သမင်ဖို၏ ဒေါသ
Vol. 42 Ch. 578
ချင်မူ နေကျောက်စိမ်းမျက်လုံးနှင့် လကျောက်စိမ်းမျက်လုံးကို အလျင်အမြန် ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အလံများ တဖတ်ဖတ် လွင့်လျက် ပြန့်ကားလာသည်။
ဤအလံများသည် နေရာရွှေ့ပြောင်းအလံများ ဖြစ်၏။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှာ ထုတ်လွှတ်ရန် အချိန်လိုအပ်သော်လည်း နေရာရွှေ့ပြောင်းအလံများကမူ အချိန်မရွေး အသက်သွင်းပြီး အဝေးသို့ ရွှေ့ပြောင်းနိုင်၍ ပိုမိုအဆင်ပြေသည်။
ချင်မူက ဖုရွေ့လော်၏ ပြန်ပေးဆွဲခြင်းခံရပြီးနောက် အလားတူအခြေအနေမျိုး ထပ်မဖြစ်နိုင်အောင် နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့၏ တိုက်ကွက်များဆီမှ ထွက်ပြေးနိုင်မည့် ဤအလံများကို ချုပ်ထားခဲ့၏။
နေရာရွှေ့ပြောင်းအလံများက အနည်းငယ်သာ ပိုမြန်သော်လည်း အချိန်တိုအတွင်း အသက်များစွာ ကယ်တင်ပေးနိုင်လိမ့်မည်။
သို့သော် နေရာရွှေ့ပြောင်းအလံများ ပြန့်ကားလာပြီး သင်္ကေတအမှတ်အသားများ တောက်ပလာသည့်အချိန်မှာပဲ အစိတ်စိတ်အမြွှာြမွှာ ပေါက်ကွဲသွား၏။ စုတ်ပြတ်သွားသော အဝတ်စများက လိပ်ပြာများသဖွယ် ပြန့်ကြဲသွားသည်။ အလံတိုင်များသာ မြေပြင်ပေါ်တွင် ကျန်ခဲ့လေသည်။
‘နတ်ဘုရားတစ်ပါးရဲ့ အမြန်နှုန်းက ငါ ထင်ထားတာထက် အများကြီး မြန်တာပဲ’
ချင်မူ အချိန်မဖြုန်းဘဲ ကျောက်စိမ်းမျက်လုံးနှစ်လုံးအား အသက်သွင်းလိုက်သည်။ သန့်စင်သောယင်ချီက လအလင်းရောင်၊ သန့်စင်သောယန်ချီက နေအလင်းရောင်အသွင် ပြောင်းသွားပြီး တောက်ပလင်းထိန်လာသည်။ သူက ကျောက်စိမ်းမျက်လုံးနှစ်လုံးကို လက်တွင် ကိုင်လျက် ရန်သူကို အချိန်မရွေး ရင်ဆိုင်ရန် အသင့်ဖြစ်နေ၏။
ကျောက်စိမ်းမျက်လုံးအလင်းတန်းများက အလွန်တရာအားကောင်းလှ၍ သူ့အရှေ့ရှိ အရာရာတိုင်းကို ထိုးဖောက်ပစ်နိုင်သည်။
ကျောက်စိမ်းမျက်လုံးထဲရှိ သူငယ်အိမ်များ ကျယ်ပြန့်သွားသည့်အခါ စွမ်းအားများစွာ မပါတော့ဘဲ အလင်းရောင်အဖြစ်သာ အသုံးပြုနိုင်၏။ သို့သော် ချင်မူ့လက်ဝါးများက မျက်လုံး၏အာရုံကြောများကို ထိန်းချုပ်ထားသရွေ့ အတွင်းရှိ ဝင်္ကပါကို ပြောင်းလဲပြီး ကြယ်အလင်းတန်းနှစ်တန်းအား တစ်တန်းတည်း ပေါင်းစည်းနိုင်သည်။
အလင်းတန်းနှစ်တန်းတွင် နတ်ဘုရားများကိုပင် အန္တရာယ်ပြုနိုင်သော စွမ်းအား ရှိချေသည်။
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ကာ အလေးအနက် ပြောလိုက်၏။ “နတ်ဘုရားမ တျန်းဖုန်းကောလား”
“ငါပဲ”
နှင်းကဲ့သော ဖြူဆွတ်နေသော ဝတ်ရုံဖြင့် လှပချောမောသော အမျိုးသမီးတစ်ယောက်က ဖြေးညှင်းစွာ လျှောက်လာသည်။ သူမသည် ရှည်လျားနက်မှောင်သည့် ဆံပင်များကို လိမ်၍ ဆံထုံးလေး ထုံးဖွဲ့ထားသော်လ်ညး ဆံစတချို့က ကပိုကရိုလေး ကျနေသေး၏။
သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဝတ်ရုံက ရေလှိုင်းသဖွယ် နူးညံ့အိစက်စွာ လှုပ်ခါသွားပြီး ရင်ဘတ်နားတွင်မူ အဝတ်စက လျော့တိလျော့ရဲ ဖြစ်နေ၏။ သူမခါးမှာလည်း လက်တစ်ပွေ့စာသာ ရှိသည်အထိ သေးသွယ်လွန်းလှသည်။
သူမ၏အဟန့်အထည်ကမူ အေးစက်နေသည်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာမှ သူမနှလုံးသား လှုပ်ခတ်သွားအောင် မစွမ်းဆောင်နိုင်သည့်အလား ထင်ရသည်။
ချင်မူ့ မျက်ဝန်းထောင့်စွန်းများ တွန့်သွား၏။ ဤကဲ့သို့အမျိုးသမီးတစ်ယောက်ကား စိတ်ပိုင်းဖြတ်ပြီးသွားလျှင် ပြောင်းလဲရန် အလွန်ခက်လိမ့်မည်။
သူ့ဘေးရှိ တောသမင်များက လမ်းလျှောက်လာနေသော တျန်းဖုန်းကောကို တစ်စက်လေးမှ မကြောက်ကြပေ။ သူတို့က သူ့အဝတ်စကို ကိုက်လိုက်၊ သူ့ခြေထောက်ကို လျက်လိုက် လုပ်နေကြသည်။ သမင်ဖိုတစ်ကောင်ဆိုလျှင် သူ့ကို အော်နေသည်။
ချင်မူမှာ မဟာရန်သူတော်ကြီးကို ရင်ဆိုင်နေရသကဲ့သို့ တျန်းဖုန်းကောကို မျက်တောင်မခတ် ကြည့်နေရသည်။ သို့သော် သမင်များက သူ့အဝတ်စများကို အတင်းဆွဲနေ၍ သူ့မှာ သူ့ပါးစပ်ထဲမှ အဝတ်စများအား ပြန်ပြန်ဆွဲလုနေရ၏။
“ဟဲ...ဟဲ....”
သမင်ဖိုများက ဒေါသထွက်သွားပြီး သူ့တင်ပါးကို ခေါင်းနှင့် တိုက်ကြသည်။ တစ်ကောင်က နောက်တစ်လှမ်းဆုတ်၍ အရှိန်ယူကာ ပြေးတိုက်၏။ ကျန်သမင်များလည်း ထိုအတိုင်း လိုက်လုပ်ကြသည်။
ချင်မူက တောင်ကြီးသဖွယ် တုပ်တုပ်မှမလှုပ်ဘဲ သမင်များအား သူ့ကို ပြေးတိုက်ခွင့်ပြုထား၏။ ‘မှော်ဆရာသခင် သမင်ခြေထောက်တွေ သုံးတာ အံ့ဩစရာမရှိဘူး... ဒီသမင်တွေက လူကို ဒုက္ခပေးတဲ့နေရာမှာ သိပ်တော်တယ်’
တျန်းဖုန်းကောက ချင်မူ့ကို တိုက်ခိုက်နေသော သမင်များအား ဝေ့ဝဲကြည့်ပြီးနောက် ကျောက်စိမ်းမျက်လုံးနှစ်လုံးအပေါ် အကြည့်ရောက်သွားသည်။ “ဂိုဏ်းသခင်ချင်၊ ငါ့တပည့်တွေကို သတ်သွားတဲ့အတွက် ဖြေရှင်းချက်တစ်ခုတော့ မပေးသင့်ဘူးလား... ပြီးတော့ တစ်ပြိုင်တည်း သတ်ပစ်ခဲ့တာတဲ့လား.... ငါ့မှာ သေသေချာချာ သင်ပေးထားတဲ့ တပည့်တွေဆိုလို့ ဒီတပည့်တွေပဲ ရှိတာပါ... ဒါပေမဲ့ ဂိုဏ်းသခင်က တစ်ခါတည်း အကုန်လုံး သတ်ပစ်ခဲ့တယ်... ဒါကြောင့် ကောင်းကင်ဆရာသခင်ရဲ့တပည့်ပဲ ဖြစ်ပါစေ ဖြေရှင်းချက်တော့ ပေးရမယ်”
“နတ်ဘုရားမတျန်းဖုန်းကောက တပည့်တွေ ဘာလုပ်ခဲ့မှန်း မသိဘူးကိုး”
ချင်မူ၏မျက်နှာပေါ်ရှိ စိုးရိမ်ကြောက်လန့်နေသော အမူအရာ ပျောက်ကွယ်သွားပြီး သူက ဟင်းခနဲ သက်ပြင်းချကာ ရိုးသားဖြူစင်သောမျက်ဝန်းများဖြင့် ပြောလိုက်၏။ “ဖုန်းကောရဲ့တပည့် ကွမ်ဟယ်နဲ့ ကျန်တဲ့သူတွေက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လက်အောက် ဝင်ထားတာပါ... သူတို့က ကျွန်တော့်ကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ကြတာနဲ့ အခုလို ရက်စက်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့တာပါ.... မဟုတ်ရင် ကျွန်တော့်အသက်ကို ထိပါးကြလိမ့်မယ်”
ထျန်းဖုန်းကောက အိုဟု ရေရွတ်ပြီး ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်က ငါ့တပည့်တွေ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လက်အောက် ဝင်ထားတယ်လို့ ပြောခဲ့တယ်နော်... သက်သေရှိလား”
ချင်မူက ကျောက်စိမ်းမျက်လုံးများကို ကိုင်ထားရင်း ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။ “နတ်ဘုရားမဖုန်းကော ကျေးဇူးပြုပြီး လိုက်ခဲ့ပါ”
သူက အချိန်မရွေး တုံ့ပြန်နိုင်အောင် ကျောက်စိမ်းမျက်လုံးနှစ်လုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ တစ်လှမ်းချင်း နောက်ဆုတ်သွားသည်။ နဂါးချီလင်လည်း မြေခွေးလေးကို ခေါ်ပြီး နောက်ဆုတ်သွား၏။ သခင်ကိုးကောင်က သူတို့ကို ခေါင်းနှင့် ပြေးတိုက်နေကြသေးလေသည်။
ဤသမင်များကား အလွန်ခေါင်းမာလှ၏။
ချင်မူက ရွာလေးဆီသို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားပြီး အလေးအနက် ပြောလိုက်သည်။ “ဖုန်းကော ကျေးဇူးပြုပြီး တစ်ချက်ကြည့်လိုက်ပါ”
တျန်းဖုန်းကောက ကောင်းကင်နတ်အသွင်အဆင့် မိစ္ဆာနတ်ဆိုး၏အလောင်းကို ကြည့်ကာ မျက်လုံးကျဉ်းမြောင်းသွား၏။
“ဒီကောင်းကင်နတ်သိုင်းရာတွေက ဖုန်းကောရဲ့ တပည့်တွေရဲ့ လက်ရာမဟုတ်လား... ဒီဟာက လူတစ်ယောက်တည်းရဲ့ ကောင်းကင်နတ်သိုင်းမဟုတ်ဘူး... ငါးယောက်ရဲ့ ကောင်းကင်နတ်သိုင်းတွေပါ... ကွမ်ဟယ်ကတော့ သူတစ်ယောက်တည်း ဒီမိစ္ဆာနတ်ဆိုးသိုင်းပညာရှင်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီး အစွမ်းကုန်ထုတ်လိုက်တော့မှ သတ်နိုင်ခဲ့တာလို့ ပြောခဲ့တယ်... ဒီတော့ ဒီနေရာမှာ ဘာကြောင့် လူငါးယောက်ရဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိနေတာလဲ”
“ကွမ်ဟယ် နာမည်ကောင်းရချင်တာလဲ ဖြစ်နိုင်တာပဲလေ” ထျန်းဖုန်းကောက မှင်သေသေ ပြောလိုက်သည်။
“အလောင်းပေါ်က အသေသတ်တိုက်ကွက်ကို နတ်ဘုရားမဖုန်းကော မမြင်နိုင်တာလား.... နတ်ဘုရားမဖုန်းကောက ဓားသိုင်းပညာရှင်တစ်ယောက်ဆိုတော့ မြင်နိုင်သင့်ပါတယ်.... လူတစ်ယောက်အနေနဲ့ မူလဝိညာဉ်ကို ဒီလိုအလျင်အမြန် ဓားနဲ့ထိုးနိုင်ဖို့ နှစ်ယောက်ကြားအကွာအဝေးက အင်မတန် နီးကပ်နေရလိမ့်မယ်” ချင်မူက အလေးအနက် ပြောလိုက်သည်။
“အလောင်းရဲ့ မျက်နှာအမူအရာအရ ကွမ်ဟယ် သူ့ကို တိုက်ခိုက်မှာ မမျှော်လင့်ထားလို့ လန့်နေတဲ့ပုံပေါ်တယ်... ကွမ်ဟယ်က သူနဲ့ နီးကပ်နေပြီး သူ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားတာကြောင့် မူလဝိညာဉ် အသတ်ခံလိုက်ရတာပါ... ဒီတော့ သူတို့နှစ်ယောက်က ဘယ်လိုလုပ် ရန်သူတွေ ဖြစ်နိုင်မလဲ... ရန်သူမဟုတ်မှတော့ မိတ်ဆွေတွေပဲ ဖြစ်နိုင်တယ်... နတ်ဘုရားမဖုန်းကောရဲ့ တပည့်တွေက မိစ္ဆာနတ်ဆိုးတွေနဲ့ ပူးပေါင်းထားတာပါ... သက်သေထပ်လိုသေးလား”
တျန်းဖုန်းကော်၏အကြည့်များ လှုပ်ခတ်သွားပြီး သူမက နူးညံ့ညင်သာစွာ မေးလာ၏။ “လိုသေးတယ်... ငါ မရှင်းသေးဘူး... သူတို့က မိစ္ဆာနတ်ဆိုးတွေနဲ့ ပူးပေါင်းထားတာဆိုရင် ဘာလို့ဒီမိစ္ဆာနတ်ဆိုးကို သတ်ဖို့လိုမှာလဲ”
“အဲဒီမိစ္ဆာနတ်ဆိုးကို သတ်ပြီး ကျွန်တော့်ဆီက ယုံကြည်မှု လိုချင်လို့ပါ” ချင်မူက ပြောလိုက်သည်။ “အဲဒီလိုနည်းနဲ့မှ သူ ကျွန်တော့်အနား အောင်အောင်မြင်မြင် ချဉ်းကပ်နိုင်မယ်လေ..... နတ်ဘုရားမဖုန်းကော၊ ကြည့်လိုက်ပါဦး.... ဒီမှာ မိစ္ဆာကောင်းကင်နတ်သိုင်း ရှိလို့လား.... တိုက်ပွဲသာဆိုရင် ဒီကောင်းကင်နတ်ဆိုးမျိုးနွယ်က ကောင်းကင်နတ်သိုင်းတစ်ခုလေးတောင် မထုတ်လွှတ်ဘဲ ဘယ်လိုလုပ် သေခဲ့တာလဲ... နတ်ဘုရားမရဲ့ အမြင်နဲ့ဆို မြင်ဖို့ မခက်ပါဘူး”
တျန်းဖုန်းကော၏အမူအရာတွင် အပြုံးအရယ် မရှိပေ။ “နောက်ရော”
“ဒီကောင်းကင်နတ်သိုင်းရာတွေက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပြနေပေမယ့် ကောင်းကင်နတ်သိုင်းတွေက ဒီရွာလေးကို မဖျက်စီးခဲ့ဘူး... ထိတောင် မထိခဲ့တာ.. ဆိုလိုတာက သူတို့ငါးယောက်လုံး ပါဝင်နေတဲ့ သက်သေပဲ... သူတို့က အခင်းနေရာကို ပုံဖျက်ဖို့ ဒီရွာဘက်ကနေ ဖျက်စီးဖို့ ကောင်းကင်နတ်သိုင်းတွေ ထုတ်လွှတ်ခဲ့ကြတာပါ.... ဒါက သေချာပေါက် သက်သေအဖြစ် ထည့်တွက်လို့ရပါတယ် ဟုတ်တယ်မလား”
တျန်းဖုန်းကောက ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ပြုံးလိုက်သည်။ သူမက နူးညံ့ညင်သာစွာ ပြောလာ၏။ “ဂိုဏ်းသခင်ချင်က ဉာဏ်အမြော်အမြင် ကြီးမားပါပေတယ်... င့ါတပည့်တွေ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လက်အောက်မှာ တကယ် အညံ့ခံထားပုံပဲ... တပည့်တွေကို သေချာမကြည့်ထားမိတာနဲ့ အခုလို ပြဿနာကြီး ဖြစ်သွားတယ်”
ဟူလင်းအာ၏မျက်နှာတွင် သံသယများ ပြည့်နေသော်လည်း ချင်မူက ပခုံးပေါ်မှ ဝန်ထုပ်များ ပြုတ်ကျသွားသကဲ့သို့ ပြုံးလိုက်သည်။ “နတ်ဘုရားမကိုလည်း အပြစ်မဆိုနိုင်ပါဘူး... မိစ္ဆာနတ်ဆိုးတွေက ယုတ်မာကောက်ကျစ်ကြတဲ့အပြင် အင်မတန် ဆိုးသွမ်းကြတယ်... နတ်ဘုရားမဖုန်းကောအနေနဲ့ သူတို့ကို ဒီတစ်ခေါက်တော့ မသိကျေးကျွံပြုခဲ့မိပေမယ့် နောင်ကျ မိသားစုထက် အမှန်တရားကို တန်ဖိုးထားတတ်လာမှာပါ”
သူ့အနောက်မှ သမင်များက သူ့တင်ပါးကို ခေါင်းဖြင့် ပြေးတိုက်နေကြသေးသည်။ ချင်မူမှာ ထုံကျင်နေပြီဖြစ်သော တင်ပါးကို ပွတ်လိုက်မိ၏။
‘ဒီသမင်တွေက တော်တော် ရက်စက်တာပဲ’
တျန်းဖုန်းကောက သူ့ကို ပြုံးပြနေဆဲ ဖြစ်သည်။ “နားလည်မှုလွဲတာ ဖြေရှင်းပြီးပြီဆိုတော့ မနှောင့်ယှက်တော့ပါဘူး... ဘယ်သူလဲ”
သူမအသံက နားထဲစူးနေအောင် ဟိန်းထွက်သွားသော်လည်း နတ်ဘုရားစန်းယဲ့၏အသံ ထွက်ပေါ်လာသည်။ “ဖုန်းကော ငါပါ”
ချင်မူ စိတ်သက်သာရာရသွားပြီး ကျောက်စိမ်းမျက်လုံးကို ဆုပ်ကိုင်ထားသော လက်များ ပြေလျော့သွားသည်။ သူ့လက်ဝါးနှစ်ဖက်လုံး ချွေးထွက်နေချေသည်။
ဟူလင်းအာလည်း ပခုံးပေါ်မှ ဝန်ထုပ်များ ကျသွားသကဲ့သို့ ခပ်တိုးတိုး ပြောလိုက်၏။ “သခင်မလေး...”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “အခု မဟုတ်သေးဘူး”
လွန်ခဲ့သည့် တခဏတုန်းက ဝူဝမ်မြို့၏ ကင်းစခန်းထဲမှ နတ်ဘုရားစန်းယဲ့ ဖြန့်ကျက်နေသော ကောင်းကင်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်ကို ချင်မူ သတိထားမိခဲ့၏။ နတ်ဘုရားစန်းယဲ့သည် ဤနေရာရှိ အခြေအနေကို သတိထားမိသွားခြင်း ဖြစ်လိမ့်မည်။
ချင်မူက ကပ်ဘေးဓား၏ ပထမဓားကွက်ဖြင့် ကွမ်ဟယ်ကို သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပါလော။ ကပ်ဘေးဖွင့်ဓားအားလှိုင်းက အလွန်ကြီးမားသည့်အတွက် ဓားရောင်က ဆယ်မိုင်အထိ လင်းလက်သွားခဲ့သည်။ နတ်ဘုရားစန်းယဲ့အနေဖြင့် သတိမပြုမိဘဲ နေမည်မဟုတ်ပေ။
နတ်ဘုရားစန်းယဲ့သည် ချင်မူ၏ဓားကွက်ကို မြင်ခဲ့ဖူး၍ မြင်သည်နှင့် သေချာပေါက် ထွက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်မူ့အတွက် ထိုဓားကွက် ထုတ်သုံးရန် လိုအပ်သော ပြိုင်ဘက်များသည် သန်မာအားကောင်းသောရန်သူများ ဖြစ်၍ပင်။
သူ စစ်ဆေးရန် ရောက်လာလျှင် တျန်းဖုန်းကောက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ သူလျှိုဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ချင်မူ အန္တရာယ်ကင်းချေပြီ။
သူ တစ်လှမ်းချင်း နောက်ဆုတ်ကာ ရွာထဲသို့ ဝင်ခဲ့သည့်အချိန်တုန်းက တျန်းဖုန်းကောကို ရှင်းပြနေပုံပေါ်ခဲ့သော်လည်း အမှန်တွင် နတ်ဘုရားစန်းယဲ့အတွက် အချိန်ဆွဲခဲ့ခြင်းဖြစ်၏။
“အစ်ကိုတော်စန်းယဲ့ကိုး” တျန်းဖုန်းကော၏အမူအရာက စိတ်အေးလက်အေးဖြစ်သွားသည်။ “ဂိုဏ်းသခင်ချင်နဲ့ ကျွန်မ စောစောက နားလည်မှုလွဲသွားလို့ပါ... အခုတော့ ဖြေရှင်းပြီးသွားပါပြီ”
နတ်ဘုရားစန်းယဲ့က လျှောက်လာကာ ပြော၏။ “ဖြေရှင်းပြီးသွားပြီဆိုလည်း အဆင်ပြေတာပေါ့ ... ဒါပေမဲ့ ငါ မရှင်းတဲ့ကိစ္စတစ်ခု ရှိတယ်... အစ်မတော်ဖုန်းကောရဲ့ တပည့်တွေက ဘာလို့ကောင်းကင်နတ်ဆိုးတွေရဲ့ လက်အောက်မှာ အညံ့ခံလိုက်တာလဲ... လူတစ်ယောက်အနေနဲ့ သေရေးရှင်ရေးဖြစ်လာလို့ အကောင်းအဆိုးမစဉ်းစားဘဲ ရွေးချယ်ရရင်ကတော့ မထူးဆန်းပါဘူး... ဒါပေမဲ့ တစ်စုလုံး အမိမြေကို သစ္စာဖောက်ကတော့ မူမမှန်သလိုပဲ”
တျန်းဖုန်းကောက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ “နတ်ဘုရားစန်းယဲ့ ဒီကိစ္စကို ဘယ်လိုထင်လို့လဲ”
နတ်ဘုရားစန်းယဲ့က ချင်မူ့ကို ကျော်၍ တျန်းဖုန်းကော၏အရှေ့တွင် ရပ်လိုက်သည်။ “တပည့်ငါးယောက်လုံး မိစ္ဆာနတ်ဆိုးတွေကို အညံ့ခံလိုက်မှတော့ သူတို့ဆရာကို သံသယဝင်မိမှာလည်း သဘာဝပဲလေ... ဖုန်းကောက တစ်ခါတုန်းက ကျောင်းမြို့ရဲ့ မြို့အရှင်မ မဟုတ်လား ... လွန်ခဲ့တဲ့ တစ်ထောင့်ငါးရာနှစ်တုန်းက ကျောင်းမြို့ ကျူးကျော်ခံခဲ့ရတဲ့အချိန်မှာ မင်းနဲ့ မင်းရဲ့လူတစ်စုပဲ အသက်ရှင်ခဲ့တယ်
“အခြားတစ်ဖက်မှာတော့ ငါရဲ့ ကွေ့မင်မြို့ ကျူးကျော်ခံရတုန်းက ငါ့တစ်မိသားစုလုံး သေသွားပြီး ငါနဲ့ ငါ့သမီးပဲ အသက်ရှင်ခဲ့ပေမယ့် ကွေ့မင်မြို့ရဲ့ သာမန်ပြည်သူတွေကို ကာကွယ်ပေးနိုင်ခဲ့တယ်... အသက်ရှင်ကျန်ခဲ့သူက မင်းရဲ့ကျောင်းမြို့ထက် ဆယ်ဆများခဲ့တယ်”
သူက လက်နှစ်ဖက် နောက်ပစ်လိုက်သည်။ “ပန်းမြို့၊ ဖုမြို့၊ သုံ့ရန်မြို့၊ တရုံမြို့နဲ့ ငါ သိတဲ့ တခြားနတ်ဘုရားမြို့တွေမှာလည်း ဖုန်းကောရဲ့ ကျောင်းမြို့ထက် အသက်ရှင်ကျန်ခဲ့သူ များတယ်”
ချင်မူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး နတ်ဘုရားစန်းယဲ့၏ ကျောနောက်ရှိ လက်များကို ကြည့်လိုက်မိသည်။
အခြေအနေက အရေးကြီးသည့်အတွက် ယခုချက်ချင်း ထွက်သွားသင့်ကြောင့် လက်ဟန်များက ပြောနေသည်။
‘နတ်ဘုရားစန်းယဲ့က တျန်းဖုန်းကောနဲ့ မယှဉ်နိုင်တာများလား’
ချင်မူ အံ့အားသင့်သွားသော်လည်း ချောင်းဟန့်လိုက်သည်။ “နတ်ဘုရားနှစ်ပါးခင်ဗျ၊ ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးလို့ အခု ပြန်လိုက်ဦးမယ်နော်”
သူ ထွက်ခွာနေသောဘက်က နတ်ဘုရားစန်းယဲ့၏ အရိပ်အောက်၌ ရှိနေသည်။ သူက ဖြည်းဖြည်းချင်း သွားနေပြီး စန်းယဲ့၏အရိပ်ထဲမှ မခွာပေ။ ဤနည်းလမ်းဖြင့်သာ ထျန်းဖုန်းကော၏အကြည့်ကို ရှောင်နိုင်၏။
“ဂိုဏ်းသခင်ချင်က ဝူ၀မ်မြို့ကို သွားနေတာလား... နတ်ဘုရားစန်းယဲ့က သစ္စာဖောက်မဟုတ်တာ သေချာရဲ့လား... စဉ်းစားကြည့်နော်၊ ငါ့တပည့်တွေက ဝူ၀မ်မြို့အနားမှာမှ ဘာလို့သစ္စာဖောက်မှာလဲ... ကင်းစခန်းကို စောင့်နေတဲ့လူက နတ်ဘုရားစန်းယဲ့လေ.... သူက သစ္စာဖောက်ဆိုရင် ဂိုဏ်းသခင် သူ့ဆီမှာ လည်စင်းခံလိုက်သလိုဖြစ်မှာနော်... အဲ့ဒီကို ဂိုဏ်းသခင်ကို စောင့်နေတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါး သေချာပေါက် ရှိတယ်... ဂိုဏ်းသခင်က ထက်မြက်ပါတယ်... ကိုယ့်ကိုကိုယ်တော့ အန္တရာယ်တွင်းထဲ အကျခံမှာ မဟုတ်ဘူးမလား”
ဟူလင်းအာမှာ ခေါင်းလေးလံလာသလို ခံစားရပြီး အတွေးများ လိုက်မမှီတော့ပေ။ သူမက ခပ်တိုးတိုး မေးလိုက်၏။ “သခင်လေး ဘယ်တစ်ယောက်က သစ္စာဖောက်လဲ”
ထျန်းဖုန်းကောက စကားဆက်ပြောသည်။ “နတ်ဘုရားစန်းယဲ့က ဝူ၀မ်မြို့မှာ ကင်းစခန်း ဆောက်ဖို့ အရင်ဆုံး အဆိုပြုခဲ့တဲ့တစ်ယောက်ပဲ ဟုတ်တယ်မလား... ကင်းစခန်းက ရန်သူ့ပိုင်နက်ထဲမှာ ရှိနေပေမယ့်... ပြီးသွားတာ လ၀က်ကျော်ကြာတာတောင် မိစ္ဆာနတ်ဘုရားတစ်ပါးမှ ပြဿနာလာမရှာခဲ့ဘူး... သူ့ကံက အဲ့လောက်ပဲ ကောင်းနေတာလား ဒါမှမဟုတ် တခြားဟာပဲလား”
ချင်မူလည်း ရပ်လိုက်ပြီး ခေါင်းလေးလာသည်။
နတ်ဘုရားစန်းယဲ့ နတ်ဆိုးမြေထဲတွင် ကင်းစခန်းတစ်ခု တည်ဆောက်ပြီးနောက်တွင်ပင် မိစ္ဆာနတ်ဘုရားတစ်ပါးမှ ပြဿနာလာမရှာခြင်းက အမှန်တကယ် ထူးဆန်း၏။
ထျန်းဖုန်းကောက ဆက်ပြောသည်။ “ငါ့ရဲ့ ကျောင်းမြို့ မှာ လူအများကြီး မကျန်ခဲ့ပေမယ့် နတ်ဘုရားနှစ်ပါး ရှိသေးတယ်.... နင့်ရဲ့ ကွေ့မင်မြို့မှာ နတ်ဘုရားဘယ်နှပါး အသက်ရှင်ခဲ့လဲ.... နင်ကလွဲပြီး ဘယ်သူမှ အသက်မရှင်ခဲ့ဘူးမလား... သူတို့အားလုံး မိစ္ဆာနတ်ဘုရားတွေ လက်ချက်နဲ့ သေခဲ့ကြတာမလား”
“ဒါဆို ကျောင်းမြို့ကနေ မင်းနဲ့အတူ ထွက်လာခဲ့တဲ့ နောင်တော်နှစ်ယောက်ကရော ဘယ်မှာလဲ... ငါသိသလောက် သူတို့မြို့ကနေ ထွက်လာနိုင်ခဲ့ပေမယ့် ဝူ၀မ်မြို့စစ်ပွဲမှာ သေဆုံးသွားကြပြီ.... အဲ့လိုနဲ့ မင်းက ကျောင်းမြို့မှာ အသက်ရှင်ကျန်ခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်လာတယ်” စန်းယဲ့က တည်ငြိမ်စွာ ပြောသည်။
ဟူလင်းအာမှာ အမြှီးလေးခြောက်ချောင်းကို ဖက်လိုက်၏။ “သခင်လေး ကျွန်မတော့ မူးလာပြီ”
ချင်မူ သူမကို ကြည့်လိုက်မိသည်။ “ငါရောပဲ... ဒါပေမဲ့ ဘယ်သူက သစ္စာဖောက်လဲ ဆုံးဖြတ်နိုင်တဲ့ နည်းတစ်နည်း ရှိသေးတယ်... အဲ့ဒါက ဝူ၀မ်မြို့ကို သွားဖို့ပဲ... နတ်ဘုရားစန်းယဲ့က တကယ်သစ္စာဖောက်ဆိုရင် အဲ့ဒီမှာ ကောင်းကင်နတ်ဆိုးတွေ ငါတို့ကို စောင့်နေလိမ့်မယ်.... မဟုတ်ဘူးဆိုရင်တော့....”
သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ ဧရာမခန္ဓာကိုယ်ကြီးတစ်ခုက သူ့ဘေးသို့ ဝုန်းခနဲ ဆင်းသက်လာသည်။
၎င်းက မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်၏။
ချင်မူ့မျက်၀န်းထောင့်စွန်းများ တွန့်သွားသည်။ ဤမိစ္ဆာနတ်ဘုရားကို သူ နှစ်ကြိမ်မြင်ခဲ့ဖူး၏။ ပထမဆုံးအကြိမ်က ကွေ့မင်မြို့၏ စစ်ပွဲတွင် စန်းယဲ့၏မိသားစု သုတ်သင်ခံခဲ့ရသည့်အချိန်ဖြစ်သည်။
ဒုတိယအကြိမ်က လီမြို့တွင် ဖြစ်သည်။ ထိုနေ့တုန်းက ကျားနတ်မင်းသည် သူနှင့်စန်းဟွာအား လီမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး စန်းဟွာမှာ ထိုမိစ္ဆာနတ်ဘုရားကို မုန်တီးစက်ဆုပ်စွာ စိုက်ကြည့်နေခဲ့၏။
မိစ္ဆာနတ်ဘုရား၏ ကိုယ်ပေါ်တွင် မီးအမှတ်အသားများ ရှိကာ သူ့မျက်လုံးများက ကခုန်နေသော မီးလုံးများနှင့် တူနေသည်။
သူ ဆင်းသက်လာသည့်အခါ နတ်ဘုရားစန်းယဲ့၊ နတ်ဘုရားမတျန်းဖုန်းကောနှင့် မိစ္ဆာနတ်ဘုရားတို့ မျက်နှာချင်းဆိုင် ဖြစ်သွားကြ၏။
“မိစ္ဆာနတ်ဘုရားဟွေ့ချလော့က ရှင့်ရဲ့ ဝူဝမ်မြို့က လာတာမဟုတ်လား” တျန်းဖုန်းကောက နူးညံ့ညင်သာသော အသံဖြင့် ပြောသည်။
နတ်ဘုရားစန်းယဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူက အံတင်းတင်း ကြိတ်လိုက်၏။ “ဟွေ့ချလော့က ငါ့သမီးကလွဲလို့ ငါ့တစ်မိသားစုလုံးကို သတ်ပစ်ခဲ့တဲ့ကောင်... ငါက သူ့လိုလူကို အညံ့ခံမယ်ထင်လား”
ဟွေ့ချလော့ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ သူ့အသံကြီးက တောအုပ်ကိုပင် တုန်ခါသွားစေသည်အထိ ကျယ်လောင်လှ၏။ “အခြေအနေက ဒီလိုတောင် ဖြစ်လာပြီပဲ ကွေ့ဝိုက်မနေတော့နဲ့... မြန်မြန် အဆုံးသတ်ကြစို့... နတ်ဆိုးဘုရင်ဖုရွေ့လော်က ဒီချင်မျိုးရိုးကို တွေ့ရဖို့ မစောင့်နိုင်ဘူးဖြစ်နေတယ်”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
တခဏကြာသော် တျန်းဖုန်းကောက ခပ်လွင်လွင် ရယ်သည်။ “ဂိုဏ်းသခင်ချင်က သဲလွန်စတွေ ရှာရတာ ကြိုက်လို့ ငါလည်း ကစားချင်တာနဲ့ ကစားကြည့်နေတာပါ... အဲဒါက မိစ္ဆာနတ်ဘုရားမတစ်ပါးရဲ့ အကျင့်ပဲမဟုတ်လား”
ချင်မူ့သွေးများ အေးစက်သွားသည်။
တျန်းဖုန်းကောက ပြုံး၍ ပြောလိုက်၏။ “ဟွေ့ချလော်... နင် ဂိုဏ်းသခင်ချင်ကို ရှင်း၊ ငါက နတ်ဘုရားစန်းယဲ့ကို ရှင်းမယ်”
ဟွေ့ချလော်က ကုပ်ကုပ်ကလေး နောက်ဆုတ်နေသော ချင်မူ့ဆီသို့ လှမ်းကြည့်သည်။ ချင်မူမှာ ရုတ်တရက် ဒုတ်ခနဲ မြည်သံ ကြားလိုက်ရပြီး အောင့်ခနဲ နာသွား၏။ သမင်တစ်ကောင်က သူ့ကို ခေါင်းနှင့် ဝင်တိုက်လိုက်ခြင်းဖြစ်သည်။ ချင်မူ ဒေါသထွက်သွားပြီး ဓားဆွဲထုတ်ကာ သမင်ဖို၏လည်ပင်းအပေါ် တင်ရင်း ရက်စက်စွာ ပြောလိုက်၏။ “ငါ့ကို ထပ်တိုက်ရဲ တိုက်ကြည့်စမ်း သတ်ပစ်လိုက်မယ်”
တျန်းဖုန်းကောက တခစ်ခစ် ရယ်သွမ်းသွေးလျက် နတ်ဘုရားစန်းယဲ့ဆီသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ဟွေ့ချလော့က ကောက်ကျစ်စဉ်းလဲစွာ ပြုံးလျက် ခါးကိုင်းပြီး ချင်မူ့အား လှမ်းဖမ်းလိုက်သည်။ “မင်းက အဲဒီနေ့တုန်းက ကွေ့မင်မြို့မှာ တွေ့ခဲ့ရတဲ့ အနက်ရောင်အရိပ်လေးလား.... စန်းမိသားစုရဲ့ ကလေးမလေးကို ကာကွယ်ပေးခဲ့တဲ့တစ်ယောက်လား ... သူရဲကောင်းလေးပဲ... ငါတောင် မင်းကို မသတ်နိုင်ခဲ့ဘူး... ဒါပေမဲ့ အခုတော့ ပြေးလွတ်မယ်မထင်နဲ့”
ရုတ်တရက် ချင်မူ့ဓားအောက်ရှိ သမင်က ဗြန်းခနဲ နှစ်ခြမ်းကွဲသွားပြီး ရင်သပ်ရှုမောဖွယ် ဓားမရောင် ဖြာထွက်လာသည်။ ဓားမရောင်က ဟွေ့ချလော်၏ လက်ဝါးနှင့် လည်ပင်းကို ဖြတ်သွားကာ ကောင်းကင်ယံတွင် အလွန်သေးမျှင်သော အနက်ရောင်ဓားရာတစ်ကြောင်း ချန်ရစ်ခဲ့သည်။
အနက်ရောင်အရာမှာ ရှိပင် မရှိသည့်အလား ပါးလျနေ၏။ ဟင်းလင်းပြင် နှစ်ခြမ်းကွဲသွားပြီး ပြန်ဆက်ရန်ပင် အချိန်မရလိုက်ပုံပေါ်သည်။
ရင်သပ်ရှုမောဖွယ် ဓားမရောင်က ချင်မူ့လည်ပင်းနား၌ တုံ့ခနဲ ရပ်သွားပြီး ကွဲထွက်သွားသည့် သမင်အရေခွံထဲမှ ကြံခိုင်သန်မာသော အဘိုးအိုတစ်ယောက် ထလာသည်။ သူ၏ရုပ်သွင်မှာ ပေစုတ်စုတ်မုတ်ဆိတ်မွှေးများဖြင့် ကြမ်းတမ်းခက်ထန်မည့်ပုံရ၏။
အဘိုးအိုက အမျက်တချောင်းချောင်း ထွက်နေပြီး ချင်မူ့လည်ပင်းအား ဓားဖြင့် တေ့ကာ ဆူဆဲနေသည်။ “မူအာ... ငါ မင်းကို ခေါင်းနဲ့တိုက်တော့ရော ဘာဖြစ်လဲ... ထော့ကျိုး၊ မျက်ကန်းနဲ့ ရွှေအတို့က မင်းကို ခဏခဏ ပြေးတိုက်နေတဲ့ ကောင်တွေကွ... ငါ့မှာတော့ တစ်ခါပဲ တိုက်ရသေးတယ် မင်းက ငါ့ကို သတ်ချင်နေပြီဟုတ်လား... ငါ့ကိုပြောစမ်း မင်း ဘက်လိုက်တာမလား.... သူတို့က ငါ့ထက်ပိုပြီး မင်းကို ချစ်တယ် ထင်နေတာလား ဟမ်”
၎
င
၎
၎