ထပ်တူကျခြင်း
Vol. 76 Ch. 1046
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ စကားများကို နားထောင်ကာ အလင်းစက်လုံးထဲရှိ ကျွန်းများပေါ်သို့ ဆင်းသက်လာနေသည့် အလင်းတန်းများကို ကြည့်နေရင်း မျက်ဝန်းများ အရောင်တောက်ပသွား၏။
သူသည် ကြယ်သုသာန်အကြောင်း တွေးမိသွားခြင်း ဖြစ်သည်။ ဤနေရာနှင့် ယှဉ်လိုက်ပါက ကြယ်သုသာန်မှာ ပို၍ ထူးဆန်းသည်ဟုဆိုရပေမည်။ ထို ကမ္ဘာထဲ၌ သူမြင်ခဲ့ရသည့် လူပုံစံစက္ကူရုပ်များနှင့် အရာအားလုံး စက္ကူများ ဖြစ်နေသည့် မြင်ကွင်းများမှာ သူ၏ သက်တမ်းတစ်လျှောက် မြင်ဖူးသမျှ အရာအားလုံးထဲတွင် အထူးဆန်းဆုံး ဖြစ်ပေသည်။
ဤ နေရာကြီးမှာ ကြယ်သုသာန်လောက် ထူးဆန်းနေခြင်း မရှိပါသော်လည်း ပို၍ ကျယ်ပြောပြီး လျှို့ဝှက်ဆန်းကြယ်၏။ သူ ကံကြမ္မာဂြိုဟ်ပေါ်သို့ ရောက်လာခဲ့ပြီးနောက် မြင်ခဲ့ရသည့် အရာအားလုံးမှာ ပဟေဠိဆန်နေသည် မဟုတ်ပါလော။
" ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူ ရှစ်ဆယ့်ကိုးယောက်... အဲဒီ အရေအတွက်က မဟာဒိဋ္ဌိနယ်မြေထဲမှာရှိတဲ့ အရေအတွက်နဲ့တောင် ယှဉ်ရင်ယှဉ်နိုင်လောက်တယ်။ ပြီးတော့ သူတို့က သာမန် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတွေ မဟုတ်ကြဘူး။ ငါ့အထင်တော့ သူတို့က ဆရာနဲ့ မတိမ်းမယိမ်း အဆင့်လောက်မှာကို ရှိနေလောက်တယ် " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူ၏ နှလုံးသားတစ်ခုလုံးမှာ ဗြောင်းဆန်နေရပြီ ဖြစ်သည်။
သူ၏ဆရာ မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူ ချန်ရှင်းလောက် အစွမ်းမထက်ပါသော်လည်း ကြယ်နယ်မြေထိပ်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း သူက သိထား၏။ အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲတွင် သူ့အား ထိပ်သီးအဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်၍ပင် ရပေသည်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းကိုမူ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်၍မရတော့ပေ။
သူသည် လျှို့ဝှက်ပညာရပ်တစ်ခုခု ပိုင်ဆိုင်ထားသောကြောင့်သာ ကြယ်နယ်မြေအဆင့်တွင် ရှိနေခဲ့စဉ်တုန်းက စကြဝဠာအဆင့် နတ်ဧကရာဇ်တစ်ပါးအား သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ရပေမည်။
" ဆရာ့လိုမျိုး အစွမ်းထက်ကျင့်ကြံသူ ရှစ်ဆယ့်ကိုးယောက်တိတိ ရှိနေတာပဲ။ သူတို့တွေအကုန်လုံးရဲ့ စွမ်းအားတွေနဲ့ဆိုရင် အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားအောင် လုပ်ပစ်လို့ရတယ်။ အခုလောလောဆယ် သူတို့တွေက ပုံရိပ်ယောင်တွေ အဖြစ်နဲ့ပဲ ရှိနေကြပေမဲ့ ငါတို့တွေ သိမထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်သေးတယ်။ ပြီးတော့ အဲဒီ အချက်ကြောင့်လည်း အဆုံးမဲ့တာအိုနယ်မြေက ကံကြမ္မာဂြိုဟ်ကို အသိအမှတ်ပြုထားရတာ "
ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ ပုံရိပ်ယောင် ရှစ်ဆယ့်ကိုးခုအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ခဏအကြာတွင် သူသည် ထို အစွမ်းထက် ပုံရိပ်ယောင်များထဲမှ တစ်ခုအား မြင်လိုက်ရသဖြင့် ရုတ်တရက်ဆိုသလို မျက်လုံးများ မှေးသွားရသည်။
ထို ပုံရိပ်ယောင်မှာ သာမန်ဟုသာ ထင်ရပါသော်လည်း ၎င်း၏ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်နေ၏။ သို့ဖြစ်ရာ ထိုကျင့်ကြံသူမှာ သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ရန် အစွမ်းကုန်ကြိုးစားနေရသည့်ပုံပင်။ သူ၏ ခန္ဓာကိုယ်မှာ အရွယ်အစားကြီးမားလွန်းလှသောကြောင့် သူသည် ဤနေရာသို့ ရောက်လာနိုင်ရန် ၎င်းအား အတိုင်းအတာတစ်ခုအထိ သေးငယ်သွားအောင် ဖိနှိပ်ချုပ်တည်းထားရခြင်း ဖြစ်ရပေမည်။
သူ ထိုကဲ့သို့ ဖိနှိပ်ချုပ်တည်းနေရသဖြင့် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေသောကြောင့် သူ၏ ခန္ဓာကိုယ်မှာလည်း မှုန်ဝါးဝါး ဖြစ်သွားလိုက် ပြန်လည် ကြည်လင်ပြတ်သားလာလိုက် ဖြစ်နေ၏။ ဝမ်ပေါင်လဲ့ သတိထားမိလိုက်သည့် အချက်မှာ သူ၏ ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်း ရှိနေခြင်းပင်။ ၎င်းမှာ ပလ္လင်ကြီး၏ တတိယထပ်ပေါ်ရှိ ဘီလူးများ၏ ဦးချိုများနှင့် ဆင်တူနေသည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ မည်သည့်အကြောင်းကြောင့်မှန်းမသိ ထို ပုံရိပ်ယောင်ကြီးနှင့် ရင်းနှီးနေသည်ဟုလည်း ခံစားနေရသေးသည်။ ထို့ကြောင့် သူသည် ဇဝေဇဝါဖြစ်သွားရပြီး အတွေးများထဲ၌ နစ်မျောသွားရ၏။ သို့သော် ခဏအကြာတွင် ရှဲ့ဟေးရန်၏ စကားသံမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်။
" ပလ္လင်ကြီးရဲ့ ပတ်ပတ်လည်မှာ ကျန်နေသေးတဲ့ ကျွန်းဆယ်ကျွန်းက အရည်အချင်းစမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်မယ့် ပါရမီရှင်ဆယ်ယောက်အတွက် ချန်ထားတာ "
" အဲတာမလို့ ပြိုင်ပွဲဝင်တွေထဲက ဆယ်ယောက်က အလင်းစက်လုံးကြီးထဲကို ဝင်ခွင့်ရမှာပဲ။ သူတို့က အဲဒီ ကျွန်းတွေပေါ်မှာ ထိုင်ပြီး တခြား အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ ကောင်းကင်ဘုံဓမ္မသခင်ကြီးကို မွေးနေ့ဆုမွန်ကောင်း တောင်းပေးရမှာ "
" ပြီးတော့ ဂိုဏ်းတူဦးလေး... ကိုယ့်ရဲ့ နတ်ဘုရားစွမ်းရည်တွေကို အပြည့်အဝ နားလည်အောင် လုပ်ခွင့် ရဦးမှာပါ။ အရင်တုန်းကအတိုင်း အရည်အချင်းစမ်းသပ်ပွဲ မစခင် တာအိုစကားဝိုင်းတစ်ဝိုင်း ရှိဦးမှာလေ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ပြလိုက်ပြီး စကားပြောရန်ပြင်လိုက်ပါသော်လည်း အလင်းစက်လုံးကြီးထဲရှိ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ နှုတ်မှ ရယ်မောသံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ သူ၏ ရယ်သံ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားသောအခါ တိမ်တိုက်များမှာ လွင့်ပါးပျောက်ကွယ်သွားပြီး မြေပြင်ကြီးမှာ တုန်ရီနေရာမှ ရပ်တန့်သွား၏။ သို့ဖြစ်ရာ လေပြည်လေးညင်းလေးတစ်ချက် တိုက်ခတ်သွားသဖြင့် လူတိုင်းမှာ ကိုယ်စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားရသည့် အလားပင်။
ထို ရယ်သံ ထွက်ပေါ်လာသည်နှင့် ပလ္လင်ပေါ်ရှိ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ လူတိုင်း၏ ရှေ့၌ ရှင်းလင်းပြတ်သားစွာ ရုပ်လုံးပေါ်လာ၏။ သူသည် မီးခိုးရောင် ဝတ်ရုံရှည်တစ်ခုအား ဆင်မြန်းထားပြီး သူ၏ မျက်ဝန်းများမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်မှုအပြည့် ရှိနေသည်။ ယခုတွင် သူသည် ပြုံးကာ ဘေးပတ်ပတ်လည်ရှိ ကျွန်းများပေါ်ရှိ သူ့အား မွေးနေ့ဆုမွန်ကောင်းတောင်းပေးရန် ရောက်လာကြသော အစွမ်းထက် ကျင့်ကြံသူကြီးများနှင့် စကားစမြည်များ ပြောဆိုနေလိုက်သည်။
ထိုအချိန်တွင် သူ၏ဘေး၌ အဘိုးကြီးတစ်ယောက်၏ လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ထို အဘိုးကြီးမှာ အစိမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး ခါးကိုင်းကာ ဦးညွှတ်၍ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ထားသည်။ သူသည် အစေခံအိုကြီးတစ်ယောက်နှင့် တူပါသော်လည်း သူ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အခြား ပုံရိပ်ယောင်များ၏ အငွေ့အသက်များထက် အားနည်းနေခြင်းမရှိပေ။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် အလင်းစက်လုံးကြီးထဲမှ စကားသံများကို အသေးစိတ် ကြားနိုင်စွမ်းမရှိပါသော်လည်း မကြာခဏဆိုသလို ထွက်ပေါ်လာတတ်သည့် ရယ်မောသံများနှင့် တုန်ခါမှုလှိုင်းများကြောင့် ရီဝေဝေ ဖြစ်နေသလိုခံစားနေရသည်။ သို့ဖြစ်ရာ အစွမ်းထက် ကျင့်ကြံသူကြီးများဆီမှ ထွက်ပေါ်လာကြသည့် ရယ်မောသံများနှင့် စကားသံများမှာ ဘေးပတ်ပတ်လည်ရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပေါ်တွင် အကျိုးသက်ရောက်မှု ရှိနေသောကြောင့် ထို နေရာတစ်ခုလုံး၌ တာအိုအငွေ့အသက်များဖြင့် ပြည့်နှက်သကဲ့သို့ပင်။ လူတိုင်းမှာ ထို အငွေ့အသက်များ၏ လွှမ်းခြုံခြင်းကို ခံထားရသည်။
ဝမ်ပေါင်လဲ့မှာလည်း ထို အငွေ့အသက်များကြောင့် တဖြည်းဖြည်းနှင့် ကိုယ်စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားရ၏။
သူတစ်ယောက်တည်းသာ မဟုတ်ပေ။ အလင်းစက်လုံးကြီး၏ အပြင်ဘက်ရှိ ဧရာမ သာရဲကြီး သုံးဆယ့်ကိုးကောင်ပေါ်၌ ရှိနေကြသည့် အခြား ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။
ထို့ကြောင့် သူတို့အားလုံး၏ နတ်ဘုရားအာရုံများမှာ ပိုမိုအားကောင်းလာပြီး သူတို့မှာ သာမန်အခြေအနေများတွင် မြင်နိုင်စွမ်းမရှိသော သဘာဝစည်းမျဉ်းဥပဒေသ အငွေ့အသက်များကို မြင်နိုင်စွမ်းရှိသွားတော့သည်။
အလင်းစက်လုံးကြီးထဲရှိ စကားဝိုင်းနှင့် ကျွန်းများပေါ်၌ ပေါ်ပေါက်လာကြသည့် ပုံရိပ်ယောင်များကြောင့် ထို နေရာတစ်ဝိုက်တွင် စည်းမျဉ်းဥပဒေသများ စုဝေးနေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ယခုကဲ့သို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားချိန်တွင် ၎င်းတို့အား ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်း ရှိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများမှိတ်ထားသည့်တိုင်အောင် သူ၏ ဘေးပတ်ဝန်းကျင်၏ ပုံရိပ်များမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာဆဲပင်။ ထို ပုံရိပ်များထဲတွင် ကျင့်ကြံသူများ ရှိမနေဘဲ ဧရာမ အလင်းရင်းမြစ် ကိုးဆယ့်တစ်ခုသာ ရှိနေသည်။
အလယ်ရှိ အလင်းရင်းမြစ်ကြီးမှာ အရာအားလုံး၏ မူလအစ ဖြစ်နေသည့်ပုံပင်။ ၎င်းမှာ အဆုံးအစမရှိလောက်အောင် ကြီးမားကျယ်ပြော၏။ ၎င်း၏ ဘေးရှိ အရွယ်အစားသေးငယ်သော အလင်းရင်းမြစ်မှာမူ သဘာဝ စည်းမျဉ်းဥပဒေသများဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ မရေမတွက်နိုင်လောက်အောင် များပြားသည့် အမျှင်အတန်းများကို ထုတ်လွှတ်နေပြီး ထို အမျှင်အတန်းတစ်ခုချင်းစီတိုင်းမှာ ဟင်းလင်းပြင်ကြီးနှင့် ချိတ်ဆက်ကာ ထူးဆန်းသော အလင်းရောင်မျိုးစုံကို ဖန်တီးပေးထားသည့်ပုံပင်။
အရွယ်အစား မတူညီသည့် ထို အလင်းရင်းမြစ် နှစ်ခု၏ ပတ်ပတ်လည်တွင် အခြား အလင်းရင်းမြစ် ရှစ်ဆယ့်ကိုးခု ရှိနေကြ၏။ ၎င်းတို့ထဲမှ တစ်ခုချင်းစီတိုင်းမှာ အမျှင်အတန်းများ ထုတ်လွှတ်နေကြပြီး အဆုံးအစမရှိလောက်အောင် များပြားသည့် သဘာဝ စည်းမျဉ်းဥပဒေသများကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များကြောင့် ထိုနေရာတစ်ခုလုံးတွင် သဘာဝစည်းမျဉ်းဥပဒေသများဖြင့် ပြည့်နှက်နေ၏။
ဝမ်ပေါင်လဲ့နှင့် အခြား ကျင့်ကြံသူများမှာမူ အပြင်ဘက်အကျဆုံး အပိုင်းတွင် ရှိနေကြသည့် အလင်းရောင် အစက်အပြောက်လေးများ ကဲ့သို့ပင်။ ထို အစက်အပြောက်များ၏ ပတ်ပတ်လည်တွင် အမျှင်အတန်းများ လှုပ်ယမ်းနေကြသဖြင့် ၎င်းတို့မှာ အသေးစား အာကာသတွင်းနက်များနှင့်ပင် တူနေ၏။ သူတို့မှာ သူတို့၏ ပါရမီနှင့် ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်၍ ထိုနေရာတစ်ဝိုက်ရှိ သဘာဝစည်းမျဉ်းဥပဒေသ အငွေ့အသက်များအား အမြန်နှုန်းအမျိုးမျိုးဖြင့် စုပ်ယူနေကြသည်။
ထို အလင်းရောင် အစက်အပြောက်လေးများထဲမှ ကိုးခုမှာ အများနှင့်မတူဘဲ ကွဲထွက်နေ၏။ ၎င်းတို့ကြောင့် ပေါ်ပေါက်လာရသည့် အာကာသတွင်းနက်များမှာ သဘာဝ စည်းမျဉ်းဥပဒေသများအား အမြန်ဆုံးနည်းဖြင့် စုပ်ယူနေကြသည်။ ထို အာကာသတွင်းနက်များမှာ ထို နေရာတစ်ဝိုက်ရှိ စည်းမျဉ်းဥပဒေသများအား စုပ်ယူကာ ၎င်းတို့နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီးနောက် ပို၍ပင် အားကောင်းလာသဖြင့် အလင်းရောင် အစက်အပြောက်လေးများမှာလည်း ပို၍ပင် ဝင်းလက်တောက်ပလာရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို အလင်းရောင် အစက်အပြောက် ကိုးခုထဲမှ တစ်ခုဖြစ်၏။ သူသည် အခြားသူများနှင့်မတူဘဲ ကွဲထွက်နေကြောင်း သူ့ကိုယ်သူ သတိထားမိထားပြီးသား ဖြစ်ပါသော်လည်း အခြား အလင်းရောင် အစက်အပြောက် ရှစ်ခုမှာလည်း တမူထူးခြားနေသည်ကို မြင်နေရသည်။ တစ်ချိန်ထဲမှာပင် အခြားသူများမှာလည်း သူ့အား အကဲခတ်နေကြ၏။
သူသည် ထို အလင်းရောင် အစက်အပြောက် ရှစ်ခုမှာ မည်သူများဖြစ်ကြောင်း စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် ထို အလင်းရောင် အစက်အပြောက်များအား တစ်ချက်လှမ်းကြည့်လိုက်ပြီး သူတို့အကြောင်း အကြမ်းဖျင်းခန့် နားလည်သွားသည်နှင့် ထို အကြောင်း ဆက်လက်စဉ်းစားတွေးတောနေခြင်း မရှိတော့ဘဲ သဘာဝစည်းမျဉ်းဥပဒေသများအား နားလည်နိုင်ရန်သာ အာရုံစိုက်ထားလိုက်တော့သည်။
သူသည် ပထမဦးဆုံးအနေနှင့် သူ၏ ကိုယ်ပိုင် မီး သဘာဝစည်းမျဉ်းဥပဒေသအား နားလည်အောင်လုပ်လိုက်၏။ သူ၏ ပတ်ပတ်လည်ရှိ သဘာဝစည်းမျဉ်းဥပဒေသ အမျှင်အတန်းများထဲမှ အချို့မှာ သူ၏ စုပ်ယူခြင်းကိုခံလိုက်ရပြီဖြစ်သည်။ ၎င်းတို့မှာ သူနှင့် တစ်သားတည်း ပေါင်စည်းသွားပြီးနောက် သူ၏ အသိစိတ်ထဲ၌ လျှို့ဝှက်ဆန်းကြယ် စွမ်းရည်များနှင့် မန္တန်များအဖြစ် ပြောင်းလဲသွားကြ၏။
ထို စွမ်းရည်များနှင့် မန္တန်များအားလုံးမှာ မီးနှင့် ဆက်နွှယ်နေကြသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား တတ်မြောက်သွားသည်နှင့် သူသည် မီး သဘာဝစည်းမျဉ်းဥပဒေသအကြောင်း ပို၍ နားလည်လာပြီဖြစ်ကြောင်း ချက်ချင်းအာရုံခံမိလိုက်သည်။ ထို နားလည်မှုကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်း မရှိပါသော်လည်း သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများနှင့် မီး သဘာဝစည်းမျဉ်းဥပဒေသနှင့် ထပ်တူကျနိုင်စွမ်းမှာ ပို၍ တိုးတက်လာပြီဖြစ်သည်။
ထို့အပြင် သူသည် မီးသဘာဝစည်းမျဉ်းဥပဒေသကို အသုံးပြုသော မီးတောက်ဝိညာဉ်ကျိန်စာမှာ အချိန်တိုလေးအတွင်းတွင် ယခင်တုန်းကထက် နှစ်ဆတိတိ ပို၍ အစွမ်းထက်လာပြီဖြစ်ကြောင်း အာရုံခံမိလိုက်သေးသည်။
မီး သဘာဝစည်းမျဉ်းဥပဒေသကို အသုံးပြုသော အခြား နတ်ဘုရားစွမ်းရည်များ အားလုံးမှာလည်း ထိုနည်းတူပင်။
၎င်းမှာ သဘာဝစည်းမျဉ်းဥပဒေသတစ်ခုနှင့် ထပ်တူကျခြင်း၏ အကျိုးကျေးဇူးဖြစ်ပေသည်။ သဘာဝစည်းမျဉ်းဥပဒေသမှာ ပြောင်းလဲသွားခြင်းမရှိပါသော်လည်း မိမိနှင့် ပေါင်းစည်းထားသည့် ဂြိုဟ် ပို၍ အဆင့်မြင့်လေလေ ၎င်းမှာ ပို၍ အစွမ်းထက်လာလေလေဖြစ်သည်။ ထပ်တူကျနိုင်စွမ်းမှာလည်း ထိုနည်းတူပင်။
ဂြိုဟ်၏အဆင့် ပိုမြင့်လေလေ ထပ်တူကျနိုင်စွမ်း၏ ကန့်သတ်ချက်မှာလည်း ပို၍ မြင့်မားလေလေဖြစ်သည်။ ဥပမာပြရလျှင် အဆင့်အနိမ့်ဆုံး ဂြိုဟ်များမှာ မီး သဘာဝစည်းမျဉ်းဥပဒေသနှင့် ဆယ်ရာခိုင်နှုန်းအထိသာ အများဆုံး ထပ်တူကျနိုင်စွမ်း ရှိပေသည်။
ရှေးဟောင်းဂြိုဟ်တစ်လုံးမှာမူ မီး သဘာဝစည်းမျဉ်းဥပဒေသနှင့် ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထပ်တူကျနိုင်စွမ်းရှိသည်။ တာအိုဂြိုဟ်များမှာမူ သဘာဝစည်းမျဉ်းဥပဒေသများနှင့် အပြည့်အဝ ထပ်တူကျကာ တစ်သားတည်း ပေါင်းစည်းနိုင်စွမ်းရှိပေသည်။
၎င်းမှာ ထပ်တူကျမှု ထိပ်ဆုံးအဆင့် ဖြစ်၏။ ထိုအခြေအနေတွင် သဘာဝစည်းမျဉ်းဥပဒေသ တစ်ခုအား အပြည့်အဝ နားလည်သွားမည်ဖြစ်ရာ ထုတ်လွှတ်နိုင်စွမ်းရှိသည့် စွမ်းအားများမှာလည်း ကြောက်ခမန်းလိလိ တိုးတက်လာမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလာရ၏။ သူသည် အချိန်တိုလေးအတွင်းတွင် မီး သဘာဝစည်းမျဉ်းဥပဒေသနှင့် ခြောက်ဆယ်ရာခိုင်နှုန်းအထိ ထပ်တူကျသွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်သည် မဟုတ်ပါလော။ ထို့ကြောင့် သူ ထို သဘာဝစည်းမျဉ်းဥပဒေသအား ဆက်၍ နားလည်အောင်လုပ်ရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူသည် ဘေးပတ်ပတ်လည်ရှိ အလင်းရောင် အမျှင်အတန်းများမှာ အလင်းရင်းမြစ်များဆီသို့ တဖြည်းဖြည်းနှင့် ပြန်လည်ဆုတ်ခွာသွားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို အမျှင်အတန်းများအားလုံး အလင်းရင်းမြစ်များထဲသို့ ပြန်ဝင်သွားသည်နှင့် ဤ အခွင့်အရေးကြီးမှာလည်း ပြီးဆုံးသွားတော့မည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့အား ကိုယ်စားပြုသည့် အလင်းရောင် အစက်အပြောက်လေးမှာ ဖျတ်ခနဲ တောက်ပသွား၏။ သူသည် သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် အလင်းရောင် အမျှင်အတန်းများနှင့် ရောင့်ရဲနိုင်တော့မည်မဟုတ်ပေ။ အချိန်တိုလေးအတွင်း အခြား သဘာဝစည်းမျဉ်းဥပဒေသများနှင့် ပို၍ ထပ်တူကျလိုပါက နည်းလမ်းတစ်ခုသာ ရှိတော့ပေသည်။
ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ ဧရာမ အလင်းရင်းမြစ် ကိုးဆယ့်တစ်ခုအား ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်တော့သည်။