← Chapters

သူလျှို

Vol. 42 Ch. 574

သူလျှို

Vol. 42 Ch. 574

“ကောင်းကင်နတ်ဆိုးတို့ရဲ့ ဉာဏ်အမြော်အမြင်ကြီးမားလှတဲ့ ပါရမီရှင် ဖုရွေ့လော်၊ ချင်မျိုးရိုးလူငယ်ကို မင်း ဘယ်လိုမျှားထုတ်ပေးနိုင်မလဲ” လုလီက မေးသည်။

ဖုရွေ့လော်က ပြုံးလိုက်ပြီး အေးအေးလူလူ ပြောလိုက်သည်။ “ယိုတုရဲ့ မဟာတပ်မှူးလေးပါးထဲက လုလီ၊ ငါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်အောင် ဘယ်လိုကူညီမှာလဲ”

လုလီက ဧရာမယဇ်ပလ္လင်ကြီးများနှင့် ဆင်းသက်လာနေသော ယိုတုမိစ္ဆာနတ်ဘုရားများဆီသို့ လှမ်းကြည့်၏။ ယိုတုမိစ္ဆာနတ်ဘုရားတစ်ယောက်က အကြောင်းပြချက်မရှိဘဲ မိစ္ဆာနတ်ဆိုးတစ်ရာကျော်ကို ဖမ်းကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ကျန်မိစ္ဆာနတ်ဆိုးများမှာ ကြောက်လန့်သွားကြ၍ ခြေဦးတည့်ရာ ထွက်ပြေးကြသည်။

ယဇ်ပလ္လင်၏ဘေးရှိ ကောင်းကင်နတ်ဆိုးမျိုးနွယ် မိစ္ဆာနတ်ဘုရားများက ဆင်းသက်လာသည့် မိစ္ဆာနတ်ဘုရားများကို ထိန်းရန် အပြေးအလွှား သွားနေကြသည်။ ယိုတုမိစ္ဆာနတ်ဘုရားများသည် မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ ဘိုးဘေးကြီးများ ဖြစ်ပြီး သတ်ဖြတ်ရန်သာ သိကြ၏။ အသိဉာဏ်လည်း မရှိကြပေ။ မိစ္ဆာနတ်ဘုရားများမှာ ဧရာမအုပ်ဆောင်းတစ်ခု ဖွဲ့တည်ကာ ဘိုးဘေးအား အထဲ၌ ပိတ်လှောင်လိုက်ကြသည်။

ထိုဘိုးဘေးက ဟိန်းဟောက်မာန်ဖီရင်း အုပ်ဆောင်းကို ထုရိုက်နေ‌သော်လည်း မဖျက်စီးနိုင်ပေ။

မိစ္ဆာနတ်ဘုရားများက ထွက်ပြေးသွားသော မိစ္ဆာနတ်ဆိုးသိုင်းပညာရှင်များအား ပြန်ခေါ်နေကြသည်။ အလုပ်သမားတစ်ရာကျော်သည် လှည်းကြီးတစ်စီး ဆွဲလာပြီး အုပ်ဆောင်းကြီးကို လှည်းကြီးအပေါ် ရွှေ့လိုက်ကြ၏။ ထို့နောက် သူတို့က လှည်းကို အားကုန်ဆွဲကြသည်။ လှည်း၏အနောက်မှလည်း မိစ္ဆာနတ်ဆိုးတစ်ထောင်ခန့် တွန်းပေးနေရသည်။ သူတို့၏ရည်ရွယ်ချက်က ဘိုးဘေးမိစ္ဆာနတ်ဆိုးကြီးကို ရှေ့တန်းသို့ ခေါ်သွားရန် ဖြစ်၏။

“မင်းရဲ့ စစ်တပ်က အားနည်းလွန်းတယ်... မင်းခေါ်လိုက်တဲ့ ဘိုးဘေးမိစ္ဆာနတ်ဆိုးတွေကလည်း ထိန်းရခက်နေတယ်... သူတို့က စားဖို့ပဲ သိတာ” လုလီက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်တပ်ကို ဖျက်စီးဖို့ သူတို့ကို အသုံးချမယ်ဆို နှစ်ဖက်လုံး အကျအဆုံး များလိမ့်မယ်... ဘာအကျိုးအမြတ်မှ ထွက်လာမှာမဟုတ်ဘူး...  မင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်သွားတဲ့အခါ ဒီကမ္ဘာတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးနေလိမ့်မယ်... မင်းရဲ့ လော့ဖူကောင်းကင်ဘုံထက် အနည်းငယ်ပဲ သာမှာ”

ဖုရွေ့လော်၏ အကြည့်များ လှုပ်ခတ်သွားသည်။ “ငါ့ပန်းတိုင်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံ မဟုတ်ဘဲ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံဆိုတာ မင်း သိသင့်ပါတယ်”

လုလီက ပြုံးနေသော်လည်း ပြုံးနေသည်နှင့် မတူပေ။ “ဖုရွေ့လော် မင်းက လော့ဖူကောင်းကင်ဘုံကို စတေးပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ဆက်သွယ်ခဲ့တယ်... အခု ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို စတေးပြီး ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံဆီ သွားချင်နေတာပဲ”

ဖုရွေ့လော် ပြုံးပြလိုက်၏။ “တာအိုနောင်တော်ကလည်း မိစ္ဆာနတ်ဆိုးမျိုးနွယ်ပါပဲ... ကျွန်တော်တို့ မိစ္ဆာနတ်ဆိုးမျိုးနွယ် အင်အားကြီးလာတာ မမြင်ချင်ဘူးလား”

လုလီက အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်သည်။ “မင်းရဲ့ ရည်မှန်းချက်က ကြီးလွန်းပြီး အစွမ်းအစတွေကတော့ လိုအပ်နေသေးတယ်... မင်းလုပ်ရပ်က ကိုယ်သေတွင်းကိုယ်တူးသလို ဖြစ်မှာပဲ... ဒါပေမဲ့ ငါကလည်း မိစ္ဆာနတ်ဆိုးတစ်ယောက်ဆိုတော့ မင်းကို ကူညီပေးပါ့မယ်.. မင်းအနေနဲ့ ဘိုးဘေးမိစ္ဆာနတ်ဆိုးတွေကို မထိန်းချုပ်နိုင်ပေမယ့် ငါကတော့ ထိန်းချုပ်နိုင်တယ်”

သူမ အင်္ကျီလက်အိုးကို ခါလိုက်သည့်အခါ လှည်းပေါ်ရှိ အုပ်ဆောင်းကြီး ထပ်ခြမ်းကွဲသွား၏။ အထဲရှိ ဘိုးဘေးမိစ္ဆာနတ်ဆိုးက ဒေါသတကြီး ဟိန်းဟောက်ရင်း ခုန်ထွက်လာသည်။ သူက ကောင်းကင်ယံသို့ ပျံတက်၍ ရင်ဘတ်ကို တဘုန်းဘုန်း ထုနေ၏။ သူ့ဆီမှာ မိစ္ဆာနတ်ဆိုးချီများ ပျံ့နှံဖြာထွက်လာသည်။

ဖုရွေ့လော် မျက်နှာပျက်သွားသလို၊ ပတ်ဝန်းကျင်ရှိ မိစ္ဆာနတ်ဘုရားများလည်း ထိတ်လန့်သွားကြသည်။ သူတို့အားလုံး ဘိုးဘေးမိစ္ဆာနတ်ဆိုးဆီသို့ အလျင်အမြန် ပြေးသွားကြ၏။

သို့သော် ဘိုးဘေးမိစ္ဆာနတ်ဆိုးက ရုတ်တရက် တစ်ချက်ခုန်ပြီး ဖုရွေ့လော်ဆီသို့ ပျံသန်းလာ၏။ သူက မြေပြင်ပေါ်သို့ ဘုန်းခနဲ ဆင်းသက်သာ လုလီဘေး၌ မလှုပ်မယှက် ရပ်နေသည်။

မိစ္ဆာနတ်ဘုရားများ အပြေးရောက်လာကြသော်လည်း ဖုရွေ့လော် လက်ကာပြလိုက်သည်။ “နောက်ဆုတ်”

သူက ဘိုးဘေးမိစ္ဆာနတ်ဆိုး၏ အစိမ်းရောင်မျက်နှာနှင့် အစွယ်ချွန်ချွန်များအား အကဲခတ်လိုက်သည်။ ဤဘိုးဘေးတွင် အလွန်ရှေးကျသော အမှတ်အသားများ ဖုံးလွှမ်းနေပြီး အသားထဲ နစ်မြုပ်နေပုံရ၏။

ဖုရွေ့လော် သက်ပြင်းဖျော့ဖျော့ချကာ ပြောလိုက်သည်။ “တာအိုနောင်တော်အနေနဲ့ ဘိုးဘေးမိစ္ဆာနတ်ဆိုး ဘယ်နှယောက် ထိန်းချုပ်နိုင်လဲ”

လုလီ၏ လှပသောမျက်နှာထက်တွင် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာသည်။ “မင်း ဆင့်ခေါ်သလောက် ငါ ထိန်းချုပ်နိုင်တယ်”

ဖုရွေ့လော်၏ မျက်နှာသုံးခုလုံး အမူအရာမပြောင်းလဲဘဲ မနေတော့ပေ။ ဘိုး‌ဘေးမိစ္ဆာနတ်ဆိုးများအပေါ် လုလီ၏ ထိန်းချုပ်နိုင်မှုက သူ့လူများကို တိုက်ခိုက်ပြီး သူ့အား နေရာမှ ဖယ်ရှားနိုင်သည်ဟု ဆိုလို၏။

သူ ကောင်းကင်နတ်ဘုံနှင့် မပတ်သက်ခဲ့သော အကြောင်းရင်းမှာ သူ၏နေရာကို ထိန်းသိမ်းထားချင်၍ ဖြစ်သည်။ ကောင်းကင်နတ်ဘုံ၏ ထိန်းချုပ်မှုအောက်သို့ ကောင်းကင်နတ်ဆိုးများ ကျရောက်သွားမည်ကိုလည်း စိုးရိမ်၍ အကူအအညီမတောင်းခံခဲ့ဘဲ ယိုတု၏ ဘိုးဘေးမိစ္ဆာနတ်ဆိုးများကိုသာ ဆင့်ခေါ်ခဲ့သည်။

သို့သော် ပြန်တွေးကြည့်အခါ သူ ပေါ့တန်တန် တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်၏။

ကောင်းကင်နတ်ဘုံသည် ယိုတု၏ ဘိုးဘေးမိစ္ဆာနတ်ဆိုးများကို ထိန်းချုပ်ထားပြီဖြစ်ချေရာ ရှိသမျှ မိစ္ဆာနတ်ဆိုးအားလုံးအ‌‌ပေါ် အာဏာသက်ရောက်ချင်လိမ့်မည်။

လုလီကို‌ ဆင့်ခေါ်လိုက်ကတည်းက ဖုရွေ့လော်၏လက်ထဲတွင် မိစ္ဆာနတ်ဆိုးများအပေါ် ထိန်းချုပ်နိုင်သော အာဏာမရှိတော့ပေ။

“ချင်မျိုးရိုးကောင်လေးကို မင်း ဘယ်လိုဖမ်းမလဲ ပြောပါဦး” လုလီက ပြောသည်။

ဖုရွေ့လော် ဣန္ဒြေပြန်ဆည်ကာ ဖြေကြားလိုက်၏။ “သူ့ကို ဖမ်းဖို့က မခက်ပါဘူး... မြို့တွေ သိမ်းမယ်၊ နယ်မြေတွေ သိမ်းမယ်... သူတို့ရဲ့စိတ်ဓာတ်တွေကို ရိုက်ချိုးပစ်မယ်... သူတို့က လူသားတွေဆိုတော့ အားနည်းချက်တွေ ရှိမှာပဲ... သေရမှာကြောက်တဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူး... အတော်များများ ငါတို့ဘက် ကူးလာခဲ့ပြီးပြီ... တစ်ယောက်ကဆို နတ်ဘုရားပဲ... ငါ အမိန့်ပေးလိုက်တာနဲ့ သူ့ကို ဖမ်းပြီး ငါ့ဆီ ခေါ်လာပေးလိမ့်မယ်...”

လုလီ၏မျက်လုံးများ အရောင်တောက်သွားသည်။ “မင်းမှာ နတ်ဘုရားအဆင့် သူလျှိုရှိတယ်လား... ဘယ်သူလဲ”

...

ချင်မူ လီမြို့၏မျှော်စင်ထဲတွင် ရပ်ပြီး ကျားနတ်မင်း ပြေးလာသည်ကို ကြည့်နေသည်။ ကျားနတ်မင်းသည် ပျံသန်းနေသကဲ့သို့ ခုန်ပျံကျော်လွှားရင်း နဂါးချီလင်နှင့် ဟူလင်းအာအား မိစ္ဆာနတ်ဆိုးမြေထဲမှ ပြန်ခေါ်လာ၏။ သူတို့နှင့်အတူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ပြန်ရောက်လာကြသည်။

“ဖက်တီးနဂါး ဝိတ်ကျသွားသလိုပဲ”

ချင်မူ့မျက်လုံး‌များ တောက်ပသွားသည်။ သူ မရှိစဉ်အတောအတွင်း နဂါးချီလင်သည် အမှန်ပင် အဆီကျသွားပုံရ၏။ ဗိုက်လုံးလုံးကြီး ရှိနေသေးသော်လည်း မြေကြီးနှင့် တိုက်မနေတော့ပေ။

ချင်မူ ဝမ်းသာသွားသည်။ တခဏကြာ‌သော် ကျားနတ်မင်းက မြို့ဂိတ်တံခါးဆီသို့ ရောက်လာကာ အပေါ်၌ ရပ်နေသည့် သူ့အား မြင်သွားသည်။ သူက နဂါးချီလင်နှင့် ဟူလင်းအာကို ခေါ်၍ ချင်မူ့ဘေး၌ ဆင်းသက်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး ပြုံးနေသောလူငယ်အသွင် ပြောင်းလိုက်သည်။ “ညီလေး၊ ပြန်လာပြီပေါ့... ဖက်တီးကြီး မင်းရဲ့ ပုတီးစေ့ ထွေးထုတ်ပြီး ညီလေးဆီ ပြလိုက်စမ်း”

ဖက်တီးနဂါးက ချင်မူ့ကို ကွဲကွာသွားသည့် ဆွေမျိုးရင်းချာကြီးအား ပြန်တွေ့ရသကဲ့သို့ ကြည့်နေသည်။ စွမ်းအင်ဆေးလုံးများ ပူဆာရန် ပြင်လိုက်သော်လည်း ကျားနတ်မင်း၏စကားကြောင့် လိမ်လိမ်မာမာ ပြန်ထိုင်ပြီး နဂါးပုတီးစေ့အား ထွေးထုတ်လိုက်၏။ ယခုလို လိမ်မာနေသောအပြုအမူကို ကြည့်ခြင်းအားဖြင့် ဤအတောအတွင်း အပိုးကျိုးအောင် ရိုက်နှက်ဆုံးမခံထားရခြင်း ဖြစ်လိမ့်မည်။

ပုတီးစေ့က ကောင်းကင်ယံသို့ မြောက်တက်သွားပြီး အထဲမှ အလင်း‌ရောင်များ တောက်ပလာ၏။ ပုတီးစေ့မှ ဖြန့်ကျက်လိုက်သော ရောင်စုံအလင်းရောင်က ဆယ်မိုင်ပတ်ပတ်လည်အား လင်းထိန်သွားစေသည်။

ပုတီးစေ့၏အထဲ၌ နဂါးရုပ်သွင်တစ်ခု ကူးခတ်သွားလာနေသည်။ ၎င်းကြောင့် အလွန်အားကောင်းသိပ်သည်းသော ရေအခိုးအငွေ့များ တထောင်းထောင်း ထလာ၏။

ချင်မူ ပျော်ရွှင်သွားသော်လည်း ထူးဆန်းသလို ခံစားနေရသည်။ နဂါးချီလင်၏ ပုတီးစေ့မှာ သူ မြင်ခဲ့ဖူးသမျှ နဂါးပုတီးစေ့များထက် များစွာ သေးငယ်နေသည်။ အရွယ်အစားက လက်မအရွယ်သာ ရှိနေ၏။ သူ မြင်ခဲ့ဖူးသော အသေးငယ်ဆုံး နဂါးပုတီးစေ့မှာ လက်သီးဆုပ်အရွယ် ရှိချေသည်။

‘ဖက်တီးနဂါးက မီးဓာတ်သတ္တိ မဟုတ်ဘူးလား...  ဘယ်လိုလုပ် နဂါးပုတီးစေ့မှာ ရေဓာတ်သတ္တိ ရှိနေတာလဲ... ပြီးတော့ သေးလွန်းအားကြီးတယ်... ငါ သူ့ကို စွမ်းအင်ဆေးလုံးအမျိုးအစား မှားကျွေးခဲ့မိတာများလား’

ချင်မူ ထိုသို့တွေးနေသည့်အချိန်မှာပဲ နဂါးချီလင်က ပုတီးစေ့တစ်လုံး ထပ်ထွေးထုတ်လိုက်သည်။ ပုတီးစေ့က အလျှံတညီးညီး တောက်လောင်နေသော နေတစ်စင်းပမာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ပြင်းထန်သော အပူဓာတ်ကို ထုတ်လွှတ်လိုက်၏။ အလင်းတန်းများ ကျရောက်လာသည့်အခါ ချင်မူပင် စပ်ဖျဉ်းဖျဉ်း နာသွားသည်။

‘နဂါးပုတီးစေ့နှစ်လုံး ... မဟုတ်ဘူး နောက်တစ်လုံးက ချီလင်ပုတီးစေ့ပဲ’

ချင်မူမှာ စစချင်းတွင် အံ့အားသင့်သွား‌သော်လည်း ခဏကြာသော် သဘောပေါက်သွားသည်။ ဒုတိယပုတီးစေ့က နဂါးပုတီးစေ့ မဟုတ်ဘဲ အထဲ၌ ချီလင်ရုပ်သွင်အား မြင်နေရ၏။ ချီလင်လေးက မီးလျှံတိမ်တိုက်များကို နင်းကာ ဟိန်းဟောက်နေလေသည်။

ချီလင်ပုတီးစေ့မှာ မဟားတရား ကြီးမားနေ၏။ အချင်းနှစ်ပေရှိသော အလုံးကြီးနှင့် တူနေပြီး အထဲတွင် ကြောက်မက်ဖွယ်ရာ ချီလင်မီးလျှံများ ဖွဲ့တည်နေသည်။

ချီလင်မီးလျှံသည် မနှိုင်းသာနိုင်အောင် အားကောင်းပြီး အပူဓာတ်ကလည်း ပြင်းထန်၏။ ချီလင်ပုတီးစေ့ကို ကြည့်ရင်း နဂါးချီလင် သေခြင်းရှင်ခြင်းအဆင့်အထိ ရောက်နေလောက်ပြီဟု ချင်မူ သံသယဝင်သွားမိသည်။

‘နဂါးပုတီးစေ့မှာ ရေဓာတ်သတ္တိ ရှိနေပေမယ့် ချီလင်ပုတီးစေ့မှာတော့ မီးဓာတ်သတ္တိ ရှိနေတယ်... ဖက်တီးနဂါးက ရေနဲ့မီး ဓာတ်သတ္တိနှစ်မျိုး ပိုင်ထားတာလား....”

ချင်မူ ငေးကြောင်သွားသည်။ နဂါးချီလင်က သွေးနီမီးလျှံစွမ်းအင်ဆေးလုံးများနှင့် ဓာတ်ကြီးငါးပါးကောင်းကင်အားဖြည့်ဆေးလုံးများကဲ့သို့ မီးဓာတ်သတ္တိ စွမ်းအင်အားဖြည့်ဆေးလုံးများကိုသာ နှစ်သက်ခဲ့သည့်အတွက် ရေဓာတ်သတ္တိလည်း ရှိနေမည်ဟု မမျှော်လင့်မိခဲ့ပေ။

ယခုတွင် ပုတီးစေ့နှစ်လုံးအနက် တစ်လုံးက အလွန်ကြီးမားပြီး တစ်လုံးက အလွန်သေးငယ်နေသည်။ အကြောင်းရင်းက ဖက်တီးနဂါး အစားချေးများ၍သာ ဖြစ်ကြောင်း ထင်ရှားပေ၏။

ကျားနတ်မင်းက ဖက်တီးနဂါးအတွက် ဂုဏ်ယူစွာဖြင့် ပြုံးရယ်ကာ ပြောလိုက်သည်။ “ညီလေး၊ ဖက်တီးနဂါးက စွမ်းအင်ဆေးလုံးအများကြီး စားခဲ့တော့ ဆေးအာနိသင်တွေက သူ့ကိုယ်ထဲမှာ စုလာပြီး အခုလို အဆီတစ်လာတာပဲ... သူက အပျင်းလည်း ကြီးတယ်... တစ်ခါမှလည်း မကျင့်ကြံဘဲ စားပဲ စားနေတော့ ဝသထက် ဝလာတာ

“ငါ သူ့ကို သူတောင်းစားမိစ္ဆာတွေနဲ့ တိုက်ခိုက်ခိုင်းတော့မှ သူ အစွမ်းအစတွေ ဖြစ်ညစ်ထုတ်ပြီး စွမ်းအင်ဆေးလုံးတွေရဲ့ အာနိသင်တွေကို ပုတီးစေ့တွေအဖြစ် ဖွဲ့တည်နိုင်ခဲ့တာပဲ.... ဒါကြောင့် ဝိတ်တောင် ကျသွားပြီ.... ကဲ ငါ ဖက်တီးနဂါးကို မင်းလက်ထဲ ပြန်အပ်ခဲ့တော့မယ်... အခုတလော သိပ်စိတ်ရှုပ်စရာကောင်းတယ်ကွ.... ငါ စိတ်တိုင်းကျ တိုက်ခိုက်နိုင်တဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးမှ မတွေ့ခဲ့ရဘူး”

ချင်မူ ကျေးဇူးတင်စိတ်အပြည့်ဖြင့် သူ့အား ပြုံးပြလိုက်သည်။ “အစ်ကိုကြီး ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ်”

ကျားနတ်မင်းက သူ့ကို ပြန်ပြုံးပြ၏။ “ငါ သွားပြီ.... ပြဿနာမရှာနဲ့ဦးနော် ၊ ငါ ပြန်လာမှာ ငြိမ်ငြိမ်လေး စောင့်နေ၊ ဟုတ်သား... ဖက်တီးနဂါးကို သွေးနီမီးလျှံဆေးလုံးတို့၊ မီးဓာတ်အားဖြည့်ဆေးလုံးတို့ မကျွေးနဲ့တော့.... အဲဒီဆေးအာနိသင်တွေက သူ့ကိုယ်ထဲမှာ အကုန်တောင် မကြေပျက်သေးဘူး... အဲဒါတွေကို ချေဖျက်ပြီးသွားရင် သူ့ချီလင်ပုတီးစေ့က သုံးဆ ထပ်ကြီးလာလိမ့်မယ်” ထိုသို့ပြောပြီးသည်နှင့် သူက မျှော်စင်ပေါ်မှ ခုန်ဆင်းကာ ပျောက်ကွယ်သွားသည်။

နဂါးချီလင်မှာ ကျားနတ်မင်း ထွက်သွားသည်ကို မြင်လျှင် အသံပင်မထွက်နိုင်တော့အောင် ငိုတော့သည်။

ချင်မူမှာတော့ အလွန်ကျေနပ်နေ၏။ “ဖက်တီးနဂါး ငါ့ကို လွမ်းလွန်းလို့ ငိုနေတာပဲ ဖြစ်မယ်”

ဟူလင်းအာက ပြောသင့်မပြောသင့် စဉ်းစားပြီးနောက် ခပ်တိုးတိုး ပြောလာသည်။ “သခင်လေး၊ ဖက်တီးနဂါးက ကျားနတ်မင်းကြောင့် တစ်ချိန်လုံး လေ့ကျင့်ရေးဆင်းနေရပြီး ငတ်ပြတ်နေလို့ ငိုနေတာ... သခင်လေး ပေးခဲ့တဲ့ စွမ်းအင်ဆေးလုံးတွေကလည်း ကုန်သွားတာ ကြာပြီ... တခြားဟာလည်း သူ မကြိုက်ဘူးလေ... ဒါပေမဲ့ ကျားနတ်မင်းက သူ့ကို အနားယူဖို့တောင် အချိန်မပေးဘဲ အဆင့်မြင့်မိစ္ဆာသိုင်းသမားတွေနဲ့ ဆက်တိုက် တိုက်ခိုင်းနေခဲ့တာ... အခု လွတ်လပ်သွားပြီဆိုတော့ ငိုနေတာပါ”

နဂါးချီလင်က ‌ခေါင်းညိတ်ပြသည်။

ချင်မူ ပရဆေးပင်များ ထုတ်ပြီး ဆေးလုံးများ ဖော်ကာ ပြုံးလိုက်၏။ “မင်း ဗိုက်ဆာနေလောက်မှန်း ငါ သိလို့ပဲ ပြန်လာတုန်းက ဆေးပင်တွေ ဝင်ဝယ်လာခဲ့တယ်... ဒီတစ်ခေါက် ဖက်တီးနဂါးအတွက် ကျင့်စဉ်တစ်ခု ရှာတွေ့ခဲ့ပြီ... ဒါပေမဲ့ မင်းက ချီလင်သွေးလည်း ပါနေတော့ ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်က မင်းရဲ့အစွမ်းအစအားလုံး လှုံ့ဆော်ပေးနိုင်မှာမဟုတ်ဘူး”

သူက စွမ်းအင်ဆေးလုံးတစ်အိုး အလျင်အမြန် ဖော်ကာ နဂါးချီလင်ဆီသို့ ပေးလိုက်သည်။ ဆေးလုံးများက ကျန်းမြောင်အား ကျွေးခဲ့သော ရေဓာတ်အားဖြည့်ဆေးလုံးများ ဖြစ်၏။

နဂါးချီလင်က စွမ်းအင်ဆေးလုံးတစ်လုံး လျက်ကြည့်လိုက်သည်နှင့် အရသာမတူမှန်း ချက်ချင်း သတိထားမိသွားသည်။ သူ့မှာ မျက်ရည်တဆမ်းဆမ်းဖြင့် တစ်လုံးသာ စားပြီး ကျန်ဆေးလုံးများကို သိမ်းလိုက်၏။

“ဖက်တီးနဂါး ဘာလို့အကုန်မစားတာလဲ” ဟူလင်းအာက စပ်စုသည်။

“အစာငတ်မှာ ကြောက်လို့ နည်းနည်းသိမ်းထားတာပါ... ပြီးတော့ ဒီဆေးလုံးတွေက အရသာလည်း မကောင်းဘူး... သွေးနီမီးလျှံစွမ်းအင်ဆေးလုံးမှ မဟုတ်တာ” နဂါးချီလင်က ချင်မူဘက်သို့ လှည့်ကာ အရိပ်အခြည်ကြည့်ပြီး မေးလိုက်သည်။ “ဂိုဏ်းသခင်၊ သွေးနီမီးလျှံစွမ်းအင်ဆေးလုံးတစ်အိုးလောက် ဖော်ပေးလို့ရမလား”

ချင်မူက မကြားချင်ယောင်ဆောင်ကာ ကျန်းမြောင်အား လှမ်းခေါ်လိုက်သည်။ “ညီလေးကျန်းမြောင်၊ ငါ မင်းတို့နှစ်ယောက်အတွက် ရေဓာတ်အားဖြည့်‌ဆေးလုံးတွေ ဖော်နေတုန်း ဖက်တီးနဂါးကို ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် သင်ပေးစမ်းပါကွာ”

ကျန်းမြောင်က ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကို ဖက်တီးနဂါးအား ရှင်းပြပေး၏။

နဂါးချီလင်၏ သဘောပေါက်နားလည်နိုင်စွမ်းက မဆိုးသော်လည်း အပျင်းထူလွန်းသည်။ သို့သော် ကျားနတ်မင်း၏ ပြင်းပြင်ထန်ထန် လေ့ကျင့်ပေးမှုကြောင့် သူ့မှာ အချောင်မခိုရဲဘဲ အလျင်အမြန် လေ့လာနေသည်။

ချင်မူ ရေဓာတ်အားဖြည့်ဆေးလုံးများ ဖော်ကာ ကျန်းမြောင်နှင့် နဂါးချီလင်အား ပေးလိုက်သည်။

“ဂိုဏ်းသခင်ချင်၊ ပြန်ရောက်လာပြီကိုး” ချင်ယွီ၏အသံ ဟိန်းထွက်လာသည်။ သူက မျှော်စင်ပေါ် ပြေးတက်လာပြီး ရင်တမမဖြင့် ပြုံးပြနေသည်။ “ဂိုဏ်းသခင်က စကားတည်တဲ့သူပါ... ကျွန်တော့်နဂါးလေးကို ပြန်ပေးမယ်လို့ ယုံကြည်ပါတယ်… “

ကျန်းမြောင်၏မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားပြီး ချင်မူ့ဆီသို့ အားကိုးတကြီး လှမ်းကြည့်သည်။

ချင်မူက ချင်ယွီကို ဧည့်ခံကာ ပြုံးပြုံးရယ်ရယ်ဖြင့် ပြောလိုက်သည်။ “ညီလေးချင်ယွီ၊ ငါ မင်းကို သတင်းကောင်းတစ်ခု ပြောပြမယ်... မင်းရဲ့နဂါးလေးက သိပ်အင်အားကြီးတဲ့ နတ်ဘုရားကျင့်စဉ်တစ်ခုကို သင်ခဲ့ရတယ်ကွ... နောင်တစ်ချိန်ကျရင် သေချာပေါက် နဂါးဘုရင်တစ်ပါး ဖြစ်လာလိမ့်မယ်”

ချင်ယွီမှာ ဝမ်းသာသွားပြီး ဟိုဟိုသည်သည် လိုက်ရှာနေသည်။ “ကျေးဇူးအများကြီးတင်လိုက်တာ ဂိုဏ်းသခင်ရာ၊ ကျွန်တော့်ကောင်လေးရော...”

“ညီလေးကျန်းမြောင်၊ လာဦး... ညီလေးချင်ယွီ မင်းကို ခေါ်နေတယ်”

ချင်မူ လက်ယပ်ခေါ်နေ၍ ကျန်းမြောင်မှာ စိတ်အားတင်းကာ လျှောက်သွားလိုက်သည်။ ဟူလင်းအာ ပါးစပ်လေး အဟောင်းသားဖြစ်သွားပြီး ချင်ယွီ လျှောက်သွားနေသည့် လူငယ်လေးအား ငေးကြည့်နေမိ၏။ သူမက နဂါးချီလင်ကို ကန်ကာ မေးလိုက်သည်။ “ဖက်တီးနဂါး၊ နင့်မှာ ပြောင်းဖူးပေါက်ပေါက် ရှိလား”

နဂါးချီလင်က ခေါင်းယမ်းပြသည်။

ချင်ယွီမှာ သူ့ဆီ လျှောက်လာသော လူငယ်အား ကြောင်တောင်တောင် ကြည့်နေမိသည်။ လူငယ်လေးက သူနှင့် ဆင်ပြီး အနည်းငယ် ပိုချောနေသည်။ သူက အတန်ငယ် ရှက်နေပုံရသော်လည်း ခံ့ညားသော အဟန့်အထည်နှင့် အားကောင်းသန်မာသော အစွမ်းအစများ ပိုင်ဆိုင်ထား၏။

“ဂိုဏ်းသခင်ချင်...”

ချင်ယွီက ချင်မူ့ဆီသို့ လှည့်ကြည့်သည်။ သူ့အကြည့်တွင် အံ့ဩမှု၊ ကြောက်လန့်မှု၊ ကူရာမဲ့မှု၊ တွေဝေမှုတို့ ပြည့်နှက်နေပြီး သူ့မှာ မည်သို့လုပ်ရမည်မှန်းမသိ ဖြစ်နေ၏။

“ကျန်းမြောင်က မာန်ဟုန်မြစ်နဂါးမင်းရဲ့ သားတော်၊ မင်းရဲ့ နဂါးလေးပဲ... သူက ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် ကျင့်ထားပြီးပြီ... နောင်တစ်ချိန် နဂါးဘုရင် ဒါမှမဟုတ် နဂါးနတ်ဘုရားတစ်ပါး ဖြစ်လာမှာ သေချာတယ်”

ချင်မူက အမွှေးတိုင်များ ထုတ်ကာ မျှော်စင်နံရံထဲ၌ စိုက်လိုက်သည်။ “အခု ငါ မင်းဆီ ပြန်ပေးပြီးပြီ.. စကားလေးဘာလေး ပြောကြပေါ့”

သူ ထွက်သွားတော့မည့်အချိန် ချင်ယွီက သူ့အင်္ကျီလက်အိုးတစ်ဖက်ကို လှမ်းဆွဲကာ ကူရာမဲ့စွာ ပြောလာ၏။ “ဂိုဏ်းသခင်ချင်၊ ကျွန်တော် ငှားခဲ့တာက နဂါးလေးပါ... ဂိုဏ်းသခင် ပြန်ပေးတာက...”

ကျန်းမြောင်ကလည်း သူ၏အင်္ကျီလက်အိုးတစ်ဖက်ကို ဆွဲထားသည်။ ချင်မူမှာ မည်သို့မျှမတတ်နိုင်တော့ဘဲ ပြောလိုက်၏။ “ငါ မင်းတို့နှစ်ယောက်ကို သွေးသောက်ညီနောင် လုပ်ပေးမယ် ဘယ်လိုလဲ... ညီလေးချင်ယွီ၊ မင့်အသက်က ဘယ်နှနှစ်လဲ”

ချင်ယွီက အူတူတူဖြင့်‌ ခေါင်းညိတ်လိုက်သည်။ “ဆယ့်ခုနစ်နှစ်ပါ...”

ချင်မူ ကျန်းမြောင်ဆီသို့ ကြည့်လိုက်ရာ ကျန်းမြောင်က တွက်ချက်နေသည်။ “ကျွန်တော်က ၂၀၀၈၇ နှစ် ရှိပြီ”

“တော်သေးတာပေါ့ သိပ်မကွာဘူးပဲ” ချင်မူက လက်ခုပ်လက်ဝါး တီးကာ ပြုံးဖြဲဖြဲ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျန်းမြောင်က ချင်ယွီရဲ့ အစ်ကိုကြီးဖြစ်သွားပြီ... ချင်ယွီကလည်း ကျန်းမြောင်ရဲ့ ညီလေး ဖြစ်သွားပြီ.... ကဲ သိပ်အနေမခက်တော့ဘူးမလား... လာ လာ မင်းတို့နှစ်ယောက် အချင်းချင်း ဂါဝရပြုပြီး သွေးသောင်ညီနောင် လုပ်လိုက်ကြ” ထိုသို့ပြောပြီးနောက် သူက နှစ်ယောက်လုံးကို ဖိချကာ ဒူးထောက်ခိုင်းလိုက်သည်။

ကျန်းမြောင်နှင့် ချင်ယွီမှာ ကြောင်ကြောင်ငေးငေးဖြင့် ဂါဝရပြုနေကြရ၏။

ချင်မူ ချွေးများကို သုတ်ကာ အလျင်အမြန် ပြောလိုက်သည်။ “ဂုဏ်ယူပါတယ်ကွာ... လင်းအာ၊ ဖက်တီးနဂါး ငါ မင်းတို့ကို နဂါးမျိုးနွယ်က နောင်တော်၊ အမတော်တွေနဲ့ မိတ်ဆက်ပေးမယ်၊ သွားကြစို့...”

ဟူလင်းအာက ပွဲဆက်ကြည့်ချင်သေးသော်လည်း နဂါးချီလင်၏ ကျောပေါ် ဆွဲတင်ခံလိုက်ရပြီး ချင်မူနှင့်အတူ ထွက်လာခဲ့ရသည်။ ချင်ယွီနှင့် ကျန်းမြောင်သာ မြို့မျှော်စင်ထဲ၌ ကျန်ခဲ့တော့၏။

“သခင်လေး သူတို့ ဘယ်လိုနေမလဲ ကျွန်မ ကြည့်ချင်တယ်”

ဟူလင်းအာမှာ စပ်စုလိုစိတ်အပြည့်ဖြင့် နောက်လှည့်ကြည့်လိုက်သည်။ ချင်ယွီနှင့် ကျန်းမြောင်မှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်လျက် ဆွံ့အနေကြလေသည်။

All Chapters