ထပ်တူကျနိုင်စွမ်း ကိုးဆယ်ရာခိုင်နှုန်း
Vol. 76 Ch. 1047
ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ထိုသို့ တွေးမိလိုက်သည်တော့မဟုတ်ပေ။ အလင်းရောင် အစက်အပြောက်လေးများထဲတွင်လည်း သဘာဝ စည်းမျဉ်းဥပဒေသများနှင့် အတော်အသင့် ထပ်တူကျနိုင်ခဲ့ပြီးနောက် ဤ အခွင့်အရေးကြီး ပြီးဆုံးသွားတော့မည့်အချက်ကို သတိထားမိနေကြသည့် အခြား ပါရမီရှင်သုံးယောက်လည်း ရှိနေသေးသည်။ သူတို့သုံးယောက်စလုံးမှာ သဘာဝ စည်းမျဉ်းဥပဒေသ အမျှင်အတန်းများ၏ ရင်းမြစ်များ ဖြစ်ကြသော အလင်းရင်းမြစ်ကိုးဆယ့်တစ်ခုအား အာရုံစိုက်နေကြ၏။
ထို အလင်းရင်းမြစ် ကိုးဆယ့်တစ်ခုထဲတွင် အပြင်ဘက်ရှိ ရှစ်ဆယ့်ကိုးခုဖြစ်စေ၊ အလယ်ရှိ အရွယ်အစားသေးငယ်သော တစ်ခုဖြစ်စေ၊ ၎င်းတို့အားလုံးမှာ အလွန်အင်မတန်မှ အံ့ဩမှင်တက်ဖွယ်ရာကောင်းသည့် သဘာဝ စည်းမျဉ်းဥပဒေသများကို ပိုင်ဆိုင်ထားကြသည်။
သို့သော် အလယ်ဗဟိုရှိ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အလင်းရင်းမြစ်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင်မူ ထို အလင်းရင်းမြစ်များအား ညကောင်းကင်ယံထဲမှ ကြယ်များအဖြစ်သာ သတ်မှတ်နိုင်ပေသည်။ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အလင်းရင်းမြစ်သာလျှင် လမင်းကြီးကဲ့သို့ ထိန်ထိန်သာနေ၏။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အလင်းရင်းမြစ်ထဲတွင် စာအုပ်တစ်အုပ်ရှိနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။
ထို စာအုပ်အား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပါသော်လည်း ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ ၎င်းအား မြင်လိုက်ရရုံနှင့် ထို စာအုပ်သည် ကံကြမ္မာစာအုပ်ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်ကြ၏။
သူတို့၏ စိတ်ဝိညာဉ်များထဲမှ အလိုလို ထွက်ပေါ်လာသည့်ပုံပေါ်သော ဆွဲငင်အားတစ်မျိုးကြောင့် ဝမ်ပေါင်လဲ့ အပါအဝင် အခြားသူများအားလုံးမှာ ထို စာအုပ်အား မြင်လိုက်ရသည်နှင့် ၎င်းအား ဖွင့်ဖတ်ချင်စိတ်များ ပေါ်ပေါက်လာ၏။ သို့သော် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အလင်းရင်းမြစ်ဆီမှ ထွက်ပေါ်လာနေသည့် အန္တရာယ် အငွေ့အသက်များကြောင့် ထို အလင်းရင်းမြစ်၏ အနီးသို့ ချဉ်းကပ်ရန် စဉ်းစားနေကြသည်လူများမှာ လက်လျှော့လိုက်ရသည်သာ ဖြစ်သည်။
" ငါ့မှာ ခွင့်ပြုချက်မရှိသေးလို့ အခုလို ဖြစ်နေရတာပဲ ဖြစ်မှာ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံအား ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အလင်းရင်းမြစ်ဆီမှ ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် ၎င်း၏ ဘေးနှင့် ပတ်ပတ်လည်တွင် ရှိနေသည့် အခြား အလင်းရင်းမြစ်များကို ဝေ့ဝိုက်ကြည့်ရှုနေရင်း အလင်းစက်လုံးတစ်လုံးအား သတိထားမိသွားသည်။
ထို အလင်းရင်းမြစ်ထဲ၌ အံ့ဩမှင်တက်ဖွယ်ရာကောင်းသည့် မီး သဘာဝစည်းမျဉ်းဥပဒေသများ ကိန်းအောင်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားများ တုန်ရီသွားရပြီး သူ့အား ကိုယ်စားပြုသည့် အလင်းရောင် အစက်အပြောက်လေးမှာ ထို အလင်းရင်းမြစ်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် အခြား ပါရမီရှင်သုံးယောက်အား ကိုယ်စားပြုသည့် အလင်းရောင် အစက်အပြောက်လေးများမှာလည်း သူတို့ ရွေးချယ်ထားကြသည့် အလင်းရင်းမြစ်များဆီသို့ အသီးသီးဦးတည်သွားကြ၏။ သူတို့လေးယောက်မှာ ရှေ့သို့ပျံထွက်လာကြသည်နှင့် အခြားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အာရုံခံနိုင်စွမ်း ရှိသွားကြသည်။
တစ်ယောက်မှာ ရှုယင်လင်းဖြစ်သည်။
အခြားတစ်ယောက်မှာ နတ်ဧကရာဇ်ကျိကျား၏ ကိုးယောက်မြောက်တပည့်ဖြစ်သူ လင်းလန် ဖြစ်သည်။
နောက်ဆုံးတစ်ယောက်မှာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ လူပြန်ဝင်စားသည့် ချန်ဟန်း မဟုတ်ဘဲ မဟာလက်ဝဲတာအိုနယ်မြေထဲရှိ အဆင့်တစ်ဂိုဏ်းဖြစ်သော လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားဖြစ်သည်။ သူ၏ ချောမောနေခြင်း မရှိဘဲ သာမန်ရုပ်ရည်ကိုသာ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူ၏ မျက်ဝန်းများမှာ တမူထူးခြား၏။ ၎င်းတို့မှာ သူငယ်အိမ် လုံးဝမပါဘဲ မည်းနက်နေသည်။
ဝမ်ပေါင်လဲ့နှင့်အတူ ထိုသုံးယောက်မှာ အလင်းရောင် အစက်အပြောက်လေးများအဖြစ် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်လာကြ၏။ ထို့ကြောင့် သူတို့မှာ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့ ရွေးချယ်ထားကြသည့် အလင်းရင်းမြစ်များဆီသို့ အသီးသီးရောက်ရှိသွားကြသည်။ သူတို့မှာ အစွမ်းကုန်ထုတ်လွှတ်ကာ သဘာဝ စည်းမျဉ်းဥပဒေသ စွမ်းအားများကို စုပ်ယူနိုင်ရန် ကြိုးစားနေကြ၏။
ဝမ်ပေါင်လဲ့အား ကိုယ်စားပြုသည့် အလင်းရောင် အစက်အပြောက်လေးမှာ အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ မြွေကြီးပေါ်၌ တင်ပျဥ်ခွေထိုင်နေသည့် သူ၏ ခန္ဓာကိုယ်အစစ်ပင်လျှင် တဆတ်ဆတ် တုန်ရီနေသည်။ သူသည် သူ၏ အသိစိတ်ထဲ၌ မီး သဘာဝစည်းမျဉ်းဥပဒေသများကို အဆက်မပြတ် စုပ်ယူနေ၏။ ၎င်းတို့မှာ နတ်မီးလျှံများကဲ့သို့ သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာနေပြီး သူ့အား တဖြည်းဖြည်းနှင့် ဖုံးလွှမ်းသွားတော့မည်ပုံပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရ၏။ သူ၏ ဘေးပတ်ပတ်လည်ရှိ မီးတောက်များမှာ သူ၏ ဘဝတစ်လျှောက် ကြုံဖူးခဲ့သမျှ အရာအားလုံးထဲ၌ အပူပြင်းဆုံးဖြစ်နေ၏။ မီးတောက်ကြယ်စင်စုကြီးပင်လျှင် ၎င်းတို့လောက် မပူပေ။
သို့သော် သူ ပြန်လည်ရရှိသည့် အကျိုးကျေးဇူးများမှာလည်း သိသာထင်ရှားပေသည်။ သူ၏ မီး သဘာဝစည်းမျဉ်းဥပဒေသနှင့် ထပ်တူကျနိုင်စွမ်းမှာ ခြောက်ဆယ်ရာခိုင်နှုန်းမှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ တိုးတက်သွားပြီ ဖြစ်သည်။ အကယ်၍ သူသာ ဆက်လက် တောင့်ခံနေမည်ဆိုပါက ၎င်းမှာ ဆက်လက်မြင့်တက်လာမည်သာဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ အကယ်၍ ယခုချက်ချင်း နောက်သို့ ပြန်လည်ဆုတ်ခွာလာခြင်းမရှိပါက သူ၏ နတ်ဘုရားအာရုံမှာ မီးတောက်များ၏ ချေမှုန်းခြင်းကို ခံရတော့မည်ဖြစ်သည်။
သူတစ်ယောက်တည်းသာ ထိုအခြေအနေသို့ ရောက်နေသည်မဟုတ်ပေ။ အခြား ပါရမီရှင် သုံးယောက်မှာလည်း ထိုနည်းတူပင်။ ယခုတွင် သူတို့အားလုံးမှာ နောက်သို့ဆုတ်ခွာလာကြပြီး ထို အလင်းရင်းမြစ်များဆီမှ ထွက်ခွာလာရန် ပြင်နေကြ၏။ ဝမ်ပေါင်လဲ့မှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အလင်းရောင် အစက်အပြောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်သို့ ဆုတ်ခွာလာရန် ပြင်နေပြီ ဖြစ်သည်...
သို့သော် ထိုအခိုက်အတန့်တွင် အဘိုးကြီးတစ်ယောက်၏ စကားသံတစ်သံမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။
" မီးဆိုတဲ့အရာက ဘာလဲဆိုတာ မင်း သိလား "
ထို မေးခွန်းမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။ သူ ထိုမေးခွန်းအား ပြန်ဖြေစရာ မလိုသည့်ပုံပင်။ ထိုစကားသံကြီးမှာ ထိုသို့မေးမြန်းလိုက်ပြီးနောက် စကားဆက်ပြောလိုက်၏။
" ငါ မင်းကို မီးရဲ့အနှစ်သာရနဲ့ တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခုပေးမယ်... "
ထို စကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပြည့်နှက်နေခဲ့သည့် အဆုံးမစ မရှိလောက်အောင် ကျယ်ပြောသော နတ်မီးလျှံပင်လယ်ကြီးမှာ ရုတ်တရက်ဆိုသလို ဝင်းလက်တောက်ပလာ၏။ ထို့နောက် ၎င်းမှာ လုံးဝ ပျောက်ကွယ်သွားသည့်အလား အကြည်ရောင် ပြောင်းသွားတော့သည်။
" ဒါ... " ထို မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။
သို့သော် ထို မီးပင်လယ်ကြီး ပျောက်ကွယ်သွားပြီးနောက် သူ၏ နှလုံးသားထဲ၌ ခံစားနေရသည့် အသက်အန္တရာယ်ကြီးမှာ ပို၍ပင် ကြီးထွားလာ၏။ ထိုအချိန်တွင် သူ၏ ထပ်တူကျနိုင်စွမ်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားပြီဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းဂြိုဟ်များအတွက် ကန့်သတ်ချက်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ် အကူအညီကြောင့် သူ၏ ထပ်တူကျနိုင်စွမ်းမှာ ဆက်လက် မြင့်တက်လာ၏။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားပြီး ရပ်တန့်သွား၏။ ထိုအချိန်တွင် အားကောင်းသော စွမ်းအားတစ်မျိုး ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံအား အကြည်ရောင် မီးပင်လယ်ကြီးထဲမှ တွန်းထုတ်လိုက်သည်။ အပြင်ဘက်မှနေ၍ ကြည့်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အလင်းရောင် အစက်အပြောက်လေးတစ်ခုအသွင် ပြောင်းလဲသွားပြီး နောက်သို့ ရုတ်တရက် ဆောင့်ဆွဲခံလိုက်ရသည့် အလားပင်။ ၎င်းမှာ လွင့်ပါးပျောက်ကွယ်သွားတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး အလင်းရင်းမြစ်နှင့် ဝေးရာသို့ အလျင်အမြန် ဆုတ်ခွာလာနေ၏။
တစ်ချိန်တည်းမှာပင် မကြာသေးမီတုန်းက ထွက်ပေါ်လာခဲ့သည့် စကားသံကြီးမှာ သူ၏ နတ်ဘုရားအာရုံထဲ၌ ပဲ့တင်ထပ်သွားပြန်သည်။
" ရေကန်ထဲကို ကျောက်တုံးတစ်တုံး ကျသွားတဲ့အခါ လှိုင်းတွန့်တွေ ထလာမှာပဲ။ မီးဆိုတာ... လှိုင်းတွန့်တစ်ခုထက် မပိုဘူး။ သာမန်မျက်လုံးနဲ့ မြင်နိုင်တဲ့ အပေါ်ယံ ရေမျက်နှာပြင်တစ်ခုလိုပဲ။ မင်းက ဘာကို ရှာနေတာလဲ။ ရေမျက်နှာပြင်ကိုလား။ ကျောက်တုံးကိုလား။ ဒါမှမဟုတ် ရေမျက်နှာပြင် အောက်မှာရှိနေတဲ့ အရာတစ်ခုခုကိုလား "
ထိုစကားသံကြီးကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားရ၏။ သူသည် ထိုကဲ့သို့သော အယူအဆမျိုးနှင့် နားလည်မှုမျိုးကို သူ၏ သက်တမ်းတစ်လျှောက်လုံး၌ လုံးဝ မကြုံခဲ့ဖူးပေ။
ဝမ်ပေါင်လဲ့တစ်ယောက် အံ့သြတုန်လှုပ်နေစဉ်မှာပင် သူ့အား ကိုယ်စားပြုသည့် အလင်းရောင် အစက်အပြောက်လေးမှာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလာ၏။ သူတစ်ယောက်တည်းသာ မဟုတ်ပေ။ အခြား အလင်းရောင် အစက်အပြောက်လေး သုံးခုမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာလည်း သူတို့၏ သက်ဆိုင်ရာ အလင်းရင်းမြစ်များ၏ အနီးတွင် ရှိနေခဲ့စဉ်တုန်းက သူ့လိုမျိုး ထို အသံကြီးအား ကြားခဲ့ကြပြီး အံ့ဩတုန်လှုပ်သွားခဲ့ကြသည့်ပုံပင်။
တချိန်တည်းမှာပင် သူတို့လေးယောက် အလင်းရောင် အစက်အပြောက်လေးများအဖြစ် ပြောင်းလဲသွားကြသည်နှင့် ထိုနေရာတစ်ဝိုက်ရှိ သဘာဝ စည်းမျဉ်းဥပဒေသ အမျှင်အတန်းများမှာလည်း ၎င်းတို့၏ သက်ဆိုင်ရာ အလင်းရင်းမြစ်များနှင့် အသီးသီး ပြန်လည်ပေါင်းစည်းသွားကြ၏။ ထို့နောက် သူတို့ရောက်သွားခဲ့သည့် ထူးဆန်းသော ကမ္ဘာကြီးမှာလည်း ပြန်ပိတ်သွားပြီး ပျောက်ကွယ်သွားတော့မည့် ပုံပင်။
၎င်း ပျောက်ကွယ်သွားသည်နှင့် ဧရာမသားရဲကြီး သုံးဆယ့်ကိုးကောင်ပေါ်ရှိ ကျင့်ကြံသူများမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး မျက်လုံးများပွင့်လာကြ၏။ သူတို့ထဲမှ လေးယောက်မှာဆိုလျှင် ပါးစပ်ထဲမှ သွေးများအန်ထွက်လာကြပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဖြစ်သွားကြသည်။ ထို့အပြင် သူတို့၏ မျက်နှာများမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေကြ၏။
ထို လေးယောက်ထဲတွင် ဝမ်ပေါင်လဲ့ ပါပေသည်။
" မီး သဘာဝစည်းမျဉ်းဥပဒေသ " ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီးနောက် ချက်ချင်းခေါင်းမော့လာပြီး အလင်းစက်လုံးကြီးထဲရှိ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ၏ ပုံရိပ်ယောင်များအား လှမ်းကြည့်လိုက်၏။ သူသည် သူတို့ထဲမှ မည်သည့်ပုဂ္ဂိုလ်ကြီး၏ စကားသံအား ကြားခဲ့ရခြင်းဖြစ်ကြောင်း အတိအကျ မသိပါသော်လည်း ထို ပုဂ္ဂိုလ်ကြီးမှာ သူ့အား စကားလှမ်းပြောခဲ့ခြင်း မဖြစ်နိုင်ပေ။ အလိုအလျောက် အသံလွှင့်အကြောင်းကြာတစ်ခု ပေးပို့သည့် နည်းလမ်းတစ်ခုခုကိုသာ အသုံးပြုထားခြင်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ စိတ်ကို တည်ငြိမ်အောင် မထားနိုင်ခင်မှာပင် အလင်းစက်လုံးကြီးထဲမှ တာအိုစကားဝိုင်းမှာ ပြီးဆုံးသွား၏။ ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ စကားသံကြီးမှာ အရပ်မျက်နှာအနှံ့၌ နောက်ထပ်တစ်ကြိမ်ထပ်၍ ပျံ့နှံ့သွားပြန်သည်။
" မိတ်ဆွေလေးတို့။ ငါ့ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးဖို့ ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စောစောတုန်းက တာအို အလင်းရောင် အစက်အပြောက်လေးတွေဆီကနေ မင်းတို့တွေ ဘယ်လို အကျိုးအမြတ်တွေကို ရယူနိုင်ခဲ့သလဲဆိုတာ မင်းတို့ရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်နေတာပါ "
ထို စကားသံမှာ စိတ်ကို တည်ငြိမ်အေးချမ်းသွားအောင် လုပ်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ၎င်းအား ကြားလိုက်ရသည့်လူတိုင်းမှာ ကိုယ်စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားကြသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံ ခံစားနေရသည့် ဝေဒနာများမှာလည်း ချက်ချင်းဆိုသလိုပင် လုံးဝပျောက်ကွယ်သွား၏။ ထိုအချိန်တွင် ဉာဏ်ပြေးသည့်လူအချို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကျေးဇူးတင်စကားများ ဆိုလိုက်ကြသည်။
" ကျေးဇူးအများကြီးတင်ပါတယ် ကောင်းကင်ဘုံဓမ္မသခင်ကြီးခင်ဗျား "
" ဒီလို ဉာဏ်အလင်းပွင့်သွားတာ မိုးကောင်းကင်ကြီးက ချီးမြှင့်တဲ့ အခွင့်အရေးကြီး တစ်ခုလိုပါပဲ။ ကျေးဇူးအများကြီတင်ပါတယ် ကောင်းကင်ဘုံဓမ္မသခင်ကြီး "
" ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ စေတနာတွေက စကြဝဠာကြီး တစ်ခုလုံးထဲမှာတောင် ဆံ့မှာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့လို လူငယ်တွေကို လမ်းညွှန်ပေးတဲ့ ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ ကျေးဇူးကို ကျွန်တော် ဒီတစ်သက် မမေ့ပါဘူး "
သူတို့အားလုံး ကျေးဇူးတင်စကားများ ပြောနေကြစဉ် ဝမ်ပေါင်လဲ့မှာလည်း အသက်ပြင်းပြင်းရှူကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူတို့မှာ သူတို့ ပြင်ဆင်လာကြသည့် မွေးနေ့လက်ဆောင်များအား တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြလိုက်ကြသည်။ ဝမ်ပေါင်လဲ့၏ မွေးနေ့လက်ဆောင်များအားလုံးကို ရှဲ့ဟေးရန်က ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ မွေးနေ့လက်ဆောင်များ ပေးပြီးသွားသောအခါ သာယာနာပျော်ဖွယ် တေးဂီတသံလေးများ ပျံ့လွင့်လာပြီး ကောင်းကင်ယံထဲ၌ ပုံရိပ်ယောင်များစွာ ပေါ်ပေါက်လာကြ၏။ ထို့နောက် ၎င်းတို့မှာ ရှေးဆန်သည့် တေးဂီတသံများနှင့်အတူ ကခုန်နေတော့သည်။
ထို တေးဂီတံသံမှာ မင်္ဂလာအပေါင်းနှင့် ခညောင်းနေပြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွား၏။ ထိုအခါ ထိုသံစဥ်များ ပေါင်းစည်းသွားရာမှ ထွက်ပေါ်လာသည့် အသက်ရှည်မက်မွန်သီးများမှာ လူတိုင်း၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ အစတွင် မှုန်ဝါးဝါး ဖြစ်နေရာမှ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာသောကြောင့် လူတိုင်းမှာ အံ့အားသင့်သွားရ၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူ၏ ကံကြမ္မာဂြိုဟ် ခရီးစဉ်တစ်လျှောက်လုံး၌ အံ့အားသင့်စရာများနှင့် လျှို့ဝှက်ဆန်းကြယ်အရာများဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မျက်စိပွင့်နားပွင့် ဖြစ်သွားပြီး ဗဟုသုတအသစ်များနှင့် အတွေ့အကြုံအသစ်များ ရရှိလိုက်သကဲ့သို့ ခံစားနေရ၏။
အသက်ရှည်မက်မွန်သီး ရုပ်လုံးပေါ်လာပြီး တေးဂီတသံများ ဆက်လက်ပျံ့လွင့်နေစဉ် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သူ၏ အစေခံအိုကြီးအား စကားတစ်ခွန်းပြောလိုက်၏။ ထိုအခါ ထို ခါးကိုင်းကိုင်း အစေခံအိုကြီးမှာ ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့လျှောက်လှမ်းလာသည်။ သူသည် အလင်းစက်လုံးကြီး၏ အပြင်ဘက်သို့ ထွက်လာပြီးနောက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ နွေးထွေးမှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။
" မိုးကောင်းကင်တာအို သံသရာဆိုတာ အသစ်နဲ့အဟောင်းကြားက လုပ်ပိုင်ခွင့်အာဏာ ဖလှယ်မှုတစ်ခုပါပဲ။ ခေတ်တစ်ခေတ်ရဲ့ အစကို ကိုယ်စားပြုတာမဟုတ်သလို အဆုံးကို ကိုယ်စားပြုတာလည်းမဟုတ်ဘူး။ အဲတာမလို့ အတိတ်က အမှောင်ဂိုဏ်းနဲ့ မျက်မှောက်ကာလရဲ့ အဆုံးမဲ့ဂိုဏ်း နှစ်ဂိုဏ်းစလုံးက ဒီခေတ်တစ်ခတ်ထဲမှာပဲ ရှိနေကြတာပါ "
" ဒီခေတ်မတိုင်ခင် ရှေ့မှာ အနည်းဆုံး ရှစ်ဆယ့်ကိုးခေတ်အထိ ရှိခဲ့ဖူးတယ်။ အရေအတွက် အတိအကျကိုတော့ ကောင်းကင်ဘုံဓမ္မသခင်ကြီးလည်း သေသေချာချာမသိဘူး "
" ဒါပေမဲ့ သေချာတဲ့ အချက်တစ်ချက်က ငါတို့တွေထဲက တချို့ရဲ့ ဝိညာဉ်တွေက ခေတ်သစ်မှာ မွေးဖွားလာခဲ့ပြီးတော့ တချို့တွေရဲ့ ဝိညာဉ်တွေက အရင်ခေတ်ဟောင်းကတည်းက ရှိနေခဲ့တယ်ဆိုတဲ့အချက်ပဲ။ အဲဒီဖြစ်စဉ်ကို... အတိတ်ဘဝလို့ ခေါ်တာပေါ့ "
" ပါရမီရှင်အစစ်တစ်ယောက်ဖြစ်လာဖို့ ပိုပြီးတော့ ကံပါလာလေလေ အတိတ်ဘဝ ရှိနိုင်ခြေ ပိုများလေလေပဲ။ အဲတာကြောင့်မလို့ ကောင်းကင်ဘုံဓမ္မသခင်ကြီးက ဒီ မွေးနေ့ပွဲမှာ မင်းတို့တွေအကုန်လုံး မင်းတို့ရဲ့ အတိတ်ဘဝတွေကို နားလည်အောင်လုပ်နိုင်ဖို့ အခွင့်အရေးတစ်ခုပေးဖို့ စီစဥ်ထားတယ်။ ဆယ်ရက်အတွင်းမှာ ဘဝဆယ်ခု ဖြတ်သန်းရမှာ "
" နောက်ဆုံး ဒဿမမြောက်ဘဝကို နားလည်အောင်လုပ်နိုင်တဲ့ လူက ကံကြမ္မာစာအုပ်ကို ဖွင့်ဖတ်ခွင့်ရမှာပဲ "
" တကယ်လို့ ဘယ်သူကမှ နားလည်အောင် မလုပ်နိုင်ဘူးဆိုရင် ဘယ်သူမှ ဖတ်ခွင့်ရမှာ မဟုတ်ဘူး။ မင်းတို့တွေ အကုန်လုံး နားလည်အောင်လုပ်နိုင်မယ်ဆိုရင် အကုန်လုံး ဖတ်ခွင့်ရမှာ “