ငါ့နာမည်က ချာ
Vol. 42 Ch. 576
“သိပ်လှလိုက်တဲ့ ကမ္ဘာပဲ”
ဝမ့်မူရန်၊ တာအိုသခင်လင်းရွှမ်နှင့် ကျန်ရှိသူများမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကျယ်ဝန်းခမ်းနားမှုအပေါ် တအံ့တဩ ဖြစ်နေကြသည်။ ကောင်းကင်ထက်၌ အလျှံတညီးညီး တောက်ပနေသော နေနှစ်စင်းကိုလည်း မော့ကြည့်ရင်း သူတို့အားလုံး တလေးတစား စုပ်သပ်မိကြ၏။
အဝေးတွင် ယဇ်ပလ္လင်ကြီးများမှ အနက်ရောင်အလင်းတန်းများက တိမ်တိုက်များအား တစ်ချက်တစ်ချက် ထိုးခွဲလျက် လင်းလက်နေတတ်သည်။ ဘိုးဘေးမိစ္ဆာနတ်ဆိုးများ ဆင်းသက်လာနေမှုကြောင့် ထိုသို့ ဖြစ်နေသည်ကို သူတို့အုပ်စု မသိကြပေ။
“အရင်တုန်းက နေက မကြည့်နိုင်လောက်အောင် အရုပ်ဆိုးတယ် ကြားတာနဲ့ ငါ မလာရဲခဲ့ဘူး” တာအိုသခင်လင်းရွှမ်က ပြုံးလျက် ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ ပြုပြင်ပြီးပြီဆိုမှ ဝင်လာရဲတာပဲ”
သူတို့ လီမြို့အပြင်သို့ ရောက်လာသည့်အခါ စစ်သည်များက လာရောက်စစ်ဆေးကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်သည့်အကြောင်း ကြားလျှင် ကပျာကယာ ပြောကြ၏။ “အခုရက်ပိုင်း မိစ္ဆာနတ်ဆိုးတွေ ထွက်လာတတ်လို့ လုံခြုံရေးတင်းကြပ်ထားတာပါ... စိတ်မရှိပါနဲ့”
ဝမ်မူရန် ဝေ့ဝဲကြည့်ရှုလိုက်သည့်အခါ မြို့အပြင်၌ လေ့ကျင့်နေသော စစ်တပ်ကြီးကို မြင်လိုက်ရသည်။ အလံများက တလွင့်လွင့် လှုပ်ခတ်နေပြီး ကောင်းကင်နတ်သိုင်းပညာရှင်များသည် ဝံပုလွေများသဖွယ် ပြေးလွှား၍ ဝက်ဝံရိုင်းများသဖွယ် ဧရာမဝင်္ကပါကြီးတစ်ခုအား တည်ခင်းနေကြ၏။ သူတို့၏ကျင့်စဉ်စွမ်းအင်အားလုံး မြင့်မားကြသလို၊ တိုက်ခိုက်ရေးစွမ်းရည်များလည်း အားကောင်းပြင်းထန်ကြရာ ဝမ့်မူရန်မှာ သူ့ကိုယ်သူ စမ်းသပ်ချင်လာတော့၏။
“မူရန် စိတ်အေးအေးထား” ရသေ့ကြီးချင်းယိုက ပြောသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အမွေက ပြည့်စုံလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် အဆင့်တစ်ဆင့် မြင့်တယ်... မင်းအနေနဲ့ ဖုန်းတုကနေ ပညာအမွေ ရခဲ့ပေမယ့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ ယှဉ်ရင် အားနည်းနေသေးတယ်... တစ်ယောက်ယောက်နဲ့ သိုင်းကွက်ဖလှယ်ချင်ရင် မင်းအောက် တစ်ဆင့်နိမ့်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်ကို ရှာရလိမ့်မယ်”
ဝမ့်မူရန်မှာ လက်မခံနိုင်သေး၍ ခေါင်းယမ်းလိုက်၏။ “ဆရာဦးလေး၊ ဂိုဏ်းသခင်က လွဲရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကျွန်တော် အဆင့်တူတစ်ယောက်ကိုမှ မရှုံးခဲ့ဖူးဘူး”
တာအိုသခင်လင်းရွှမ်က မျက်ခုံးပင့်လျက် ချောင်းဟန့်လိုက်သည်။
ဝမ့်မူရန် သူ့ကို ကြည့်ကာ မနှေးလွန်း၊ မမြန်လွန်းသောအသံဖြင့် စကားပြောလိုက်၏။ “တာအိုသခင်လင်းရွှမ် ပြောချင်တာ ရှိလို့လား”
တာအိုသခင်လင်းရွှမ်က ပြုံးကာ ပြောလေသည်။ “မတိုက်ခိုက်ဖူးဘဲ ဘယ်သူ့ကိုမှ မရှုံးခဲ့ဖူးဘူးဆိုတာ ဘယ်လိုသိသလဲ”
ဝမ့်မူရန်၏မျက်ဝန်းများ တောက်ပလာသည်။ “မှန်တယ်... မင်းနဲ့ ငါက ကောင်းကင်မဟာမိတ်အဖွဲ့မှာ ခေါင်းဆောင်တွေ ဆိုပေမယ့် တစ်ခါမှ မတိုက်ခိုက်ရသေးဘူး... မင်းကလည်း တာအိုဂိုဏ်းရဲ့ တာအိုသခင်ပဲ မဟုတ်လား.... ဒီတော့ မင့်အဆင့်အတန်းက ငါ့ထက် အများကြီး မြင့်မားပါတယ်... ငါက ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ကျောင်းသားလေးတစ်ယောက်ပဲ ရှိသေးတယ်... ဒါပေမဲ့ အဆင့်အတန်း မြင့်မားလေလေ၊ တိုက်ခိုက်စရာ မလိုလေလေတဲ့... မင်း တိုက်တောင် တိုက်ခိုက်တတ်သေးရဲ့လား ငါ သိချင်မိတယ်”
“မင်းက လူအများကြီးနဲ့ တိုက်ခိုက်ခဲ့ဖူးပေမယ့် အားလုံး မင်းထက် အားနည်းတဲ့သူတွေပဲ... တစ်ခါတလေမှာ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်နဲ့ တိုက်ပွဲတစ်ပွဲက သာမန်လူတွေနဲ့ အကြိမ်တစ်ရာ တိုက်ခိုက်တာထက် သာတယ်... နောင်တော်မူရန် ဘယ်လိုထင်လဲ” တာအိုသခင်လင်းရွှမ်က အေးအေးလူလူ ပြောလိုက်သည်။
သူတို့နှစ်ယောက်လုံး တိုက်ခိုက်လိုစိတ် ပြင်းထန်နေကြ၍ လှုပ်ရှားကြတော့မည့်အချိန် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ထွက်လာသည်။ သူတို့ လှမ်းကြည့်လိုက်ရာတွင် စစ်ရေးဝင်္ကပါထဲ၌ တိုက်ခိုက်နေသော အမျိုးသမီးစစ်သူကြီးနှစ်ယောက်အား မြင်လိုက်ရ၏။ သူတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မင်းသမီးယွိရှို့နှင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ကောင်းကင်နတ်မယ် စစ်ယွင်ရှန်းတို့ပင် ဖြစ်သည်။
အမျိုးသမီးနှစ်ယောက်သည် တပ်ဖွဲ့အသီးသီးကို ဦးဆောင်လေ့ကျင့်ပေးနေပြီး နှစ်ယောက် ထိပ်တိုက်တွေ့သည်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။ လင်ယွိရှို့က ခြေကို မြှောက်၍ လေးလေးပင်ပင် ဆောင့်နင်းချလိုက်သည့်အခါ ရွှံ့နွံများ မြောက်တက်သွားသည်။ ကောင်းကင်ထက်၌ မရေမတွက်နိုင်သော မိုးကြိုးတန်းများ တမုဟုတ်ချင်း စုဝေးလာပြီး လေဆင်နှာမောင်းကြီးအသွင် ဖွဲ့တည်လိုက်၏။ အစိမ်းရောင် မိုးကြိုးနဂါးများက လေဆင်နှာမောင်းအတွင်းတွင် လူးလွန့်သွားလာနေကြသည်။
ဘုန်း
မိန်းကလေးနှစ်ယောက် ဝင်တိုက်လိုက်သည်နှင့် လျှပ်စီးမိုးကြိုးများ ပွင့်ထွက်သွား၏။ လင်ယွိရှို့က တူကြီးကို လွှဲယမ်းလိုက်ပြီး ကောင်းကင်ယံမှ အစိမ်းရောင်မိုးကြိုးနဂါးများ ထိုးဆင်းလာကြသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံ ပေါက်ကွဲထွက်ပေါ်လာသည်။ သိုင်းကွက်စွမ်းအားတို့က အလွန်ကြီးမားလှသဖြင့် ဝမ့်မူရန်နှင့် တာအိုသခင်လင်းရွှမ်တို့ မျက်ခုံးလှုပ်သွားကြ၏။
လင်ယွိရှို့ လျှောက်သော လမ်းကြောင်းမှာ.... သိုင်းအကွက်အသားပေး ကျင့်စဉ်များကို မှော်အစီအရင်များဖြင့် ပေါင်းစည်းထားသော လမ်းကြောင်း ဖြစ်သည်။ ကောင်းကင်နတ်သိုင်းများအတွင်း၌ မှော်အစီအရင်များ သိုဝှက်ထားခြင်းဖြင့် သူမက မိုးကြိုးများဖြင့် ခန္ဓာကိုယ်ကို သန့်စင်နေသည်။ သူမ၏မှော်စွမ်းအင်မှာလည်း တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းနေသည်။ ကောင်းကင်နတ်သိုင်းစွမ်းအားတို့ကလည်း အမှန်တကယ် ကြောက်မက်ဖွယ်ရာကောင်း၏။
သူမနှင့် တိုက်ခိုက်နေသော စစ်ယွင်ရှန်းကမူ ကောင်းကင်နတ်သိုင်းထဲ၌ ဓားပျံများ လျှို့ဝှက်ဖုံးကွယ်ထားသော လမ်းကြောင်းကို လျှောက်လှမ်းသည်။ သူမသည် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှ ကောင်းကင်နတ်သိုင်းများ၏ အားသာချက်၊ ဆန်းပြားမှုနှင့် ခန့်မှန်းမရနိုင်မှုတို့ကို အမွေဆက်ခံရခဲ့၏။ ကျင့်စဉ်စွမ်းအင်အရ လင်ယွိရှို့အောက် နိမ့်ကျပါသော်လည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ရောထွေးစုံလင်သော ကောင်းကင်နတ်သိုင်းများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အံ့အားသင့်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်နေသည်။
“ဂိုဏ်းသခင် နင့်ကို ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် သင်ပေးခဲ့တာ မတရားဘူး.... မိန်းကလေးရှို့၊ နင် ငါ့ကို သတ်နိုင်ရင်တောင်မှ ငါက ဂိုဏ်းသခင်မ ဖြစ်နေဦးမှာပဲ”
“မိန်းကလေးရှန်း၊ နင်က ဂိုဏ်းသခင်မ ဟုတ်လား... ငါက အရင်လက်ထပ်ခဲ့တဲ့သူနော်.... နင်က အလွန်ဆုံးမှ ဒုတိယဇနီးပဲ.... ငါနဲ့ နွားကျောင်းသားက ငယ်ချစ်ဦးတွေ... အချစ်သက်သေတွေ အများကြီး ဖလှယ်ခဲ့ပြီးပြီ... ဒီတူကြီးကိုဆို သူကိုယ်တိုင် ပေးခဲ့တာ”
“ဖွီ.... ဘယ်သူက အချစ်သက်သေအနေနဲ့ တူကြီး ပေးမှာလဲ... ဂိုဏ်းသခင်က ငါ့ကို အိမ်ရှေ့စံကိုယ်တော်ဓား ပေးခဲ့တာဆိုတော့ ငါ့ကိုပဲ အတည်တွဲမှာ”
“ဖွီ.... နင် သူ့ဆီက ဓားပြတိုက်ပြီး ပြန်ရောင်းစားခဲ့တာ အသိသာကြီးလေ”
....
တာအိုသခင်လင်းရွှမ်၊ ဝမ့်မူရန်နှင့် ကျန်ရှိသူများမှာ မျက်လုံးအပြူးသားဖြင့် ရပ်နေမိကြသည်။ စစ်ရေးဝင်္ကပါထဲ၌ မိန်းကလေးနှစ်ယောက်၏ ကောင်းကင်နတ်သိုင်းမျိုးစုံ ပေါက်ကွဲလျက်ရှိ၏။ စွမ်းအားက အမှန်ပင် ကြောက်စရာကောင်းလှပါသော်လည်း နှစ်ယောက်လုံး ဒေါသထွက်နေကြပြီး သူ့ထက်ငါသာအောင် ပြိုင်နေကြလေသည်။ စစ်ရေးဝင်္ကပါအခင်းအကျင်း ပြောင်းလဲသွားသည့်အချိန်တိုင်း သူတို့နှစ်ယောက်က လိုက်ပါပြောင်းလဲမည့်အစား ဆက်၍သာ တိုက်ခိုက်နေကြသည်။
ရုတ်တရက် ကျစ်ဆံမြီးရှည်ရှည်လေးနှစ်ချောင်းဖြင့် မိန်းကလေးတစ်ယောက် သူတို့နှစ်ယောက်ကြားသို့ ရောက်လာပြီး လူခွဲလိုက်သည်။ “အခုက လေ့ကျင့်နေတာနော်.... သူသေကိုယ်သေ တိုက်ခိုက်ရမယ့် တိုက်ပွဲမဟုတ်ဘူး”
“စန်းဟွာ၊ နင် နှောင့်ယှက်တာလား”
မိန်းကလေးသုံးယောက် မိုးပြိုမြေပြိုသည့်တိုင်အောင် တိုက်ခိုက်နေကြတော့သည်။ လင်းရွှမ်နှင့် ဝမ့်မူရန်မှာ တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်ပြီး ရင်လေးလာကြ၏။ စန်းဟွာကို သူတို့ မသိသော်လည်း စစ်ယွင်ရှန်းနှင့် လင်ယွိရှို့ကိုတော့ ရင်းနှီးကြသည်။ ဤမိန်းကလေးနှစ်ယောက်ကလည်း ကောင်းကင်မဟာမိတ်အဖွဲ့ဝင်များ ဖြစ်ပြီး ထူးချွန်ကြသော်လည်း အစွမ်းအစများက သူတို့အောက် အနည်းငယ် နိမ့်ကျခဲ့သည်။
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းက သူတို့နှစ်ယောက်ထက် စော၍ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ သွားခဲ့ကြသည်။ တစ်လလေးအတွင်း သူတို့၏ကျင့်စဉ်စွမ်းအင်မှာ မထင်မှတ်ထားသော အတိုင်းအတာအထိ မြင့်တက်လာခဲ့ရာ လင်းရွှမ်နှင့် ဝမ့်မူရန်မှာ စိတ်ဖိစီးလာတော့သည်။
“တစ်လပဲ မတွေ့ရသေးတယ်... ငါတို့ သူတို့ကို အနိုင်မယူနိုင်တော့ဘူး... ငါတို့နှစ်ယောက် ဘယ်သူက ပိုသန်မာလဲ သိဖို့ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေတော့ရော ဘာထူးမှာလဲ” တာအိုသခင်လင်းရွှမ်က ခါးသက်သက် ပြုံးလိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကျင့်စဉ်တွေကိုပဲ လိမ်လိမ်မာမာ လေ့လာသင့်တယ်”
ဝမ့်မူရန် ခေါင်းညိတ်လိုက်မိသည်။ “မင်းသမီးရှို့နဲ့ ကောင်းကင်နတ်မယ်ရှန်းတို့နှစ်ယောက် အချိန်တိုတိုလေးနဲ့ ဒီလောက် ကြောက်ခမန်းလိလိ တိုးတက်လာကြည့်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကျင့်စဉ်စနစ်မှာ အားနည်းချက်ကြီး ရှိနေတာပဲ ဖြစ်မယ်... အဲဒီအားနည်းချက်ကို ဖာထေးနိုင်သရွေ့ ငါတို့ရဲ့ အစွမ်းအစတွေလည်း နောက်တစ်ဆင့် တက်နိုင်မှာပါ”
စစ်ရေးဝင်္ကပါအခင်းအကျင်းက ပြောင်းလဲသွားပြီး စစ်သည်များစွာ စစ်မြေပြင်သို့ ထပ်မံဝင်ရောက်လာကြသည်။ တာအိုသခင်လင်းရွှမ် လှမ်းကြည့်လိုက်သည့်အခါ စစ်သည်တော်များနှင့်အတူ လေ့ကျင့်နေသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျောင်းသားများကို မြင်လိုက်ရ၏။ ဝေ့ယုံ၊ ချင်ယွီ၊ ချန်းဖေးယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်ရှိသူများအားလုံး ကြောက်စရာကောင်းလောက်အောင် တိုးတက်လာခဲ့ကြသည်။ သိုင်းစွမ်းအားမြင့်တက်လာမှုကလည်း ကြီးမား၏။ ဤအခြင်းအရာက သူတို့နှစ်ယောက်ကို ပို၍ပင် ဖိအားများလာစေသည်။
“ရှုရှန်းဟွာက ငါတို့ထက် ရက်ပိုင်းလောက် စောပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲ ဝင်သွားခဲ့တာပဲ... သူက သိပ်ထက်မြက်တဲ့လူ .... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ကျင့်စဉ်တွေရဲ့ ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေကို ဖမ်းဆုပ်ပြီး နတ်ဘုရားနှိမ်စေတီရဲ့ စမ်းသပ်မှုကို အေးအေးဆေးဆေး အောင်သွားလောက်ပြီ”
သူတို့ မြို့ထဲ ဝင်လိုက်သည်နှင့် လမ်း၏ဘေးနှစ်ဖက်လုံးတွင် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ သင်ကြားရေးခန်းမများအား မြင်လိုက်ကြရသည်။ ကျောင်းသားများက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များ၏ သင်ကြားပို့ချမှုများကို နားထောင်နေကြသည်။
“ဂိုဏ်းသခင်က ဘယ်လိုအမြတ်ထုတ်ရမလဲ သိပါပေတယ်”
တာအိုသခင်လင်းရွှမ်မှာ အတန်ငယ် မှင်သက်သွားပြီး သူ့ဘေးရှိ တာအိုရသေ့အိုများနှင့် ရသေ့များဆီသို့ ပြောလိုက်သည်။ “ကျွန်တော်တို့ တာအိုဂိုဏ်းက တစ်ဖက်ပိတ်လွန်းတယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကျင့်စဉ်လမ်းစဉ်တွေကို သင်ယူဖို့ လိုတယ် ... မဟုတ်ရင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဖိအားအောက်မှာ ဘယ်တော့မှ ခေါင်းထောင်နိုင်မှာမဟုတ်ဘူး... ဂိုဏ်းသခင်ချင်ရဲ့ နည်းစနစ်တွေကလည်း မဆိုးဘူး... ကျွန်တော်တို့ အတုယူသင့်တယ်”
တန်းယန်ကျစ်နှင့် ကျန်ရှိသူများ သဘောတူကြသည်။
သူတို့အားလုံး နန်းတော်တစ်ခုရှေ့မှ ဖြတ်လာသည့်အခါ ဗုဒ္ဓတရားသံများ ကြားလိုက်ကြရသည်။ အထဲရှိ ခန်းမတစ်ခုထဲတွင် မဟာမိုးခြိမ်းသံကျောင်းတော်၏ ရဟန်းတော်များ ထိုင်နေတော်မူကြ၏။ အားလုံး၏အလယ်၌ တထာဂတမာ ရှိနေသည်။ ရဟန်းများက ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်နေကြပြီး သူတို့၏ခေါင်းအထက်၌ ဗုဒ္ဓကောင်းကင်ဘုံအလွှာအထပ်ထပ် ဖွဲ့တည်နေသည်။
ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှာ အစစ်နှင့်မခြား အသက်ဝင်လာနေသည်။ ကောင်းကင်ဘုံတစ်ဆင့်စီရှိ ဗုဒ္ဓများ၊ နတ်ဘုရားများ၊ ဗောဓိသတ်များသည်လည်း အမှန်တကယ် တည်ရှိနေသကဲ့သို့ ထင်ရှားပြတ်သားလာကြ၏။
“ဆရာဦးလေး အဲဒီကိုယ်တော်တို့တွေ ဘာလုပ်နေကြတာလဲ” ဝမ့်မူရန်က ရသေ့ကြီးချင်းယိုအား မေးလိုက်သည်။
“ဗုဒ္ဓအဆင့်အတွက် လမ်းဖွင့်နေတာ” ရသေ့ကြီးချင်းယို ရှင်းပြလိုက်၏။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ မှတ်တမ်းတွေအရ ဗုဒ္ဓလမ်းစဉ်မှာ ဗုဒ္ဓကောင်းကင်ဘုံလို့ ခေါ်တဲ့ ကိုယ်ပိုင်ကမ္ဘာ ရှိတယ်တဲ့.... ခိုင်ဧကရာဇ်ခေတ်တုန်းက ဗုဒ္ဓကောင်းကင်ဘုံကို တက်လှမ်းပြီး မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ထွက်သွားကြတဲ့ ဗုဒ္ဓတွေ အများကြီး ရှိခဲ့ဖူးတယ်... ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားတော့ ဗုဒ္ဓလမ်းလည်း ပြတ်တောက်သွားတာပဲ
“ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်ကတောင် အတုကြီးဖြစ်နေတော့ သူတို့လည်း ဗုဒ္ဓအဆင့်ကို မတက်လှမ်းနိုင်တော့တာ ပုံမှန်ပါပဲ... ဒါပေမဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ လောကစည်းကတော့ ပါးလျနေပြီ... ဒါကြောင့် တထာဂတမာက ဒီမှာ ဗုဒ္ဓကောင်းကင်ဘုံကို ဖွင့်လှစ်ပြီး ရှေးဗုဒ္ဓတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြံနေတာပဲ ဖြစ်မယ်”
“တထာဂတမာက တထာဂတရဲ့ မဟာယနသုတ္တန်အတွက် နောက်ဆက်တွဲကျင့်စဉ်တွေ ဆက်တီထွင်ဖို့ ကြိုးစားနေတာလား” လောင်ယွီက မေးလိုက်သည်။
ရသေ့ကြီးချင်းယိုက ခေါင်းညိတ်လိုက်၏။ “အဖြစ်နိုင်ဆုံးပဲ... တထာဂတရဲ့ မဟာယနသုတ္တန်က ကောင်းကင်ဘုံအဆင့်နှစ်ဆယ်အထိပဲ ကျင့်ကြံနိုင်တယ်... ရဟန်းတစ်ပါး ဗုဒ္ဓအဆင့် ရောက်ရှိသွားတာနဲ့ နောက်ဆက်တွဲကျင့်စဉ်တွေ မရှိတော့ဘူး.... တထာဂတမာက ရည်မှန်းချက်ကြီးတယ်.. ဒါကြောင့် ကျင့်စဉ်ကို ဆက်တီထွင်ဖို့ လုပ်နေတာပဲ”
တာအိုသခင်လင်းရွှမ်မှာ အလွန်အားကျလာ၍ တန်းယန်ကျစ်အား မေးလိုက်မိသည်။ “ဆရာဦးလေး၊ တာအိုဂိုဏ်းမှာ တာအိုအဆင့် ရှိလား”
တန်းယန်ကျစ်က ခေါင်းယမ်းပြသည်။ “တစ်ခါမှ မကြားဖူးဘူး”
တာအိုသခင်လင်းရွှမ်၏ ပခုံးများ လျော့ရဲကျသွားပြီး သူက သက်ပြင်းချ၏။ “ဘိုးဘေးတွေ မကြိုးစားခဲ့ရင် မျိုးဆက်တွေ ဒုက္ခရောက်တာပဲ... အရင်တာအိုသခင်တွေက လောကီကိစ္စတွေကို ဂရုမစိုက်တာ မလွန်လွန်းဘူးလား.... ကျွန်တော်တို့ မကြိုးစားရင် မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ အနိုင်ယူတာ ခံရတော့မယ်.... တာအိုဝါဒီအထွတ်အမြတ်မြေအဖြစ် ဘယ်လိုရပ်တည်နိုင်တော့မလဲ... တာအိုဂိုဏ်းအနေနဲ့ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး”
တန်းယန်ကျစ်က ခပ်တိုးတိုး ပြောသည်။ “တာအိုသခင်၊ ငါတို့တာအိုဂိုဏ်းမှာ တာအိုအဆင့်လိုမျိုး မရှိပေမယ့် တာအိုတရားပေါက်သွားပြီး တခြားကောင်းကင်ဘုံတွေမှာ ဇာတ်မြုပ်နေထိုင်တဲ့ နတ်ဘုရားတွေ ရှိပါသေးတယ်... ဒီထိုက်ဧကရာဇ်ကောင်းကင်ဘုံက အကြီးစားကောင်းကင်ဘုံတစ်ခုပဲ... ဒီတော့ ငါတို့တာအိုဂိုဏ်းရဲ့ ပညာရှင်တွေ ရှိနေလောက်တယ်... တစ်ယောက် ရှာတွေ့တာနဲ့ ငါတို့တာအိုဂိုဏ်းရဲ့ တာအိုကျင့်စဉ်စနစ်ကို ပြုပြင်ပြီး ဆယ့်လေးခန်းမြောက် တာအိုဓားကို ရေးသားနိုင်လိမ့်မယ်... ပြည့်စုံတဲ့ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကိုတောင် ရနိုင်လောက်တယ်...”
တာအိုသခင်လင်းရွှမ် စိတ်အားတက်လာသော်လည်း များစွာမကြာလိုက်ဘဲ စိတ်ပျက်လက်မှိုင် ကျသွားပြန်၏။ “ဒီမှာ တာအိုဂိုဏ်းက ပညာရှင်တွေ မရှိတာ သေချာတယ်... မဟုတ်ရင် ဒီက သင်္ချာစွမ်းရည်က ဘယ်လိုလုပ် ဒီလောက်စုတ်ပြတ်နိုင်မလဲ”
သူတို့ စကားပြောနေကြစဉ် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားတစ်ပါးက တာအိုဝတ်ရုံဝတ်ဆင်လျက် မြင်းမြီးယပ်ကို လက်တွင် ကိုင်ကာ လျှောက်လာသည်။ “အဆွေတော်တို့က တာအိုဂိုဏ်းကလား”
တာအိုသခင်လင်းရွှမ်နှင့် တာအိုဂိုဏ်း၏ တာအိုရသေ့များ ထခုန်မိမတတ် ဝမ်းသာသွားကြ၏။ လင်းရွှမ်မှာ အလျင်အမြန် နှုတ်ဆက်ကာ တုန်ရီနေသောအသံဖြင့် မေးလိုက်မိသည်။ “ညီတော်လင်းရွှမ်က တာအိုဂိုဏ်းရဲ့ တာအိုသခင်ပါ.... နောင်တော်က တာအိုတရားပေါက်သွားတဲ့ ကျွန်တော်တို့တာအိုဂိုဏ်းက ပညာရှင်တစ်ယောက်လားခင်ဗျာ”
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။ “တကယ်ပဲ တာအိုဂိုဏ်းကကိုး.... ငါလည်း တာအိုဂိုဏ်းကလို့ ပြောလို့ရပါတယ်... ငါ့နာမည်က ချာ... တာအိုရသေ့ချာပေါ့... ငါက အစတုန်းက ခွန်လွန်တောင်တံခါးကို စောင့်ရှောက်တဲ့ ဆန်းကြယ်သားရဲတစ်ကောင်ပါ... ကပ်ဆိုးကြီး ဖြစ်တော့ ငါ တာအိုရသေ့တျန်းချင်းနောက် လိုက်ခဲ့ပြီး တာအိုတရားပေါက်ခဲ့တာပါ... သူ တိုက်ပွဲကျသွားတဲ့နောက်ပိုင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာပဲ ဆက်နေဖြစ်သွားတယ်”
တာအိုရသေ့အားလုံး မျက်လုံးပြူးသွားကြပြီး မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။ အခြေအနေအရ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် တာအိုဂိုဏ်း၏ ပညာရှင်တစ်ယောက် ရှိပါသော်လည်း တာအိုတရားမပေါက်ခင် တံခါးစောင့် ဆန်းကြယ်သားရဲတစ်ဦး ဖြစ်ခဲ့ရာ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်နှင့် တာအိုဓားကို နားမလည်ကြောင်း ထင်ရှားပေသည်။
အဘယ်ကြောင့်ဆိုသော် တာအိုဂိုဏ်း၏ ထိပ်တန်းကျင့်စဉ်အားလုံးသည် အက္ခရာသင်္ချာအပေါ် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ သင်္ချာညံ့ဖျင်းချေရာ နက်နဲသော သင်္ချာသဘောတရားများကို လက်ဆင့်ကမ်းနိုင်ခဲ့မည်မဟုတ်ပေ။
တာအိုရသေ့ချာသည် တာအိုတရားပေါက်ရန် တခြားနည်းလမ်းများကို အားကိုးခဲ့လိမ့်မည်။
တာအိုရသေ့အားလုံး စိတ်ပျက်သွားကြသော်လည်း တာအိုသခင်လင်းရွှမ်က ဖြစ်ညစ်ပြုံးပြလိုက်သည်။ “ဒီနှစ်တွေထဲ နောင်တော်ချာအတွက် ခက်ခဲခဲ့မှာပဲ... နောင်တော် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နေရာထိုင်ခင်း စီမံပေးလို့ရမလား... ဒီလူတွေက ကျောက်စိမ်းမြို့တော်ငယ်က တာအိုမိတ်ဆွေတွေပါ... သူတို့လည်း လောလောဆယ် အနားယူဖို့ နေရာမရှိဘူး ဖြစ်နေတယ်”
တာအိုရသေ့ချာ သူတို့ကို ပြုံးပြသည်။ “ပြဿနာမရှိပါဘူး.... ဂိုဏ်းသခင်ချင်နဲ့ ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာက မိတ်ဆွေတွေ လာရင် ကောင်းကောင်းမွန်မွန် ဧည့်ခံပေးဖို့ မှာထားပါတယ်... ဂိုဏ်းသခင်ချင်ကိုတော့ သိကြတယ်မလား”
“သူက တကယ် ထူးဆန်းတဲ့လူ... သူ့ဂုဏ်သတင်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ သိပ်ကျော်ကြားတယ်... သူ့အဆင့်အတန်းကလည်း သိပ်မြင့်မားတယ်.. သူက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်တောင် ဖြစ်တဲ့အပြင် ပြိုင်ဘက်ကင်း လောကသခင်ခန္ဓာနဲ့ မွေးဖွားလာတဲ့ ပါရမီရှင်လို့ ကြားထားတယ်... ဒီကလူတွေက သူ့ကို လေးစားအားကျပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသား ဖြစ်ချင်နေကြတာ...”
တာအိုသခင်လင်းရွှမ်မှာ ထူးဆန်းသောအမူအရာဖြင့် သူ့ကို ကြည့်ရင်း ရင်ထဲ၌ တွေးနေ၏။ ‘မိစ္ဆာဂိုဏ်းလေးတစ်ဂိုဏ်းပဲ မဟုတ်ဘူးလား’
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက အင်မတန်မှ ထင်ရှားကျော်ကြားတဲ့ ကောင်းကင်ဆရာသခင်ကနေ အစပြုတယ်တဲ့... ဒါပေမဲ့ ငါတို့တာအိုဂိုဏ်းလည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး... ဟုတ်သား၊ တာအိုရသေ့တျန်းချင်းက တိုက်ပွဲမှာ မသေခင် ငါ့ဆီ ပစ္စည်းတချို့ အပ်ခဲ့တယ်... ငါ အဲဒါတွေကို အမြဲ ကိုယ်နှင့်မကွာ စောင့်ရှောက်ထားခဲ့ပါတယ်...” တာအိုရသေ့ချာက ပြောလေသည်။