← Chapters

အစီအစဥ်

Vol. 8 Ch. 12

အစီအစဥ်

Vol. 8 Ch. 12

အပြာရောင်နဲ့ခဲရောင်စက်ထားတဲ့ အပေါ့စားသံချပ်ကာဝတ်စုံကိုဝတ်ထားတဲ့ နျူရေက ဆိုင်ကယ်ပျံပေါ်မှာ နေရာယူထားပြီးတော့ ဆိုင်ကယ်ကစက်သေနတ်တွေနဲ့ မြေပြင်ကိုပစ်ခတ်နေတယ်။ ပစ်မှတ်ကတော့ အေမီဖြစ်ပြီးတော့ ကျောင်းတွင်းတောအုပ်ငယ်ရဲ့ အရိပ်အာဝါသကောင်းမှုကို အားပြုလို့ သစ်ပင်တွေ

တစ်ခုနဲ့တစ်ခုကြား ခုန်ကူးပြေးလွှားနေပါတယ်။ သူ့လက်ထဲမှာတော့ နေရောင်အောင်မှာ တောက်ပနေတဲ့

ဖန်သလင်းလုံးကို တွေ့နိုင်တယ်။

ပထမတစ်ကြိမ် အတန်းBနဲ့ အတန်းD တို့ရဲ့ပြိုင်ပွဲပြီးသွားတာ အတော်ကြာပြီ။ အခုအချိန်ထိ လက်တွေ့တိုက်ပွဲသင်ခန်းစာမှာ အေမီကိုပြတ်ပြတ်သားသား အနိုင်ယူနိုင်တဲ့အတန်းမရှိသေးဘူး။ အတန်းတိုင်းက

ကျောင်းသားတွေရဲ့မျှော်လင့်ချက်ကို သံမဏိအရုပ်မက ရိုက်ချိုးပစ်ခဲ့တာချည်းပဲ။

အခုဒုတိယနှစ်ဝက်မှာလည်း အတန်းBနဲ့အတန်းD နောက်တစ်ကြိမ်ရင်ဆိုင်မိကြပြန်ပြီဖြစ်ပြီး အေမီရဲ့လက်ထဲမှာကိုင်ထားတဲ့ သလင်းဖန်လုံးကိုထပ်လုဖို့

ကံကြမ္မာဖန်လာပြန်တယ်။

ဝှစ်....

အေမီက သစ်တောထဲမှာပြေးနေတုန်း သူ့တည့်တည့်ကို ဧရာမကျောက်တုံးကြီးတစ်ခုပြေးဝင်လာလို့မြေပြင်ကို ခြေစုံကန်ပြီး ခုန်ထွက်လိုက်ရတယ်။ လက်ထဲမှာတော့ သလင်းဖန်လုံးကို ဆက်ကိုင်ထားဆဲဖြစ်ပြီး သူ့အကြည့်က ကျောက်တုံးလာရာကို ကြည့်လိုက်တယ်။ လက်တစ်ဖက် အကြီးကြီးဖြစ်နေတဲ့ ဂိုးလ်က သူနဲ့မမျက်နှာချင်းဆိုင်မှာရှိနေပြီး သစ်ပျိုပင်တစ်ပင်ကို အမြစ်ကနေဆွဲနှုတ်ကာ တင်းပုတ်သဖွယ်ကိုင်လိုက်တယ်။

“ဒီတစ်ခါတော့ မရတော့ဘူးကွ။” ဂိုးလ်က အော်ဟစ်ရင်း ရှစ်ပေလောက်ရှည်တဲ့ သစ်ပင်ပင်စည်ကြီးနဲ့ အေမီကို ရိုက်ချလိုက်တယ်။ အေမီက သာသာလေးရှောင်လိုက်ပေမဲ့ ဂိုးလ်က အလျားလိုက်စက်ဝိုင်းခြမ်းသဏ္ဍာန် ဝိုက်ပြီးရိုက်လိုက်ပြန်တယ်။

အေမီက သစ်ကိုင်းကိုလက်နဲ့ထောက်ပြီး လှလှလေးပဲ ခုန်ကျော်လိုက်တယ်။ အဲဒီနောက် ဖန်လုံးကိုရင်မှာပိုက်ထားရင်း ဂိုးလ်ဆီကို တည့်တည့်ပြေးဝင်တယ်။

ဂိုးလ်းကလည်း သစ်ပင်နဲ့ရိုက်ချလိုက်ပေမဲ့ အေမီက

ဒီတစ်ခါတော့ ပြင်ဆင်ထားပုံရပြီး သစ်လုံးအလည်

တည့်တည့်ကို လက်သီးနဲ့ထိုးချလိုက်တယ်။

ချွတ်....

သစ်ပင်ပင်စည်က လုံးဝပျက်စီးသွားတာမျိုးမဟုတ်ပေမဲ့ အသားတွေကျိုးဖွာထွက်သွားပြီး လက်နက်လုပ်ဖို့ အသုံးမဝင်တော့ဘူး။ ဂိုးလ်သတိဝင်လာတော့

အေမီရဲ့လက်သီးက သူ့မျက်နှာကိုထိုးမိတော့မယ်။

“ရပ်လိုက်....”

ရုတ်တရက် အနီရောင်အရိပ်တစ်ရိပ် နှစ်ယောက်ကြားထဲဝင်လာပြီး အေမီကိုဓားနဲ့ခုတ်ချလိုက်တယ်။

အေမီက နောက်ကိုဆုတ်လိုက်ပေမဲ့ လေပေါ်ကနေ ဒုံးကျည်နှစ်ခုကျဆင်းလာတဲ့အတွက် သူတို့သုံးဦးလုံး လူစုခွဲလိုက်ရတယ်။

ဘုန်း....

နျူရေက ဆိုင်ကယ်ပေါ်ကနေ လက်မထောင်ပြလိုက်တယ်။ ဂိုးလ်နဲ့အီဗန်ကတော့ ကျိန်ဆဲလိုက်လေရဲ့။ တောအုပ်ထဲကို အတန်းBက ကျောင်းသားအုပ်ကြီးဝင်လာပြီ။ ခေါင်းဆောင်က ဂရေဟမ်၊ သူတို့လက်ထဲမှာ ကိုယ်တိုင်တည်ဆောက်ထားတဲ့ လက်နက်မျိုးစုံပါတယ်။

“မကောင်းတော့ဘူး၊ သစ်တောအဝင်ဝက ငါတို့အစောင့်တပ် ကျသွားပြီထင်တယ်။”

ဂိုးလ်က အီဗန်ကိုပြောလိုက်တယ်။ နောက်တော့ နှစ်ယောက်လုံး ကျောက်တုံးတစ်တုံးရဲ့နောက်ကို ခုန်ဝင်ပြီးပုန်းနေလိုက်ရတယ်။

“ပစ်ကြ....” ဗိုလ်ကြီးဂရေဟမ်အမိန့်ပေးတာနဲ့ အားလုံးက အေမီကို ကိုယ်ပိုင်လက်နက်တွေနဲ့ချိန်ပြီး

ဝိုင်းပစ်ကြတယ်။ အေမီက သစ်တောအနက်ပိုင်းထဲကို ပြေးဝင်ပေမဲ့ ကျောင်းသားအုပ်ကြီးဆီကနေထွက်လာတဲ့ လေဆာတွေ၊ အမြောက်ကျည်ဆန်တွေ၊ လျှပ်စစ်လှိုင်းတွေကြောင့် သစ်တောထဲက သစ်ပင်တွေ တစ်ခုပြီးတစ်ခုလဲပြိုကျကုန်တယ်။

“ဒီပစ်အားနဲ့ဆိုရင် ငါတို့ရဲ့အခြေခံလက်နက်တွေပဲရှိတဲ့ အစောင့်တပ် လွယ်လွယ်ကျသွားတာ မဆန်းဘူး။

အတန်းBကကောင်တွေက ငါတို့ထက် စုပေါင်းအင်အားပိုသာတယ်။ ပြေးကြစို့။”

အီဗန်တို့လည်း အေမီထုံးနှလုံးမူပြီး တောနက်ထဲ ဝင်ပြေးကြပြီ။ သူတို့နောက်ကနေတော့ ဒါဇင်နဲ့ချီတဲ့ နည်းပညာကျောင်းသားတပ်ကြီးလိုက်လာနေပါတယ်။

...

အေမီပြေးနေရင်းကနေ သစ်တောအနက်ပိုင်းထဲရောက်တော့ သူ့အရှိန်က ရုတ်တရက်ကျသွားတယ်။

ငုံကြည့်လိုက်တော့ သူ့ခြေထောက်ကို ဘယ်လာရဲ့သလင်းကျောက်တွေ ဖုံးလွှမ်းနေတာ တွေ့လိုက်ရပြီး

ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်တော့ သစ်ပင်တစ်ခုပေါ်မှာ ဒေါင်လိုက်ရပ်နေတဲ့ ဘယ်လာကိုတွေ့လိုက်ရတယ်။ သူ့လက်ချောင်းတွေထဲမှာတော့ သလင်းကျောက်တွေကို နင်ဂျာလက်နက်တွေညှပ်ထားသလိုညှပ်ထားပြီး ပြုံးလိုက်တယ်။

“ငါအသစ်လေ့ကျင့်ထားတဲ့ နင်ဂျာစကေးတွေကို နင့်ကိုပြရသေးတာပေါ့။”

ဘယ်လာက သလင်းကျောက်တွေနဲ့ အေမီကိုလှမ်းပစ်တယ်။ အခုသလင်းကျောက်တွေက ဘယ်လာခါတိုင်းပစ်နေကျထပ် အများကြီးပိုသေးတယ်။ ဒါပေမဲ့

အရေအတွက်ပိုများ၊ ပိုမြန်ပြီး ရှောင်ဖို့ခက်နေတယ်။

ပိုဆိုးတာက မြေပြင်နဲ့ထိပြီးစိုက်ကျန်နေရစ်တဲ့ သလင်းကျောက်စတွေက တဖြည်းဖြည်းပိုမိုကြီးထွားလာနေတာပဲ။

အေမီက ဒီနေရာကနေ အမြန်ထွက်သွားချင်ပေမဲ့ ခြေချုပ်မိနေတာကြောင့် တစ်ချက်အားစိုက်ရုန်းလိုက်တယ်။ သလင်းကျောက်က အက်သွားပေမဲ့ နောက်ထပ်သလင်းကျောက်တွေက အေမီကိုမှန်သွားပြီဖြစ်ပြီး တဖြည်းဖြည်းတစ်ကိုယ်လုံးကို ဖုံးအုပ်လာတယ်။

“ဒါက ငါအသစ်ထွင်ထားတဲ့ Ultimate Skill: Crystal Prisonပဲ။ ဒီတစ်ခေါက်တော့ ဖန်လုံးက

ငါတို့ဖို့ပဲ။”

ဒါပေမဲ့ ဘယ်လာအပျော်စောသွားတယ်။ အေမီက

အားကုန်ရုန်းလိုက်တဲ့အတွက် သလင်းကျောက်တွေ

အက်ကွဲကုန်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပဲ့ကြွေကျကုန်တယ်။ အေမီလည်း ပြန်လှုပ်ရှားနိုင်နေပြီ။ ဘယ်လာ သူ့ကိုယ်သူရှုံးပြီလို့ထင်နေတဲ့အချိန်မှာပဲ လီနာရောက်လာပြီး ဓားကိုဆွဲထုတ်ကာ အေမီကိုဝင်ချတယ်။ လီဆာက B အဆင့်စွမ်းအားကိုပဲ ထုတ်သုံးနေပေမဲ့ အေမီကိုကောင်းကောင်းယှဥ်နိုင်စွမ်းရှိနေတယ်။ မကြာခင်မှာပဲ အီဗန်နဲ့ဂိုးလ်တို့လည်းရောက်

လာပြီး ဝင်တိုက်ကြတယ်။

နျူရေလည်း မကြာခင်ရောက်လာပေမဲ့ နောက်ကျသွားပါပြီ။ ဘယ်လာက အေမီကိုနောက်တစ်ခါပြန်ချုပ်လိုက်နိုင်ပြီး အီဗန်က အေမီလက်ထဲမှာရှိနေတဲ့

သလင်းကျောက်ကို ယူနိုင်သွားပြီ။

“ဘယ်လာ၊ သံမဏိအိမ်စေကို စက်ထိန်းထား။ ငါတို့ကတော့ အတန်းBကိုချမယ်။”

အီဗန်က ပြောလိုက်တော့ ဘယ်လာခေါင်းညိတ်ပြတယ်။ အီဗန်၊ ဂိုးလ်နဲ့ လီနာတို့အပေါင်းအပါးတစ်သိုက်က အတန်းB ကျောင်းသားတွေကို မကြောက်ဘဲ ယှဥ်ချကြတယ်။ အတော်ကြာတော့ အတန်းB ကျောင်းသားတွေ နောက်ကိုလန်ကျကုန်ပြီ။ နျူရေလည်း အခက်တွေ့လာပြီ။

“ယုဆ၊ မိရိုင်။ နင်တို့ဘယ်အချိန်ထိ စောင့်ကြည့်နေမှာလဲ။”

ဒီတော့မှ မီးစွဲနေတဲ့ ကြိုးကြာငှက်လေးတွေ သစ်တောထဲမှာပေါ်လာပြီး အီဗန်ကို ဝင်တိုက်တယ်။

အီဗန်က ငှက်ရုပ်ကို ဓားနဲ့ခုတ်လိုက်တော့ ငှက်ရုပ်က ပေါက်ကွဲသွားပြီး အီဗန်လည်း အဝေးကြီးကို လွင့်သွားရော။

“မကောင်းတော့ဘူး။” လီနာက အီဗန်ဆီကို ပြေးသွားပေမဲ့ ကြိုးကြာရုပ်ကြောင့် ဒဏ်ရာရသွားပြီး ပါးစပ်ကနေ အမြုပ်တစီစီထွက်နေတဲ့ အီဗန်ကို ကောင်မလေးနှစ်ယောက်က အစွမ်းမသုံးဘဲ လက်သေးသေးလေးတွေနဲ့ ဝိုင်းရိုက်နေတာ တွေ့လိုက်ရတယ်။ ပြီးတော့ ဖန်လုံးက အဲဒီနှစ်ယောက်လက်ထဲမှာ။

ပီး....

လီနာက ယုဆနဲ့မိရိုင်ကို မကြောက်ပေမဲ့ သူတို့တိုက်တော့မယ့်အချိန်မှာပဲ တိုက်ပွဲကိုစောင့်ကြည့်နေတဲ့ ဘရီစာဆီကနေ ဝီစီသံထွက်လာပြီး ရလဒ်ကြေညာတဲ့ အသံထွက်လာတယ်။

“အချိန်စေ့ပြီ၊ အတန်းBအနိုင်။ ကျောင်းပထမစာသင်နှစ်ကစပြီး ပထမဆုံးအနိုင်ရသူထွက်ပေါ်တဲ့

လက်တွေ့ပြိုင်ပွဲကွင်းပြင်က အဖွဲ့လိုက်တိုက်ပွဲပဲ။”

ဂိုးလ်နဲ့ဘယ်လာကတော့ စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်ကြတယ်။ သူတို့နိုင်ဖို့ နည်းနည်းလေးပဲ လိုတာဖြစ်ပေမဲ့ နောက်ဆုံးမိနစ်ကျမှ အလွဲလွဲအချော်ချော်ဖြစ်ရတယ်လို့။

....

ကျောင်းစာသင်ချိန်တွေအပြီး ကျောင်းအုပ်ရုံးခန်းထဲမှာတော့။ မက်ဒါနာနဲ့ ဘရီစာတို့က ကျောင်းတစ်နေ့တာ လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးဖို့အတူရှိနေကြတယ်။

“အီဗန်က အဆင့်တက်မလာသေးပေမဲ့ တိုက်ပွဲအတွေ့အကြုံများလာပြီး တိုက်ရည်ခိုက်ရည်ပိုပြီး ကောင်းလာပါတယ်။ နျူရေကတော့ ဆိုင်ကယ်နဲ့တွဲသုံးလို့ရမယ့် နည်းပညာဝတ်စုံကို ထွင်လိုက်နိုင်ပါပြီ။

ဘယ်လာနဲ့ဂိုးလ်လည်း မကြာခင် B- အဆင့်ဝင်တော့မယ့်ပုံပါပဲ။”

မက်ဒါနာက ဘရီစာပြောတဲ့စကားကို နားထောင်ရင်း

ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ သိပ်စိတ်ဝင်စားပုံတော့မရဘူး။ မျက်လုံးတွေက မှေးစင်းနေပြီးတော့ တအားအိပ်ချင်နေသလိုပဲ။

“အင်း၊ သူတို့တိုးတက်လာတယ်ကြားရတာ ကောင်းပါတယ်။”

“ပြီးတော့ မကြာခင်မှာပဲ ကျောင်းပေါင်းစုံပြိုင်ပွဲအတွက် ပမာဏလူရွေးပွဲစတော့မှာဆိုတော့ ကျောင်းသားတွေထဲက ပြိုင်ချင်တဲ့သူတွေကို စာရင်းကောက်ထားပါတယ်။ ကျောင်းအုပ်အနေနဲ့ လက်မှတ်ထိုးပေးဖို့လိုပါမယ်။ နောက်တစ်ပတ်ကျရင် နယူးယောက်ဟီးရိုးအစည်းအရုံးမှာ ပမာဏအဆင့်ပြိုင်ပွဲလုပ်မှာပါ။ သိပ်အရေးမကြီးလို့ ကျောင်းအုပ်ကိုယ်တိုင်တော့ တက်စရာမလိုသေးပါဘူး။”

မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး စာရွက်တွေကို လက်ခံယူလိုက်တယ်။ အဲဒီနောက်တော့ တစ်ခုချင်းစီအတွက် လက်မှတ်ထိုးပေးလိုက်ပြီး ဘရီစာလက်ထဲ ထည့်ပေးလိုက်ပါတယ်။

“ရလဒ်ကောင်းတွေ ကြားရတာကောင်းတယ်၊ ဒီအတောအတွင်း ကျောင်းသင်ကြားရေးကိစ္စတွေကို တာဝန်ယူထားပေးပါဦး။”

ဘရီစာက ခေါင်းညိတ်ပြပြီး ရုံးခန်းထဲကနေ ထွက်သွားတယ်။ မက်ဒါနာကတော့ အခန်းနံရံမှာတပ်ထားတဲ့ နာရီကိုကြည့်လိုက်တယ်။ စက္ကန့်ပြလက်တံက မရပ်မနားသွားလာနေပါတယ်။

“ဘာမှသာမဟုတ်တာ ၂လတောင် ပြည့်သွားပြီပဲ။”

....

ကျောင်းလုပ်ငန်းစဥ်တွေအကြောင်း နားထောင်ပြီးတဲ့နောက်တော့ မက်ဒါနာက ကျောင်းအုပ်ရုံးခန်းက

ထွက်လာပြီးတော့ ဝန်ထမ်းအဆောင်ကို ပြန်လာပါတယ်။ ဝတ်စုံသစ်လဲပြီးပြီဖြစ်တဲ့ အေမီက သူ့ကိုလာကြိုတယ်။

“မမလေး၊ ပြန်လာပြီလား။ ညနေစာစားတော့မလား။”

အေမီက မေးလိုက်ပေမဲ့ မက်ဒါနာက အရင်လိုစားဖို့

စိတ်အားထက်သန်မနေဘဲ အေမီရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး မေးလိုက်တယ်။ “ဆိုဖီယာရော ပြန်လာပြီလား။”

မက်ဒါနာမေးတော့ အေမီက နှုတ်ခမ်းပေါ်ကို လက်ညိုးတင်လိုက်ပြီး “အခုထိ နတ်သူငယ်မလေးခန္ဓာကိုယ်က သူ့အခန်းထဲမှာ လှဲနေတုန်းဆိုတော့ ပြန်မရောက်သေးဘူးထင်တယ်။”

အခုနောက်ပိုင်း ဆိုဖီယာက ရန်သူ့ဌာနချုပ်ဖြစ်တဲ့

လော့ဟက်မာတင်အဆောက်အဦးကို စုံစမ်းစစ်ဆေးဖို့ သူ့ရဲ့နတ်သူငယ်ခန္ဓာကိုယ်ကနေ နာမ်ခွာပြီးတော့ ထွက်ထွက်သွားတတ််တယ်။ မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီးတော့...

“အင်း၊ ဒါဆိုရင်တော့ ညနေစာစားရင်းနဲ့ သူပြန်လာတာ စောင့်ရမှာပေါ့။ တခြားသူတွေရော ဘာလုပ်နေလဲ။”

“ဖရာလီတာကတော့ အခုထိစမ်းသပ်ခန်းထဲကနေ ထွက်မလာသေးဘူး။ သူ့ဝတ်စုံကို အဆင့်မြှင့်ဖို့နည်းရှာနေတာထင်တယ်။ ဖလေရာကတော့ ကုမ္ပဏီကိုပြန်သွားပြီ။ ဖရက်နဲ့ကြောင်နက်ကတော့ ခုထိအရိပ်တောင်မမြင်ရသေးဘူး။”

လီဆာထွက်သွားပြီးနောက် ကြောင်နက်က ဖရက်ကို

သီးခြားလေ့ကျင့်ပေးမယ်ဆိုပြီး ခေါ်သွားတာ။ ခုထိ သူတို့ဘယ်နေရာမှာ ဘာလုပ်နေတယ်ဆိုတာ မသိဘူး။ လီဆာရဲ့သတင်းကိုတော့ ရံဖန်ရံခါကြားရပါရဲ့။ ဧရာမနဂါးပြာကြီးက ကမ္ဘာပတ်ခရီးသွားနေပြီး ပိုးကောင်တိုက်ခိုက်ခံရတဲ့ နေရာမှန်သမျှမှာ ပေါ်လာတတ်တာကြောင့် ကိုင်းတိုနီးနီးလီဆာက နာမည်ကြီးနေပြီ။ မက်ဒါနာတို့ကတော့ အနီးအနားနိုင်ငံတွေမှာ ပြဿနာဖြစ်ရင်သွားပေမဲ့ လောလောဆယ် လော့ဟတ်မာတင်ကိုဝင်စီးဖို့ပဲ ပစ်မှတ်ထားနေတာမလို့ တစ်ကမ္ဘာလုံးက နိုင်ငံတွေကိုကာကွယ်ဖို့ အာရုံမစိုက်နိုင်ဘူးဖြစ်နေတာ။

“ဓားနတ်ဆိုးနဲ့လိပ်ကရော...”

“လိပ်ကတော့ ဒီနေ့ညနေ နယူးယောက်လေဆိပ်ကို ရောက်မယ်ပြောတယ်။ ဓားနတ်ဆိုးက လာမယ်ပြောပေမဲ့ အချိန်အတိအကျမသိရဘူး။ သူပြောတာတော့ လာ့ဂ် ဗီးဂတ်စ်ရောက်နေပြီး မူးယစ်ရာဇာတွေကို လိုက်ခုတ်နေတယ်တဲ့။”

“.....” မက်ဒါနာတစ်ယောက် အေမီပြောတာကြားပြီး ဗီးဂတ်စ်က လူဆိုးတွေအတွက် စိတ်မကောင်းဖြစ်သွားတယ်။ ဓားနတ်ဆိုးက သူ့ရန်သူဟောင်းတွေကို

လိုက်လက်စားချေနေတာဖြစ်ပြီး ဘယ်ရန်သူက သူ့လို S rankတစ်ယောက်ကို ယှဥ်ချနိုင်မှာလဲ။

ကျွီ...

ခနနေတော့ ဆိုဖီယာရဲ့အခန်းပွင့်လာပြီး နတ်သူငယ်အသေးမလေးထွက်လာတယ်။ မက်ဒါနာ စားပွဲပေါ်ထိုင်နေပြီး အေမီက ဟင်းပွဲပြင်ပေးနေတာတွေ့တော့

မက်ဒါနာပေါင်ပေါ်ကို ခပ်တည်တည်နဲ့တက်ထိုင်ပါတယ်။ အေမီက သိပ်မကြည်ပေမဲ့ မက်ဒါနာက ဘာမှမပြောဘဲ ထိုင်ခွင့်ပေးထားတဲ့အတွက် ဘာမှမပြောဘဲ ပန်းကန်ထဲကို ခေါက်ဆွဲနဲ့ဟင်းရည်တချို့ထည့်ပေးလိုက်တယ်။

“ဒီနေ့အတွက်ဟင်းလျာကတော့ ဗမာဟင်းလျာတစ်ခုဖြစ်တဲ့ နို့စိမ်းခေါက်ဆွဲပါရှင့်။ အုန်းနို့နဲ့ချက်ရင် ကျန်းမာရေးနဲ့မညီညွှတ်မှာစိုးလို့ နို့စိမ်းကိုအစားထိုးသုံးထားတာဖြစ်ပြီး ကြက်သား၊ ဂျုံခေါက်ဆွဲနဲ့ ကြက်ဥပြုတ်နည်းနည်းပါပါတယ်။”

မက်ဒါနာက ကိုယ့်ဘာသာစားဖို့ ဇွန်းထဲခတ်လိုက်ပေမဲ့ နတ်သူငယ်မလေးသွားရည်ကျနေတာတွေ့တာမလို့

နတ်သူငယ်မလေးပါးစပ်ထဲကို အရင်ခွံကျွေးလိုက်လေရဲ့။

“......” နတ်သူငယ်မလေးက အံ့ဩသွားပေမဲ့ ပြုံးလိုက်ပြီး နောက်ကိုမှီထိုင်လိုက်တယ်။ သူ့ကိုယ်သူ

ပလ္လင်တစ်ခုပေါ်ရောက်နေတဲ့ ဘုရင်မကြီးလိုအပြုအမူကြောင့် အေမီဒေါသထွက်လာပါလေရောလား။

“ဟေး၊ ဆိုဖီယာ။ နင်အလုပ်လုပ်နေလို့ ပင်ပန်းနေမှန်း ငါသိပေမဲ့ အဲဒီလောက်ကြီး မှီမထိုင်နဲ့လေ။ ယားတယ်ဟ။”

“အင်း၊ ဒီနေ့ လော့ဟက်မာတင်ရဲ့အနက်ပိုင်းထဲအထိ

ဝင်ခဲ့တာဆိုတော့ နည်းနည်းပင်ပန်းနေလို့ပါဟ။ ပြီးရင် နင်နဲ့အတူမြေပုံဆွဲရဦးမယ်လေ။”

“ထားပါတော့။” မက်ဒါနာလည်း ပြောပြောဆိုဆိုနဲ့ ဇွန်းတစ်ခုတည်းနဲ့ ဆက်စားဖို့ကြံတယ်။ အေမီက သူတို့နှစ်ယောက်ကို ဆက်မကြည့်ရဲတော့ဘူး။

‘ဇွန်း... ဇွန်းတစ်ခုတည်းနဲ့အတူစားမလို့လုပ်နေတာလား။ သူတို့တမင်သက်သက် ငါ့ရှေ့မှာ သွယ်ဝိုက်အနမ်းနမ်းဖို့ ကြံနေကြတာပေါ့လေ။’ ကြည့်မနေနိုင်တော့တဲ့ အေမီက မက်ဒါနာလက်ထဲက ဇွန်းကိုလုယူလိုက်ပြီး ဇွန်းအသစ်တစ်ချောင်းထပ်ထုတ်ပေးပြီး မက်ဒါနာပေါင်ပေါ်က နတ်သူငယ်မလေးကို ကောက်ချီလိုက်တယ်။ အဲဒီနောက် နတ်သူငယ်မလေးကို တစ်ဖက်ခုံမှာ ချပေးလိုက်ပြီး နို့စိမ်းခေါက်ဆွဲနောက်တစ်ပွဲ ပြင်ပေးလိုက်တယ်။

“မိန်းကလေး ဆိုဖီယာ၊ ကိုယ့်ပန်းကန်နဲ့ကိုယ် သုံးဆောင်ပါရှင့်။”

မက်ဒါနာကတော့ အေမီရဲ့အပြုအမူကို သာမန်ပဲလို့ထင်ပေမဲ့ ဆိုဖီယာကတော့ အေမီကို မီးတောက်နေတဲ့

အကြည့်တွေနဲ့ကြည့်နေပြီ။ ဒါပေမဲ့ မက်ဒါနာစားနေတာ ပြီးတော့မယ့်အပြင် ပြီးရင်အလုပ်ရှိသေးတာမလို့ ဘာပြဿနာမှမရှာတော့ဘဲ အမြန်စစားတယ်။

နှစ်ယောက်လုံးစားပြီးတဲ့နောက်တော့ အေမီက ပန်းကန်တွေကို ပြန်သိမ်းတယ်။ မက်ဒါနာနဲ့ဆိုဖီယာကတော့ ခုံကနေထပြီး ကျောင်းစမ်းသပ်ခန်းဆီကို သွားကြပါပြီ။ စမ်းသပ်ခန်းနားကိုရောက်တော့ စမ်းသပ်ခန်းထဲကနေ ပေါက်ကွဲသံကြီးထွက်လာတယ်။ မက်ဒါနာက ဆိုဖီယာကို ကြည့်လိုက်တော့ ဆိုဖီယာက ပခုံးတွန့်ပြတယ်။ သူတို့တံခါးခေါက်တော့

အထဲကနေ ဆံပင်တွေဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာ အိုမည်းတွေပေနေတဲ့ ဖရာလီတာက တံခါးလာဖွင့်ပေးတယ်။

“ဖရာလီတာ၊ နင်ဘယ်လိုလုပ်ပြီး ဒီလောက်စုတ်ပြတ်နေရတာလဲ။” မက်ဒါနာတောင် မနေနိုင်ဘဲ မေးမိသွားတယ်။

“အင်း၊ ငါ့ဝတ်စုံကို အဆင့်မြှင့်ဖို့အတွက် သတ္တုစပ်အမျိုးအစားသစ်လုပ်နေတာလေ။ ခုထိဇက်သတ္တုနဲ့ တခြားသတ္တုတွေပေါင်းစပ်ပြီး ပိုမာတဲ့သတ္တုစပ်မျိုးရမလာသေးဘူး။”

“အင်း၊ ဇက်သတ္တုက ထူးခြားတဲ့ သတ္တုမျိုးလေ။ ထူးခြားတဲ့သတ္တုတွေက ထူးခြားတဲ့သတ္တုတွေနဲ့ပဲ ပေါင်းစပ်နိုင်မှာမဟုတ်လား။” မက်ဒါနာ ပြောလိုက်တော့ ဖရာလီတာက ပြုံးနေတာ ရပ်လိုက်ပြီးတော့ စမ်းသပ်ခန်းထဲက သူ့ပစ္စည်းတွေကို လိုက်သိမ်းအိတ်ထဲထည့်တယ်။

“ဖရာလီတာ၊ နင်ဘာလုပ်မလို့လဲ။” မက်ဒါနာမေးလိုက်တော့ ဖရာလီတာက ပြန်ဖြေပါတယ်။

“နင်ပြောသလိုပဲ ထူးခြားတဲ့သတ္တုလိုက်ရှာမလို့လေ။

ဟိုမြန်မာဘုရင်ဆီမှာ အဲဒါမျိုးတွေစုံတယ်ကြားလို့ သူ့ဆီသွားရှာမယ်လေ။”

အဲဒီနောက်တော့ ဖရာလီတာက ကားပါကင်ဆီသွားပြီး အယ်လိုဟင်မောင်းတဲ့ကားပေါ်တက် ကျောင်းဝင်းထဲကနေ ထွက်သွားတယ်။ မက်ဒါနာကတော့ ဖရာလီတာ မွှေတာခံရတော့မယ့် မြန်မာဘုရင်အတွက်

စိတ်ထဲနည်းနည်းမကောင်းသလိုဖြစ်သွားတယ်။ ဖရာလီတာက ပိုက်ဆံပေးဝယ်မှာဆိုပေမဲ့ ရာစုနှစ်ဝက်လောက် ကြိုးစားစုစည်းထားတဲ့ မြန်မာဘုရင်ရဲ့ဘဏ္ဍာတိုက်ထဲက စုစည်းမှုတွေကို ဖျက်ဆီးပစ်တော့မှာလေ။

“မက်ဒါနာ၊ ငါတို့လည်း အလုပ်စကြရအောင်။” ဆိုဖီယာ သတိပေးတော့မှ မက်ဒါနာလည်း သတိဝင်လာပြီး စမ်းသပ်ခန်းထဲ ဝင်လိုက်တယ်။ ဖရာလီတာကြောင့် စမ်းသပ်ခန်းထဲမှာ ညှော်နံနံနေတုန်းမလို့ ပန်ကာတွေနဲ့ လေမှုတ်ထုတ်ရတယ်။ ပြီးတော့ စားပွဲပေါ်က သုံးဖက်မြင်မြေပုံဖန်ရှင်ကို ဖွင့်လိုက်တယ်။ အဲဒီမှာ မပြည့်စုံသေးပေမဲ့ အချက်အလက်တွေအများကြီးပါတဲ့ လော့ဟက်မာတင်အဆောက်အဦးရဲ့မြေပုံရှိနေတယ်။

ဆိုဖီယာက နည်းပညာသုံး ဘောပင်တစ်ခုကိုကိုင်ပြီး

မြေပုံမှာ အချက်အလက်တွေအများကြီးကို ထပ်ဖြည့်လိုက်တယ်။ ၂လ လုံးလုံး ဆိုဖီယာက လော့ဟက်မာတင်အဆောက်အဦးရဲ့မြေပုံကို ရေးဆွဲနေခဲ့တာပါ။

“ရပြီ၊ အခုဆိုရင် လော့ဟက်မာတင်ရဲ့မြေအောက်စမ်းသပ်ခန်းတစ်ခုလုံးရဲ့မြေပုံစုံသွားပြီ။ ငါတို့လုပ်ဖို့ ကျန်တာဆိုလို့ ဘယ်လိုဖောက်ဝင်ရမလဲ အစီအစဥ်ချရုံပဲ။” မက်ဒါနာနဲ့ဆိုဖီယာရဲ့အကြည့်တွေက လေးနက်တည်ကြည်သွားတယ်။

All Chapters