ဂိုဏ်းသခင်၏ ထူးဆန်းသော မိတ်ဆွေများ
Vol. 42 Ch. 575
စွမ်းအင်အကူးအပြောင်းတံတားမှ သမင်ခြေထောက်နှစ်ချောင်းဖြင့် လူငယ်လေးတစ်ယောက် လမ်းလျှောက်ထွက်လာပြီး ပတ်ဝန်းကျင်အား တအံ့တဩ ကြည့်နေသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီကမ္ဘာက ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် အများကြီး ပိုကျယ်တဲ့အပြင်.... နတ်ဘုရားတွေလည်း ပြည့်နေတယ်... ခွေးသူတောင်းစားလေးက ကမ္ဘာခြားနဲ့ ဆက်သွယ်ပေးနိုင်တဲ့ တံတားတစ်စင်းကို တကယ် တည်ဆောက်နိုင်ခဲ့တာပဲ.... လက်ရာလည်း တော်တော်ပြောင်မြောက်တယ်... အဲဒီခွေးသူတောင်းစားလေးက ဟိုဟာလျှောက်လုပ်၊ ဒီဟာလျှောက်လုပ်နဲ့ သိုင်းကျင့်တာမှာ အာရုံမရှိဘူး.... ဒီတံတားဆောက်ဖို့လည်း အချိန်တော်တော် ယူခဲ့ရမှာပဲ.... ဘယ်လိုလုပ်ပြီး သူ့ကျင့်စဉ်စွမ်းအင်က ဒီလောက်မြန်မြန် တိုးတက်လာခဲ့တာပါလိမ့်”
“ခေါင်းဆောင်” ယဇ်ပလ္လင်ဘေးရှိ အစောင့်တစ်ယောက်က တီးတိုးပြောလိုက်သည်။ “ဟိုက သမင်ခြေထောက်နဲ့ လူငယ်ကို ကြည့်... ဂိုဏ်းသခင်ချင် ပုံတူဆွဲပြခဲ့တဲ့ တစ်ယောက်လားလို့”
အစောင့်ခေါင်းဆောင်က ချင်မူပေးထားသည့် ပုံတူပန်းချီကို အလျင်အမြန် ထုတ်၍ ယှဉ်ကြည့်လိုက်သည်။ သူ့မျက်လုံးများ အရောင်တောက်သွား၏။ ‘တစ်ပုံစံတည်းပဲ... ဒါပေမဲ့ ပန်းချီထဲက ကောင်လေးမှာ ခြေတစ်ချောင်းပဲ ရှိတယ်... ဒီကောင်လေးက သမင်ခြေထောက်နှစ်ချောင်း ရှိနေတယ်.... ဟုတ်တာလား၊ မဟုတ်ဘူးလား....’
သူ ဝေခွဲရခက်နေစဉ် ထိုလူငယ်လေး လှေကားထစ်များအတိုင်း ဆင်းလာသည်ကို မြင်လိုက်ရသည်။
‘ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဖမ်းရမယ်’
အစောင့်ခေါင်းဆောင် မျက်စ,ပစ်ပြလိုက်သည်နှင့် ကျန်အစောင့်များလည်း ချက်ဆို နားခွက်မှ မီးတောက်သွားကြ၏။ အားလုံး ကောင်းကင်ယံသို့ ဝုန်းခနဲ ပျံတက်ကာ ကောင်းကင်နတ်သိုင်းမျိုးစုံ၊ ဝိညာဉ်လက်နက်မျိုးစုံ ထုတ်လွှတ်လိုက်ကြသည်။ ဓားစက်လုံးများ၊ ဓားမစက်လုံးများ၊ ပြဿဒ်ဆောင်များ၊ စေတီများ၊ ဒယ်အိုးကြီးများ အစရှိသည့် ဝိညာဉ်လက်နက်အားလုံး ကြောက်မက်ဖွယ်ရာအရှိန်ဖြင့် ကျလာကြပြီး သမင်ခြေထောက်နှင့်လူငယ်အား လွှမ်းခြုံသွားကြ၏။ ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ ဖြာထွက်လာသည်။
စွမ်းအင်အကူးအပြောင်းတံတားသည် ကမ္ဘာနှစ်ခုလုံးအတွက် အရေးအပါဆုံးဖြစ်၍ အစောင့်တာဝန်ကျသူများမှာ များသောအားဖြင့် အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ကြလေသည်။ အနိမ့်ဆုံးက သေခြင်းရှင်ခြင်းအဆင့်ဖြစ်ကာ အတော်များများက ကောင်းကင်တံတားအဆင့် ဖြစ်ကြ၏။
အားလုံး ဝိညာဉ်လက်နက်များကို သိမ်းပြီး ယဇ်ပလ္လင်အောက်ခြေသို့ အလျင်အမြန် ပြန်ဆင်းလိုက်ကြသည်။ ချိုင့်ဝင်နေသော မြေပြင်ကို မြင်ရသော်လည်း သမင်ခြေထောက်နှင့် လူငယ်မှာ အစအနပင် ရှာမရတော့ပေ။
သူတို့ တအံ့တဩဖြင့် ဘေးဘီဝဲယာ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများဆီမှ အလင်းတန်းများ ထွက်လာပြီး မိုင်တစ်ရာပတ်ပတ်လည်ရှိ အရာရာတိုင်းကို ထိုးဖောက်သွား၏။ ရုတ်တရက် မိုင်တစ်ရာအကွာ၌ ခပ်ဖွဖွလေး ပြေးနေသော သမင်ခြေထောက်နှင့်လူငယ်ကို လှမ်းမြင်လိုက်ကြရသည်။
“ကောင်းကင်မျက်လုံးတွေနဲ့ ပစ်ကြစို့” အစောင့်ခေါင်းဆောင် အမိန့်ပေးလိုက်သည်နှင့် အစောင့်တပ်ဖွဲ့၏ မျက်လုံးများ၌ ကောင်းကင်အလင်းရောင်များ လျင်မြန်စွာ စုဝေးလာသည်။ များစွာမကြာလိုက်ဘဲ အလင်းတန်းများက ကြောက်မက်ဖွယ်ရာစွမ်းအားဖြင့် သမင်ခြေထောက်နှင့်လူငယ်ဆီသို့ ပစ်ခွင်းလိုက်ကြ၏။
လူငယ်က အလင်းတန်းများ သူ့ခန္ဓာကိုယ်ကို မထိခင် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ တခြားမည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
အစောင့်များမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။ သူတို့ ဘာဆက်လုပ်ရမည်မှန်း မသိတော့ပေ။
ထိုအခိုက်အတန့်တွင် သူတို့အနောက်မှ ခြေသံများ ကြားလိုက်ရပြီး စွမ်းအင်အကူးအပြောင်းတံတားထဲမှ လူငယ်တစ်ယောက် ထွက်လာသည်။ သေတ္တာကြီးတစ်လုံးက သူ့နောက်မှ လိုက်ပါလာ၏။
သေတ္တာကြီးက ဗြုန်းဗြုန်းဗြန်းဗြန်း မြည်လျက် များပြားလှသော ခြေထောက်များဖြင့် ခပ်ချောချော လူငယ်၏ နောက်မှ လျှောက်လာသည်။
“ဂိုဏ်းသခင်ချင်ရဲ့ သေတ္တာကြီး မဟုတ်လား.... ဒါပေမဲ့ ဒီလူက ဂိုဏ်းသခင်ချင်မဟုတ်ဘူး...”
အားလုံး ဇဝေဇဝါ ဖြစ်နေကြစဉ် တောက်ပရွှန်းလဲ့နေသော မျက်လုံးများဖြင့် လူငယ်က ပြောလာသည်။ “ဒါက ထိုက်ဧကရာဇ်ကောင်းကင်ဘုံလား... အစစ်အမှန်မိစ္ဆာတွေ ဘယ်မှာ နေလဲ”
“ငါ့ညီက ထာဝရငြိမ်းချမ်းရေးအင်ပါယာကလား... အစစ်အမှန်မိစ္ဆာတွေကို ဘာလို့ရှာနေတာလဲ... သူတို့ကို တွေ့ချင်တယ်ဆိုရင်တော့ ဟိုးက နတ်ဆိုးမြေဆီ သွားလိုက်ပါ.... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လောလောဆယ် လီမြို့မှာ စစ်သည်တွေကို လေ့ကျင့်ပေးနေတယ်... အဲဒီကို အရင်သွားပြီး သူနဲ့တွေ့တာ ပိုကောင်းမယ်ထင်တယ်... အဲဒါဆို ပိုအဆင်ပြေလိမ့်မယ်”
လူငယ်က ခေါင်းယမ်းလိုက်သည်။ “ငါက မိစ္ဆာနတ်ဘုရားတစ်ချို့ရဲ့ ရုပ်ခန္ဓာတွေနဲ့ မူလဝိညာဉ်တွေကိုပဲ စုဆောင်းချင်တာ.... ဘာလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ရှာရမှာလဲ... အခု သူက ငါ စုဆောင်းဖို့ မတန်သေးဘူး”
သူ ထွက်သွားတော့မည့်အချိန် မျက်နှာတစ်ခုလုံး အတွန့်အခေါက်များ ပြည့်နေသည့် အဘိုးအိုတစ်ယောက်က ဧရာမသေတ္တာကြီးတစ်လုံးကို သယ်၍ မီးဖိုကြီးကို လွယ်ကာ တံတားအပြင် ထွက်လာ၏။ သူက အပြုံးပန်းများ ဝေဆာနေပြီး အလွန်ပျော်ရွှင်နေပုံရသည်။
‘ဒီနေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ရောက်လာတဲ့လူတိုင်း ဘာလို့ ထူးဆန်းနေတာပါလိမ့်...’ အစောင့်အားလုံး စိတ်ရှုပ်ထွေးနေကြသည်။ ‘ပထမဆုံး သမင်ခြေထောက်နှစ်ချောင်းနဲ့ လူငယ်.... အခု သေတ္တာကြီးတွေနဲ့ လူထူးဆန်းနှစ်ယောက်’
လူငယ်က မီးဖိုကြီးနှင့် သေတ္တာသယ်လာသော အဘိုးအိုကို မြင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ့မျက်နှာမှာ မီးသွေးတုံးလို မည်းမှောင်လာ၏။ “ရွှေအ၊ ငါ မင်းကို လိုက်ရှာနေတာ ကြာပြီ”
သူ့ကို မြင်လျှင် အဘိုးအို၏ ပြုံးနေသော မျက်နှာ တွန့်ခနဲ ဖြစ်သွားသည်။ “အာ ဘာ အ အ”
“ဟုတ်တယ် ငါက ရှင်းအန်းပဲ”
ရှင်းအန်း၏ သတ်ဖြတ်လိုစိတ်က ကောင်းကင်ယံသို့ ထိုးတက်သွားပြီး သူက အေးစက်စက် ပြောလိုက်သည်။ “မင်းရဲ့ အစိတ်အပိုင်းတွေကို စုထားစရာတော့ မလိုတော့ဘူး... ဒါပေမဲ့ ငါ့ကို အကြာကြီး ဒုက္ခပေးခဲ့တဲ့အတွက် ကလဲ့စားချေရမယ်...”
“ရွှေအ၊ မင်း ပြေးတာ သိပ်မြန်တာပဲ”
စွမ်းအင်အကူးအပြောင်းတံတားမှ အလင်းတန်းများ ထွက်လာပြီး မနှိုင်းသာအောင် ကြံ့ခိုင်တောင့်တင်းသော လူတစ်ယောက်က ခြုံထည်တစ်ထည် လွှားခြုံလျက် လမ်းလျှောက်ထွက်လာ၏။ သူက ပခုံးပေါ်၌ ဓားမကြီးတစ်လက် တင်ထားပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “ရွှေအ မင်းရဲ့သေတ္တာကြီးက ကောင်းသေးတာပဲ.... လှေအသွင် ပြောင်းပြီး လျှောက်သွားလို့ရသေးတယ်... ငါ မင်းကို လိုက်တောင်မမှီ.... ရှင်းအန်း”
“ကောင်းကင်ဓားမ”
ရှင်းအန်း၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး သူ့အနောက်ရှိ သေတ္တာကြီးမှာ ရှင်းအန်းနောက်သို့ ပြေးပုန်းသည်။ သားသတ်သမား သူ့အား အပိုင်းပိုင်း ခုတ်ထစ်ပစ်ခဲ့သည်ကို မှတ်မိနေကြောင်း သိသာ၏။
ရှင်းအန်းက လက်နှစ်ဖက် နောက်ပစ်ကာ မှင်သေသေ ပြောလိုက်သည်။ “မင်းလည်း ကောင်းကင်တံတား ပြန်ဆက်ပြီး ကောင်းကင်နတ်ဘုံဆီ တက်လှမ်းခဲ့ပြီပေါ့... တစ်ယောက်က ရွှေအ၊ တစ်ယောက်က ကောင်းကင်ဓားမ၊ နှစ်ယောက်လုံးက နတ်ဘုရားတွေ၊ နှစ်ယောက်လုံးလည်း ငါ့ရန်သူ... ဟီးဟီး မင်းတို့နှစ်ယောက် တစ်ပြိုင်တည်း လာလို့ရတယ်”
သားသတ်သမား၏မျက်လုံးများ အရောင်တောက်သွားပြီး သူက ကျယ်လောင်စွာ ရယ်လိုက်သည်။ “ရှင်းအန်း၊ ငါ မင်းကို မိုင်ရှစ်သောင်းအထိ လိုက်ခဲ့ပေမယ့် မင်းက လွတ်အောင် ပြေးနိုင်ခဲ့သေးတယ်... တကယ် တော်ပါပေတယ်... ရွာလူကြီးက မင်း ဘယ်လောက်သန်မာတဲ့အကြောင်း ပြောတတ်ပေမယ့် သူ မရှိတော့တာ ဆိုးတာပဲ... ဒါပေမဲ့ မင်းကတော့ အသက်ရှင်နေသေးတယ်... ငါ မင်းကို တွေ့ချင်နေတာ ကြာပြီ”
ရှင်းအန်းက ပြုံးလိုက်ပြီး အေးအေးဆေးဆေး ဆိုသည်။ “လူသားဧကရာဇ် ဓားနတ်ဘုရားလား.... သူက ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး... မင်းတို့နှစ်ယောက်လုံး ငါ့ဆီ လာနိုင်တယ်... မင်းတို့နှစ်ယောက်နဲ့ စာရင်းရှင်းပြီးမှ မိစ္ဆာနတ်ဘုရားတွေဆီ သွားရမယ်”
စွမ်းအင်အကူးအပြောင်းတံတားက လင်းလက်သွားပြန်ပြီး အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက်သည် ကောင်းကင်ဘုံမှ မင်းသားတစ်ပါးကဲ့သို့ အဟန့်အထည်မျိုးဖြင့် ထွက်လာ၏။ သူက သံနားရွက်များကို ထိကြည့်ရင်း ရှိနေသေးကြောင်း ခံစားမိမှ သက်ပြင်းချကာ မယုံသင်္ကာ မေးသည်။ “ဒီတံတားက တကယ်ပဲ မူအာ တည်ဆောက်ခဲ့တာလား... ဒီကောင်လေးက တစ်နေ့ထက်တစ်နေ့ အားကိုးလာရ... ရှင်းအန်း”
“နားကန်း၊ ဒီခွေးကောင်ရှင်းအန်းက နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီးပြီ” သားသတ်သမားက အော်ပြောလိုက်သည်။ “မင်းက အားအနည်းဆုံးပဲ သတိထား”
စွမ်းအင်အကူးအပြောင်းတံတား လင်းလက်သွားပြန်ပြီး ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးတစ်ဦး ထွက်လာသည့်အခါ အားလုံး၏မျက်လုံးများ တောက်ပသွားကြ၏။ သူမ၏ စွဲမက်ယစ်မူးဖွယ် အကြည့်လေးက နှလုံးသားများကို ညှို့ယူဆောင်သွားသကဲ့သို့ အားလုံး ငေးငိုင်သွားကြသည်။
“ရှင်းအန်းပါလား” သူမက တအံ့တဩ ရေရွတ်လိုက်၏။
“အဘွားစစ်၊ အဘွားကြီးပုံစံပြောင်းပါဟ... ငါ့ကို အာရုံပျံ့အောင် မလုပ်နဲ့” သားသတ်သမားက ဒေါကြီးမောကြီး လှမ်းအော်သည်။ “အားလုံး ဒီခွေးကောင်ကို တစ်ပြိုင်တည်း ရှင်းပစ်ရအောင်”
ထိုစဉ် စွမ်းအင်အကူးအပြောင်းတံတားမှ အဘိုးအိုနောက်တစ်ယောက် ထွက်လာပြီး သူ့ကျောနောက်၌ အနက်ရောင်နဂါးလှံတစ်လက် ရှိနေသည်။ “ရှင်းအန်း”
သူ့အနောက်မှ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်က ပြုံးဖြဲဖြဲဖြင့် ထွက်လာသော်လည်း ရှင်းအန်းကို မြင်လျှင် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး တံတားထဲ အလျင်အမြန် ပြန်လှည့်သွား၏။ သို့သော် လှံနှင့်အဘိုးအိုက ဆွဲထားသဖြင့် သူ့မှာ ရှေ့ဆက်လျှောက်လာရလေသည်။
ရှင်းအန်း၏အကြည့်က အဘွားစစ်၏မျက်နှာပေါ်မှ မျက်ကန်း၏ခန္ဓာကိုယ်အပေါ် ကျရောက်သွားသည်။ သူက အေးစက်စက် ပြောလိုက်၏။ “ရန်သူဟောင်းကြီးတွေ အားလုံး ဒီရောက်လာကြတာပဲ... အားလုံးကို တစ်ပြိုင်တည်း သေရွာပို့ပေးနိုင်တာပေါ့လေ”
ထိုအချိန်မှာပင် ကြေးမျက်နှာဖုံးတပ်ထားသော အရပ်မြင့်မြင့်လူတစ်ယောက်က မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ထွက်လာသည်။ “မင်းတို့ကောင်တွေ ပြေးတာ မြန်လိုက်တာ... ငါ့မှာ လိုက်မှီဖို့ ရှိသမျှအားကုန် ထုတ်ပြေးခဲ့ရတယ်... ဘာလို့ဆက်မပြေးတော့တာလဲ... အမ် ရှင်းအန်းလည်း ရှိနေတာပါလား”
ရှင်းအန်း မျက်နှာပျက်သွားပြီး သေတ္တာကြီးကို မ,ကာ တစ်ချိုးတည်း ထွက်ပြေးသွား၏။ သူ့ပုံရိပ်က လေကို ဝုန်းခနဲ ခွင်းသွား၍ တိမ်အခိုးအငွေ့များသာ ကျန်ရစ်ခဲ့သည်။ မည်သူမှ မတုံ့ပြန်နိုင်ခင် သူကား မိုင်တစ်ထောင်ကျော် ရောက်သွားချေပြီ။
မြန်လှသည့် သူ၏ပြေးနှုန်းကြောင့် အားလုံး မျက်လုံးပြူးနေကြသည်။
ဆေးဆရာက မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ပွတ်သပ်ကာ အတန်ငယ် ထူးဆန်းနေသောအသံဖြင့် ပြောလိုက်၏။ “မြန်ချက်... လှုပ်ရှားဖို့တောင် အချိန်မရလိုက်ဘူး....”
“ဆရာကောင်းကင်ဓားမ...” စွမ်းအင်အကူးအပြောင်းတံတားမှ နားကန်းလုအောင် ကျယ်လောင်လှသော အသံကြီးတစ်သံ ထွက်လာ၏။ “ဆရာ့ကို ကျွန်တော် မြင်တယ်နော် မပြေးနဲ့... နွားသိုးစိမ်းကြီး မြန်မြန်ပြေး.... ဆရာ၊ ကျွန်တော့်မှာ ဆရာ့ကို ပြောချင်တာတွေ အများကြီး ရှိတယ်...တယ်....တယ်”
သားသတ်သမား သွေးဆုပ်ဖြူလျော်သွားပြီး ကပျာကယာ ပြောလိုက်သည်။ “ပါ့ရှန် လိုက်မှီလာပြီ... ပြေးကြစို့”
အဘွားစစ်နှင့် ကျန်ရှိသူများ သူနှင့်အတူ ထွက်ခွာသွားကြသည်။ တခဏကြာသော် ကိုက်သုံးဆယ်ကျော် မြင့်မားသည့် ဗလတောင့်တောင့် အစိမ်းရောင် နွားတစ်ပိုင်းလူတစ်ပိုင်းက ပျိုနီပန်းခက်ကို ပါးစပ်ဖြင့် ကိုက်လျက် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ သူ အလင်းတန်းထဲမှ စိတ်လှုပ်တရှား ထွက်လာသည့်အခါ ကြွက်သားအမြှောင်းများ လှုပ်ခါသွား၏။ တခဏကြာသော် သူ့နောက်မှ ထောင်ထောင်မောင်းမောင်း လူတစ်ယောက် ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။ “ဆရာ့ရဲ့ ဓားမရောင်က ထင်းနေတာပဲ... သူ ငါ့ဆီက မပုန်းနိုင်ပါဘူး.. နွားနွား၊ ပုံသဏ္ဍာန်အစစ် ပြောင်းလိုက်”
ဗလတောင့်တောင့် အစိမ်းရောင်နွားတစ်ပိုင်းလူတစ်ပိုင်းက ဘူးခနဲ အော်လိုက်ပြီး ကိုယ်တစ်ရာ့နှစ်ဆယ်ကျော် မြင့်မားသော အစိမ်းရောင်နွားသိုးကြီးအသွင် ပြောင်းလိုက်သည်။ အစိမ်းရောင်အမွှေးအမျှင်များနှင့် နဂါးကြေးခွံများက သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းနေ၏။ ထောင်ထောင်မောင်းမောင်းလူ သူ့ကျောပေါ် ခုန်တက်လိုက်သည့်အခါ နွားသိုးကြီးက တရှိန်ထိုး ပြေးထွက်သွားလေသည်။
စွမ်းအင်အကူးအပြောင်းတံတား၏ အစောင့်များမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။ တခဏကြာသော် ခေါင်းဆောင်ဖြစ်သူက ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်၏။ “ဒီနေ့ လူထူးဆန်းတွေ အတော်များ...”
သူ့စကားပင် မဆုံးသေးခင် လင်းခနဲ လက်သွားပြန်ပြီး စွမ်းအင်အကူးအပြောင်းတံတား၏ အပြင်သို့ ရဟန်းအိုတစ်ပါးနှင့် ရဟန်းငယ်နှစ်ပါး ထွက်လာကြသည်။ ရဟန်းအိုသည် တင့်တယ်သပ္ပါယ်သော အသွင်အပြင် ရှိပြီး သူ ကြွလာစဉ် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်က သူ့နောက်၌ ဖွဲ့တည်လျက် ရှိ၏။ အရွယ်အစား၊ အသက်အရွယ်စုံလင်သော သိက္ခာတော်ရ ရဟန်းများက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ထဲ၌ ထိုင်နေတော်မူကြသည်။ တချို့က လူရဟန်းများ၊ တချို့က မိစ္ဆာရဟန်းများ ဖြစ်ကြ၏။
ရဟန်းငယ်နှစ်ပါးအနက် တစ်ပါးသည် လပြည့်ဝန်းကဲ့သို့ ကြည်လင်ကြော့ရှင်းသော အမူအရာရှိ၏။ တစ်ပါးကမူ မဟူရာစေတီတစ်ဆူသွယ် ခံ့ထည်သောအသွင်ဖြင့် လက်တွင် ခက္ခရာတောင်ဝှေးကို ကိုင်စွဲထားတော်မူသည်။
“ကျန်းခုံး၊ လမ်း မေးလိုက်” ရဟန်းအိုက မိန့်လိုက်သည်။
အမွှေးထူထူရဟန်းငယ်က ရှေ့တက်လိုက်ပြီး မုဒြာလက်ဟန်ဖြင့် အစောင့်တစ်ယောက်အား နှုတ်ဆက်သည်။ သူက ခေါင်းဆောင်နေရာရှိ လူအား မေး၏။ “လမ်း”
ခေါင်းဆောင်မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ကြိုးစား၍ မေးကြည့်လိုက်သည်။ “လူကောင်းလား လူဆိုးလား”
“လူကောင်း” အမွှေးထူထူရဟန်းငယ်က ပြန်ဖြေသည်။
“ဟိုဖက်ပါ” အစောင့်က လီမြို့ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ရဟန်းအိုက ထိုအရပ်မျက်နှာဆီ ကြွသွား၍ ရဟန်းငယ်နှစ်ပါးကလည်း သူနှင့်အတူ တံတားအောက် ဆင်းကြသည်။ သူတို့ လမ်းလျှောက်နေကြစဉ် မင်ရှင်းက တလေးတစား ချီးကျူးလိုက်၏။ “တထာဂတအရှင်၊ နောင်တော်ကျန်းခုံးက စကားလုံးလေးနှစ်လုံးတည်းနဲ့ လမ်းမေးနိုင်ခဲ့တယ်... တပည့်တော် များစွာသင်ယူမိပါတယ်”
တထာဂတက ခေါင်းညိတ်ကာ မိန့်တော်မူ၏။ “ကျန်းခုံးက ဉာဏ်ပညာကြီးမားပေတယ်”
အစောင့်များမှာ သူတို့ ကြွသွားသည်ကို ငေးကြည့်နေမိကြသော်လည်း စိတ်နှင့်ကိုယ်ပင် ပြန်မကပ်သေးခင် တံတားပေါ်မှ တာအိုရသေ့အိုများနှင့် ရသေ့မများသည် တာအိုရသေ့ငယ်လေးတစ်ယောက်ကို ခြံရံလျက် ဆင်းလာကြ၏။
“ဒါက မိစ္ဆာချင် တည်ဆောက်ခဲ့တဲ့ စွမ်းအင်အကူးအပြောင်းတံတားလား... သူ့ရဲ့ သင်္ချာစွမ်းရည်က အထွတ်အထိပ်ကို ရောက်နေပြီပဲ”
တာအိုရသေ့များနှင့် ရသေ့မများက အတိုင်းအတာကိရိယာမျိုးစုံ ထုတ်ကာ ကုန်းကုန်းကွကွ တိုင်းတာနေကြသည်။ သူတို့က အစောင့်များကို အဖက်ပင်မလုပ်ဘဲ တံတားပေါ်ရှိ သင်္ကေတအမှတ်အသားများအား တိုင်းတာတွက်ချက်ရင်း စိတ်လှုပ်တရှား ဆွေးနွေးနေကြ၏။
အစောင့်များမှာ တစ်ယောက်ကိုတစ်ယောက် ငေးငေးငိုင်ငိုင် ကြည့်ရင်း တာအိုရသေ့ငယ်လေးအား အကျိုးအကြောင်းမေးရန် ပြင်လိုက်ကြသော်လည်း တာအိုရသေ့ငယ်လေးက တာအိုရသေ့အိုများထက် များစွာစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ကြရသည်။ သူက တစ်ခုမကျန် တိုင်းတာတွက်ချက်ပြီး တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေ၏။ ရူးသွပ်သွားသကဲ့သို့ စျာန်နစ်မျောနေလေသည်။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေက လူထူးဆန်းတွေချည်းပဲ’
တာအိုရသေ့များ တိုင်းတာတွက်ချက်နေကြစဉ် နတ်ဝိဇ္ဇာအငွေ့အသက်များဖြင့် အကြီးအကဲတချို့က လူငယ်လေးများနှင့်အတူ ထွက်လာကြသည်။ တာအိုရသေ့များကို မြင်လျှင် တစ်ယောက်က ပြုံးလျက် မေးလိုက်၏။ “တာအိုသခင်လင်းရွှမ် ဘာတွေ လုပ်နေတာတုန်း”
“ကျောက်စိမ်းမြို့တော်ငယ်က ဆရာကြီးတို့ပါလား... နောင်တော်မူရန်လည်း ပါတာကိုး” တာအိုသခင်လင်းရွှမ်က ခေါင်းထောင်ပြီး စိတ်လှုပ်တရှား ပြောလိုက်သည်။ “ဂိုဏ်းသခင် ဒီတံတားအတွက် သုံးသွားတဲ့ အက္ခရာသင်္ချာက သိပ်အံ့ဩစရာကောင်းလွန်းတယ်... ကျွန်တော်တို့ အခုထိ တွက်လို့ကို မပြီးသေးဘူး”
ဝမ့်မူရန်က သူ့အား ပြုံးပြလိုက်သည်။ “တာအိုသခင်၊ ဒီမှာ အကြာကြီး တွက်ချက်နေရင်တောင်မှ မြှုပ်ထားတဲ့ပညာအားလုံး ရှာတွေ့လောက်မှာ မဟုတ်ဘူး... ဂိုဏ်းသခင်ချင်ဆီက ပုံကြမ်းတွေ တောင်းကြည့်လိုက်တာ ပိုမကောင်းဘူးလား”
တာအိုသခင်လင်းရွှမ်မှာ ထိုအခါမှ သတိရသွားပြီး တာအိုရသေ့များအား ပြန်ခေါ်လိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဒီတံတားကို မြင်လိုက်တာနဲ့ ဖြတ်လမ်းနည်း ရှိနေတာကို မေ့သွားတယ်.... နောင်တော်ရှုရှန်းဟွာလည်း ရောက်ပြီလား”
“အထက်ကောင်းကင်ဘုံက ပြန်ရောက်ကတည်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ထွက်သွားတာပဲ... ရောက်နေလောက်ပြီထင်တယ်... နတ်ဘုရားနှိမ်စေတီဆီ သွားပြီး အစစ်အမှန်နတ်ဘုရားငယ်စမ်းသပ်မှုကို ဖြေကြည့်နေတာပဲ ဖြစ်မယ်” မုချင်းသိုင်က ပြောလိုက်သည်။
သူတို့အားလုံး စကားတပြောပြောဖြင့် လီမြို့ဆီသို့ ထွက်သွားကြ၏။ လမ်းနှင့် ရင်းနှီးနေသည်ကို ထောက်ရှုလျှင် ဤလူများမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ရောက်ခဲ့ဖူးခြင်း ဖြစ်လိမ့်မည်။ အစောင့်များမှာတော့ ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့ကြတော့သည်။
“ဒီလူအားလုံးက ဂိုဏ်းသခင်ချင်ရဲ့ မိတ်ဆွေတွေလား... လူထူးဆန်းတွေချည်းပဲ” အစောင့်ခေါင်းဆောင်က ခပ်တိုးတိုး ရေရွတ်နေသည်။ “ဂိုဏ်းသခင်ချင်လို လူတော်လူကောင်းလေးက ဘယ်လိုလုပ်ပြီး ဒီလိုထူးဆန်းတဲ့လူတွေနဲ့ မိတ်ဆွေဖြစ်နေတာပါလိမ့်”