အရည်အချင်းစမ်းသပ်ပွဲ စတင်ခြင်း
Vol. 76 Ch. 1048
အလင်းစက်လုံးကြီး၏ အပြင်ဘက်ရှိ ခါးကိုင်းကိုင်းနှင့် အဘိုးကြီးမှာ တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ဧရာမသားရဲ သုံးဆယ့်ကိုးကောင်ပေါ်ရှိ ကျင့်ကြံသူများအား ကြည့်လိုက်၏။
" မင်းတို့တွေ နားလည်ထားရမယ့် အချက်တစ်ချက်ရှိသေးတယ်။ ကိုယ့်မှာ အတိတ်ဘဝတစ်ခု ရှိရုံနဲ့ အဲဒီဘဝကို နားလည်နိုင်လိမ့်မယ်လို့ တထစ်ချ တွေးထားလို့မရဘူး။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ နားလည်နိုင်စွမ်းပေါ်မှာ မူတည်သေးတယ်။ အရည်အချင်းစမ်းသပ်ပွဲထဲမှာ သခင်ကြီးက မင်းတို့ကို ကူညီပေးရုံလောက်ပဲ လုပ်နိုင်မှာ "
" အဲတာကြောင့်မလို့ မင်းတို့ရဲ့ အောင်မြင်မှုက မင်းတို့တွေပေါ်မှာပဲ မူတည်နေမှာ။ ခဏနေရင် အရည်အချင်းစမ်းသပ်ပွဲ စမယ်။ အဲဒီ အရည်အချင်းစမ်းသပ်ပွဲထဲက အချိန်ကုန်ဆုံးမှုနှုန်းက ပြင်ပကမ္ဘာနဲ့မတူဘူး။ အရည်အချင်းစမ်းသပ်ပွဲထဲက ဆယ်ရက်က ပြင်ပကမ္ဘာကြီးထဲမှာ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်ပဲရှိတယ် "
" သခင်ကြီးက ဒီလို နည်းလမ်းမျိုးတွေကို ဘယ်တုန်းကမှ မသုံးခဲ့ဖူးဘူး။ အဲတာကြောင့်မလို့ မင်းတို့တွေ အရည်အချင်းစမ်းသပ်ပွဲထဲမှာ ကိုယ့်ရဲ့အတိတ်ဘဝတွေကို နားလည်အောင် လုပ်နိုင်ပြီး ကိုယ့်ရဲ့စွမ်းအားတွေကို မြှင့်တင်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အရင် မွေးနေ့ပွဲတွေတုန်းကအတိုင်း မပြောင်းလဲဘဲရှိနေတဲ့ စည်းမျဥ်းတစ်ခုရှိတယ်။ အဲတာ ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူတွေပဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းပဲ။ ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘူး " ထို အဘိုးကြီး၏ စကားသံ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားသည်နှင့် ကျင့်ကြံသူများအားလုံးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။
ဤ အရည်အချင်းစမ်းသပ်ပွဲမှာ သူတို့၏ အထင်နှင့် လုံးဝမတူဘဲ ကွဲထွက်နေသည်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို့အပြင် ၎င်းမှာ ယခင်တုန်းက အရည်အချင်းစမ်းသပ်ပွဲများနှင့်လည်း လုံးဝမတူပေ။ ထို့ကြောင့် သူတို့၏ ကြိုတင်ပြင်ဆင်မှုများအားလုံးမှာ အလဟဿ ဖြစ်သွားရပြီဖြစ်သည်။
သို့သော်ငြားလည်း ထိုအဘိုးကြီး၏ စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြဆဲပင်။ သူတို့မှာ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာရသလို နှလုံးသားထဲ၌ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာကြ၏။
ကျင့်ကြံသူအနည်းငယ်ခန့်သာလျှင် အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ တည်ကြည်နေ၏။ သူတို့မှာ အံ့အားသင့်နေကြခြင်း မရှိပါသော်လည်း မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားကြသည်။ သို့ဖြစ်ရာ သူတို့မှာ ဤ အရည်အချင်းစမ်းသပ်ပွဲအကြောင်း ကြိုတင် ကြားသိထားပြီးသား ဖြစ်ရပေမည်။
ထိုအချိန်တွင် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း၏ နံပါတ်ဆယ့်ခုနစ်သားတော်မှာ ရုတ်တရက်ဆိုသလို လေပေါ်သို့ ပျံတက်သွား၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ထိုအဘိုးကြီးအား ဦးညွှတ်အရိုအသေပေးလိုက်သည်။
" လူကြီးမင်းခင်ဗျား။ ကျွန်တော်တို့ ကျင့်ကြံသူတွေက တစ်ဘဝလုံး ကျင့်ကြံခြင်း လေ့ကျင့်ရင်းနဲ့ပဲ အချိန်ကုန်ဆုံးခဲ့ကြတာ။ ကျွန်တော်တို့တွေ အကုန်လုံးက ကံကြမ္မာပေါ်မှာ မှီခိုအားထားရတာမှန်ပေမဲ့ ကိုယ်ရောက်နေတဲ့ ဘေးပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့က ပိုအရေးကြီးတယ်လေ။ အခု အရည်အချင်းစမ်းသပ်ပွဲထဲမှာ အနည်းဆုံး ကျင့်ကြံသူ အယောက်တစ်သိန်းကျော် ရှိနေမှာ။ အဲတာမလို့ ကျွန်တော်တို့တွေ တခြားသူတွေဆီမှာ အတိတ်ဘဝတွေ ပိုပြီးတော့ ရှိနေတယ်ဆိုတာ သိလိုက်ရရင်... ကြိုးစားချင်စိတ်တွေ ပျောက်သွားလောက်တယ် "
" ဟုတ်ပါတယ် လူကြီးမင်း။ ကျွန်တော်လည်း သံသယစိတ်လေးတွေ ရှိသေးတယ်။ တကယ်လို့ ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ ကျင့်ကြံသူအယောက်တစ်သိန်းကျော် အတူတူ ဝင်ပြိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကြားမှာ အဖုအထစ်လေးတွေ သေချာပေါက် ပေါ်ပေါက်လာမှာပဲ။ အဲတာဆိုရင် တခြားသူတွေ သူတို့ရဲ့ အတိတ်ဘဝတွေကို နားမလည်နိုင်အောင် တစ်ယောက်ကိုတစ်ယောက် နှောင့်ယှက်နေကြမှာလေ။ အဲဒီ လုပ်ရပ်မျိုးကိုရော ခွင့်ပြုထားလား "
" ပြီးတော့ လူတိုင်းက ကိုယ့်ရဲ့အတိတ်ဘဝတွေကို နားလည်အောင်လုပ်ခွင့် ရှိတယ်ဆိုရင်... အဲဒီအခွင့်အရေးကို တခြားလူတစ်ယောက်ဆီ လွှဲပေးလို့ရလား "
အရည်အချင်းစမ်းသပ်ပွဲအကြောင်း သိထားကြသည်ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ပျံထွက်လာကြပြီး မေးခွန်းများ မေးမြန်းလိုက်ကြ၏။ သူတို့အားလုံးမှာ တမူထူးခြားသည့် ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ လေသံများထဲတွင် လောဘစိတ်များ ပြည့်နှက်နေသည်ကို အာရုံခံမိနိုင်ပေသည်။ သူတို့မှာ ဤ ခရီးစဉ်ထဲ၌ အကျိုးအမြတ် အများဆုံးရရှိနိုင်ရန် စိတ်ကူးထားကြခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူတို့မှာ စည်းမျဥ်းစည်းကမ်းများအား အသေးစိတ် မေးမြန်းနေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူ၏ စိတ်ထဲတွင်လည်း ထိုမေးခွန်းများ ရှိနေခဲ့၏။ ယခုတွင် အခြားသူများမှာ ၎င်းတို့အား မေးမြန်းလိုက်ပြီဖြစ်ရာ သူသည် အလင်းစက်လုံးကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးအား လှမ်းကြည့်၍ အကဲခတ်နေလိုက်တော့သည်။
" သက်ရှိတွေအကုန်လုံးက တန်းတူညီမျှပါပဲ။ အခွင့်အရေးတွေကလည်း အတူတူပဲ။ အောင်မြင်မှုဆိုတာ တခြားသူတွေ မဟုတ်ဘဲ ကိုယ့်ပေါ်မှာပဲ မူတည်နေတာ။ အဲတာ မကောင်းဘူးလား။ သူများတွေရဲ့ အခွင့်အရေးတွေကို လိုက်ပြီးတော့ လုယူနေဖို့ လိုလို့လား " အလင်းစက်လုံးကြီး အပြင်ဘက်ရှိ အဘိုးကြီးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။
" လူကြီးမင်းခင်ဗျား။ ကျွန်တော်တို့ ကျင့်ကြံသူတွေက မိုးကောင်းကင်ကြီးကိုတောင် အမြဲတမ်း ဖီဆန်ခဲ့ကြတာလေ။ စည်းကမ်းတွေကို တဝေမသိမ်း လိုက်နာနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ စိတ်ကျေနပ်ဖို့ကောင်းတဲ့ ဘဝကြီးတစ်ခုကို ပိုင်ဆိုင်နိုင်ပါ့မလဲ "
" တန်းတူညီမျှမှုဆိုတဲ့ အရာက အပေါ်ယံသာသာပဲရှိတာပါ။ ကျွန်တော်က ထူးချွန်ထက်မြက်၊ အလုပ်ကြိုးစားပြီး ပိုကောင်းတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် ကျွန်တော့်လို မဟုတ်တဲ့ တခြားသူတွေနဲ့ တန်းတူရည်တူ အခြေအနေမျိုးမှာ ရှိနေစရာအကြောင်း မရှိဘူးလေ "
" လူကြီးမင်း။ ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ အခွင့်အရေးတွေ လိုချင်ရင် တခြားသူတွေနဲ့ ယှဉ်ပြိုင်ရမယ်လို့ ကျေးဇူးပြုပြီး သတ်မှတ်ပေးပါ။ အဲတာမှ... မျှတမှာပေါ့ " အဘိုးကြီးအား ထိုသို့ ပြန်ပြောလိုက်ကြသည့် လူများထဲတွင် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ်သားတော်၊ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုကလေးငယ်နှင့် နတ်ဧကရာဇ်ကျိကျား၏ ကိုးယောက်မြောက် တပည့်တို့ ပါသည်။
ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ ဝင်မပြောပါသော်လည်း သူတို့၏ စကားများကို သဘောတူလိုက်၏။ သူသည် နှုတ်ဆိတ်ကာ အလင်းစက်လုံးကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးအား လှမ်းကြည့်နေလိုက်သည်။
ထို အဘိုးကြီးမှာလည်း နှုတ်ဆိတ်နေ၏။ နောက်ဆုံးတွင် သူသည် နောက်သို့လှည့်သွားပြီး အလင်းစက်လုံးကြီးထဲရှိ ပလ္လင်ပေါ်တွင် ထိုင်နေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီးအား လှမ်းကြည့်လိုက်တော့သည်။ ထို့နောက် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး ဆုံးဖြတ်ချက်ချသည်ကို စောင့်ဆိုင်းနေသည့် အမူအရာဖြင့် အသာအယာ ဦးညွှတ်လိုက်၏။
ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာမူ ပလ္လင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေရင်း အတွေးများထဲ၌ နစ်မျောသွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် မျက်လုံးများမှိတ်လိုက်သည်။ ထို့နောက် ခဏအကြာတွင် သူသည် ရှေးဆန်သည့် လေသံကြီးဖြင့် ဆိုလိုက်တော့သည်။
" ငါက ဘာအကျိုးအမြတ်မှ ပြန်ရဖို့ မျှော်လင့်မထားပါဘူး။ သက်ရှိတွေအကုန်လုံး အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ပဲ မျော်လင့်ထားတာ... ဒါပေမဲ့ ငါ မင်းတို့တွေရဲ့ ယှဉ်ပြိုင်လိုစိတ်တွေကို လျစ်လျှူရှုမိခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ကောင်းပြီလေ... ကိုယ့်ရဲ့ အတိတ်ဘဝတွေကို နားလည်နိုင်ဖို့ဆိုရင် လမ်းပြအလင်းရောင်တွေရဲ့ အကူအညီလိုတယ်။ အရည်အချင်းစမ်းသပ်ပွဲထဲကို ဝင်တဲ့လူတိုင်း လမ်းပြအလင်းရောင် တစ်ခုစီ ပိုင်ဆိုင်ထားမှာ။ ကိုယ့်ဆီမှာ လမ်းပြအလင်းရောင်တွေ အများကြီးပိုရှိလေလေ၊ အတိတ်ဘဝတွေကို နားလည်နိုင်ခြေ ပိုမြင့်မားလာလေလေပဲ "
" ကောင်းကင်ဘုံဓမ္မသခင်ကြီးက အမြော်အမြင် ကြီးမားလွန်းလှပါပေတယ် " ထိုအခါ ပါရမီရှင်များမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ချက်ချင်း ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။
" ဒါပေမဲ့ မင်းတို့ သိထားရမယ့် အချက်တစ်ချက်ရှိတယ် " ထိုစကားကို ပြောလိုက်သူမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး မဟုတ်ဘဲ အလင်းစက်လုံးကြီး၏ အပြင်ဘက်ရှိ အဘိုးကြီးဖြစ်သည်။ သူသည် လူအုပ်ကြီးအား လှမ်းကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်၏။
" ကောင်းကင်ဘုံဓမ္မသခင်ကြီးက သူ့ရဲ့မွေးနေ့ပွဲမှာ သွေးထွက်သံယိုဖြစ်တာကို မကြိုက်ဘူး။ အဲတာကြောင့်မလို့ အရည်အချင်းစမ်းသပ်ပွဲထဲမှာ တခြားသူတွေကို သတ်တဲ့လူမှန်သမျှ... ကိုယ့်ရဲ့အသက်နဲ့ ပြန်ပြီးတော့ ပေးဆပ်ရမယ် "
သူ ထိုသို့ဆိုလိုက်သည်နှင့် လူအုပ်ကြီးထဲမှ လူများမှာ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားကြ၏။ အချို့မှာ မျက်မှောင်ကြုတ်သွားကြကာ အချို့မှာ စိတ်အေးသွားသည့် အမူအရာများဖြင့် သက်ပြင်းများချလိုက်ကြပြီး အချို့မှာမူ သူတို့၏ သတ်ဖြတ်လိုစိတ်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။
" ဒီ အရည်အချင်းစမ်းသပ်ပွဲက ငါ ကြုံဖူးခဲ့တဲ့ အရည်အချင်းစမ်းသပ်ပွဲတွေနဲ့ လုံးဝမတူဘူးပဲ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် ထို အဘိုးကြီး၏ စကားများကို နားထောင်ရင်း သူ ဖြတ်သန်းခဲ့ရသည့် အရည်အချင်းစမ်းသပ်ပွဲများအကြောင်း ပြန်တွေးမိသွားသည်။ အကယ်၍ ထိုအဘိုးကြီး၏ စကားသာ အမှန်တကယ်ဖြစ်နေမည်ဆိုပါက ဤ အရည်အချင်းစမ်းသပ်ပွဲမှာ သက်ရှိများအားလုံးအတွက် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
သူသည် ထို အဘိုးကြီးမှာ မည်သည့်အရာများ ကြံစည်နေခြင်းဖြစ်ကြောင်း မသိထားပေ။ သူနှင့် အခြားသူများ အားလုံးမှာ ဤ နေရာသို့ ရောက်ရှိလာပြီးနောက်ပိုင်း လက်ဆောင်များ တစ်ခုပြီးတစ်ခု ရရှိနေသည်မဟုတ်ပါလော။
သူတို့မှာ မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် တာအို အလင်းရောင်အစက်အပြောက်များကြောင့် ဉာဏ်အလင်းပွင့်ခဲ့ရသလို ယခုတွင်လည်း ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရဦးမည် ဖြစ်သည်။ အန္တရာယ်အချို့နှင့် ကြုံရနိုင်ပါသော်လည်း ပြန်လည်ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာလည်း အလွန်အင်မတန်မှ ကြီးမားပေသည်။
ထို့အပြင် သူတို့မှာ ဒဿမဘဝအား နားလည်သွားသည်နှင့် ကံကြမ္မာစာအုပ်အား ဖွင့်ဖတ်ကာ အနာဂတ်မှပုံရိပ်များကို ကြည့်ရှုခွင့်ရဦးမည်လည်း ဖြစ်သည်။ ထိုအချက်များကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ ရိုသေလေးစားမှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ကျေးဇူးတင်လိုသည့်အမူအရာဖြင့် ဦးညွှတ်လိုက်၏။
သူတို့အားလုံး ဦးညွှတ်နေကြစဉ် အလင်းစက်လုံးကြီး၏ အပြင်ဘက်ရှိ အဘိုးကြီး၏ စကားသံမှာ မိုးခြိမ်းသံများကဲ့သို့ ထွက်ပေါ်လာ၏။ ၎င်းမှာ လေထုထဲ၌ ချက်ချင်းပြည့်နှက်သွားပြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသည်။
" အတိတ်ဘဝ အရည်အချင်းစမ်းသပ်ပွဲ စပြီ "
သူသည် စကားဆုံးသွားသည်နှင့် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အလင်းစက်လုံးကြီး၏ အောက်ရှိ မီးတောက်နှုတ်ခမ်းဝထဲတွင် ထစ်ချုန်းသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ထို့နောက် မီးတောင်ထဲမှ မြူခိုးအမြောက်အမြား ထိုးထွက်လာပြီး နောက်ဆုံးတွင် မီးတောက်နှုတ်ခမ်းဝနှင့် အလင်းစက်လုံးကြီး၏ ကြားရှိ ဟင်းလင်းပြင်ထဲ၌ ဧရာမ ဝဲကြီးတစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။ ထို ဝဲကြီးမှာ အဆက်မပြတ်လည်ပတ်နေ၏။
" ဝင်ကြတော့လေ " ခါးကိုင်းကိုင်းနှင့် အဘိုးကြီး၏ တည်ကြည်မှုအပြည့်ရှိသော စကားသံမှာ လူအုပ်ကြီးထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ သားရဲကြီးများပေါ်ရှိ ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ပျံထွက်လာကြတော့သည်။ သူတို့ထဲတွင် နတ်ဧကရာဇ်ကျိကျား၏ ကိုးယောက်မြောက်တပည့်မှာ အမြန်ဆုံးဖြစ်၏။ သူသည် ရှေ့သို့ အရင်ဆုံး ပျံထွက်လာပြီး ဝဲကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုကလေးငယ်နှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ်သားတော်တို့မှာလည်း ဝဲကြီး၏ အနီးသို့ အလျင်အမြန် ရောက်ရှိလာကြ၏။ ဖက်တီးလေးနှင့် အခြားပါရမီရှင်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ တစ်ယောက်ပြီးတစ်ရောက် ဝဲကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။
သူတို့ထဲတွင် အနက်ရောင်ဝတ်ရုံတစ်ခုအား ဆင်မြန်းထားပြီး နောက်ကျောတွင် ဓားရှည်ကြီးတစ်လက် လွယ်ထားသည့် ရှင်းကျင့်ကျိမှာ အေးစက်စက် အငွေ့အသက်များနှင့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေရင်း ဝဲကြီးထဲသို့ ဝင်သွား၏။ ရှုယင်လင်းနှင့် အခြားသူများမှာလည်း သူ၏နောက်မှ လိုက်သွားကြသည်။
ကျင့်ကြံသူအများစုမှာ ပျောက်ကွယ်သွားကြပြီဖြစ်သည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်းတွင် ကျင့်ကြံသူ အယောက်တစ်သိန်းခန့်မှာ ဝဲကြီးထဲသို့ ဝင်ရောက်သွားကြ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသည့် ရှဲ့ဟေးရန်မှာ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် မေးလိုက်သည်။
" ဦးလေးဆရာ။ ကျွန်တော်တို့ရော ဝင်ကြမလား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်အား ပွတ်လိုက်၏။ ထို အိတ်ထဲတွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး သူ့အား ပေးထားသည့် ပုလဲလုံးလေး ရှိနေသည်။ ခဏအကြာတွင် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ ပျံထွက်သွားသည်။ ရှဲ့ဟေးရန်မှာလည်း သူ၏နောက်မှ လိုက်သွား၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ ဝဲကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ဝဲကြီးထဲသို့ ရောက်သွားသည်နှင့် သူ၏ နတ်ဘုရားအာရုံထဲ၌ ရှဲ့ဟေးရန်အား မြင်နိုင်စွမ်းမရှိတော့ပေ။ ထို့နောက် သူသည် အလွန်အင်မတန်မှ အားကောင်းသည့် စွမ်းအားတစ်မျိုး၏ ဆွဲငင်ခြင်းကို ခံလိုက်ရ၏။ သို့ဖြစ်ရာ သူသည် တည်နေရာပြောင်းရွှေ့ခံလိုက်ရသကဲ့သို့ပင်။
ကံကောင်းစွာဖြင့် ထို ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အလွန်အင်မတန်မှ တိုတောင်း၏။ တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံနှင့် ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး သူသည် မြူခိုးများ၏ အလယ်၌ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ပေတစ်ရာခန့်သာ ကျယ်ဝန်းသော ဟင်းလင်းပြင်ကြီးတစ်ခုထဲ၌ ရှိနေ၏။
ထို ဟင်းလင်းပြင်ကြီးထဲတွင် မြူခိုးများ မရှိပါသော်လည်း ၎င်း၏ အလွန်တွင် မြူခိုးများ စုဝေးနေကြပြီး နတ်ဘုရားအာရုံများကို ဟန့်တားပိတ်ဆို့ထားသည်။ သို့သော် ဝမ်ပေါင်လဲ့ သူ၏ ခန္ဓာကိုယ်အား လှုပ်ရှား၍ ထို မြူခိုးများထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားကြည့်လိုက်သောအခါ ၎င်းတို့မှာ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အား ဟန့်တားနိုင်စွမ်းမရှိကြောင်း သိလိုက်ရ၏။
သို့သော် နတ်ဘုရားအာရုံများကို ဖြန့်ကြက်၍ မရသဖြင့် အရပ်မျက်နှာ အတိအကျကို သိနိုင်မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ရှေ့သို့ဆက်သွားခြင်းမရှိဘဲ ပေတစ်ရာခန့် ကျယ်ဝန်းသည့် ဟင်းလင်းပြင်ကြီးထဲသို့ ပြန်လည်ဆုတ်ခွာသွားလိုက်၏။ ထိုအချိန်တွင် သူသည် သူ၏ ခန္ဓာကိုယ်ပေါ်၌ ခပ်မှိန်မှိန် အဖြူရောင်အလင်းရောင်ခြုံလွှာတစ်ခု ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။
ဝမ်ပေါင်လဲ့မှာ ထိုအလင်းရောင်ခြုံလွှာအား အာရုံခံကြည့်လိုက်ပြီးနောက် အမူအရာများ ပြောင်းလဲသွား၏။ သူသည် ထို အဖြူရောင်အလင်းရောင်ခြုံလွှာထဲတွင် သူ၏ ဝိညာဉ်အား ဘေးကင်းလုံခြုံကာ နွေးထွေးအောင်လုပ်ပေးနိုင်သည့် အငွေ့အသက်တစ်မျိုးကို အာရုံခံမိနေသည်။
" လမ်းပြအလင်းရောင်လား "
ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ ရေရွတ်မိလိုက်သည်နှင့် သြဇာညောင်းသည့် စကားသံကြီးတစ်သံမှာ မြူခိုးကမ္ဘာကြီးထဲရှိ ဟင်းလင်းပြင် တစ်သိန်းကျော်ထဲ၌ ရှိနေကြသော ကျင့်ကြံသူ အယောက်တစ်သိန်းကျော်၏ အသိစိတ်များထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
" ပထမနေ့၊ ပထမဘဝ “