ အဆက်မပြတ် ထွက်ပေါ်နေသော နဂါးတွန်သံများဖြင့် သူ၏ခန္ဓာကိုယ်ကို တရစပ် သန့်စင်နေ၏။

သူတို့နှစ်ယောက်သား မနှေးလွန်းမမြန်လွန်းသော ခြေလှမ်းများဖြင့် စွမ်းအင်အကူးအပြောင်းတံတားဆီသို့ လျှောက်နေကြသည်။

ချင်မူက ကျန်းမြောင်အတွက် ရေဓာတ်အားဖြည့်စွမ်းအင်ဆေးလုံးတချို့ ဖော်စပ်ပေးကာ ကုန်ခမ်းသွားသော အားအင်ကို ပြန်လည်ဖြည့်တင်းစေသည်။ ရေဓာတ်အားဖြည့်စွမ်းအင်ဆေးလုံးက အရသာသိပ်မကောင်းသော်လည်း ကျန်းမြောင်သည် ချေးမများသည့်အပြင် သူ၏ချီစွမ်းအင်နှင့် ကိုက်ညီနေသဖြင့် မညည်းမညူ စားရင်း ချင်မူ့ကိုပင် ချီးကျူးသေး၏။

ချင်မူမှာ နဂါးချီလင်အကြောင်း တွေးရင်း တိတ်ဆိတ်စွာ သက်ပြင်းချမိသည်။ ရုတ်တရက် သူ တုံ့ခနဲ ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ ကျန်းမြောင်လည်း အလျင်အမြန် ရပ်၍ ဟိုဟိုသည်သည် ကြည့်ရင်း မေး၏။ “ဂိုဏ်းသခင် ဘာဖြစ်လို့လဲ”

ချင်မူက စဉ်းစားရင်း ပြောလိုက်သည်။ “တစ်ခုခု အရှိန်နဲ့ အနားကပ်လာသလို ခံစားရတယ်... ဒါပေမဲ့ အာရုံစိုက်လိုက်ရင် ဘာမှမမြင်ရတော့ဘူး... ထူးဆန်းတယ်.. ငါပဲ မှားတာလား....”

သူ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူတို့အဝေး ရောက်သွားသည့်အခါ ပန်းပွင့်တစ်ပွင့်က အခိုးအငွေ့များသဖွယ် လွင့်မျောလာကာ သမင်ခြေထောက်တစ်ဖက်ဖြင့် ပန်းကုန်စုန်အဖြစ် ပြောင်းလဲသွားသည်။

‘ခွေးသူတောင်းစားလေး ငါ့ကို တကယ် ခံစားနိုင်တာပဲ... ငါ့ကျင့်စဉ်စွမ်းအင်က သိသိသာသာ တိုးတက်လာခဲ့ပေမယ့် ဒီကောင် ငါ့ကို တွေ့ခဲ့သေးတယ်... သူ့တိုးတက်နှုန်းကလည်း မနှေးဘူးပဲ... ဘေးမှာ နဂါးလေးတစ်ယောက်တောင် ရှိနေသေးတယ်... ဒီခွေးသူတောင်းစားက တော်တော်ကံကောင်းတာပဲ... အစစ်အမှန်နဂါးရဲ့ အကူအညီကိုတောင် ရနေတယ်... အစစ်အမှန်နဂါးတွေကို ပြန်ပေးဆွဲပြီး ရောင်းနေတာတောင် ဖြစ်လောက်တယ်... တစ်ယောက်ယောက် လာနေပြီ”

ပန်ကုန်းစုန် တွေးနေစဉ် အသံတစ်သံ ကြားလိုက်ရ၍ ခန္ဓာကိုယ်ကို လှုပ်ခါကာ သစ်ပင်ကြီးတစ်ပင်အသွင် ပြောင်းလိုက်၏။ မျက်လုံးနှစ်လုံးက အကိုင်းအခက်များအပေါ်၌ ရှိနေ၏။

ဝှစ်

အစိမ်းရောင်နဂါးတစ်အုပ်က လေလှိုင်းတစ်ခုကို စီးရင်း သူ့ဘေးမှ ဖြတ်သွားသည်။ ပန်ကုန်းစုန် မှင်သက်သွား၏။ အညှက်ဆုံးနဂါးကပင် ကိုက်တစ်ရာ့ငါးဆယ်မျှ ရှည်လျားလေသည်။ ထိုအုပ်စုက ချင်မူ့အား လိုက်ဖမ်းနေခြင်းဖြစ်မည်။

ဝှစ်

လေလှိုင်းတစ်ချက် တိုက်ခတ်သွားပြီး နဂါးစိမ်းအုပ်က ပန်ကုန်းစုန်အနားတွင် ရပ်လိုက်သည်။ အညှက်ဆုံးနဂါးက ခန္ဓာကိုယ်ကို လှုပ်ခါကာ အစိမ်းရောင်ဝတ်ရုံဖြင့် မိန်းကလေးအသွင် ပြောင်းလိုက်၏။ သူမက ပတ်ဝန်းကျင်အား စစ်ဆေးကြည့်ရှုကာ ပြောလာသည်။ “သူ အခုလေးတင် ထွက်သွားတာဆိုတော့ ဝေးဝေး မ‌ရောက်လောက်သေးဘူး... ညီမလေးတို့ သူ့ကို လိုက်မှီနိုင်သေးတယ်”

ရုတ်တရက် အထွားဆုံးနဂါးက ပန်ကုန်းစုန်ဖြစ်သော သစ်ပင်ကြီးကို ရစ်ပတ်ကာ စိုက်ကြည့်နေသည်။ “ဒီသစ်ပင်က ထူးဆန်းနေတယ်”

ပန်ကုန်းစုန် ဟန်မ‌ဆောင်ရဲတော့ဘဲ အလျင်အမြန် ပုံသဏ္ဍာန်အသစ် ပြသလိုက်၏။ သူက အားတုံ့အားနာ ပြုံးပြလိုက်သည်။ “နောင်တော်နဂါးတို့၊ ချင်မူဆိုတဲ့ ကောင်လေးနောက် လိုက်နေကြတာများလား... ညီတော်၊ အဲဒီလူယုတ်မာ ဟိုဘက်ထွက်သွားတာ မြင်လိုက်ရပါတယ်... သူ့ဘေးမှ ပြန်ပေးဆွဲထားတဲ့ နဂါးလေးတစ်ကောင်တောင် ရှိနေသေးတယ်”

“နင် သူ့ကို မြင်လိုက်တာလား” ချင်းရ အံဩဝမ်းသာသွားပြီး အလျင်အမြန် မေးလိုက်၏။ “သူ ဘယ်ဘက်သွားတာလဲ”

“မောင်တော်၊ အမတော်တို့အတွက် လမ်းပြပေးနိုင်ပါတယ်... အဲဒီလူယုတ်မာ မလွတ်စေရဘူး” ပန်ကုန်းစုန်က ဖြောင့်မြတ်တည်ကြည်စွာ ပြောလိုက်၏။

အားလုံး ဝမ်းသာသွားကြပြီး သူ့ကို ပြုံးပြကြသည်။ “မင်း လမ်းပြပေးနိုင်ရင် ငါတို့ သူ့ကို လိုက်ရှာစရာမလိုတော့ဘူးပေါ့”

ပန်ကုန်းစုန်က လူယဉ်ကျေးလေးသဖွယ် ပြုမူလျက် နဂါးအုပ်အား အလျင်အမြန် လမ်းပြရင်း ကြိတ်ပြုံးနေ၏။ “ဒီကောင်စုတ်က ငါးရှဉ့်လိုပဲ သိပ်အဖမ်းရခက်တယ်... အပြေးလည်း မြန်တယ်... ဒါပေမဲ့ ကျွန်တော့်လက်ကနေ မလွတ်ပါဘူး... အားလုံး နောက်က လိုက်ခဲ့ကြပါ”

နဂါးစိမ်းများက လူငယ်လေးများအသွင် ပြောင်းလိုက်ကြပြီး သက်လတ်ပိုင်းအရွယ် ချင်းဟန်နှင့်အတူ ပန်ကုန်းစုန်နောက် လိုက်သွားကြတော့သည်။

....

ချင်မူနှင့် ကျန်းမြောင်တို့ လျှောက်လာခဲ့ကြပြီး မကြာမီတွင် စွမ်းအင်အကူးအပြောင်းတံတားဆီမှ ဖြာထွက်နေသော အလင်းရောင်များကို လှမ်းမြင်လိုက်ကြ၏။ သူတို့နှစ်ယောက် အရှိန်တင်လိုက်ကြပြီး မြို့တစ်မြို့ဆီ ရောက်သွားကြသည်။ ချင်မူက ဆေးပင်တချို့ ဝယ်ကာ ပြောလိုက်၏။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ပြန်ရောက်ရင် မင်း ချင်ယွီနောက် လိုက်ရလိမ့်မယ်.... ငါက မင်းကို ရက်ပိုင်းလောက်ပဲ ငှားမယ်လို့ ကတိပေးခဲ့တာ”

ကျန်းမြောင်က ဘေးကြပ်နံကြပ် ဖြစ်နေသော အမူအရာဖြင့် သူ့ကို ကြည့်သည်။ “အရင်တုန်းက အသိဉာဏ်မနိုးလာသေးတော့ သူ့နောက် လိုက်ခဲ့တာပါ... ဒါပေမဲ့ အခု သူ့နောက် ဘယ်လိုလိုက်ရတော့မလဲ... အရင်လိုလည်း မရစ်ပတ်ထားနိုင်ဘူး... ဂိုဏ်းသခင်၊ သူ့ကို သွားပြောပေးလို့ ရမလား... ကျွန်တော်က သူ့အပေါ် ကျေးဇူးအကြွေးတင်နေတာဆိုတော့ ပြောလို့မကောင်းလို့ပါ”

ချင်မူက စဉ်းစားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ “ငါက သူ့ဆီက နဂါးလေးတစ်ကောင် ငှားခဲ့တာ... အခု လူတစ်ယောက် ပြန်ပေးရမှာဆိုတော့ ငါလည်း ပြောလို့မ‌ကောင်းဘူး... မင်းဘာသာမင်း ပြောလိုက်”

ကျန်းမြောင် မှုန်ကုပ်သွား၏။

သူတို့ စွမ်းအင်အကူးအပြောင်းတံတားဆီ ရောက်လာကြသော်လည်း ကျန်းမြောင်က ပေကပ်နေသည်။ ချင်မူ သူ့ကို ပြုံးပြလိုက်သည်။ “ထိုက်ဧကရာဇ်‌‌ကောင်းကင်ဘုံ ပြန်ရောက်ရင် မင်းနဲ့ သွေးသောက်ညီနောင် လုပ်ဖို့ ချင်ယွီဆီ ပြောပေးမယ် ဘယ်လိုလဲ”

ကျန်းမြောင် စိတ်သက်သာရာရသွားပြီး ချင်မူ့ကို ပြုံးပြလိုက်သည်။ “အဲဒါဆို ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်”

နှစ်ယောက်သား စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်တော့မည့်အချိန် ပန်ကုန်းစုန်က ခုန်ဆွခုန်ဆွ ပြေးချလာကာ အော်ဟစ်ရယ်မောလိုက်၏။ “ဂိုဏ်းသခင်၊ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးနော်.... ကျန်းကျန်းမာမာ ရှိတယ်မလား”

ချင်မူ့မျက်ဝန်းများ အရောင်တောက်သွားပြီး ပြုံးပြလိုက်သည်။ “မှော်ဆရာသခင်ပါလား... ငါ့နောက်မှာ ရပ်ပြီး ရန်ပြုဖို့ လုပ်ခဲ့တဲ့အချိန်ကို မှတ်မိသေးလား... အဲဒီတုန်းက ငါ မင်းကို ဘာပြောခဲ့လဲ... နောက်တစ်ခေါက်တွေ့ရင် မင့်ခေါင်းကို ဖြတ်မယ် ပြောခဲ့တယ်မဟုတ်လား... “

“မင်းက ငါ့ခေါင်းကို ဖြတ်ချင်တယ်ဟုတ်လား” ပန်ကုန်းစုန်က သရော်တော်‌တော် ပြော၏။ “ငါ့‌နောက်မှာ ဘယ်သူတွေလဲ ကြည့်စမ်း”

ချင်းယန်၊ ချင်းရ နှင့် နဂါးရွာ၏ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး ရောက်လာကြသည်။ ချင်းရက ချင်မူ့ကို စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြရင်း ပြုံးပြနေ၏။ “မောင်လေးချင်၊ ဘိုးဘိုးက ငါတို့ကို ရွာအပြင် ထွက်ခွင့်ပေးလိုက်ပြီ”

ချင်မူမှာ အံ့လည်း အံ့ဩ၊ ဝမ်းလည်း ဝမ်းသာသွားသည်။ သူက ကပျာကယာ ပြောလိုက်၏။ “အကြီးအကဲချင်းဟွမ်က အတွေ့အကြုံရှာဖို့ ရွာပြင်လွှတ်လိုက်တာလား.... အမှန်တိုင်းပြောရရင်၊ ကျွန်တော့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ လူလိုနေတယ်ဗျာ...”

ပန်ကုန်းစုန် မှင်သက်သွားပြီးနောက် သူ့အမူအရာက အကြီးအကျယ် ကြောက်လန့်သွားသည့်အမူအရာ ဖြစ်သွားသည်။ ‘ဒီကောင်က နဂါးလေးတစ်ကောင်တင် ပြန်ပေးဆွဲခဲ့တာ မဟုတ်ဘူး... တစ်အုပ်လုံး ပြန်ပေးဆွဲခဲ့တာပဲဟ... မကောင်းတော့ဘူး.. မ‌‌ကောင်းတော့ဘူး... မြန်မြန် ထွက်ပြေးမှ’

သူ ထွက်ပြေးတော့မည့်အချိန်တွင် သက်လတ်ပိုင်းလူတစ်ယောက် သူ့အနောက်၌ ပေါ်လာ၏။

ချင်းဟန်၏ လက်ဝါးကြီးက သူ၏ပခုံးအပေါ် ဖိထားပြီး သူက ပြုံးပြနေသည်။ “ညီလေးချင်၊ ဒီမိတ်ဆွေလေးက မင်းရဲ့မိတ်ဆွေမဟုတ်လား... သူ့ကျေးဇူးကြောင့် ငါတို့ မင်းကို မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့တာပဲ”

ချင်မူက အပြုံးမဟုတ်သော အပြုံးဖြင့် ပန်ကုန်းစုန်အား ကြည့်လိုက်၏။ “မှော်ဆရာသခင်ကို တကယ် ကျေးဇူးတင်ရမယ်... ‌နောင်တော်ချင်၊ သူ့ကို ဖမ်းထားပါ... သူက အပြေးနတ်ဘုရားပဲ”

၎

င

၎

၎

All Chapters