← Chapters

အစွမ်းထက် အရိပ်ကြီးများ

Vol. 76 Ch. 1045

အစွမ်းထက် အရိပ်ကြီးများ

Vol. 76 Ch. 1045

အလင်းစက်လုံးကြီးထဲမှ နူးညံ့သိမ်မွေ့မှု အပြည့်ရှိသောစကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူကျေနပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ပြန်ဆုတ်သွားလိုက်၏။ သူသည် သူ၏ မွေးနေ့ဆုမွန်ကောင်းမှာ အကောင်းဆုံးဖြစ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း သူ၏နောက်မှ ဆုမွန်ကောင်းတောင်းပေးသည့် လူခုနစ်ယောက် ရှစ်ယောက်မှာ သူ့ထက်ပို၍ လေကြောရှည်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အထူးသဖြင့် သူ မြင်ဖူးသည့် ပါရမီရှင်တစ်ယောက်မှာဆိုလျှင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ ကုန်ဆုံးသွားသည့်အချိန်အထိ မွေးနေဆုမွန်ကောင်း တောင်းပေးနေခဲ့၏။ ထို့အပြင် သူ၏ မွေးနေ့ဆုတောင်းများမှာ တစ်ခုနှင့်တစ်ခု ထပ်နေခြင်းလည်း မရှိပေ။ နောက်ဆုံးတွင် အလင်းစက်လုံးကြီးထဲမှ အသံပိုင်ရှင်ပင် ချောင်းဟန့်ကာ သူ့အား တားယူခဲ့ရ၏။

ထို ပါရမီရှင်မှာ ဖက်တီးလေး ဖြစ်ပေသည်...

" ဒီကောင်လေးက စကားပြောကောင်းသားပဲဟ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ဧရာမ မိကျောင်းကြီးပေါ်ရှိ တောင်ထိပ်တစ်ခုပေါ်၌ ထိုင်နေသော ဖက်တီးလေးအား လှမ်းကြည့်နေလိုက်သည်။ ဖက်တီးလေးမှာလည်း သူ့အား သတိထားမိသွားသည့်ပုံပင်။ သူသည် ဝမ်ပေါင်လဲ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်း အကြည့်ပြန်လွှဲသွား၏။ ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲ၌ အရိပ်မည်းကြီးတစ်ခုအဖြစ် ရှိနေဆဲဖြစ်ရပေမည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း အကြည့်လွှဲကာ တင်ပျဥ်ခွေထိုင်ချ၍ စောင့်ဆိုင်းနေလိုက်၏။ ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြီ ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာတော့သည်။ ကံကြမ္မာဂြိုဟ်၏ ကောင်းကင်ယံကြီးမှာ လင်းလက်တောက်ပနေသည့်တိုင်အောင် အခြား ဧရာမသားရဲကြီးများဆီမှ ထွက်ပေါ်နေသည့် ဆူညံသံများကြောင့် သူတို့၏ ဘေးပတ်ဝန်းကျင်မှာ တည်ငြိမ်မှုမရှိပေ။

နောက်ဆုံးတွင် ထိုဆူညံသံများ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေသည့် မျက်နှာအမူအရာဖြင့် ကောင်းကင်ယံကြီးအား မော့ကြည့်လိုက်သည်။ သူသည် အရည်အချင်းစမ်းသပ်ပွဲနှင့် ပတ်သတ်၍ သံသယစိတ်များရှိနေဆဲပင်။

ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် သူ၏ အသိစိတ်ထဲ၌ ရှေးဆန်သည့် စကားသံတစ်သံ ပေါ်ပေါက်လာသဖြင့် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။

" မင်းရဲ့ဆရာ ငါနဲ့အတူရှိနေတယ်။ သူက မင်းအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်ဖို့အတွက် ငါနဲ့ အလဲအလှယ်တစ်ခု လုပ်ထားတာ "

ဝမ်ပေါင်လဲ့မှာ ထိုစကားသံအား လိုက်ရသည်နှင့် မျက်လုံးများပြူးသွား၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ သူ၏ ဘယ်ဘက်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် မီးခိုးရောင် အလင်းရောင် အစက်အပြောက်လေးများ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထို အလင်းရောင်အစက်အပြောက်များမှာ အတူတကွ စုစည်းသွားကြပြီးနောက် ပုလဲလုံးတစ်လုံးအသွင် ပြောင်းလဲသွား၏။

" အဲဒီ အခွင့်အရေးကို နှစ်ခုခွဲထားတယ်။ ဒီ ပုလဲလုံးကို ယူသွားလိုက်။ အဲတာဆိုရင် မင်းရဲ့ အတိတ်ဘဝက ပုံရိပ်တွေနဲ့ ပိုပြီးတော့ ပေါင်းစည်းနိုင်စွမ်းရှိသွားလိမ့်မယ်။ ပြီးရင် ဒီ ပုလဲလုံးက ဒုတိယ အခွင့်အရေးကို ရယူနိုင်ဖို့အတွက် အဓိက သော့ချက်ပဲ "

ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုစကားသံကြီး ပဲ့တင်ထပ်နေစဉ် ဟင်းလင်းပြင်ထဲ၌ ပေါ်ပေါက်လာသည့် ပုလဲလုံးမှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာပြီး သူ၏ရှေ့၌ ရစ်ဝဲနေ၏။ ၎င်းမှာ ဖျော့တော့တော့ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေပြီး မလှုပ်မယှက် ငြိမ်သက်နေသည်။

" ကျွန်တော် ကြီးမြတ်လှတဲ့ လူကြီးမင်းကို ဂါရဝပြုပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား " ဝမ်ပေါင်လဲ့သည် ထိုစကားသံပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသည်နှင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ ထို့ကြောင့် သူသည် ချက်ချင်းမတ်တတ်ထလာပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။

" ငါ့ကို ဦးညွှတ်အရိုအသေပေးနေစရာ မလိုသလို ကျေးဇူးတင်နေစရာလည်း မလိုပါဘူး။ တကယ်လို့ ကျေးဇူးတင်ချင်တယ်ဆိုရင်တော့... မင်းရဲ့ဆရာကိုပဲ ကျေးဇူးတင်လိုက်ပါ " ထိုစကားသံမှာမူ လေသံပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားပြီးနောက် တဖြည်းဖြည်းနှင့် အသံတိုးသွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့သည် ထိုစကားသံပိုင်ရှင်မှာ တဖြည်းဖြည်းနှင့် အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ရ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာသည်။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် သူ၏ရှေ့ရှိရှိ ပုလဲလုံးအား လှမ်းယူကာ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။

ထို ပုလဲလုံး၏ ပုံပန်းသွင်ပြင်မှာ တမူထူးခြားနေခြင်းမရှိဘဲ သာမန် ပုလဲလုံးတစ်လုံးကဲ့သို့ပင်။ ၎င်း၏ မျက်နှာပြင်မှာ ချောမွေ့နေသလို ၎င်းမှာ မွှေးပျံ့သော ရနံ့တစ်မျိုးကိုလည်း ထုတ်လွှတ်နေသေးသည်။ အကယ်၍ ထိုရနံ့အား ရှူရှိုက်မိလိုက်မည်ဆိုပါက အနည်းငယ် မူးဝေဝေဖြစ်သွားရမည်သာ ဖြစ်သည်။ သို့သော် ထို မူးဝေမှုအား ချက်ချင်းပြန်၍ ထိန်းချုပ်နိုင်ပေသည်။

" ဒီပုလုံးက... " ဝမ်ပေါင်လဲ့သည် ထိုပုလဲလုံးမှာ တမူထူးခြားနေခြင်း ရှိမရှိ မသိပါသော်လည်း ၎င်းအား သေသေချာချာ သိမ်းဆည်းထားလိုက်၏။ ဝမ်ပေါင်လဲ့တစ်ယောက် ထို ပုလဲလုံးအား ကြည့်ရှုစစ်ဆေးနေစဉ် မီးတောင်နှုတ်ခမ်းဝ အထက်ရှိ အလင်းစက်လုံးကြီးထဲရှိ ဘီလူးလေးကောင် ထမ်းထားသော ပလ္လင်ကြီး၏ ထိပ်ဆုံးအထပ်ပေါ်တွင် လူရိပ်တစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

ထို လူရိပ်မှာ ပုံရိပ်ယောင်တစ်ခုနှင့်လည်း တူနေသလို လူအစစ်တစ်ယောက်နှင့်လည်း တူနေ၏။ တစ်ခါတစ်ရံတွင် ၎င်းမှာ ကြည်လင်ပြတ်သားနေတတ်ပါသော်လည်း တစ်ခါတစ်ရံတွင်မူ ၎င်းမှာ မှုန်ဝါးဝါးဖြစ်နေသည်။ ထို လူရိပ်ကြီးမှာ မီးခိုးရောင် ဝတ်ရုံရှည်တစ်ခုအား ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက်ဖြစ်ကြောင်း မြင်နိုင်ပေသည်။ သူ၏ ဆံပင်များမှာလည်း မီးခိုးရောင်ဖြစ်နေပြီး သူသည် ၎င်းတို့အား သူ၏ ဦးခေါင်းထိပ်မှနေ၍ ခြေသလုံးအထိ ဖားလျားချထား၏။ သူသည် အလွန်အင်မတန်မှ အံ့သြမှင်တက်ဖွယ်ရာကောင်းသည့်ပုံ ပေါ်ပြီး သူ၏ မီးခိုးရောင် မုတ်ဆိတ်ရှည်ကြီးမှာလည်း ဝမ်းဗိုက်အထိ တွဲလောင်းကျနေသေးသည်။

သာမန်ကာလျှံကာ ကြည့်လိုက်မည်ဆိုပါက ထိုအဘိုးကြီးမှာ အလွင်အင်မတန်မှ အိုမင်းနေသည့်ပုံ ပေါ်ပါသော်လည်း သေသေချာချာ ကြည့်လိုက်လျှင်မူ သူ၏ မျက်နှာပေါ်ရှိ အသားအရေမှာ ကလေးငယ်တစ်ယောက်၏ အသားအရေကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ ၎င်းမှာ သွေးရောင်လွှမ်းနေပြီး အသက်စွမ်းအားများဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း သူ၏ မျက်ဝန်းများမှာမူ မလှုပ်မယှက် ငြိမ်သက်နေဆဲပင်။ သို့ဖြစ်ရာ ၎င်းတို့မှာ လူသေကောင်တစ်ယောက်၏ မျက်ဝန်းများနှင့်ပင် ဆင်တူနေတော့သည်။

သို့သော် သူ၏ ခန္ဓာကိုယ် မှုန်ဝါးဝါးဖြစ်နေရာမှ အပြည့်အဝ ရုပ်လုံးပေါ်လာသည်နှင့် သူ၏ မျက်ဝန်းများထဲရှိ ခြုံလွှာတစ်ထည်မှာ ဖယ်ရှားခံလိုက်ရသကဲ့သို့ပင်။ ထို့ကြောင့် ၎င်းတို့မှာ ကြယ်တာရာများကဲ့သို့ ဝင်းလက်တောက်ပသွား၏။

" ငါတို့တွေ ဒီလိုအခြေအနေမျိုးကို ထပ်ရောက်လာပြန်ပြီ... ဒီတစ်ခေါက်ရော ရလဒ်က ဘယ်လိုဖြစ်မလဲမသိဘူး " သူသည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီးနောက် ပလ္လင်ကြီး၏ ထိပ်ဆုံးအထပ်ပေါ်၌ ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။

အစတွင် သူသည် ကောင်းကင်ကြီးအား မော့ကြည့်နေသည့်ပုံ ပေါ်ပါသော်လည်း သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက ထို အဘိုးကြီးမှာ ကောင်းကင်ကြီးအား ကြည့်နေခြင်း မဟုတ်ဘဲ သူ၏အထက် သုံးပေအကွာရှိ နေရာတစ်ခုအား ကြည့်နေခြင်းဖြစ်ကြောင်း သိလိုက်ရမည်ဖြစ်သည်။

ထို နေရာမှာ ဟင်းလင်းပြင်တစ်ခုသာ ဖြစ်နေသည့်တိုင်အောင် သူသည် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲပင်။ သို့ဖြစ်ရာ သူသည် အခြားသူများ မြင်နိုင်စွမ်းမရှိသည့် ကမ္ဘာကြီးတစ်ခုအား မြင်နေရသည့်ပုံ ပေါက်နေသည်။

ထို အဘိုးကြီးမှာ ကံကြမ္မာဂြိုဟ်၏ ပိုင်ရှင်ဖြစ်သလို ကံကြမ္မာစာအုပ်၏ ဒဏ္ဍာရီလာ အဆောင်ဝိညာဉ်တစ်ခုအဖြစ် လူအများက မှတ်ယူထားကြသည့်... ကောင်းကင်ဘုံဓမ္မသခင်ကြီး ဖြစ်ပေသည်။

သူသည် ပလ္လင်ကြီးပေါ်၌ မိုးသောက်ချိန်အထိ ထိုင်နေ၏... မိုးသောက်ချိန်သို့ ရောက်သောအခါ ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။ မြေပြင်ကြီးမှာလည်း တုန်ရီသွားပြီး တိမ်တိုက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ဝမ်ပေါင်လဲ့ အပါအဝင် ဧရာမ သားရဲကြီး သုံးဆယ့်ကိုးကောင်ပေါ်၌ ရှိနေကြသည့် ကျင့်ကြံသူများအားလုံးမှာမူ မီးတောင်နှုတ်ခမ်းဝရှိ အလင်းစက်လုံးကြီးအား စိုက်ကြည့်နေကြသည်။ ထို့နောက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြောင်းလဲသွားနေစဉ် ဟင်းလင်းပြင်ကြီးထဲမှ ရယ်မောသံများထွက်ပေါ်လာတော့သည်။

" တာအိုရောင်းရင်း ကောင်းကင်ဘုံဓမ္မ၊ အင်မော်တယ်တာအိုကို ပိုင်ဆိုင်နိုင်ပါစေ "

" တာအိုရောင်းရင်း ကောင်းကင်ဘုံဓမ္မ၊ ကျုပ်က ခဗျားရဲ့ မွေးနေ့ပွဲကို တက်နိုင်အောင် ဟိုးအဝေးကြီးမှာရှိတဲ့ မြောက်ပိုင်းကြယ်စင်စုထဲကနေ လာခဲ့ရဝာာနော်။ ခင်ဗျား အရက်ကောင်းကောင်း ပြင်ထားမှ ရမယ် "

" နှစ်ပေါင်းသန်းတစ်ရာဆိုတဲ့ အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့တာပဲ။ တာအိုရောင်းရင်း၊ ခင်ဗျား နေကောင်းတယ်မလား "

ထို ရယ်မောသံများ ပဲ့တင်ထပ်သွားသည်နှင့် ဖိနှိပ်အားများမှာ အရပ်မျက်နှာအနှံ့၌ ပေါ်ပေါက်လာ၏။ ၎င်းတို့ အောက်သို့ ဆင်းသက်လာသည်နှင့် ဂြိုဟ်ကြီးတစ်ခုလုံးမှာလည်း ကြောက်မက်ဖွယ်ရာ နတ်ဘုရားအာရုံများ၏ ဖုံးလွှမ်းခြင်းကိုခံလိုက်ရသည်။

ထို နတ်ဘုရားအာရုံများမှာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အားကောင်းလွန်းလှသောကြောင့် အရပ်မျက်နှာအနှံ့တွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ထို့နောက် စကြဝဠာကြီးထဲမှနေ၍ အလင်းတန်းများ ဆင်းသက်လာပြီး အလင်းစက်လုံးကြီးထဲရှိ ပလ္လင်ကြီး၏ ပတ်ပတ်လည်၌ ဝိုင်းထားကြသော ကျွန်းများဆီသို့ ဦးတည်လာတော့သည်။

အလင်းတန်း တစ်ခုချင်းစီတိုင်းမှာ ကျွန်းတစ်ကျွန်းစီသို့ ဦးတည်သွားခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ထို အလင်းတန်းများမှာ အရိပ်များအသွင် ပြောင်းလဲသွားကာ ထို ကျွန်းများနှင့်အတူ ပေါင်းစည်းသွားကြပြီး နတ်ဘုရားများကဲ့သို့ ခမ်းနားထည်ဝါသည့် ဧရာမ ဓမ္မရုပ်တုကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။

၎င်းတို့ ပေါ်ပေါက်လာကြသည်နှင့် လေထဲ၌ တေးဂီတသံများဖြင့် ပြည့်နှက်သွား၏။

ပလ္လင်ကြီး၏ ပတ်ပတ်လည်တွင် စုစုပေါင်း ကျွန်း ကိုးဆယ့်ကိုးကျွန်းတိတိ ရှိနေသည်ဖြစ်ရာ လစ်ဟင်းနေသေးသည့် ကျွန်းများပေါ်သို့ ဆင်းသက်သွားနေကြသော အလင်းတန်းများ ထပ်၍ ပေါ်ပေါက်လာသည်ကို မြင်နိုင်ပေသည်။ နောက်ဆုံးတွင် ကျွန်းကိုးဆယ့်ကိုးကျွန်းထဲမှ ရှစ်ဆယ့်ကိုးကျွန်းမှာ ဓမ္မရုပ်တုကြီးများအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ကျွန်းဆယ်ကျွန်းသာလျှင် ပြောင်းလဲသွားခြင်းမရှိဘဲ ကျန်ရစ်ခဲ့၏။

ထို ရုပ်တုများကြောင့် ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ တုန်လှုပ်ချောက်ချားသွားရ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲမှ အားအနည်းဆုံး ရုပ်တုပင်လျှင် ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ဤနေရာ၌ ပေါ်ပေါက်လာကြသည့် ဓမ္မရုပ်တုကြီးများမှာ ခန္ဓာကိုယ်အစစ်များ မဟုတ်ကြဘဲ ပုံရိပ်ယောင်များသာ ဖြစ်နေကြသည့်တိုင်အောင် ၎င်းတို့၏ အငွေ့အသက်များမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ ရှဲ့ဟေးရန်မှာဆိုလျှင် အသက်ရှူသံများ မြန်ဆန်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ချက်ချင်းပေးပို့လိုက်၏။

" သူတို့တွေ ရောက်လာပြန်ပြီ "

" ကောင်းကင်ဘုံဓမ္မသခင်ကြီး ကံကြမ္မာဂြိုဟ်ပေါ်မှာ သူ့ရဲ့မွေးနေ့ကို ကျင်းပတိုင်း ဒီလို အမြဲတမ်းဖြစ်တယ်။ ဒီ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးတွေကို ကြည့်လိုက်... သူတို့တွေအကုန်လုံးက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ကြပေမဲ့ ဘယ်သူကမှ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်တွေကို မသိကြဘူး။ အမှန်အတိုင်းပြောရရင် သူတို့တွေက ဘယ်မှတ်တမ်းထဲမှာမှ မပါကြဘူး "

" အဲတာမလို့... ပြင်ပကမ္ဘာကြီးထဲမှာ သူတို့တွေကို မြင်ဖူးတဲ့လူ မရှိဘူးဆိုတာ သေချာတယ်။ ပြီးရင် သူတို့ ပြောတဲ့နေရာတွေကလည်း အဆုံးမဲ့တာအိုနယ်မြေထဲမှာ မရှိကြဘူး။ ဥပမာပြရရင် မြောက်ပိုင်းကြယ်စင်စုပေါ့။ အဲဒီ ကြယ်စင်စုဆိုရင် မဟာလက်ဝဲတာအိုနယ်မြေထဲမှာရော မဟာဒိဋ္ဌိနယ်မြေထဲမှာပါ မရှိဘူးလေ "

" ပြီးတော့ ရှဲ့မိသားစုနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် ဒီ ဓမ္မရုပ်တုကြီးတွေ အကုန်လုံးက ဆိုင်းမဆင့်ဗုံမဆင့် ဗြုန်းစားကြီး ပေါ်ပေါက်လာကြတာ။ သူတို့ ထွက်ခွာသွားတဲ့ အချိန်ကျရင်လည်း အတူတူပဲ။ အဆုံးမဲ့မျိုးနွယ်စုထဲက နတ်ဧကရာဇ်တစ်ပါးဆိုရင် သူကိုယ်တိုင် သူတို့ကို စမ်းသပ်ဖို့ ကြိုးစားကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ သူက ဟင်းလင်းပြင်ကြီးထဲကို ဝင်တိုးလိုက်သမျိုးပဲ ဖြစ်သွားခဲ့တာ။ သူတို့တွေကို မထိနိုင်ခဲ့ဘဲ သူတို့ရဲ့ ဘေးကနေပဲ ကျော်သွားခဲ့တာလေ။ မသိရင် သူတို့တွေက တစ်ယောက်ကိုတစ်ယောက် မြင်လည်းမမြင်ရသလို အဆက်အသွယ်လည်း လုပ်လို့မရတဲ့ အတိုင်းပဲ "

" ကျွန်တော့်ရဲ့ မှန်းဆချက်တွေအရဆိုရင်တော့ သူတို့တွေက တကယ်မရှိဘူး။ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်အသင်္ချေပေါင်း မြောက်မြားစွာတုန်းက ရှိခဲ့တဲ့ ကျင့်ကြံသူတွေပဲဖြစ်ရမယ်။ အမှောင်ဂိုဏ်းထက်တောင်မှ ပိုပြီးတော့ သက်တမ်းစောရင် စောနေလောက်တယ် "

" အဲဒီ နတ်ဧကရာဇ်ကြီး သူတို့ကို စမ်းသပ်ပြီးခဲ့တဲ့နောက်မှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ မွေးနေ့ပွဲအတွက် စည်းမျဉ်းအသစ်တစ်ခု တိုးလာတာပဲ။ အဲဒီစည်းမျဉ်းက ဘာလဲဆိုတော့... သူ့ရဲ့ မွေးနေ့ပွဲကို ကြယ်နယ်မြေအဆင့်ရဲ့ အထက်မှာရှိတဲ့ ကျင့်ကြံသူတွေ တက်ရောက်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းပဲ “

All Chapters