လုလီ၏ ဆင်းသက်လာမှု
Vol. 42 Ch. 573
ချင်းယန် စကားပြောပြီးသည့်အချိန်မှာပဲ သူ့လက်ဝါးအောက်၌ မည်သည့်အရာမှ မရှိတော့ပေ။ ပန်ကုန်းစုန်က အနက်ရောင်အရိပ်အသွင်ဖြင့် မြေပြင်တစ်လျှောက် ဖြတ်ပြေးသွားသည်။
ချင်းယန်မှာ အံ့အားသင့်သွားပြီး အရိပ်အား လှမ်းဆွဲလိုက်သော်လည်း အရိပ်သည် အခိုးအငွေ့များအဖြစ် ဖောက်ခနဲ လွင့်စင်ပြိုကွဲသွားရာ သူ့လက်မှာ လေကိုသာ ဖမ်းမိလိုက်၏။
အခိုးအငွေ့များက အစုလိုက် ကွဲထွက်သွားပြီး မိုးပေါ်ပျံတက်သွားကြသည်။ နဂါးရွာ၏ လူငယ်သိုင်းပညာရှင်အားလုံး လေပေါ် ခုန်တက်၍ အစုတစ်စုစီနောက်သို့ လိုက်ဖမ်းကြ၏။ အခိုးအငွေ့များကို လိုက်မီသွားသည်နှင့် ဖြိုခွဲပစ်လိုက်ကြသော်လည်း ပန်ကုန်းစုန်၏အရိပ်အယောင်ပင် မမြင်ရသေးပေ။
ရုတ်တရက် ချင်မူ လက်မြှောက်လိုက်သည့်အခါ ဓားရောင်တစ်ချက် ဖြာထွက်သွားသည်။ သွေးရောင်ဓားချက် လင်းလက်သွားပြီး ခြေထောက်တစ်ဖက် မြေပြင်ပေါ် ဘုတ်ခနဲ ကျလာ၏။
ချင်မူ ချီစွမ်းအင်ဖြင့် ဓားကို ထိန်းချုပ်ကာ ဝိုက်ဆွဲခုတ်ဖြတ်လိုက်သော်လည်း မည်သည်ကိုမှ မထိလိုက်ပေ။
အခိုးအငွေ့များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး လမ်းကြိုလမ်းကြားများမှ ထွက်ပြေးသွားသည်။ မကြာမီတွင် ပန်ကုန်းစုန်၏ ဒေါသထွက်နေသောအသံက အရပ်မျက်နှာတစ်ခွင်မှ ပဲ့တင်ထပ်လာသည်။ “ခွေးသူတောင်းစားချင်၊ မင်းနဲ့ငါ တစ်မိုးအောက်မှ အတူမရှိနိုင်ဘူး”
မြို့ထဲတွင် လူပေါင်းများစွာ သွားလာနေကြသဖြင့် အခိုးအငွေ့များ လမ်းကြိုလမ်းကြားများ၌ ပျံ့နှံ့လာသောအခါ အတော်များများ လန့်ကုန်ကြသည်။ လူအုပ်ကြီးကြောင့် နဂါးလူငယ်များမှာ ပန်ကုန်းစုန်ကို လိုက်ရှာရန် ခက်နေ၏။
ချင်းယန်၏အကြည့်များ လှုပ်ခတ်သွားသည်။ သူသည် နဂါးနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ပန်ကုန်းစုန်က သူ့လက်ထဲမှ လွတ်မြောက်သွားခဲ့၏။ ထို့အပြင် ပန်ကုန်းစုန်မှာ အတိုအရှည်မညီသော ခြေထောက်နှစ်ချောင်းဖြင့် ထော့ကျိုးတစ်ယောက် ဖြစ်သည်။ တိုနေသည့် ခြေထောက်က သမင်တစ်ယောက်၏ ခြေထောက်ပင် ဖြစ်နေသေး၏။ သို့တိုင်အောင် ထိုကောင်လေးက လွတ်အောင် ပြေးနိုင်သေးခဲ့ရာ ချင်းယန် အရှက်ရမိသည်။
သို့သော် သူ့ကိုလည်း အပြစ်ဆိုမရပေ။ သူက ဖမ်းမည့်စိတ်ကူးမရှိဘဲ ပန်ကုန်းစုန်၏ ပခုံးကို အသာအယာသာ ပုတ်လိုက်ခြင်းဖြစ်၏။ ချင်မူ သတိပေးသည့်အချိန်တွင် နောက်ကျသွားချေပြီ။
ပန်ကုန်းစုန်၏ ထွက်ပြေးနိုင်စွမ်းကား တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းဖြစ်၍ ချင်မူပင် ထိုနယ်ပယ်၌ သူ့အောက် နိမ့်ကျသည်ဟု ဝန်ခံရလိမ့်မည်။ ရှင်းအန်း သူ့ကို လိုက်ဖမ်းလျှင် သူ့မှာ နောက်ဆုံးတွင် ထိပ်တိုက်ရင်ဆိုင်ရ၏။ ပန်ကုန်းစုန်ကတော့ ထိုသို့မဟုတ်၊ လွတ်အောင် ပြေးနိုင်သည်။
ချင်မူက နဂါးရွာသားများ စိတ်ပျက်နေကြသည်ကို မြင်လျှင် ပြောလိုက်သည်။ “စိတ်မပျက်ကြပါနဲ့... ပန်ကုန်းစုန်က ထွက်ပြေးတဲ့နေရာမှာ ပြိုင်ဘက်ကင်းဗျ... ကျွန်တော် သူနဲ့ အဆင့်တူမှာတုန်းက ခဏခဏ တိုက်ခိုက်ခဲ့ဖူးတယ်.... တစ်ခါမှ အနိုင်မယူနိုင်ခဲ့ဘူး.. အခုလို သူ့ခြေထောက်တစ်ဖက် ဖြတ်နိုင်တာကပဲ ကံကောင်းလှပြီ
“အခု သူက ကျွန်တော့်ထက် တစ်ဆင့်မြင့်တဲ့ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီဆိုတော့ သူ၏ထွက်ပြေးနိုင်စွမ်းတွေက ပိုလို့တောင် အဆင့်မြင့်သွားပြန်တယ်... အရင်ကထက် ပိုများတဲ့ အပြေးနတ်သိုင်းတွေကို ထုတ်လွှတ်နိုင်သွားတော့ ပိုပြီး ဖမ်းရခက်မှာပဲ... ကျွန်တော် အားလုံးရဲ့အကူအညီနဲ့ သူ့ခြေထောက်တစ်ဖက်ကို ဖြတ်နိုင်တာကတင် ရှားမှရှားတဲ့ အောင်မြင်မှု ဖြစ်နေပြီဗျ”
“ကောင်းကင်နတ်အသွင်အဆင့်မှာ ဒီလိုအပြေးစွမ်းရည်တွေ ပိုင်ဆိုင်ထားတာကြည့်ရင် သူက တကယ် တော်ရုံမဟုတ်ဘူးပဲ” နဂါးရွာသားအားလုံး တလေးတစား စုပ်သပ်မိလိုက်ကြသည်။
သို့သော် အားလုံး ရင်ထဲ ခိုးလုခုလုဖြစ်နေကြပြီး အစာမကြေကြသေးပေ။ ပန်ကုန်းစုန်က သမင်ခြေတစ်ချောင်းဖြင့်သာ ထွက်ပြေးသွားသော်လည်း သူတို့လက်ထဲမှ လွတ်မြောက်သွားသေး၏။ သူ၏အပြေးစွမ်းရည်က အမှန်တကယ် ကြောက်စရာကောင်းပေသည်။
သူတို့မှာ ရွာမှ ထွက်လာပြီးနောက် ပထမဆုံးတိုက်ပွဲတွင် အောင်မြင်ကျော်ကြားလာရန် မျှော်လင့်ထားကြသော်လည်း ပန်ကုန်းစုန်လို မကောင်းဆိုးဝါးနှင့်မှ ပက်ပင်းတိုးမိပြီး အောင့်သက်သက် ကျန်ခဲ့ရမည်ဟု မထင်ထားခဲ့ကြပေ။
“ရွာက ထွက်လာတဲ့ ပထမနေ့မှာတင် ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ရပြီဆိုတော့ အပြင်လောကကြီးက ငါ ထင်ထားတာထက် ပိုစိတ်ဝင်စရာကောင်းတာပဲ” ချင်းရက စိတ်လှုပ်တရှား ပြောလိုက်သည်။
သို့သော် ကျန်နဂါးရွာသားများမှာ သူမလောက် စိတ်မလှုပ်ရှားကြပေ။
ချင်မူက သတိထားမိလျှင် ပြုံးပြုံးရယ်ရယ်ဖြင့် ပြောလိုက်မိ၏။ “နောင်ကြီးတို့ မမကြီးတို့က အပြင်လောကနဲ့ မထိတွေ့တာ ကြာပြီဆိုတော့.... နောင်ကြီးတို့၊ မမကြီးတို့ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက နည်းနည်း ခေတ်နောက်ကျသွားတာပါ.... ရွာကို အလျင်စလို မပြန်ကြပါနဲ့လား... ကျွန်တော်နဲ့အတူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို လိုက်ပြီး လက်ရှိခေတ်တဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ထိတွေ့ကြည့်ပါ့လား”
အားလုံး သဘောတူကြသည်။
“ရွာက ထွက်လာတုန်းက အဘိုးက မင်းနဲ့ နီးနီးကပ်ကပ် မနေနဲ့လို့ သတိပေးခဲ့တာကွ....” ချင်းယန်က ချီတုချတုံ ပြောလာသည်။
ချင်မူ ပန်ကုန်းစုန်၏ ခြေပြတ်ကို ကောက်ပြီး ဖြတ်တောက်ခံခဲ့ရသော နေရာအား ချုပ်လိုက်သည်။ ထို့နောက် ဆေးရည်တချို့ ဖော်စပ်ကာ ခြေထောက်ထဲ ထည့်လိုက်၏။ သူက ပြုံးကာ ပြောလိုက်သည်။ “အဘိုးချင်းဟွမ်က သတိကြီးလွန်းနေတာပါ... ကျွန်တော်က လူဆိုးမဟုတ်တာ နောင်ကြီးတို့လည်း မြင်တာပဲ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ရောက်ရင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူ့အကြောင်း လိုက်မေးကြည့်လိုက်... ကျွန်တော့်ဂုဏ်သတင်းက သိပ်ကောင်းပါတယ်ဗျ.... အာမခံတယ်”
“ဦးလေးယန် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ တစ်ခါ သွားခဲ့ဖူးတယ်... ပြန်လာလာချင်း သူပြောတာက ဘာလဲသိလား... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ကောင်းကင်နတ်ဆိုးဂိုဏ်းလို့ ခေါ်တယ်တဲ့... ဂုဏ်သတင်းလည်း သိပ်မကောင်းဘူးတဲ့” ချင်းရက ပြောလိုက်သည်။
ချင်မူ့မျက်နှာတွင် အပြုံးများ ဝေဆာနေ၏။ “နားလည်မှုလွဲခဲ့တာ ဖြစ်မှာပါ.... အခုဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက ဘယ်သူမဆို ကျွန်တော့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို သေချာပေါက် ချီးကျူးအမွှမ်းတင်ကြလိမ့်မယ်”
မဟာနတ်ဂိုဏ်းသခင်လေးသည် တစ်ဖက်လှည့်သွားပြီး စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်ကာ တစ်ယောက်တည်း တွေးလိုက်၏။ “ကောင်းကင်တန်ခိုးဂိုဏ်းကို မိစ္ဆာဂိုဏ်းလို့ ခေါ်တဲ့လူတွေအားလုံး ငါ့ကြောင့် ဒုက္ခိတ ဖြစ်ကုန်ကြပေမယ့် ငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်း ပြောနေတဲ့လူတွေ ရှိနေလောက်သေးတယ်... ဒီတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ သွားတာ အကောင်းဆုံးပဲ.. အဲဒီမှာ ငါ့ဂုဏ်သတင်းရော၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂုဏ်သတင်းရော သိပ်ကောင်းတယ်... သူတို့ ကြားပြီးရင်တော့ ငါ့နတ်ဂိုဏ်းထဲ သွင်းဖို့ မခက်တော့ဘူး...’
ချင်းယန်က နဂါးလူငယ်လေးများကို ခေါ်ကာ စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်လိုက်ကြသည်။ တမုဟုတ်ချင်း ကောင်းကင်ကြီး လည်သွားပြီး အချိန်နှင့်ဟင်းလင်းပြင်ထဲ၌ ကူးခတ်နေသလို ခံစားလိုက်ရကာ မကြာမီတွင် အခြားကမ္ဘာတစ်ခု သူတို့မျက်စိရှေ့၌ ပေါ်လာတော့သည်။
အားလုံး တအံ့တဩ ရေရွတ်လိုက်မိကြသည်။
ချင်မူ အဝေးသို့ကြည့်ကာ မျက်နှာအမူအရာလေးနက်သွား၏။
ကောင်းကင်ယံတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စက်မှုလက်မှုပညာရှင်များက ရုပ်လုံးတစ်ဝက်ပေါ်နေပြီဖြစ်သော ဒုတိယနေလုံးကြီးအား တပ်ဆင်နေကြ၏။ သို့သော် နေနှစ်စင်း၏အလင်းရောင်ဖြင့်ပင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတစ်ခုလုံးအား အလင်းရောင်မပေးနိုင်သေးပေ။
အဝေးသို့ လှမ်းကြည့်ပါက ကောင်းကင်မှာ မှေးမှိန်နေပြီး မိစ္ဆာနတ်ဆိုးချီများက မြူများသဖွယ် အုံ့ဆိုင်းနေ၏။
ထိုနေရာမှာ မိစ္ဆာနတ်ဆိုးများ၏ ပိုင်နက် ဖြစ်သည်။ နတ်ဆိုးမြေ၏ အနက်ရောင်အခိုးအငွေ့များကြားမှ တောင်များသဖွယ် မြင့်မားလှသည် ယဇ်ပလ္လင်ကြီးများ ထူမတ်လျက်ရှိသည်။ အနက်ရောင်အလင်းတန်းများက တစ်ချက်တစ်ချက် မြူခိုးတိမ်တိုက်များကို ထိုးခွဲရင်း တောက်ပလာတတ်သည်။
အလင်းတန်းများမှတစ်ဆင့် ဧရာမခန္ဓာကိုယ်ကြီးများ ဆင်းသက်လာတတ်၏။
‘မိစ္ဆာနတ်ဘုရားတွေက သွေးယဇ်ပူဇော်မှုတွေ ထပ်လုပ်နေပြီပဲ... မိစ္ဆာသဘာဝနဲ့ ပူဆွေးသောကတွေ ပေါင်းစုပြီး မွေးဖွားလာတဲ့ သူတို့ရဲ့ ဘိုးဘေးကြီးတွေကို ယိုတုကနေ ဆင့်ခေါ်နေတာများလား....”
ချင်မူ စိတ်ပြန်ထိန်းလိုက်သည်။ ဖုရွေ့လော် သူ့ကို ပြန်ပေးဆွဲခဲ့တုန်းက ကောင်းကင်နတ်ဆိုးတို့၏ အသိုက်ဟောင်းထဲတွင် ယဇ်ပလ္လင်များစွာ မြင်ခဲ့ရ၏။ ဖုရွေ့လော်မှတစ်ဆင့် ယိုတု၏မိစ္ဆာနတ်ဘုရားများအား ဆင့်ခေါ်ရန် ဖြစ်ကြောင်း သိခဲ့ရသည်။
ထိုစဉ်အခါတုန်းက ဖုရွေ့လော်မှာ ကျောက်စိမ်းလည်ဆွဲထဲရှိ ကျိန်စာကို အသက်သွင်းမိခဲ့၍ ထိခိုက်ဒဏ်ရာရသွားခဲ့သည်။ ယဇ်ပလ္လင်များလည်း ဖျက်စီးခံခဲ့ရ၏။ သို့သော် ယခုအခြေအနေအရ အချိန်တိုအတွင်း ယဇ်ပလ္လင်များကို ပြန်လည်တည်ဆောက်ပြီးသွားဟန် တူသည်။
ယဇ်ပလ္လင်များ အသက်ဝင်လာသည့် နေ့ကတည်းက ယိုတု၏မိစ္ဆာနတ်ဘုရားများသည် ယိုတုနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကြား အတားအဆီးကို ဖြတ်သန်းကာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြ၏။
‘အခြေအနေတွေက လေးနက်လာပြီ...’
ချင်မူ စိတ်အားပြန်တင်း၍ စွမ်းအင်အကူးအပြောင်းတံတား၏ အစောင့်တစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။ “ဒီတံတားကနေ သမင်ခြေတစ်ချောင်းပဲ ရှိတဲ့ ကောင်လေးတစ်ယောက် ထွက်လာရင် သတ်ပစ်လိုက်... ဘာဆင်ခြေမှ မပေးစေနဲ့”
အစောင့်က ချင်မူ့လက်ထဲမှ ပုံတူပန်းချီကို ယူပြီး ကျန်အစောင့်များကိုလည်း မှာလိုက်သည်။ “ဂိုဏ်းသခင်၊ စိတ်မပူပါနဲ့... ဒီသမင်ခြေထောက်နဲ့ ကောင်လေး စွမ်းအင်အကူးအပြောင်းတံတားကနေ ထွက်လာခဲ့ရင် မလွတ်စေရဘူး စိတ်ချ”
“မင်းတို့တွေ သူ့ကို ရှင်းပစ်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်...”
ချင်မူ အားလုံးကို လီမြို့ဆီသို့ ခပ်သုတ်သုတ် ခေါ်သွားလိုက်သည်။
နေရာအနှံ့ တပ်ဆင်ထားသော ဝိညာဉ်လက်နက်များကို ကြည့်ခြင်းအားဖြင့် လီမြို့သည် မဟာရန်သူတော်ကြီးကို ရင်ဆိုင်ခဲ့ရပုံပေါ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ပန်ယုနှင့် ကျန်နတ်ဘုရားများက မြို့မျှော်စင်ထက်တွင် ရပ်နေကြပြီး အောက်၌ စစ်ရေးခင်းကျင်းနေကြသော စစ်သည်များ၊ တပ်ဖွဲ့များအား ကြည့်ရှုနေကြ၏။ ချင်မူ ချင်းယန်တို့ကို မျှော်စင်ဆီသို့ ခေါ်သွားလိုက်သည်။ မျှော်စင်က လီမြို့၏ နားနေဆောင် ဖြစ်သည် မဟုတ်ပါ၏လော။
“ဂိုဏ်းသခင်ချင်၊ ဒီလူတွေက...” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်းယန်၊ ချင်းရနှင့် ကျန်ရှိသူများကို တအံ့တဩ ကြည့်ကာ မေးလိုက်သည်။
ချင်မူ့နောက်ရှိ သုံးဆယ်ခုနစ်ယောက်သော လူငယ်တို့သည် ထူးခြားကြောင်း သူ မြင်တွေ့နေရ၏။ ကျန်းမြောင်မှလွဲ၍ အားလုံး၏ ကျင့်စဉ်စွမ်းအင်များက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းနေကြသည်။ နှစ်ယောက်ကဆိုလျှင် နတ်ဘုရားများပင် ဖြစ်လောက်သည်။
ဤမျှသန်မာအားကောင်းသော သိုင်းပညာရှင်တစ်စုကို ချင်မူ မည်သည့်နေရာမှ ခေါ်လာနိုင်ခဲ့မှန်း သူ မသိပေ။
“ဧကရာဇ်အတိုင်ပင်ခံ၊ သူတို့က မဟာမြို့ပျက်ရဲ့ နဂါးရွာကပါ... ရွာက ကျွန်တော်တို့ ဒုက္ခိတဘိုးဘွားကျေးရွာနဲ့ အတော်လေး ဝေးပေမယ့် ခက်ခက်ခဲခဲ ခေါ်လာနိုင်ခဲ့ပါတယ်”
သူက မိတ်ဆက်ပေးလိုက်သည်။ “နောင်ကြီးချင်းယန်၊ မမကြီးချင်းဟဲ့ ... ဒါက နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံပါ”
“နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်က တစ်လောကလုံးမှာ နှစ်ယောက်မရှိတဲ့ လောကသခင်ခန္ဓာနဲ့ မယှဉ်နိုင်ပါဘူး... ဂိုဏ်းသခင်ချင်၊ မင်းရဲ့မဟာမြို့ပျက်က ရွာတွေမှာ ပါရမီရှင်သိုင်းသမားတွေ ဇာတ်မြုပ်နေ,နေကြတာပဲ... ပထမ ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ အဘိုးအဘွား ကိုးဦး၊ အခု နဂါးရွာရဲ့ သူရဲကောင်း သုံးဆယ့်ခုနစ်ဦး... မင်းရဲ့ မွေးရပ်မြေက တကယ် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်လွန်းပါပေတယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးပြုံးရွှင်ရွှင်ဖြင့် ချင်းယန်၊ ချင်းဟဲ့နှင့် ကျန်ရှိသူများကို နှုတ်ဆက်လိုက်သည်။ “ဒီစစ်ပွဲမှာ ဘယ်လိုတိုက်ရမလဲ စိုးရိမ်နေတာ... အခုတော့ အားလုံးရဲ့ အကူအညီနဲ့ စိတ်ဖိစီးမှုတွေ အများကြီး လျော့ကျသွားခဲ့ပါပြီ”
ချင်းယန်က အလျင်အမြန် ပြန်နှုတ်ဆက်ကာ ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ဂုဏ်သတင်းကို ဟိုးအရင်ကတည်းက ကြားခဲ့ဖူးပေမယ့် အခုမှပဲ လူကိုယ်တိုင် တွေ့ရတော့တယ်.... နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်ဆိုတဲ့ ဒဏ္ဍာရီဟာ ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့ ဒဏ္ဍာရီပါ.... ခိုင်ဧကရာဇ်ခေတ်တုန်းကလည်း ကြားခဲ့ဖူးတယ်.... ဒါနဲ့ ညီလေးချင်က တကယ် လောကသခင်ခန္ဓာလား”
သူက ပြုံးလျက် ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ “အမှန်တိုင်းပြောရရင်... လောကသခင်ခန္ဓာရဲ့ ဒဏ္ဍာရီကိုလည်း အဘိုးချင်းဟွမ်ဆီက ကြားခဲ့ဖူးပါတယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ တအံ့တဩ တွေးလိုက်မိ၏။ ‘ဒီကမ္ဘာပေါ်မှာ တကယ်ပဲ လောကသခင်ခန္ဓာ ရှိတာလား.... ဟုတ်ပါ့မလား....’
ဧကရာဇ်အတိုင်ပင်ခံ စိတ်အားပြန်တင်းကာ ပြောလိုက်သည်။ “အားလုံး... မိစ္ဆာနတ်ဆိုးတွေက တပ်ကူအများကြီး ခေါ်ထားတယ်.... ကောင်းကင်ဆရာသခင်ကလည်း မိစ္ဆာနတ်ဆိုးကမ္ဘာကနေ ပြန်ရောက်မလာသေးဘူး... သူ ဘာဖြစ်နေလဲ ငါတို့ မသိရဘူးဖြစ်နေတယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီက အကူအညီရထားပေမယ့် မိစ္ဆာနတ်ဆိုးတွေနဲ့ ယှဉ်ရင် နတ်ဘုရားအရေအတွက် နည်းနေတုန်းပဲ....”
အစစ်အမှန်နတ်ဘုရားပန်ယုနှင့် ကျန်ရှိသူများ အမူအရာလေးနက်သွားကြသည်။ နတ်ဘုရားစန်းယဲ့က ပြောလာ၏။ “ယိုတုမိစ္ဆာနတ်ဘုရားတွေက သတ်ဖြတ်ဖို့ပဲ သိတဲ့ ဘိုးဘေးမိစ္ဆာနတ်ဆိုးတွေပဲ.... ကောင်းကင်နတ်ဆိုးမျိုးနွယ်ထက်တောင် ပိုရက်စက်ကြသေးတယ်.. မကောင်းဆိုးဝါးတွေကိုလည်း ခေါ်လာကြတာဆိုတော့ အင်မတန် ကြောက်စရာကောင်းတယ်... သူတို့အစွမ်းအစတွေကလည်း အဆင့်မြင့်မိစ္ဆာနတ်ဆိုးတွေထက် ပိုသန်မာအားကောင်းသလို၊ အမျိုးအစားလည်း စုံလင်တယ်... ငါတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဆက်မကာကွယ်နိုင်လောက်တော့ဘူး...”
အားလုံး တိတ်ဆိတ်သွားကြသည်။
ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်၏။ အနက်ရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်နေဆဲဖြစ်ပြီး ယိုတုမိစ္ဆာနတ်ဘုရားများ ဆင်းသက်လာကြဆဲ ဖြစ်သည်။ ‘ရှင်းအန်းရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲက လုလီဆိုတဲ့တစ်ယောက်က ယိုတုကပဲ.... သူ ငါ့ကို ဘာလို့လိုက်ရှာနေတာပါလိမ့်... သူလည်း ဖုရွေ့လော် ဆင့်ခေါ်နေတဲ့ ယိုတုမိစ္ဆာနတ်ဘုရားတွေထဲမှာ ပါလာမလားမသိဘူး...’
...
ကောင်းကင်နတ်ဆိုးတို့၏ မြို့တော်ထဲတွင် ဖုရွေ့လော်သည် ရင်ဘတ်ကို ပွတ်ရင်း အရှေ့ရှိ ယဇ်ပလ္လင်အား ကြည့်နေ၏။ မိစ္ဆာနတ်ဆိုးအလင်းတန်းများက လျှပ်စီးလက်သကဲ့သို့ တောက်ပလင်းလက်နေပြီး ကောင်းကင်နတ်ဆိုးများက လူသားများ၊ အဆင့်နိမ့်မိစ္ဆာနတ်ဆိုးများကို သတ်ဖြတ်ကာ သွေးယဇ်ပူဇော်နေသည်။
လာနေသော တစ်ယောက်အတွက် များစွာယဇ်ပူဇော်နေရသဖြင့် ထိုယိုတုမိစ္ဆာနတ်ဘုရားတွင် အတိုင်းထက်အလွန် အင်အားကြီးမားသော အစွမ်းအစများ ရှိနေမည်မှာ ထင်ရှား၏။
မဟုတ်လျှင် ဖုရွေ့လော် ဤမျှသတိရှိနေမည်မဟုတ်ပေ။
တခဏကြာသော် မိစ္ဆာနတ်ဆိုးအလင်းများ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ အလင်းတန်း လွင့်စင်ပြိုကွဲသွားသည့်အခါ ယဇ်ပလ္လင်၏အလယ်တွင် ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်။
ဖုရွေ့လော်မှာ သူမကို မြင်လျှင် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဝမ်းသာလုံးဆို့သွားသည်။ သူက တဟားဟား ရယ်ကာ ပြောလိုက်၏။ “ယိုတုရဲ့ မဟာတပ်မှူးလေးပါးထဲက လုလီ၊ ဘာလို့ ငါ ဆင့်ခေါ်တာကို တုံ့ပြန်ပြီး ကိုယ်တိုင် ဆင်းသက်လာတာလဲ”
ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးက နုနုရွရွ ခြေလှမ်းများဖြင့် ယဇ်ပလ္လင်၏ လှေထားထစ်များအတိုင်း ဆင်းလာရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။ သူမက ဆွဲမက်ယစ်မူးဖွယ် အပြုံးဖြင့် စကားပြောလိုက်သည်။ သူမပါးစပ်မှ ထွက်လာသောအသံမှာမူ ယောက်ျားသံ ဖြစ်ချေသည်။ “ငါ ဒီကို ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် ရှာဖို့ လာတာ.... သူ့မှာ ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ လည်ဆွဲတစ်ခုရှိတယ်... လည်ဆွဲပေါ်မှာတော့ ချင်ဆိုတဲ့ စာလုံး ရှိနေတယ်”
ဖုရွေ့လော်မှာ ရင်ဘတ်ဒဏ်ရာ ပြန်ကိုက်ခဲလာသလို့ အင့်ခနဲ ညည်းလိုက်မိသည်။ သူ၏ ရင်ဘတ်ဒဏ်ရာမှာ ချင်မူ့ကြောင့် ရခဲ့သော ဒဏ်ရာ ဖြစ်၏။
“လုလီ၊ မင်း ရှာချင်တဲ့ ကောင်လေးကို ငါ တွေ့ခဲ့ပြီးပြီ” ဖုရွေ့လော်က မှင်သေသေ ပြောလိုက်သည်။ “သူ့ကျောက်စိမ်းလည်ဆွဲက သိပ်ထူးဆန်းတယ်... သူက ပိုလို့တောင် ထူးဆန်းသေးတယ်”
“မင်း သူ့ကျောက်စိမ်းလည်ဆွဲကို ယူပြီး ဖွင့်လိုက်တာလား” လုလီက တခစ်ခစ် ရယ်သည်။ “အခုထိ မပျောက်သေးတဲ့ ဒဏ်ရာကလည်း သူ့ကြောင့် ရတာပဲ ဖြစ်မယ် ဟုတ်တယ်မလား... အရူး”
ဖုရွေ့လော် မျက်နှာမည်းမှောင်သွားသော်လည်း လုလီက သူ့ကို ပြုံးပြနေ၏။ “ချင်မျိုးရိုးကောင်လေးကို ဖမ်းပေးနိုင်ရင် မင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်အောင် ငါ ကူညီပေးမယ်”
ဖုရွေ့လော်က ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးလိုက်သည်။ “တပ်မှူးလုလီ... ကြွလာပေးလို့ သိပ်ကျေးဇူးတင်မိပါတယ်... မင်းရဲ့ ဆင်းသက်လာမှုက နိမ့်ပါးလှတဲ့ ငါတို့အသိုက်လေးအတွက် အလင်းရောင် ဆောင်ကြဉ်းပေးလိုက်သလိုပါပဲ”