ရွေးချယ်ခြင်း
Vol. 56 Ch. 764
သုံးရက်က ခဏလေးနဲ့ ကုန်သွားတယ်။
လေးရက်မြောက်နေ့မနက်မှာ လေတိမ်မြို့တစ်ခုလုံးက သက်ဝင်လှုပ်ရှားလာတယ်။
လေတိမ်မြို့သိုင်းပြိုင်ကွင်းဆီ တိုးဝင်လာကြသူတွေ တဖွဲဖွဲနဲ့ပေါ့။
လေတိမ်မြို့သိုင်းပြိုင်ကွင်းကို ဖွင့်လှစ်ထားပြီးဖြစ်တယ်၊ ဝင်ပေါက်တစ်ခုစီမှာ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက် စောင့်ကြပ်နေတယ်။ ဝင်ချင်တဲ့သူတွေက လေတိမ်အဆောင်ကို ပြဖို့ လိုအပ်တယ်။
လေတိမ်အဆောင်က လေတိမ်သိုင်းပြိုင်ကွင်းကို ဝင်ဖို့ လက်မှတ်ပါပဲ။ သူတို့ကို လေးတန်းခွဲခြားထားတယ်၊ အေ ဘီ စီ ဒီ ဆိုပြီးတော့ပေါ့။ အတန်းတစ်ခုချင်းစီမှာ နံပါတ်တွေ ရှိတယ်၊ လူတိုင်းက အတန်းနဲ့နံပါတ်အရ ထိုင်ရမှာပါ။
ဒီအတန်းလေတိမ်အဆောင်က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးငါးရာ ကျသင့်တယ်။ စီအတန်းလေတိမ်အဆောင်က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသုံးထောင် ကျသင့်တယ်။ ဘီအတန်းလေတိမ်အဆောင်က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသုံးသောင်း ကျသင့်တယ်။ အေအတန်းလေတိမ်အဆောင်က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးငါးသိန်း ကျသင့်တယ်။
သိုင်းပြိုင်ပွဲစင်ဆီ ဝင်လာကြတယ်၊ စင်က ပန်းကန်လုံးပုံသဏ္ဍာန်ရှိပြီး ထိုင်ခုံတွေနဲ့ ပြည့်နေတယ်။
လေတိမ်မြို့ရဲ့အကြီးမားဆုံးသိုင်းပြိုင်ပွဲစင်အနေနဲ့ လေတိမ်သိုင်းပြိုင်ကွင်းက လူသုံးမီလီယံအထိ ဝင်ဆံ့တယ်။
"ဓားပြိုင်ပွဲက စတော့မယ်။ ငါ မိုင်ထောင်ပေါင်းများစွာကနေ လာခဲ့ရတာ အလကားမဖြစ်တော့ဘူး"
"ဟုတ်တယ်၊ ထိပ်တန်းအဆင့်ဓားသမားတွေရဲ့ဓားကွက်တွေကို ကြည့်ရှုရတော့မယ်၊ တကယ်ကို ကျေနပ်စရာပဲဟေ့"
ပရိသတ်အများစုက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေ ဖြစ်ကြတယ်။ မူလနယ်ပယ်ဘုရင်တွေရှိနေရင် သူတို့အများစုက လေတိမ်မြို့ကပါပဲ။ ဒါပေမယ့် သူတို့ရဲ့ဂျူနီယာတွေကို ခေါ်လာတဲ့ ဂိုဏ်းတွေ၊ကလန်တွေလည်း ရှိပါသေးတယ်။
"သည်ပြိုင်ကွင်းက တကယ်ကို ခမ်းနားလွန်းလှတယ်"
လူအုပ်ကြီးနဲ့အတူ အလိုက်သင့်မျောပါလာရင်း ခရမ်းရောင်ဝါးမဟာဧကရာဇ်နဲ့ သံသွေးမဟာဧကရာဇ်တို့လည်း သိုင်းပြိုင်ပွဲကို ဝင်ရောက်လာခဲ့တယ်။
သူတို့က ဘီအတန်းလေတိမ်အဆောင်တွေကို ဝယ်ချင်ခဲ့တာပါ၊ ဒါပေမယ့် ကုန်သွားပြီးလေ။ မလိုချင်မလိုချင်နဲ့ စီအတန်းလေတိမ်အဆောင်တွေကိုသာ ဝယ်လိုက်ရတယ်။
ဒါပေမယ့် စီအတန်းထိုင်ခုံတွေလည်း မဆိုးပါဘူးလေ။ အရှေ့မှာ ဖန်သားပြင်တစ်ခု ရှိတယ်၊ သစ်သီးလတ်လတ်ဆတ်ဆတ်လေးတွေနဲ့ဝေဆာနေတဲ့စားပွဲရှည်တစ်လုံးလည်း ရှိပါသေးတယ်။
ထိုင်လိုက်တယ်၊ နှစ်ယောက်သား ဟိုဟိုသည်သည်ကြည့်တယ်၊ ပရိသတ်ဆယ်ရာခိုင်နှုန်းလောက် ရောက်ရှိလာတာကို သိလိုက်ရတယ်။ အနက်ရောင်သိုင်းစင်ကြီးတစ်ခုကိုလည်း မြင်လိုက်ရတယ်။
အချိန်တွေ ကုန်ဆုံးနေတယ်၊ လူတွေက ပိုပိုရောက်လာတယ်၊ ထိုင်ခုံတွေကလည်း လူတွေနဲ့ ပြည့်နှက်လာတယ်။
သည်လောက်လူအုပ်ကြီးနဲ့တောင် နာမည်ကြီးမဟာဧကရာဇ်တစ်ယောက်ရောက်လာတိုင်း သူတို့က မှတ်မိနေကြတယ်။
"ဒါ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၄မှာရှိတဲ့ဓားမော့ဧကရာဇ် မလား။ အဆင့်၃၄ရှိတဲ့ဓားမော့နတ်ဆိုးလည်း ပါတယ်။ သူတို့နှစ်ယောက်ဘာလို့ အတူတူလာရတာလဲ"
"ဒါ ပုံမှန်ပါပဲ။ ဓားမော့ဧကရာဇ်ရဲ့ဇနီးက မြောင်ကလန်ကပဲ။ ဒါ့ပြင်၊ သူတို့ရဲ့ဓားမော့တာအိုနှစ်ခုလုံးက သိပ်မကွာဘူး၊ ဒါကြောင့် သူတို့ကို လိုက်ဖက်တဲ့စုံတွဲလို့ ဆိုရမှာပဲ"
"ဒီလိုလား။ ဓားမော့သရဲမြောင်ရှန်းယုက အသတ်ခံလိုက်ရတယ်ဆို။ ဓားမော့နတ်ဆိုးက လက်သည်ကို တွေ့ပြီးပြီးလား"
လူတိုင်းက ဆွေးနွေးနေစဉ် နာမည်ကြီးမဟာဧကရာဇ်များစွာကလည်း ထွက်ပေါ်လာနေတယ်။
ဓားမော့ဧကရာဇ်၊ ဓားမော့နတ်ဆိုး၊ နတ်ဆိုးအာဏာရှင်၊ ဓားမော့အာဏာရှင်၊ လှံအာဏာရှင်၊ ပုဆိန်ဧကရာဇ်၊ အထွတ်အထိပ်ဧကရာဇ်အားလုံးက စတင်ထွက်ပေါ်လာနေတယ်။ ဒီလူတွေကို မြင်ရတဲ့အတွက် သူတို့ရဲ့လက်မှတ်က ထိုက်တန်တယ်လို့ လူတိုင်းက ခံစားမိလာတယ်။
သိုင်းပြိုင်ပွဲစင်ဘေးနားမှာ ကျယ်ပြန့်တဲ့နေရာတစ်ခုရှိပြီး ပါဝင်သူတွေက စတင်ထွက်ပေါ်လာနေတယ်။
ဒါပေမယ့် အဆင့်၇ဓားသမားတွေကသာ ထွက်ပေါ်လာနေတာပါ။ အဆင့်၆ဓားသမားတွေကတော့ ပြိုင်ပွဲဝင်နိုင်ဖို့အတွက် ရွေးချယ်ခြင်းကို ဖြတ်သန်းနေရတုန်းပဲ။
ခံစားချက်မဲ့ဓားဧကရာဇ်၊ နှလုံးသားဓားအာဏာရှင်၊ ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်၊ လေဖမ်းဓားဧကရာဇ်၊ ကြက်သွေးရောင်မီးဓားဧကရာဇ်၊ သက်တံကြွေဓားဧကရာဇ်၊ ကြယ်ဓားဧကရာဇ်ထန်ရှင်း............လူတိုင်းက ရေတွက်နေကြတယ်၊ အဆင့်၇ဓားသမားသုံးဆယ့်ငါးယောက်ရှိပြီး လူတိုင်းမျှော်လင့်ထားတာထက် ပိုပါတယ်။
မူရုံယိုယွီနဲ့ လီကျန့်ရှင်းတို့က အဆင့်၇ဓားသမားတွေ မဟုတ်တာကြောင့် သူတို့လည်း ရွေးချယ်ခြင်းကို ဖြတ်သန်းနေရတုန်းပါပဲ။
လေတိမ်သိုင်းပြိုင်ကွင်းအတွင်းမှာ လျှို့ဝှက်သိုင်းစင်မြင့်တစ်ခုရှိတယ်။
ထိုအချိန်မှာ လူတစ်ရာလောက်က လျှို့ဝှက်သိုင်းစင်မြင့်မှာ စုရုံးနေတယ်။
အဆင့်၆ဓားသမားတွေနဲ့ ဓားသမားအစည်းအရုံးရဲ့အထက်အကြီးအကဲတွေပေါ့။
"အဆင့်၇ဓားသမားရုပ်သေးကို အနိုင်ယူနိုင်ရင်မင်းတို့အားလုံးက ပြိုင်ပွဲအတွက် အရည်ချင်း ပြည့်မှီတယ်။ လူတိုင်း ရှေ့နောက်တန်းစီပါ၊ မိမိအလှည့်ကို စောင့်နေကြပါ" ဓားသမားအစည်းရုံးအကြီးအကဲတစ်ယောက်က ပြောလိုက်တယ်။
ရှေ့ဆုံးက အဆင့်၆ဓားသမားတစ်ယောက်က သိုင်းစင်မြင့်ပေါ်ကို တက်သွားတယ်။
သိုင်းစင်မြင့်ပေါ်မှာ ဓားရှည်ကို ကိုင်ထားတဲ့ ဓားရုပ်သေးတစ်ရုပ်ရှိတယ်။
"စတော့" အကြီးအကဲက ဓားရုပ်သေးကို အသက်သွင်းလိုက်တယ်။
ဆွစ်...........
ဓားရုပ်သေးက လူတိုင်းစိတ်ကူးထားတာထက် မြန်ပါတယ်။ အလင်းပမာ ရွေ့လျားပြီး အဆင့်၆ဓားသမားရဲ့ရှေ့ကို ရောက်လာတယ်၊ ခုတ်ချက်တစ်ခုကို ဖော်ထုတ်လိုက်တယ်။
ဓားရုပ်သေးနဲ့ ရင်ဆိုင်ရတဲ့အခါ နည်းလမ်းနှစ်မျိုးသာ ရှိပါတယ်။ တစ်ခုက အကြွင်းမဲ့ခွန်အားနဲ့ ၎င်းကို ဖိနှိပ်ဖို့၊ အခြားတစ်ခုက ပိုမြန်တဲ့အရှိန်နဲ့ တန်ပြန်တိုက်ခိုက်ဖို့ပါပဲ။
ဓားသမားနဲ့ရုပ်သေးကြား ခွန်အားက ညီမျှနေရင် ဓားရုပ်သေးကို အနိုင်ယူနိုင်လိမ့်မှာ မဟုတ်ပါဘူး။
ဖစ်...........
အဆင့်၆ဓားသမားက လွင့်ထွက်သွားရတယ်။ စင်မြင့်ပေါ်မှ ဆင်းလာတဲ့အခါ သူ့မျက်နှာမှာ မှင်တက်မှုအပြည့် ဖြစ်နေတယ်။
"အဆင့်၇ဓားသမားရုပ်သေးက ဒီလောက်တောင် မြန်တာလား"
အကြီးအကဲရဲ့အမူအရာက ပုံမှန်အတိုင်း ရှိနေတယ်"အဆင့်၇ဓားရုပ်သေးရဲ့ဓားတစ်ချက်ကိုတောင် ရင်မဆိုင်နိုင်တဲ့သူတွေက အရည်အချင်းပြည့်မှီမှာ မဟုတ်ဘူး"
မကြာမီ နောက်ထပ်အဆင့်၆ဓားသမားတစ်ယောက်က တက်သွားတယ်။
ဒီအဆင့်၆ဓားသမားက အနည်းငယ် ပိုသန်မာတယ်။ ဓားချက်နှစ်ချက်ကို ရင်ဆိုင်နိုင်ပြီးမှ တတိယဓားချက်ကြောင့် လွင့်ထွက်သွားရတယ်။
တတိယမြောက်ဓားသမား၊ စတုတ္ထမြောက်.........
အချိန်တိုအတွင်းမှာ ဓားသမားခုနှစ်ယောက်က စမ်းသပ်ခံပြီးပြီဖြစ်တယ်၊ တစ်ယောက်ကလွဲပြီး ကျန်သူတွေက ဖယ်ထုတ်ခံလိုက်ရတယ်။
"ဒီလောက်တောင်အားကောင်းတယ်" လူတိုင်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။
အဆင့်၇ဓားရုပ်သေးက အဆင့်၆ဓားရုပ်သေးထက် ဆယ်ဆလောက်သာ ပိုသန်မာမယ်လို့ သူတို့ တွေးထားတာ။ ဒါပေမယ့် အခု ကြည့်ရတာ ဆယ်ဆမကပါဘူး၊ အနည်းဆုံး အဆနှစ်ဆယ်ပိုသန်မာတယ်။
"အပင်ကြီးထွားခြင်း"
သိုင်းစင်မြင့်ပေါ်မှာ ပိန်ပိန်ပါးပါးအဆင့်၆ဓားသမားတစ်ယောက်က သူ့ရဲ့သတ်ဖြတ်ကွက်ကို အောင်မြင်စွာ ဖော်ထုတ်လိုက်နိုင်တယ်။
သတ်ဖြတ်ကွက် ထွက်လာတဲ့အခါ အဆုံးမရှိဓားအလင်းတွေက အပင်တွေပမာ ကြီးထွားလာပြီး အဆင့်၇ဓားရုပ်သေးထံ တိုးဝင်သွားတယ်။
လီဖူချန်းက ခေါင်းခါလိုက်တယ်။ ဒီသတ်ဖြတ်ကွက်က အားကောင်းတယ်၊ ဒါပေမယ့် အားနည်းချက်တွေများစွာ ရှိတယ်။
အဆင့်၇ဓားရုပ်သေးကို ဓားတာအိုသူတော်စင်တစ်ယောက်က ပြုလုပ်ထားတာ သိသာပါတယ်၊ အထဲမှာ ဓားတာအိုသူတော်စင်ရဲ့ဓားတာအိုတွေ ပါဝင်နေတယ်။
ဓားတာအိုသူတော်စင်က သူ့ရဲ့ဓားတာအိုအားလုံးကို မထည့်သွင်းထားပါဘူး၊ ဓားတာအိုအခြေခံလောက်သာ ထည့်ထားတာပါ၊ ဒါပေမယ့်လည်း ဓားတာအိုသူတော်စင်ရဲ့ဓားတာအိုဖြစ်တာကြောင့် အခြေခံကတောင် ကြောက်စရာကောင်းပါတယ်။ ဟာကွက်တွေ မရှိရင်တော့ အဆင်ပြေပါတယ်၊ ဟာကွက်တစ်ခု ရှိလာတာနဲ့ ဓားရုပ်သေးက အဲဒါကို အမိအရဆုပ်ကိုင်ပြီး သေစေနိုင်တဲ့တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်မှာပါ။
မျှော်လင့်ထားသလိုပါပဲ၊ အဆင့်၇ဓားရုပ်သေးက ဓားအရိပ်တွေကြားမှာ ကူးသန်းနေတယ်။ ပြီးနောက် ချက်ချင်းပဲ၊ ဓားရုပ်သေးက ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ဓားအလင်းတန်းသုံးခုကို သုံးပြီး ပိန်ပိန်ပါးပါးဓားသမားရဲ့လမ်းကြောင်းတွေကို ချိတ်ပိတ်လိုက်တယ်၊ ဓားသမားကို ထိုးနှက်လိုက်တယ်။
"အားကွာ" ပိန်ပိန်ပါးပါးဓားသမားက သွေးတွေ အန်ထွက်သွားရတယ်၊ သူက ရလဒ်ကို လက်မခံနိုင်ပုံပဲ။
"ငါ့အလှည့်ပဲ" အရပ်၂.၅မီတာနီးပါးရှိတဲ့ ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်နဲ့ဓားသမားတစ်ယောက်(ပင်စည်ဓားသမား)က စင်မြင်ပေါ်ကို ဓားရှည်တစ်လက်ကို ကိုင်ကာ တက်သွားတယ်။
ကလန်း.........
ပင်စည်ဓားသမားက ခန္ဓာကိုယ်ထုထည်ကြီးမားတယ်၊ ဒါပေမယ့် သူ့ရဲ့အရှိန်က မယုံနိုင်လောက်အောင် မြန်တယ်။ သူက အဆင့်၇ဓားရုပ်သေးရဲ့တိုက်ခိုက်မှုတွေကို အလွယ်တကူ ပိတ်လှောင်ထားနိုင်တယ်။ သူ့ရဲ့စွမ်းအားအရ အဆင့်၇ဓားရုပ်သေးက နောက်ကို ခြေတစ်လှမ်း ဆုတ်သွားရတယ်။
"ရှုံးစမ်း"
သူ့ရဲ့ဘယ်ခြေထောက်ကို ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်၊ ပင်စည်ဓားသမားက ဓားကို ထိုးထည့်လိုက်တယ်။ လေးလံတဲ့ဓားစက်ကွင်းက ဓားရုပ်သေးကို ကန့်သတ်ထားတယ်။
ဘန်း..........
ဓားရုပ်သေးက လွင့်ထွက်သွားတယ်။
အကြီးအကဲက ခေါင်းညိတ်လိုက်တယ်"ဒီလူက မဆိုးဘူး။ ဓားရုပ်သေးကို အနိုင်ယူဖို့ သူက ဓားနှစ်ချက်ပဲ သုံးရတယ်"
"ဒါ မူရုံယိုယွီပဲ၊ ဓားရုပ်သေးကို အနိုင်ယူဖို့ သူမ ဓားချက်ဘယ်လောက် လိုမလဲ"
"သူမက ဓားချက်နှစ်ချက်တော့ လိုမယ်လို့ ငါ ထင်တယ်။ အဆင့်၇ဓားရုပ်သေးက အားကောင်းလွန်းတယ်လေ"
လူတိုင်းဆွေးနွေးနေစဉ်မှာပဲ မူရုံယိုယွီက စင်မြင့်ပေါ်ကို တက်သွားတယ်။
မူရုံယိုယွီက ဓားရိုးကို ကိုင်ထားတယ်၊ ဓားအလင်းတစ်ခုက တောက်ပသွားတယ်။ ရေစက်တစ်ခုက ဟင်းလင်းပြင်ကို ထိုးဖောက်သွားသလို သူတို့က ခံစားလိုက်ရတယ်။ နောက်အခိုက်အတန့်မှာတော့ ဓားရုပ်သေးက လွင့်ထွက်သွားတော့တယ်။ မျက်လုံးစူးရှတဲ့သူတွေက ဓားရုပ်သေးရဲ့ရင်ဘတ်မှာ မြားတံအရွယ်အစားချိုင့်တစ်ခုကို မြင်နိုင်ပါလိမ့်မယ်။
"စိတ်ဝင်စားစရာပဲ"
ပင်စည်ဓားသမားရဲ့မျက်လုံးတွေက ပြူးကျယ်သွားရတယ်။ မူရုံယိုယွီရဲ့ဓားအရှိန်က မြန်လွန်းတယ်။
"အားကောင်းလွန်းတယ်။ ဓားတစ်ချက်က ဓားရုပ်သေးကို လွင့်ထွက်သွားစေဖို့ လုံလောက်တယ်"
"သူမက သူတော်စင်အောက် နံပါတ်တစ်အမျိုးသမီးဓားသမားတစ်ယောက်ဆိုတာ အံ့ဩစရာမရှိဘူး"
"တကယ်ကို မယုံနိုင်စရာကောင်းလှတဲ့ ရေတာအိုဓားအနုပညာတစ်ခုပဲ" လီဖူချန်းက အတော်လေး အံ့အားသင့်သွားတယ်။
မူရုံယိုယွီရဲ့ဓားတာအိုခွန်အားက ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ထက် ပိုသန်မာတယ်။ သူမရဲ့ဓားတာအိုပဲဖြစ်ဖြစ်၊ ရေတာအိုပဲဖြစ်ဖြစ် အဆုံးစွန်းနဲ့ နီးကပ်နေတယ်။ ခွန်အားနှစ်ခုကို ပေါင်းစပ်လိုက်တော့ ဒီလိုစွမ်းအား၊ဒီလိုအမြန်နှုန်းမျိုး ပေါ်ထွက်လာရတာပေါ့။
လီဖူချန်းက သန့်စင်တဲ့ဓားတာအိုနောက်ကိုသာ လိုနေတာ၊ သူက အခြားတာအိုတွေနဲ့ ပေါင်းစပ်လိုစိတ် မရှိပါဘူး။ ဒါပေမယ့် အဲဒါက သူ့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်ပါ။
အချက်ကျကျပြောရရင် ဓားတာအိုက အထွတ်အထိပ်မှာ မရှိတဲ့အချိန်မှာ အခြားတာအိုတွေနဲ့ပေါင်းစပ်တာက ခွန်အားကို အလွယ်တကူ တိုးလာစေတယ်။ ကောင်းကင်ဆက်ဓား(ကောင်းကင်အဆင့်မြင့်ဓား)ပိုင်ရှင်ကလည်း ဟင်းလင်းပြင်တာအိုကို ဓားတာအိုနဲ့ ပေါင်းစပ်ထားတယ်၊ ဒါကြောင့် ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာက အားကောင်းနေရတာပေါ့။ ဒါ့ပြင် ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာထက် ပိုအားကောင်းတဲ့ ဓားအနုပညာတွေ ရှိအုံးမှာပါ။ လီဖူချန်းက အခုထိ ကောင်းကင်ဆက်ဓားပေါ်က ချိတ်ပိတ်အားလုံးကို မဖွင့်ရသေးဘူးလေ။
ထပ်ပြောရရင် လီဖူချန်းက အခြားတာအိုတွေနဲ့ ပေါင်းစည်းဖို့ ဆန္ဒမရှိဘူးဆိုပေမယ့် အခြားတာအိုတွေရဲ့အနှစ်သာရကို စုပ်ယူဖို့ကိုတော့ မငြင်းပယ်ပါဘူး။
ဓားတာအိုကို သစ်ပင်ကြီးတစ်ပင်လို့ ဖော်ပြရင် အခြားတာအိုရဲ့အနှစ်သာရက အပင်ကို ကြီးထွားဖွံ့ဖြိုးအောင် လုပ်ပေးမယ့် အာဟာရတွေပါ။
ပေါင်းစပ်ခြင်းက အမျိုးမျိုးရှိတယ်၊ သစ်ပင်ကြီးကို အခြားအပင်တွေနဲ့ ပေါင်းစပ်လို့ရတယ်၊ ဒါပေမယ့် သစ်ပင်က အဓိကကိုယ်ထည်ဖြစ်နေတုန်းပါပဲ။
အဆင့်၆ဓားသမားအသီးသီးက စင်မြင့်ပေါ်ကို တက်သွားတယ်။သူတို့တွေ ဖယ်ထုတ်ခံလိုက်ရတယ်။ တစ်ရာမှာ ဆယ်ယောက်လောက်သာ စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့တယ်။
"ရှဖျင်းဖန်က မလာဘူး။ သူ့ရဲ့ခွန်အားအရဆိုရင် အဆင့်၇ဓားသမားကို အနိုင်ယူဖို့က ပြဿနာတစ်ခုမဟုတ်ဘူး။ ထိပ်ဆုံးဆယ်ယောက်ထဲကို မဝင်နိုင်ဘဲနဲ့ ယှဉ်ပြိုင်တာက အဓိပ္ပါယ်မရှိဘူးလို့ သူ တွေးထားပုံပဲ" လီဖူချန်းက သူ့ရာသူ တွေးနေတယ်။
နောက်ဆုံးတော့ လီကျန့်ရှင်းရဲ့အလှည့်ရောက်လာပါတယ်။ အချို့က သိချင်စိတ်ပြင်းပြနေတယ်၊ အချို့က သံသယဖြစ်နေတယ်။
မူရုံယိုယွီလည်း အာရုံစိုက်ပြီး ကြည့်ရှုနေတယ်။
လူတိုင်းကြည့်နေစဉ်မှာပဲ လီကျန့်ရှင်းက စင်မြင်ပေါ်ကို သာမန်အတိုင်းသာ လျှောက်သွားတယ်။ သူသွားတာ နှေးသလို ထင်ရတယ်၊ ဒါပေမယ့် သူတို့မျက်တောင်မပိတ်ခင် သူက စင်မြင့်ပေါ်ကို ရောက်သွားတယ်။
ကလင်း..........
မီးပွားတစ်ခု ထွက်သွားတယ်၊ လီကျန့်ရှင်းက စင်အောက်ကို ပြန်ဆင်းလာတယ်။
ဓားရုပ်သေးရဲ့ရင်ဘက်မှာ အပေါက်တစ်ခု ရှိနေတယ်။
ဘာဖြစ်သွားတာကို တစ်ယောက်မှ မမြင်နိုင်ဘူး၊ အားလုံးက အံ့အားသင့်နေကြတယ်။
"ဓားနှလုံးသား" ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့အမူအရာက လေးနက်သွားတယ်။
လူတိုင်းက ဘာဖြစ်သွားတာကို မသိဘူး၊ ဒါပေမယ့် လီဖူချန်းက ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။
လီကျန့်ရှင်းရဲ့ဓားအရှိန်က မူရုံယိုယွီထက် နှစ်ဆပိုမြန်တယ်၊ သူက ဓားတာအိုဥပဒေဿကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်တယ်။ သူက ဓားတာအိုဥပဒေဿကို အစက်တစ်ခုအထိ သိပ်သည်းစေပြီး ဓားရုပ်သေးကို ချက်ချင်း ထိုးဖောက်လိုက်ခြင်း ဖြစ်တယ်။
ဒီခွန်အားက လီဖူချန်းရဲ့အာရုံစိုက်မှုကို ရဖို့ လုံလောက်တယ်။
ဒီမြင်ကွင်းကို မြင်တဲ့အခါ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့လည်း တုန်လှုပ်သွားရပါလိမ့်မယ်။
***