သမင်အုပ်
Vol. 42 Ch. 577
တာအိုသခင်လင်းရွှမ်နှင့် တာအိုရသေ့များ ဝမ်းသာသွားကြသည်။ တာအိုရသေ့ချာက ဒေါက်ချာကို ချွတ်၍ ဒေါက်ချာပေါ်ရှိ ယင်ယန်ထိုက်ကျိစက်ဝန်းကို အသာအယာ ဖိလှည့်လိုက်ပြီး စာအုပ်တချို့၊ ဟူချာ(ခက်ရင်းခွရှည်)တစ်လက်နှင့် ဓားရာများ ရှိနေသည့် ကျောက်ပြားနံရံများ ထုတ်လိုက်သည်။ ဟူချာက သူ၏ နတ်လက်နက် ဖြစ်လောက်၏။
“ငါ ဒီစာအုပ်တွေကို သိမ်းပေးထားတုန်း လှန်ကြည့်ဖူးတယ်... ဒါပေမဲ့ အဲဒီထူးဆန်းတဲ့ သင်္ကေတတွေကို နားမလည်ခဲ့ဘူး” သူက ပြောလိုက်သည်။
အဖြူရောင်ဆံပင်မွှေးထူထူများက တာအိုရသေ့၏ ခေါင်းအရှေ့မှ အနောက်သို့ ဝိုက်လျက် ပေါက်နေပြီး နားသယ်မွှေးများကမူ မည်းနက်နေသည်။ တခြားတာအိုရသေ့များလို ဆံပင်ကို ထိပ်တွင် စုစည်း၍ ထုံးဖွဲ့ထားခြင်းမဟုတ်ဘဲ သူ၏ဆံပင်ကေမှာ ထိပ်ပြားပြားဆံပင်ကေ ဖြစ်၏။ ထိပ်ပေါ်ရှိ အဖြူရောင်ဆံပင်များမှာ ဓားဖြင့် တိတိရိရိ ဖြတ်ထားသကဲ့သို့ ညီနေသဖြင့် သူ့ရုပ်သွင်အား ရွှင်ပျတက်ကြွစွာ နေတတ်သော ပုံစံရှိစေသည်။
ထိပ်ပြားပြားဆံပင်ကေနှင့် တာအိုရသေ့ချာသည် ဟူချာကို ဒေါက်ချာထဲ ပြန်ထည့်ပြီးနောက် ယင်ယန်ထိုက်ကျိသင်္ကေတဖြင့် ဒေါက်ချာကို ပိတ်ကာ ခေါင်းပေါ် ပြန်ဆောင်းလိုက်၏။
တာအိုသခင်လင်းရွှမ်က စာအုပ်များကို အလျင်အမြန် လှန်လှောဖတ်ရှုပြီး ကျောက်ပြားများအပေါ်ရှိ ဓားရာတို့အား ကြည့်လိုက်သည်။ သူ့မှာ ရင်ခုန်သံများ မြန်ဆန်လာပြီး မျက်ရည်ဖြိုင်ဖြိုင်ကျလာတော့၏။ “ဆရာနဲ့ အရင်တာအိုသခင်တွေ တစ်သက်လုံး ဆယ့်လေးခန်းမြောက် တာအိုဓားကို လေ့လာခဲ့ကြပေမယ့် ဘယ်တော့မှ အပြည့်အဝ နားမလည်ခဲ့ကြဘူး... ဖြစ်ချင်တော့ သဘောတရားအယူအဆတွေက ဓားထဲမှာ ကိန်းဝပ်နေတာ မဟုတ်ဘဲ နက္ခတ်တာရာတွေအပေါ် မူတည်နေခဲ့တယ်... ဆရာသာ အသက်ရှင်နေသေးရင် အင်မတန် ဝမ်းသာမှာပဲ...”
တာအိုရသေ့များလည်း တာအိုသခင်ဟောင်းကို သတိရစွာဖြင့် ငိုကြွေးမိကြသည်။
တာအိုသခင်လင်းရွှမ်က စာအုပ်များကို ကြည့်ရှုပြီးသည်နှင့် အားလုံးဆီသို့ ကမ်းပေးလိုက်သည်။ စာအုပ်များတွင် ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်နှင့် တာအိုဓား၏ နောက်ဆက်တွဲဓားကွက်များနှင့်ပတ်သက်၍ တာအိုရသေ့တျန်းချင်း၏ သင်ကြားပို့ချမှုများ ပါရှိသည်။
တာအိုရသေ့တျန်းချင်းက အသေးစိတ်မှတ်သားထားခဲ့သည့်အပြင် သူ၏တွက်ချက်မှုများကလည်း အလွန်တရာ အသေးစိတ်၏။ တာအိုရသေ့ချာ နားမလည်သည်မှာ အံ့ဩစရာမရှိပေ။
“ဆရာဦးလေးချင်းယို၊ ကျွန်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်မှာလည်း နက်နဲဆန်းကြယ်တဲ့ အမွေတွေ၊ ဘာတွေ မရှိဘူးလား” ဝမ့်မူရန်က ခပ်တိုးတိုး မေးလိုက်သည်။
ရသေ့ကြီးချင်းယို ခေါင်းခါပြလိုက်၏။ “မရှိဘူး”
“ကျွန်တော်တို့ကျောက်စိမ်းမြို့တော်ငယ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နံပါတ်တစ် အထွတ်အမြတ်မြေ မဟုတ်ဘူးလား... မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းမှာတောင် အမွေတွေ ရှိနေပြီး ကျွန်တော်တို့ကျောက်စိမ်းမြို့တော်ငယ်မှာ မရှိဘူးဆိုတော့ သူတို့ကို ဘယ်လိုလုပ်ယှဉ်နိုင်တော့မလဲ.... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာတောင် ကောင်းကင်ဆရာသခင်တစ်ဦး ရှိတယ်လေ.. ကျွန်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်မှာက ကျောက်စိမ်းဧကရာဇ်လို အဆင့်မြင့်သိုင်းပညာရှင်တို့ဘာတို့ ချန်ထားခဲ့တဲ့ နတ်ဘုရားအဆင့်ကျင့်စဉ်တွေ ဘာလို့ရှိမနေတာလဲ” ဝမ့်မူရန်အသံမှာ ဒေါသသံပါနေသည်။
“ငါတို့ကျောက်စိမ်းမြို့တော်ငယ်က လောကီကိစ္စတွေနဲ့ ဝေးရာမှာပဲ အမြဲနေခဲ့တာ... နံပါတ်တစ်အထွတ်အမြတ်မြေဘွဲ့အတွက်လည်း တိုက်ခိုက်ခဲ့ကြတာမဟုတ်ဘူး” ရသေ့ကြီးချင်းယို စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ “လူတွေ သူတို့ဘာသာ ပေးလိုက်တဲ့ နာမည်တစ်ခုပဲ.... နာမည်ကြီး ထမင်းငတ်ဆိုသလိုပေါ့... အဲဒီနာမည် မရခဲ့ရတောင် အကောင်းသား”
ဝမ့်မူရန်မှာ ဒေါသထွက်လွန်း၍ ပြောစရာစကား ရှာမတွေ့တော့ပေ။ သူက တာအိုရသေ့ချာဘက်သို့ လှည့်ကာ မေးလိုက်သည်။ “တာအိုရသေ့ကြီး၊ ဂိုဏ်းသခင် ဘယ်မှာ မေးလို့ရမလား”
“ဂိုဏ်းသခင်ချင်လား... ဒီနေ့ သူ့ကို ရှာနေတဲ့လူတွေ တော်တော်များတယ်... အားလုံးကလည်း လူထူးဆန်းတွေချည်းပဲ... နွားသိုးကြီးတစ်ကောင် စီးလာတဲ့ လူတောင် ပါသေးတယ်... ဒါပေမဲ့ ဂိုဏ်းသခင်က လောလောဆယ် လီမြို့မှာ မရှိဘူး... သူ့စီးတော်သားရဲကို လေ့ကျင့်ပေးဖို့ မိစ္ဆာနတ်ဆိုးမြေဆီ သွားမယ်ပြောပြီး ထွက်သွားတယ်”
ဝမ့်မူရန် တအံ့တဩ အော်လိုက်မိသည်။ “သူတစ်ယောက်တည်း မိစ္ဆာနတ်ဆိုးမြေကို သွားတာလား”
“အဲ့လိုတော့ မဟုတ်ဘူး... မိစ္ဆာနတ်ဆိုးတွေလက်ထဲကနေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နယ်မြေတချို့ ပြန်သိမ်းနိုင်ခဲ့တာနဲ့ နတ်ဘုရားစန်းယဲ့က ဝူဝမ်မြို့မှာ စခန်းချထားတယ်.... ထွက်ပြေးသွားတဲ့ မိစ္ဆာစစ်သည်တွေကို လိုက်ရှာနေကြတဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေလည်း အဲဒီနားတစ်ဝိုက်မှာ ရှိပါတယ်” တာအိုရသေ့ချာက ရှင်းပြသည်။
“အခုရက်ပိုင်း စစ်ပွဲတွေလည်း မတိုက်ခိုက်ရသေးတော့ အတော်လေး အေးအေးချမ်းချမ်း ရှိပါတယ်... နယ်စပ်မှာလည်း လူသားမျိုးနွယ်၊ ကောင်းကင်နတ်ဆိုးမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်တွေပဲ တစ်ဖက်နဲ့တစ်ဖက် စိန်ခေါ်တိုက်ခိုက်နေကြတာပါ... ဂိုဏ်းသခင်ချင် ဘာမှမဖြစ်ပါဘူး”
သူ ပြောနေသည်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ မကြေညာထားသော သိုင်းစည်းမျဉ်းတစ်ခု ဖြစ်သည်။ မိစ္ဆာနတ်ဆိုးများနှင့် လူသားများသည် သိုင်းပညာအပေါ် လေးစားကြသည့်အလျောက် စစ်ပွဲကြီးကြီးမားမား မရှိလျှင် လှည့်လည်သွားလာကြပြီး သိုင်းကွက်များ ဖလှယ်လေ့ရှိ၏။
နတ်ဘုရားများကလည်း ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ နှစ်ဖက်လုံးရှိ သိုင်းပညာရှင်များအား သိုင်းပညာချင်း ဖလှယ်တိုက်ခိုက်ခွင့် ပြုထားသည်။ ဤသည်မှာ လူငယ်မျိုးဆက်ကို လေ့ကျင့်ပေးသော နည်းလမ်းတစ်ခုလည်း ဖြစ်၏။ ဤနေရာတွင် မထူးဆန်းသော်လည်း ဝမ့်မူရန်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်၍ မသိသေးပေ။
“ဂိုဏ်းသခင်ချင်က နတ်ဘုရားနှိမ်စေတီစစ်ဆေးမှုကို အောင်သွားပြီလား” ဝမ့်မူရန် မေးလိုက်မိသည်။
“သူ့အတွက် ဘယ် လိုပါ့မလဲ” တာအိုရသေ့ချာ၏အမူအရာတွင် လေးစားကြည်ညိုမှုပြည့်နေသည်။ “သူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ရောက်လာတဲ့နေ့မှာပဲ လီမြို့လောင်းကြေးထပ်ပွဲမှာ အင်အားအကြီးဆုံး ရန်သူလေးယောက်ကို သတ်ပေးခဲ့တယ်... အစစ်အမှန်မိစ္ဆာ ဖုရွေ့လော်ရဲ့ ဂုဏ်အယူရဆုံး တပည့်လည်း သူ့ကို အရှုံးပေးခဲ့ရတယ်... အဲဒီနောက်ပိုင်း သူက ငါတို့ကောင်းကင်ဘုံမှာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာတော့တာပဲ
“နောက်ပိုင်း ဖုရွေ့လော် ပြန်ပေးဆွဲတာ ခံခဲ့ရပြီး ထွက်ပြေးလာနိုင်ခဲ့တယ်.. အပမြေကို ဖြတ်ကျော်ပြီး မိစ္ဆာနတ်ဘုရားတွေရဲ့ အရပ်ခြောက်မျက်နှာအဆင့်၊ ခုနစ်စဉ်ကြယ်အဆင့် တပည့်တွေကို သတ်ပစ်နိုင်ခဲ့တယ်... သူ့လက်ချက်နဲ့ သေသွားတဲ့အထဲ ကောင်းကင်နတ်အသွင်အဆင့်တွေတောင် ပါသေးတယ်... ဂိုဏ်းသခင်ချင်ရဲ့ အစွမ်းအစတွေနဲ့ဆို နတ်ဘုရားနှိမ်စေတီစစ်ဆေးမှုကို ဖြေစရာတောင် မလိုပါဘူး”
ဝမ့်မူရန် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး မယုံနိုင်ဖြစ်နေသည်။ သူက ရသေ့ကြီးချင်းယိုဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်၏။ “ဆရာဦးလေး ကျွန်တော်တို့မှာ တကယ်ပဲ နက်နဲဆန်းကြယ်တဲ့ အမွေတစ်ခုမှ မရှိတော့ဘူးလား”
ရသေ့ကြီးချင်းယိုက သူ့ကို ပြုံးပြသည်။ “ငါတို့ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ကျင့်စဉ်တွေနဲ့တင် မလုံလောက်လို့လား... အားနည်းချက်တွေတော့ ရှိပေမယ့် အကုန်လုံးက ထိပ်တန်းကျင့်စဉ်တွေပဲလေ... အားနည်းချက်တွေကို ဖာထေးနိုင်သရွေ့ မင်း တာအိုသခင်အောက် မနိမ့်ကျနိုင်ပါဘူး.... ပြီးတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံက အဲဒီလိုလုပ်ဖို့အတွက် အသင့်တော်ဆုံး နေရာပဲ... တခြားသူတွေရဲ့ အားသာချက်တွေကို သင်ယူပြီး ငါတို့ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ကျင့်စဉ်တွေနဲ့ ပေါင်းစည်းလိုက်ပေါ့”
“ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ကျင့်စဉ်တွေက အများကြီးပဲ.... အကုန်လုံး ပေါင်းစည်းနိုင်ဖို့က လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ” ဝမ့်မူရန် ညည်းတွားလိုက်မိသည်။
ရသေ့ကြီးချင်းယိုက သူ့ကို အားပေးသလို ကြည့်လိုက်၏။ “လိုလျှင်ကြံဆ၊ နည်းလမ်းရတဲ့... မင်းက တော်ပါတယ်... မင်း အားလုံးကို ပေါင်းစည်းနိုင်ရင် ငါ့ကို အရင်ဆုံး သင်ပေးနော်... ငါက အိုနေပြီ၊ မင်းတို့လူငယ်တွေလို မထက်မြက်တော့ဘူး”
....
“သခင်လေး၊ ဖက်တီးနဂါးက ဘာလို့ ကျန်းမြောင်လို လူအသွင်မပြောင်းနိုင်တာလဲ” ဝူဝမ်မြို့နှင့် လီမြို့အကြားတွင် မိုင်နှစ်ထောင်ကျယ်သော မြေပြင်ရှိ၏။ ဟူဟင်းအာက ချင်မူဘေး၌ ရပ်ပြီး ကောင်းကင်နတ်အသွင်အဆင့် မိစ္ဆာနတ်ဆိုးတစ်ယောက်နှင့် တိုက်ခိုက်နေသည့် နဂါးချီလင်အား ကြည့်နေသည်။ “ကျန်းမြောင်တောင် လူအသွင်ပြောင်းနိုင်ရင် ဖက်တီးနဂါးလည်း ပြောင်းနိုင်သင့်တယ်နော်”
ချင်မူ အသက်ပြင်းပြင်းရှူ၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်ထဲမှ နဂါးတွန်သံများ ထွက်လာသည်။ “ငါလည်း မသိဘူး... အဝလွန်နေလို့ မပြောင်းနိုင်တာများလား... အဲဒီလိုလည်း ဟုတ်ပုံမရဘူး...”
“ပျင်းလွန်းအားကြီးတာကြောင့် ထင်တာပဲ”
အလွန်ကြီးမားလှသည့် ချီလင်ပုတီးစေ့ကြောင့် ဖက်တီးနဂါး၏ ကျင့်စဉ်စွမ်းအင်မှာ သေခြင်းရှင်ခြင်းအဆင့်အောက် မနိမ့်ကျတော့ပေ။ သို့သော် တိုက်ခိုက်ရေးစွမ်းရည်များကမူ စုတ်ပြတ်နေသေး၏။ မိစ္ဆာနတ်ဆိုးတစ်ယောက်နှင့် တိုက်ခိုက်ရင်း ဖက်တီးနဂါးတစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေပြီဖြစ်သည်။
ချင်မူမှာ ဘေးမှသာ ရပ်ကြည့်နေရသည်။ တစ်ဖက်ရှိ မိစ္ဆာနတ်ဆိုးများကလည်း ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ စည်းကမ်းများသည် လွန်စွာထူးဆန်း၏။ လူသားမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်များ သိုင်းပြိုင်ကြလျှင် တစ်ယောက်ချင်းသာ တိုက်ခိုက်တတ်ကြသည်။ အစုလိုက်အပြုံလိုက် တိုက်ခိုက်ခဲ၏။ ချင်မူ ဖုရွေ့လော်လက်ထဲမှ ထွက်ပြေးခဲ့တုန်းက ကောင်းကင်နတ်ဆိုးများသည် စည်းမျဉ်းမလိုက်နာဘဲ သူ့အား ဝိုင်းအုံတိုက်ခိုက်ခဲ့ကြ၏၊ အကြောင်းရင်းမှာ မိစ္ဆာနတ်ဘုရားများက သူ့ကို သတ်ရန် အမိန့်ထုတ်ထား၍ ဖြစ်ချေသည်။
နဂါးချီလင် ကျားကုပ်ကျားခဲ တိုက်ခိုက်နေသည်။ အချိန်အနည်းငယ်ကြာသော် ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်၏ ဆန်းကြယ်သော သဘောတရားကို သူ ရုတ်တရက် သဘောပေါက်သွားပြီး ချီလင်ပုတီးစေ့ထုတ်လွှတ်လိုက်ကာ ချီလင်မီးလျှံကို နဂါးအသွင်မီးတောက်များအဖြစ် ဖွဲ့တည်လိုက်သည်။ နဂါးမီးတောက်များက ပြိုင်ဘက်ဆီသို့ လှမ်းဟပ်လိုက်ကြသည်။
နောက်တခဏတွင် သူက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ နဂါးကြေးခွံများသည် ထောင်မတ်လာပြီး ကြေးမုံများသဖွယ် တောက်ပြောင်လာကာ ရန်သူ၏ကောင်းကင်နတ်သိုင်းကို ပြန်ကန်ထွက်သွားစေ၏။
ကောင်းကင်နတ်ဆိုးမျိုးနွယ် မိစ္ဆာနတ်ဆိုးမှာ သူ၏ကောင်းကင်နတ်သိုင်းနှင့် နဂါးမီးတောက်များကို ရင်ဆိုင်ရင်း ပျာယာခတ်နေသည်။ ထိုအချိန်တွင် နဂါးကြေးခွံများ ပျံသန်းလာကာ သူ့ကို ဝန်းရံလှည့်ပတ်လိုက်သည်။
ထုတ်လွှတ်သမျှ ကောင်းကင်နတ်သိုင်းအားလုံး နဂါးကြေးခွံမှန်ချပ်များကို ထိမှန်ကာ ပြန်ကန်ထွက်လာ၍ မိစ္ဆာနတ်ဆိုးမှာ ဘေးကြပ်နံကြပ် ဖြစ်နေသည်။ နဂါးကြေးခွံမှန်ချပ်များ လှည့်ပတ်နေသော အကျယ်အဝန်းကလည်း ကျဉ်းသထက် ကျဉ်းလာ၏။ ထိုစဉ် ချီလင်ပုတီးစေ့က ဝန်းရံခံထားရသည့် ဧရိယာထဲသို့ ဝင်ရောက်လာပြီး မီးတောက်မီးလျှံများ ဖြန့်ကျက်လိုက်သည်။ စူးစူးဝါးဝါးအော်သံကြီး ထွက်လာကာ မိစ္ဆာနတ်ဆိုးမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်မှာ အရှင်လတ်လတ် ပြာချခံလိုက်ရတော့သည်။
နဂါးချီလင်က ခန္ဓာကိုယ်ကို လှုပ်ခါကာ နဂါးကြေးခွံများအား ပြန်ခေါ်လိုက်သည်။ သူက ချီလင်ပုတီးစေ့ကို ဝမ်းသာအားရ မြိုချပြီး လှမ်းအော်သည်။ “ဂိုဏ်းသခင်ရေ၊ ကျွန်တော် နောက်ဆုံးတော့ ပထမဆုံးအကြိမ် နိုင်ဖူးသွားပြီ”
ချင်မူ မယုံနိုင်ပေ။ “လင်းအာ၊ ဖက်တီးနဂါး အစ်ကိုကြီးကျားနဲ့ လေ့ကျင့်နေတုန်းက တစ်ခါလေးတောင် မနိုင်ခဲ့ဖူးဘူးလား”
ဟူလင်းအာက ခေါင်းညိတ်ပြသည်။ “တစ်ခါလေးတောင် မနိုင်ဖူးဘူး... ကျားနတ်မင်းက ပထမတော့ သူ့ကြောင့် ရှက်လွန်းလို့ အနိုင်ရသွားတဲ့ မိစ္ဆာနတ်ဆိုးတွေကို ဒူးထောက်ရှိခိုးပြီး တောင်းပန်ခိုင်းတယ် ... နောက်တော့ ကျားနတ်မင်းလည်း အသားကျသွားသလို၊ ဖက်တီးနဂါးလည်း အသားကျသွားတော့တာပဲ”
ချင်မူ ဆွံ့အသွားသည်။
နဂါးချီလင်က မာန်တက်နေပြီး အမြီးကို မြင့်မြင့်ထောင်လျက် ဟိတ်ဟန်တစ်ခွဲသားဖြင့် လျှောက်လာသည်။ သူက ချင်မူနှင့် ဟူလင်းအာကို နှစ်ပတ်၊ သုံးပတ် ပတ်ရင်း သူ့ကိုယ်သူ အလွန်ကျေနပ်နေ၏။
မိစ္ဆာနတ်ဆိုးတစ်ယောက်က လှမ်းမေးသည်။ “မင်းက နတ်ဂိုဏ်းသခင်ချင်မူ ဆိုတာလား”
“ဟုတ်ပါတယ်... နောင်ကြီးက ဘယ်သူလဲ သိခွင့်ရှိမလား” ချင်မူ ပြောလိုက်သည်။
“နာမည်မရှိပါဘူး... နှုတ်ဆက်ပါတယ်”
မိစ္ဆာနတ်ဆိုးအားလုံး အလျင်အမြန် လူစုခွဲကာ ထွက်သွားကြ၍ ချင်မူ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ ဤမိစ္ဆာနတ်ဆိုးတို့သည် ကောင်းကင်နတ်အသွင်အဆင့်များ ဖြစ်ကြသဖြင့် သူတစ်ယောက်တည်း ရင်ဆိုင်ရလျှင် အလွန်ကျဉ်းထဲကြပ်ထဲ ရောက်လိမ့်မည်။ သို့တိုင်အောင် လူစုခွဲသွားကြ၏။
“သခင်လေး၊ မိစ္ဆာနတ်ဆိုးတွေ ကြည့်ရတာ အသက်လုပြေးနေတဲ့အတိုင်းပဲ” ဟူလင်းအာ နဂါးချီလင်ရှေ့၌ ဇလုံကြီးတစ်ဇလုံ ချပေးပြီး နဂါးသွားရည်များ ထွေးစေသည်။ သူမက နဂါးချီလင်၏ ဒဏ်ရာများအပေါ် သုတ်လိမ်းပေးနေရင်း သံသယများဖြင့် ပြောလာသည်။ “သူတို့ပေါင်းတိုက်ရင် ကျွန်မတို့ထက် အင်အားကြီးပေမယ့် စကားတစ်ခွန်းတောင် မပြောဘဲ ထွက်သွားကြတယ်... သတင်းသွားပို့တာများ ဖြစ်နေမလား... ကျွန်မတို့ အခုချက်ချင်း လီမြို့ကို ပြန်သင့်တယ်ထင်တယ်နော်”
ချင်မူ့မျက်ခုံးများ ပင့်တက်သွား၏။ “ငါတို့ဆက်သွားရင် ဝူဝမ်မြို့ရဲ့ ကင်းစခန်းကို ရောက်တော့မယ်.... လီမြို့နဲ့က သိပ်ဝေးနေပြီ... ကင်းစခန်းက ပိုနီးတယ်.... နတ်ဘုရားစန်းယဲ့လည်း ရှိနေတော့ မိစ္ဆာနတ်ဆိုးတွေ မလာလောက်ပါဘူး”
သူ နဂါးချီလင်၏ကျောပေါ် ခုန်တက်လိုက်ပြီး ဟူလင်းအာလည်း ဇလုံကြီးကို ရွက်လျက် ခုန်တက်လာသည်။ နဂါးချီလင်က ဝူဝမ်မြို့ဆီသို့ တရှိန်ထိုး ပြေးသွား၏။
မိုင်နှစ်ရာကျော် ကွာသေးသော်လည်း နတ်ဘုရားစန်းယဲ့၏ အရှိန်အဝါအား ချင်မူ လှမ်းမြင်နေရပြီဖြစ်သည်။ နတ်ဘုရားစန်းယဲ့ဆီမှ ကောင်းကင်အလင်းတန်းများက တိမ်တိုက်များအား ထိုးခွဲနေသော တိုင်လုံးကြီးများသဖွယ် ထင်ရ၏။
ကင်းစခန်း၏ ရည်ရွယ်ချက်မှာ အပြင်ရောက်နေသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များ နားခိုရာနေရာရှိကြောင်း ပြသရန် ဖြစ်သည်။ သူတို့အန္တရာယ်နှင့် ကြုံတွေ့ရပါက အကာအကွယ်ရရန် ထိုနေရာသို့ သွားနိုင်မည်။
ရုတ်တရက် ဝမ်းသာနေသော အသံတစ်သံ ထွက်လာသည်။ “ဂိုဏ်းသခင်ချင်လား”
တောင်ပုလေးတစ်ခုအပေါ်တွင် ရွာလေးတစ်ရွာ ရှိနေ၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်တစ်စု ရွာထဲတွင် အနားယူနေကြသည်။ သူတို့အပြင် တခြားမည်သူမျှ မရှိကြပေ။
ထိုလူစုတွင် ချင်မူ ရင်းနှီးနေသော မျက်နှာများ ပါသည်။ တစ်ယောက်က ယွီဟယ် မိတ်ဆက်ပေးခဲ့သော ကွမ်ဟယ်ဆိုသည့် မိန်းကလေးဖြစ်၏။ သူမသည် ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၌ အဆင့်ကိုး ချိတ်၏။ အစွမ်းအစများကလည်း အတိုင်းထက်အလွန် သန်မာအားကောင်းသည်။
ယွီဟယ်က နတ်ဘုရားတစ်ပါး၏ တပည့်တစ်ဦး ဖြစ်ကာ ဓားသိုင်းတွင် ကျွမ်းကျင်လေသည်။ ချင်မူလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအား တိုးချဲ့နေသောကြောင့် ယွီဟယ်အား ဂိုဏ်းခွဲအသစ်၏ ဓားစံအိမ်သခင်အဖြစ် ခန့်အပ်ခဲ့သည်။
“ယွီဟယ် ဒီမှာ ဘာလုပ်နေကြတာလဲ” ချင်မူ နဂါးချီလင်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များအား ကြည့်လိုက်သည်။ သူတို့ကလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှ စံအိမ်သခင်များ၊ လက်ထောက်စံအိမ်သခင်များ ဖြစ်ကြ၏။
“တကယ် ဂိုဏ်းသခင်ကိုး” ကွမ်ဟယ်က ပြုံးလျက် ပြောလိုက်သည်။ “ကျွန်မတို့ ဒီနားမှာ လေ့ကျင့်နေတုန်း မိစ္ဆာနတ်ဆိုးနဲ့ ပက်ပင်းတိုးခဲ့လို့ပါ ... အဲဒီလူက သိပ်သန်မာလွန်းလို့ အစွမ်းကုန်တိုက်ခိုက်ခဲ့ပြီးမှ သတ်ဖြတ်နိုင်ခဲ့တယ်”
ချင်မူ သူမညွှန်ပြနေသော နေရာဆီသို့ လှမ်းကြည့်လိုက်ရာ အလောင်းက စောစောက ထွက်ပြေးသွားခဲ့သော မိစ္ဆာနတ်ဆိုးဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တွင်မူ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့သည့် အရိပ်အယောင်များ ရှိနေသေး၏။
“အဲဒီလိုလား” ချင်မူ သူမအား ပြုံးပြလိုက်သည်။ “စံအိမ်သခင်ကွမ် ဒုက္ခခံခဲ့ရပါပြီ... မှောင်တော့မှာဆိုတော့ ငါ ကင်းစခန်းဆီ သွားတော့မယ် .... မင်းတို့လည်း လိုက်မှာလား”
ကွမ်ဟယ်၏ မျက်လုံးများ လင်းလက်သွားပြီး အပြုံးတစ်ခုဖြင့် လျှောက်လာသည်။ “ကျွန်မတို့လည်း ပြန်ဖို့ တွေးနေတာ”
ကျန်ရှိသူများလည်း ရောက်လာကြပြီး ချင်မူက ရှေ့မှဦးဆောင်၍ ဝူဝမ်မြို့ရှိ ကင်းစခန်းဆီသို့ သွားလိုက်သည်။
ကွမ်ဟယ်က သူ့ဘေးသို့ အလျင်အမြန် ရောက်လာကာ ပြုံးလျက် ပြော၏။ “ဂိုဏ်းသခင် ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ... ကျွန်မတို့က နတ်ဂိုဏ်းသားတွေပဲ မဟုတ်လား... ဘယ်သူ့ကြောက်စရာ လိုမှာတုန်း”
“ငါ့ကို မိစ္ဆာနတ်ဆိုးတွေ မှတ်မိသွားတယ်... အဆင့်မြင့်သိုင်းပညာရှင်တွေကို အကြောင်းကြားပြီး ကြားဖြတ်တိုက်မှာ စိုးလို့ပါ” ချင်မူ မိန်းကလေးကို ပြုံးပြလိုက်သည်။ “စံအိမ်သခင်ကွမ် မင်းရဲ့ဆရာ ဘယ်သူပါလိမ့်... ယွီဟယ် မိတ်ဆက်ပေးတုန်းက မေးဖို့ မေ့သွားလို့”
“ကျွန်မဆရာက တျန်းဖုန်းကောပါ... ဂိုဏ်းသခင် သူနဲ့ တွေ့ဖူးပါတယ်”
“ဪ နတ်ဘုရားမတျန်းဖုန်းကောကိုး...” ချင်မူ ခေါင်းညိတ်လိုက်ပြီး ကျန်ရှိသူများအား စပ်စုကြည့်လိုက်သည်။ “စံအိမ်သခင်တို့၊ လက်ထောက်စံအိမ်တို့ရဲ့ ဆရာတွေကရော”
“ကျွန်တော်တို့ကလည်း တျန်းဖုန်းကောရဲ့ တပည့်တွေပါ” လူငယ်တစ်ယောက်က ပြော၏။
ချင်မူ ခေါင်းညိတ်လိုက်ပြန်ပြီး သူ့ဘေးရှိ နဂါးချီလင်၏ လည်ပင်းတုတ်တုတ်ကြီးကို ပွတ်သပ်ကာ ပြုံးလျက် ပြောလိုက်သည်။ “စံအိမ်သခင်ကွမ် ကောင်းကင်နတ်အသွင်အဆင့် မိစ္ဆာနတ်ဆိုးနဲ့ တိုက်ခိုက်ခဲ့တုန်းက တိုက်ပွဲက မြန်မြန်ဆန်ဆန် ပြီးသွားခဲ့တယ်နော်.... ကျန်ခဲ့တဲ့ ကောင်းကင်နတ်သိုင်းရာတွေ ကြည့်ရတာတော့ အသေသတ်တိုက်ကွက်တွေ မဟုတ်ဘူး
“တကယ့် အသေသတ်တိုက်ကွက်က မိစ္ဆာနတ်ဆိုးရဲ့ မူလဝိညာဉ်ကို တန်းဖောက်သွားတဲ့ ဓားပဲ... အဲဒီတုန်းက စံအိမ်သခင်ကွမ်နဲ့ အဲဒီမိစ္ဆာနတ်ဆိုးရဲ့ ကြားအကွာအဝေးက အခုလို နီးနေခဲ့တယ်... ဒီလောက်အကွာအဝေးကနေ စံအိမ်သခင်ကွမ်က သူ့ကို သတ်ပစ်ခဲ့တာ”
ကွမ်ဟယ်၏အမူအရာ ပြောင်းလဲသွားစဉ် ဧရာမချီလင်ပုတီးစေ့ကြီးတစ်လုံး ကောင်းကင်ယံသို့ မြောက်တက်လာသည်။ နောက်တခဏတွင် ချီလင်မီးတောက်မီးလျှံများက အားလုံးကို မီးလောင်တိုက်သွင်းလိုက်၏။
မီးတောက်မီးလျှံများကြားမှ ဓားပျံတစ်လက် ထွက်လာသည်။ ကွမ်ဟယ် ဓားကွက် ထုတ်ဖော်လိုက်သည့်အချိန်မှာပင် ချင်မူက လက်ချောင်းနှစ်ချောင်းကို ဓားသဖွယ် အသုံးချကာ သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ စိုက်ချလိုက်သည်။ သူ၏ဓားစက်လုံးသည် မီးလျှံဓားအသွင် ပြောင်း၍ ကွမ်ဟယ်၏ ဓားကွက်ကို ဖြိုခွဲကာ သူမ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွား၏။
ချင်မူ ဓားပြန်ရုတ်ကာ ကြောက်လန့်တကြား အော်ဟစ်နေကြသော ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ စံအိမ်သခင်များနှင့် လက်ထောက်စံအိမ်သခင်များကို ကြည့်လိုက်သည်။ နောက်တခဏတွင် ဧရာမနဂါးကြေးခွံများကြောင့် သူတို့၏ဦးခေါင်းများ ပြတ်ကျသွားကြ၏။
နဂါးချီလင် ကိုယ်ကို လှုပ်ခါလိုက်သည့်အခါ နဂါးကြေးခွံများ ပြန်ရောက်လာသည်။
ချင်မူက ဓားစက်လုံးကို ဖမ်းကာ အေးအေးလူလူ ပြောလိုက်၏။ “ဖက်တီးနဂါး မင်းတော့ နောက်တစ်ပွဲ နိုင်သွားပြီ”
“သခင်လေး သူတို့က ဟိုမိစ္ဆာနတ်ဆိုးတွေ သွားခေါ်တဲ့သူတွေလား” ဟူလင်းအာက နဂါးချီလင်၏ နားထဲမှ ခေါင်းပြူထွက်လာသည်။ “အဲဒါဆို နတ်ဘုရားမ တျန်းဖုန်းကောက...”
ချင်မူ စကားပြောတော့မည့်ချိန် သူ၏နားရွက်များ လှုပ်သွားပြီး ချာခနဲ လှည့်လိုက်သည်။ “ဘယ်သူလဲ”
တောသမင်တစ်ကောင် တောအုပ်ထဲမှ ထွက်လာပြီး အမြီးနှံ့ကာ သူ့ကို စပ်စုနေသည်။ ၎င်းနောက်မှ တောသမင်များ ပြေးထွက်လာကာ သူတို့အုပ်စုကို ကြည့်နေ၏။
“တောသမင်အုပ်လေးပါပဲ” ချင်မူ စိတ်အေးသွားသည်။
တောသမင်များက ရှေ့သို့တက်လာကာ သူ့ကို ရဲရဲတင်းတင်း ကြည့်နေကြသည်။ ချင်မူ ရင်ထဲ အနည်းငယ် တုန်လှုပ်နေစဉ် ကြည်လင်ပြတ်သားသောအသံတစ်သံက သူ့အရှေ့မှ ထွက်လာ၏။ “ဂိုဏ်းသခင်ချင်၊ ငါ့တပည့်တွေကို သတ်ပစ်ခဲ့တဲ့အတွက် ဖြေရှင်းချက်ပေးသင့်တယ် မထင်ဘူးလား”
၎
င
၎
၎